နောက်တစ်ကြိမ် ထပ်မံ အဆင့်ချိုးဖြတ်တက်ရောက်ခြင်း
Vol. 2 Ch. 19
~ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အဌမ အလွှာက ချီသန့်စင်ခြင်းအဆင့် ပထမ အလွှာကို အနိုင်ယူလိုက်သည်တဲ့…။
အမှန်တကယ်တော့ ပြောင်းပြန်ဖြစ်နေရမည် မဟုတ်ပါလား။ ဤမျှလောက် ကြီးမားသော ကွာခြားမှုကြီးက ကျောင်းသားများစွာကို မှင်သက်သွားစေခဲ့ပြီး သူတို့၏ နှလုံးသားထဲတွင် ကြီးမားသော လှိုင်းတံပိုးကြီးများ ရိုက်ခတ်သွားစေတော့၏။
ဒါ မော့လင်အာ ‘အသုံးမကျတဲ့ ကောင်’ လို့ ခေါ်ခဲ့တဲ့လူ ဟုတ်ရဲ့လား…။
…
“ခန္ဓာကိုယ်သန့်စင်ခြင်း အဌမ အလွှာက ချီသန့်စင်ခြင်း ပထမ အလွှာ ဖြစ်တဲ့ ယန်ထျန်းကို လက်သီး တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တယ် ဟုတ်လား…။ ဒါ လုံးဝမဖြစ်နိုင်ဘူး၊ ဖုန်းဝူချန် လိမ်နေတာ… သူ လိမ်နေတာပဲ ဖြစ်ရမယ်…”
ဟွမ်ဖူချင်းသည် ဖုန်းဝူချန်၌ ထိုသို့သော အရည်အချင်းရှိသည်ဟု ယုံကြည်ရမည့်အစား သူလိမ်လည်နေသည်ဟုသာ ယုံကြည်ချင်နေတော့သည်။
“ဖုန်းဝူချန် လိမ်နေတာမဟုတ်ဘူး…။ ဒါ အားလုံးက သူ့အရည်အချင်းအစစ်ပဲ…။ ဟုတ်တာပေါ့… ယန်ထျန်းက သူ့ပြိုင်ဘက်ကို အထင်သေးမိတဲ့ အမှားလည်း ပါတာပေါ့…”
နည်းပြလီက ဝင်ပြောလိုက်၏။
“ ဒုတိယတန်းစားသိုင်းဝိညာဉ် ရဲ့ ပါရမီက တကယ်ပဲ အဲ့ဒီလောက်တောင် ကြောက်စရာကောင်းတာလား…”
“သောက်ကျိုးနဲ…။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကလူတွေက အစစ်အမှန်ချီကိုတောင် မဖော်ထုတ်နိုင်သေးဘူးလေ…။ သူ့အမြန်နှုန်းက အရမ်းမြန်နေလို့များလား…”
“ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားနဲ့ ပါရမီမျိုးနဲ့ဆိုရင်… ငါတို့အကယ်ဒမီမှာ သူ့ကိုဘယ်သူက ယှဉ်နိုင်တော့မှာလဲ…။ ငါတို့အကယ်ဒမီမှာ အား အပြင်းဆုံးလူက သိုင်းဝိညာဉ် သတ္တမတန်းစား အဆင့်ပဲ ရှိတာ…။ ဖုန်းဝူချန်ရဲ့ ပါရမီက ပိုပြီး ကြောက်စရာကောင်းမနေဘူးလားဟ…”
ကျောင်းသားများသည် အံ့ဩခြင်း၊ မနာလိုခြင်းတို့ဖြင့် ပြည့်နှက်နေကြပြီး ခဏအကြာမှာတော့ အကြည့်များစွာသည် ဖုန်းဝူချန်ထံသို့ လေးစားအားကျသော အကြည့်များအဖြစ် ပြောင်းလဲသွားကြလေသည်။
ထျန်းယန်အင်ပါယာ ဆိုသည်မှာ နိုင်ငံငယ်လေးတစ်ခုမျှသာ ဖြစ်ပြီး ကြီးမားသော နိုင်ငံကြီးများ၊ မဟာအင်အားကြီးနိုင်ငံများနှင့် နှိုင်းယှဉ်၍ မရပါ။
အင်ပါယာ တစ်ခုလုံးတွင် သတ္တမ အဆင့် သိုင်းဝိညာဉ် သော ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခြင်းသည်ပင် အလွန်တရာ ရှားပါးလှသည့် ကိစ္စ ဖြစ်ပါ၏။
ထို့ကြောင့်ပင် မော့လင်အာသည် မိန်းကလေးတစ်ယောက် ဖြစ်သော်ငြား သိုင်းဝိညာဉ် ဆဌမ အဆင့် နိုးထလာခဲ့စဉ်က အကယ်ဒမီတွင် အာရုံစိုက်မှုကို များစွာရရှိခဲ့ပြီး အကြီးအကဲများက သူမကို အဓိကထား၍ ပြုစု ပျိုးထောင်ပေးခဲ့ကြခြင်း ဖြစ်သည်။
အကယ်ဒမီထဲတွင် ကျောင်းသားများစွာရှိပြီး မည်သူမဆို သူတို့၏ မိသားစုတွင်တော့ ထူးချွန်သူများ ဖြစ်ကြသော်လည်း၊ အကယ်ဒမီထဲတွင်တော့ သာမန်မျှသာ ဖြစ်သွားကြ၏။ အကြောင်းမှာ ကျောင်းသားအများစု၏ ပါရမီသည် အဆင့်ငါးနှင့် အဆင့်ခြောက်ကြားတွင်သာ ရှိသောကြောင့်ပင်။ အကယ်ဒမီတစ်ခုလုံးတွင် သိုင်းဝိညာဉ် အဆင့်ခုနစ်ရှိသော ပါရမီရှင် ဆယ်ယောက်ထက်မပိုပေ။
သိုင်းဝိညာဉ် သတ္တမ အဆင့် အထက်ကိုမှ ပါရမီရှင်အစစ်ဟု သတ်မှတ်ကြလေသည်။
ဟုတ်ပါသည်။ ထျန်းယန်အင်ပါယာ၏ တန်ခိုးအာဏာကြီးသော ဂိုဏ်းများထဲတွင်လည်း ပါရမီရှင်တပည့်များစွာ ရှိနေပါသေး၏။
မော့လင်အာသည် မြင့်မားသောပါရမီကို ပိုင်ဆိုင်ထားပြီး ပြိုင်ဘက်ကင်းမြို့၏ ထိပ်တန်းပါရမီရှင်ဟု သတ်မှတ်ခံထားရသော်လည်း၊ ထိုအရာသည် ပြိုင်ဘက်ကင်းမြို့နှင့်သာ သက်ဆိုင်လေသည်။ အင်ပါယာတစ်ခုလုံးနှင့် ယှဉ်လိုက်လျှင်တော့ သာမန်အဆင့်မျှသာ ဖြစ်ပေလိမ့်မည်။
တိုက်ကြီးတစ်ခုလုံးနှင့်သာ ယှဉ်လိုက်လျှင်တော့ မော့လင်အာမှာ အဆင့်ဝင်ဖို့ပင် အကြောင်းမရှိတော့။
ယန်ထျန်း၏ ခြေထောက်ကို ကြည့်ပြီးနောက် နည်းပြလီက ဖုန်းဝူချန်ကို မသိမသာ အကဲခတ်ရင်း အလျင်အမြန် ပြောလိုက်သည်။
“သူ့ကို အကြီးအကဲချုပ်ဆီ အမြန်ခေါ်သွားလိုက်…”
‘ဖုန်းဝူချန်က အနိုင်ကျင့်လို့ လွယ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ အရမ်း ရက်စက်တာပဲ…။ သူ့ကို သွားစတဲ့ လူတွေ တစ်ယောက်မှ အကောင်းနဲ့ဆုံးတာ မရှိဘူး…။ အန္တရာယ်များတဲ့ ကောင်လေးပဲ…။’
နည်းပြလီသည် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်ပြီးနောက် သူတို့နောက်သို့ လိုက်ပါသွားတော့သည်။
ကျောင်းသားများလည်း လူစုခွဲသွားကြသော်လည်း မော့လင်အာသည် ထိုနေရာတွင် မှင်တက်ကာ ရပ်ကျန်နေခဲ့၏။ သူမ၏ရင်ထဲတွင် မကြုံစဖူးသော အရှက်ရသည့် ခံစားချက်ကြီးက လိမ့်တက်လာသည်။ ဖုန်းဝူချန်သည် သူမကို အဆက်မပြတ် လှောင်ပြောင်နေသကဲ့သို့ ခံစားနေရလေသည်။
‘ငါကပဲ မျက်စိကန်းခဲ့တာလား… ဒါမှမဟုတ်… နင်ကပဲ ငါ့ကို တစ်လျှောက်လုံး လိမ်ညာလှည့်စားနေခဲ့တာလား…။’
မော့လင်အာ၏ မျက်နှာသည် သွေးများ မရှိ..ဖြူရော်သွားကာ အလွန်အမင်း နာကျင်ခံစားနေရ၏။
နောင်တရရမည်လော၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမည်လော သူမ မသိတော့ချေ။
ပြိုင်ဘက်ကင်းမြို့တွင် ဖုန်းဝူချန်ကို လူပုံအလယ်၌ စော်ကားခဲ့ပုံများ၊ သူ၏ဂုဏ်သိက္ခာကို နင်းခြေခဲ့ပုံများကို ပြန်သတိရလိုက်တိုင်း မော့လင်အာသည် လူပြက်တစ်ယောက်လို ခံစားလိုက်ရသည်။
ကိုယ့်ပါးကိုယ်ပြန်ရိုက်နေသကဲ့သို့ ပူလောင်သော ခံစားချက်ကြီးက ရင်ထဲမှာ ဆို့နင့်လာ၏။
“တကယ်ကို… ရယ်စရာကောင်းလိုက်တာ…”
မော့လင်အာ၏ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေပြီး ခံစားချက်ပေါင်းစုံက သူမ၏ နှလုံးသားထဲသို့ ရောပြွမ်းစီးဝင်လာတော့သည်။
သုံးရက်အတွင်း အဆင့်နှစ်ဆင့် တက်နိုင်မလား…။ တစ်လအတွင်း အဆင့်လေးဆင့် တက်နိုင်မလား…။
မော့လင်အာသည် သူမကိုယ်တိုင် ထိုသို့မလုပ်နိုင်မှန်း သိပါသည်။ ဝိညာဉ်အရည်များနှင့် ဆေးလုံးများ၏ အကူအညီနှင့်ပင် မဖြစ်နိုင်ချေ။
…
ထျန်းယန်အကယ်ဒမီ၏ ဂိတ်ပေါက်ဝတွင် နည်းပြလီက သွေးနီငှက်ကို စေခိုင်းကာ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ကို ပြိုင်ဘက်ကင်းမြို့သို့ ပြန်ပို့ပေးခဲ့၏။
ထျန်းယန်အကယ်ဒမီသို့ ခရီးစဉ်သည် ထိုမျှလောက်ဖြင့်ပင် ရိုးရှင်းစွာ ပြီးဆုံးသွားလေသည်။
“ဖုန်းအစ်ကို… အဲ့ဒီတစ်ယောက်က တကယ်ကို နောင်တရလိမ့်မယ်…။ ဒီကိစ္စအတွက်နဲ့ အစ်ကို ဝမ်းနည်းနေစရာမလိုပါဘူး…။ မတန်ပါဘူး နော်…”
လင်ရှောင်ရှောင်က သူမ၏ လှပသော မျက်ဝန်းများဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း ခပ်ဖွဖွရယ်ကာ ပြောလိုက်သည်။
“ငါ သိပါတယ်…။ ငါ ဆုတောင်းတာက မော့မိသားစုက ငါတို့ ဖုန်းမိသားစုကို ဆန့်ကျင်ဘက် မလုပ်လာဖို့ပဲ…။ ဟိုအရင်က သံယောဇဉ်တွေကို ထောက်ထားပြီး ငါ့ဘက်က မော့မိသားစုကို ဘာမှလုပ်မှာမဟုတ်ဘူး…။ ဒါပေမဲ့ သူတို့ကသာ အလိုက်မသိရင်တော့ ငါ့ကို အပြစ်တင်လို့ မရဘူး…”
ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်၏။
သူသည် သနားကြင်နာတတ်သူ မဟုတ်သော်လည်း သစ္စာတရားကို တန်ဖိုးထားသူ ဖြစ်လေသည်။
မော့လင်အာက သူ့ကို သစ္စာဖောက်ပြီး ဂုဏ်သိက္ခာကို နင်းခြေခဲ့သော်ငြားလည်း သူတို့သည် ငယ်သူငယ်ချင်းများ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။ သူ အလုပ်နိုင်ဆုံးမှာ သူမနှင့် အဆက်အသွယ်ဖြတ်လိုက်ရုံသာ။
မော့မိသားစုကိုပါ မျိုးတုံးအောင် သတ်ဖြတ်ပစ်ရန် မလိုအပ်ပါ။
‘မော့လင်အာ… ငါတို့ကြားက အရာအားလုံးကို တန်ဖိုးမထားခဲ့တဲ့အတွက်ရော… မင်းရဲ့ မာနကြီးမှုအတွက်ရော ကျေးဇူးတင်ပါတယ်…။မင်း ငါ့ကို အခွင့်အရေးကောင်း တစ်ခု ပေးခဲ့တာပဲ…။ ငါ့ကို ပြီးပြည့်စုံစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…။’
လင်ရှောင်ရှောင်သည် အကယ်ဒမီ ရှိရာဘက်သို့ လှမ်းကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။
ပြိုင်ဘက်ကင်းမြို့သို့ ပြန်ရောက်ပြီး လမ်းမများပေါ်တွင် လျှောက်လှမ်းလာသည့်အခါ ဖုန်းဝူချန်သည် လူအများ၏ သူ့အပေါ် ဆက်ဆံသော အကြည့်များ ပြောင်းလဲသွားသည်ကို သတိပြုလိုက်ရ၏။
ယခင်က မထီမဲ့မြင်ပြုခြင်း၊ နှိမ်ခြင်းများ ပျောက်ကွယ်သွားပြီး လေးစားအားကျမှုများဖြင့် အစားထိုးကာ ဖြတ်သွားဖြတ်လာ လုပ်သူများကပင် ချီးကျူးစကား ဆိုလာကြသည်။
ဒါက ခွန်အားရဲ့ အရေးပါပုံကို ပြနေတာပဲ…။
လုံလောက်တဲ့ စွမ်းအားသာ ရှိရင် အာဏာ၊ ရာထူး၊ ဥစ္စာဓနနဲ့ အလှအပအားလုံးကို လက်တစ်ဖက်နဲ့ ရနိုင်တယ်။ တစ်စုံတစ်ယောက်ရဲ့ ခြေထောက်ကို ချိုးပစ်လိုက်ရင်တောင် သူက ငါ့ကို ပြုံးပြနေဦးမှာပဲ…။
ဖုန်းဝူချန်သည် သူ၏မိသားစုဆိုင်မှ သက်တန့်ရောင်ဆေးရည်အချို့ကို ယူပြီးနောက် ကျင့်ကြံရန် သူ့အခန်းသို့ အလျင်အမြန် ပြန်လာခဲ့တော့သည်။
ခန္ဓာကိုယ်သန့်စင်ခြင်း အဌမ အလွှာ၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော ဖုန်းဝူချန်သည် မည်သည့်အချိန်မဆို နဝမ အလွှာသို့ တက်လှမ်းသွားနိုင်လေသည်။
ဖုန်းမိသားစုသည် ယန်မိသားစုကို မကြောက်လန့်သော်လည်း မည်သည့်အခြေအနေမျိုးအတွက်မဆို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်၏။ ထို့ကြောင့် မိမိ၏ခွန်အားကို မြှင့်တင်ခြင်းသည် အရေးကြီးဆုံးအရာပင် ဖြစ်သည်။
…
ထျန်းယန်အကယ်ဒမီတွင် ကျန်းယွင်ထျန်းသည် ယန်ထျန်း၏ ဒဏ်ရာများကို ကုသပေးနေ၏။ သူ၏ ခြေထောက်ဒဏ်ရာသည် အလွန်ပြင်းထန်သော်လည်း ကံကောင်းစွာဖြင့် အချိန်မီရောက်လာခဲ့ပြီး ကျန်းယွင်ထျန်း၏ ကုသမှုကြောင့် ယန်ထျန်း၏ ခြေထောက်ကို ကယ်တင်နိုင်ခဲ့သည်။
သို့သော်လည်း ပြန်လည်ကောင်းမွန်လာရန် အနည်းဆုံး လပေါင်းများစွာ၊ သို့မဟုတ် နှစ်ဝက်ခန့်ပင် ကြာမြင့်နိုင်ပြီး အပြည့်အဝ ပျောက်ကင်းရန် အချိန်မည်မျှကြာမည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။
“ဖုန်းဝူချန်ကတော့ လက်မညှာဘဲ ထိုးထည့်လိုက်တာပဲ…။ ဒါပေမဲ့ ဒီကောင်လေး အဲ့ဒီလောက်တောင် သန်မာလိမ့်မယ်လို့ ကျုပ်လည်း မထင်ထားဘူး…။ ချီသန့်စင်ခြင်း ပထမအလွှာတောင်မှ သူ့ကို မခံနိုင်ဘူးပဲ…”
ကျန်းယွင်ထျန်းသည် သူ၏ ဖြူဆွတ်နေသော မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။
ရှင်းထျန်းဖုန်းကလည်း မငြင်းနိုင်ဘဲ ခေါင်းညိတ်ကာ ဆိုလေသည်-
“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ရှစ်ဆင့်နဲ့ ချီသန့်စင်ခြင်းအဆင့် တစ်ဆင့်ကို အနိုင်ယူနိုင်တာ… ဒီဖုန်းဝူချန်က တကယ်ကိုပဲ သာမန်မဟုတ်ဘူး…”
“ကျောင်းအုပ်ကြီး… ခုနက ကျောင်းအုပ်ကြီး ဖုန်းဝူချန်ကို ကမ်းလှမ်းခဲ့တဲ့ အချက်တွေက တကယ်ပဲလား…”
အကြီးအကဲစုက ရှင်းထျန်းဖုန်းကို ကြည့်ကာ မေးလိုက်သည်။
ရှင်းထျန်းဖုန်းက ခပ်ဖွဖွခေါင်းညိတ်ရင်း ပြော၏။
“ဖုန်းဝူချန်က တကယ်ကို ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲ…။ ဆယ့်ခြောက်နှစ်အရွယ် ကောင်လေး တစ်ယောက်ပဲ ရှိသေးပေမယ့် ငါ သူ့ကို လုံးဝ အကဲခတ်လို့ မရဘူး…။ ဒီကောင်လေးက သိပ်ကို လျှို့ဝှက် ဆန်းကြယ်တယ်…”
ခေတ္တမျှ ရပ်တန့်ပြီးနောက် ရှင်းထျန်းဖုန်းက ဆက်ပြောသည်။
“ကျုပ် ကမ်းလှမ်းခဲ့တဲ့ အချက်တွေက အခြေအမြစ်မရှိဘဲ ပြောခဲ့တာမဟုတ်ဘူး…။ ဖုန်းဝူချန်ရဲ့ အံ့ဩဖွယ် သိုင်းနည်းစနစ်က ပိုပြီးတော့တောင် ထူးခြားသေးတယ်ဗျာ…။ ဘာအစစ်အမှန်ချီ၊ အစစ်အမှန်ယွမ် စွမ်းအားမှ မလိုအပ်ဘဲ အဆိပ်ကို အလွယ်တကူ ဖယ်ရှားနိုင်တယ်…။ သူသာ မီးအဆိပ်ကိုပါ ဖယ်ရှားနိုင်ခဲ့ရင် ဘာကိုဆိုလိုသလဲဆိုတာ ခင်ဗျားတို့ နားလည်ကြရဲ့လား…”
“မီးအဆိပ်ကို ဖယ်ရှားတာ…”
ထိုစကားကိုကြားသော် အကြီးအကဲသုံးယောက်လုံး၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး အလွန်တရာ တုန်လှုပ်သွားကြ၏။
အကြီးအကဲသုံးယောက်လုံး တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်း ခန့်မှန်းမိသွားကြပြီး ထိုအရာက ဘာကိုဆိုလိုသည်ကို ကောင်းကောင်းသိရှိသွားကြသည်။
ရှင်းထျန်းဖုန်းက ပြုံးလျက်…
“ဖုန်းဝူချန်က အကြီးအကဲစုရဲ့ အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးကတည်းက သူ မီးအဆိပ်ကိုပါ ဖယ်ရှားနိုင်မလားလို့ တွေးနေခဲ့တာ…။ ဖုန်းဝူချန်ကသာ မီးအဆိပ်ကိုပါ ရှင်းထုတ်နိုင်မယ်ဆိုရင် တိုက်ကြီးပေါ်က ဆေးပညာရှင်တွေနဲ့ လက်နက် ပညာရှင်တွေအားလုံး သူ့ကို လာရှာကြမှာ မဟုတ်ဘူးလား…။ စွမ်းအား ကြီးတဲ့ ဆေးပညာရှင်တွေနဲ့ လက်နက် ပညာရှင်တွေကို ထည့်မပြောရင်တောင်ပေါ့…”
ထိုအခါ အကြီးအကဲစုက နောင်တရသော အမူအရာဖြင့် ဆိုလိုက်သည်။
“အလို၊ ကျုပ် ဘာလို့ သူ့ကို မမေးလိုက်မိပါလိမ့်…”
အဆင့်လေး ဆေးပညာရှင်တစ်ဦးအနေနှင့် ကျန်းယွင်ထျန်းသည်လည်း ထိုအရာက ဘာကိုဆိုလိုသည်ကို အတိအကျသိလေသည်။
‘ ဖုန်းဝူချန်ကသာ တကယ်ပဲ မီးအဆိပ်ကိုပါ ရှင်းထုတ်နိုင်မယ်ဆိုရင်တော့… ဒီကောင်လေးက သိပ်ကို ကြောက်စရာကောင်းလွန်းတယ်…။ ကျောင်းအုပ်ကြီးက သူ့တောင်းဆိုမှုတွေကို မဆိုင်းမတွ သဘောတူခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး…’
ကျန်းယွင်ထျန်းသည် မျက်မှောင်ကြုတ်ကာ တိုက်ကြီးပေါ်မှ တန်ခိုးကြီးသော ဆေးပညာရှင်များနှင့် လက်နက် ပညာရှင်များက ဖုန်းဝူချန်ကို သူတို့၏အဆိပ်များ ဖယ်ရှားပေးရန် တောင်းပန်နေကြပုံကို စိတ်ကူးဖြင့် မြင်ယောင်နေမိလေသည်။
ကျန်းယွင်ထျန်းသည် ဆက်တွေးလေလေ၊ ပို၍ တုန်လှုပ်လာလေ ဖြစ်ကာ ဆက်လက်၍ပင် မတွေးဝံ့တော့ချေ။
ရှင်းထျန်းဖုန်းက ပြုံးကာ ပြောသည်။
“ဖုန်းဝူချန် ကိုယ်တိုင်က သူ့အရည်အချင်းတွေက ဘာကို ကိုယ်စားပြုတယ်ဆိုတာ သိတယ်…။ ဒါကြောင့်လည်း သူက ကျုပ်တို့ အကယ်ဒမီကို ဝင်ဖို့ ရည်ရွယ်ချက်မရှိတာပဲဗျာ…။ သူက တိုက်ကြီးပေါ်မှာ ထွက်ပြီး နာမည်ရအောင် လုပ်ချင်နေပုံပဲ…။ ဒီကောင်လေးရဲ့ ရည်မှန်းချက်က မသေးဘူးနော်…။ ကျုပ်တို့အင်ပါယာက ဒီလိုကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက် မွေးထုတ်ပေးမယ်လို့ ဘယ်သူက ထင်မှာလဲ နော့…”
လျိုချန်ဖုန်းကလည်း ခေါင်းကို ခါယမ်းရင်း ခါးသီးစွာပြုံးကာ ထောက်ခံလိုက်သည်။
“ဒီလို လက်ဖျားခါလောက်တဲ့ သိုင်းနည်းစနစ်မျိုးနဲ့ဆိုတော့ ကျောင်းအုပ်ကြီးကမ်းလှမ်းတဲ့ အချက်တွေကို မလိုအပ်တာ အံ့ဩစရာမရှိတော့ပါဘူး…”
ဖုန်းဝူချန်၏ လက်ထဲတွင် ဤမျှ အံ့ဩဖွယ်ကောင်းသော သိုင်းနည်းစနစ်တစ်ခု ရှိနေလျှင် သူ မရနိုင်သောအရာ ဟူ၍ အဘယ်အရာ ရှိပါမည်နည်း။
အဓိကအချက်မှာ ထိုအရာက ဖုန်းဝူချန်၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခြင်း ရှိ၊ မရှိသာ ဖြစ်လေသည်။
…
အချိန်သည် တရိပ်ရိပ်ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက် ကြာမြင့်သွားခဲ့၏။
ဖုန်းဝူချန်သည် ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ချီသန့်စင်ခြင်းအဆင့်နှင့် ကျင့်ကြံဆင့် တစ်လွှာသာ ကွာပါတော့သည်။
ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ ဖုန်းဝူချန်သည် သူ၏ခန္ဓာကိုယ်ခွန်အား ပိုမိုသန်မာလာသည်ကို ခံစားလိုက်ရပြီး အထွတ်အထိပ် နဂါးနတ်ဘုရား သိုင်းနည်းစနစ်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ နောက်တစ်ကြိမ် အံ့ဩသွားရပြန်သည်။
“ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် ယန်ထျန်းနဲ့ တည့်တည့်တိုးရင်တောင် သူ့ကို အနိုင်ယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်…”
ဖုန်းဝူချန်သည် လက်သီးကိုဆုပ်ကာ ထိုသန်မာသော စွမ်းအားကို ခံစားရင်း အေးစက်စွာ ပြုံးလိုက်သည်။
“ချီသန့်စင်ခြင်းအဆင့် ပထမအလွှာကို ရောက်ဖို့ သိပ်မဝေးတော့ဘူး…။ ချီသန့်စင်ခြင်းအဆင့်ကို အဆင့် ချိုးဖြတ်ပြီးတာနဲ့ သိုင်းပညာတွေကို စကျင့်လို့ရပြီ…။ အဲ့ဒီအခါကျရင် ငါ့ရဲ့တိုက်ခိုက်ရေး စွမ်းရည်က ပိုပြီး သန်မာလာမှာပဲ…”
ဖုန်းဝူချန်သည် မျှော်လင့်ချက်အပြည့်ဖြင့် ပျော်ရွှင်စွာ တွေးတောနေမိသည်။
အကယ်၍သာ ဖုန်းဝူချန် နောက်တစ်ကြိမ် ထပ်မံ အဆင့် ချိုးဖြတ်သွားသည်ကို အခြားသူများ သိသွားလျှင် သူတို့ အံ့ဩလွန်း၍ ငိုမိကြပေလိမ့်မည်။
အခြားသူများက သူတို့၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် အသည်းအသန် ကြိုးစားနေကြရပြီး ဝိညာဉ်အရည်၏ အကူအညီနှင့်ပင် အခက်အခဲများစွာ ရှိနေချိန်တွင် ဖုန်းဝူချန်ကမူ ရက်အနည်းငယ် ကြာတိုင်း ဘာမှ မဟုတ်သလို အဆင့်တက်နေခဲ့သည်မှာ အခြားသူများ ခံနိုင်ရည်ရှိ၊ မရှိကို လုံးဝ ထည့်မတွေးတော့သကဲ့သို့ပင်။
ပျင်းကြောတစ်ချက်ဆန့်ကာ ခုတင်ပေါ်မှ ဆင်းလိုက်ပြီးနောက် ဖုန်းဝူချန် အပြင်သို့ထွက်မည်ပြုစဉ် အပြင်ဘက်မှ လင်ရှောင်ရှောင်၏ သာယာသော ရယ်သံကို ကြားလိုက်ရသည်။
“အစ်ကိုကြီးဖုန်း… အမြန်ထွက်လာခဲ့ပါ…။ ဝမ်ပေါင်ကုန်တိုက်က တစ်ယောက်ယောက် သတင်းပို့သွားတယ်…။ ဒီနေ့ လေလံပွဲရှိတယ်တဲ့ နော်…”
“လေလံပွဲ…”
ဖုန်းဝူချန်သည် ခဏမျှ ကြောင်သွားပြီးနောက် တံခါးကိုဖွင့်ကာ မေးလိုက်သည်။
“ဘာရတနာတွေ ရှိမှာမို့လို့လဲကွ…”
လင်ရှောင်ရှောင်က သူမ၏ ခေါင်းလုံးလုံးလေးကို ခါယမ်းကာ ပြောသည်က ..
“မသိဘူး…။ ဒါပေမဲ့ ဦးလေးဖုန်းက စိတ်လှုပ်ရှားနေပုံပဲ…။ ဆိုတော့ ကောင်းတဲ့ ရတနာတွေပဲ ဖြစ်မှာပါရှင်…”
ဖုန်းဝူချန်က ခေါင်းညိတ်ရင်း သဘောတူလိုက်သည်။
“ ဟုတ်ပါပြီ၊ သွားကြည့်ကြတာပေါ့…”
“အစ်ကိုကြီးဖုန်း… အစ်ကို နောက်တစ်ခါ အဆင့်တက်သွားပြန်ပြီလား…”
လင်ရှောင်ရှောင်သည် ဖုန်းဝူချန်၏ လက်ကို ကိုင်ရင်း အံ့ဩတကြီး မေးလိုက်သည်။
“မင်းက ဒါကို ကြည့်တာနဲ့သိတယ် ဟုတ်လား…”
ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ အခြားသူများအားလုံး သတိမထားမိကြသော်လည်း ဒီကောင်မလေးကတော့ မြင်နိုင်ခဲ့သည်လား။
သူ့မေးခွန်းအား လင်ရှောင်ရှောင်က ချစ်စဖွယ်ပြုံးပြရင်း အဖြေမပေးခဲ့။
သူမ ဘာကြောင့် ဖုန်းဝူချန်၏ ကျင့်ကြံမှု အဆင့်ကို ခွဲခြား သိမြင်နိုင်သည်ကို သူမ တစ်ယောက်တည်းသာ သိပေလိမ့်မည်။
ဝမ်ပေါင်ကုန်တိုက်မှ လေလံပွဲသည် ပတ်ဝန်းကျင်မြို့များမှ မိသားစုများစွာကို ဆွဲဆောင်နိုင်ခဲ့၏။ အကြောင်းမှာ သာမန် ရတနာများမှာ လေလံတင်ရန် မလိုအပ်ဘဲ တကယ့်ကို အဖိုးတန်သော ရတနာများကိုသာ လေလံတင်ထိုက်သောကြောင့် ဖြစ်သည်။
ယနေ့ ပြိုင်ဘက်ကင်းမြို့၌ အိမ်နီးချင်းမြို့များမှ မိသားစုများ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်ရှိလာကြသဖြင့် အလွန် စည်ကားနေပြီး လမ်းတိုင်းတွင် စွမ်အား ထက်ရှသော အရှိန်အဝါများဖြင့် ပြည့်နှက်နေလေသည်။
ပြိုင်ဘက်ကင်းမြို့မှ အဓိကမိသားစုကြီး လေးခုလုံးသည် ဝမ်ပေါင်ကုန်တိုက်သို့ ဦးတည်သွားနှင့်ကြပြီ ဖြစ်ပါသည်။
“ညီလေးသုံး… ညီလေးသုံး…။ အဆင်သင့်ဖြစ်ပြီလား…။ မြန်မြန်လုပ်ဟ…”
ခန်းမဆောင်ထဲမှ ဖုန်းကျန့်၏ အော်သံထွက်ပေါ်လာ၏။
“လာပါပြီ…”
ဖုန်းဝူချန်က အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။
မကြာမီမှာပင် ဖုန်းမောင်နှမများနှင့် လင်ရှောင်ရှောင်တို့ အတူတကွ ထွက်ခွာလာကြတော့သည်။
လမ်းမများပေါ်တွင် ဖုန်းညီအစ်ကိုများကို မြင်သူတိုင်းက “သခင်လေးဖုန်း…” ဟု ယဉ်ကျေးစွာ နှုတ်ဆက်သွားကြသည်။
မမှားပါ။ ဖုန်းမိသားစုမှ ကြောက်မက်ဖွယ်ကောင်းသော ဖုန်းဝူချန် တစ်ယောက်ကို မွေးထုတ်ပေးခဲ့ပြီးနောက် ဘယ်သူက မျက်နှာလုပ်ဖားယား မလုပ်ချင်ဘဲ နေပါမည်နည်း။
“အစ်ကိုကြီး… ကျွန်တော့်ရဲ့ အဲ့ဒီတူကြီးက ဘယ်လိုလဲ…။ အရည်ကျိုပြီးပြီလားဗျ…”
ဝမ်ပေါင်ကုန်တိုက်သို့ သွားရာလမ်းတွင် ဖုန်းဝူချန်က မေးလိုက်သည်။
ဖုန်းယွမ်က ရယ်မောရင်း တုံ့ပြန်လာသည်။
“အရည်ကျိုပြီးပြီ…။ညီလေးသုံး… မင်းက တကယ်ကို မျက်စိ စူးတာပဲ…။ အဲ့ဒါက အနက်ရောင်သံမဏိ ဖြစ်နေတယ်…။ ဖေဖေတောင် အံ့ဩသွားတာကွ…။ ခုနကပဲ လေလံပွဲမှာ အလယ်အလတ် အဆင့် ရတနာဓား တစ်လက် ပါတယ် ကြားတော့ ဖေဖေက အလျင်စလို သွားနှင့်ပြီ…”