မမြင်နိုင်သော ပါးရိုက်ချက်
Vol. 2 Ch. 18
~"ရှောင်ရှောင်...။ မင်းက တကယ်ပဲ ဉာဏ်ကောင်းတာပဲ..."
ခန်းမဆောင်ကြီးထဲမှ ထွက်လာသည်နှင့် ဖုန်းဝူချန်သည် ချက်ချင်းပင် ချီးကျူးလိုက်သည်။
လင်ရှောင်ရှောင်သည် ဖုန်းဝူချန်၏ ချီးကျူးစကားကြောင့် အလွန်ပျော်ရွှင်သွားပြီး ပြုံးလိုက်သည်။
"ဒီနည်းလမ်းကမှ အစ်ကိုကြီးဖုန်းရဲ့အချိန်ကို မနှောင့်နှေးစေဘဲ သူတို့ကိုလည်း နှစ်သိမ့်ရာရောက်တာလေ...။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့..."
"အစ်ကိုကြီးဖုန်း...။ ဘာတွေဖြစ်ခဲ့လဲ..."
ခန်းမဆောင်ကြီးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော လင်းယိုသည် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ထွက်လာသည်ကိုမြင်လျှင် ချက်ချင်းပင် ပြေးတက်လာပြီး မေးလိုက်သည်။
"အကြီးအကဲစုရဲ့ အအေးဓာတ်အဆိပ်က လုံးဝနီးပါး ကင်းစင်သွားပြီ...။ ကျန်တာကို သူကိုယ်တိုင် ဖယ်ရှားနိုင်လောက်တယ်..." ဟု ဖုန်းဝူချန်က ခပ်ပါးပါးပြုံးရင်း ရှင်းပြလိုက်သည်။
လင်းယိုသည် စိုးရိမ်တကြီး ခေါင်းခါလိုက်ကာ
“ဟင့်အင်း၊ အဲ့ဒါမဟုတ်ဘူး...။ အကြီးအကဲစုက အစ်ကိုကြီးကို ကျောင်းအုပ်ကြီးဆီ ထောက်ခံပေးချင်တယ်လို့ ကြားတယ်...။ ကျောင်းအုပ်ကြီးက ဒီအကြောင်း မပြောခဲ့ဘူးလား..."
...
"အော်... မင်းဆိုလိုတာ အဲ့ဒါလား...။ ငါငြင်းလိုက်တယ်..."
ဖုန်းဝူချန်က ပခုံးတွန့်ကာ ရယ်မောလိုက်သည်။
"ဘာ...။ အစ်ကိုကြီးငြင်းလိုက်တယ်...။ အစ်ကိုကြီးဖုန်း...။ ခင်ဗျား တကယ်ပဲ ငြင်းလိုက်တာလား..."
လင်းယို၏ မျက်လုံးများမှာ ကမ္ဘာပေါ်တွင် မယုံကြည်နိုင်စရာ အကောင်းဆုံးအရာကို ကြားလိုက်ရသည့်အလား မယုံနိုင်ခြင်းများဖြင့် ပြူးကျယ်သွားသည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။
"ငါဒီမှာ မနေချင်ဘူး..."
လင်းယိုသည် ဖုန်းဝူချန်မှာ ရူးများသွားပြီလားဟု ထင်လိုက်မိသည်။ အကြီးအကဲစုကိုသာမက ကျောင်းအုပ်ကြီး၏ ကိုယ်တိုင်ကမ်းလှမ်းမှုကိုပါ ငြင်းပယ်ခဲ့သည်တကား။
လင်းယို မယုံနိုင်အောင် ဖြစ်နေစဉ်မှာပင် ဖုန်းဝူချန်က ထပ်ပြောလိုက်သည်။
"ငါအခု အကယ်ဒမီရဲ့ ကျောင်းသားတစ်ယောက်ဖြစ်နေပြီ...။ နာမည်ခံအနေနဲ့ပေါ့...။ ငါကြိုက်သလို လာနိုင်သွားနိုင်တယ်..."
"နာမည်ခံ..."
လင်းယိုသည် နောက်တစ်ကြိမ် မှင်သက်သွားပြီး ထိတ်လန့်တွေဝေသွားသည်။
ကြိုက်သလို လာနိုင်သွားနိုင်သည်တဲ့လား။ ရှင်းထျန်းဖုန်းသည် အစ်ကိုကြီးဖုန်းအတွက် ထိုသို့သော စည်းကမ်းချက်များကို တကယ်ပင် သဘောတူခဲ့လေသလော။
အစ်ကိုကြီးဖုန်းကို အကယ်ဒမီထဲသို့ ဝင်ရောက်လာစေရန်အတွက်သာ ဤမျှ မြင့်မားသော အခွင့်အရေးကို ပေးအပ်ခဲ့လေသလော။
လင်းယို၏ ပခုံးကို ပုတ်လိုက်ရင်း ဖုန်းဝူချန်က ပြုံးလိုက်သည်။
"အကယ်ဒမီမှာနေပြီး ကြိုးကြိုးစားစား လေ့ကျင့်...။ ဘာကိစ္စရှိရင် ငါ့ဆီလာခဲ့...။ ငါလုပ်စရာရှိသေးလို့ အခုသွားတော့မယ်..."
"စိတ်ချပါ အစ်ကိုကြီးဖုန်း...။ အစ်ကိုကြီးကို စိတ်ပျက်အောင် မလုပ်ဘူးလို့ ကတိပေးပါတယ်..."
လင်းယိုက ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။ ဖုန်းဝူချန်၏ အကူအညီမပါဘဲ မိမိမှာ အကယ်ဒမီသို့ ဝင်ရောက်နိုင်မည်မဟုတ်ကြောင်း လင်းယို သိသည်။
လင်းယိုသည် ပဉ္စမတန်းစား သိုင်းဝိညာဉ်အရည်အချင်းကြောင့် ကျော်ကြားသော်လည်း ခွန်အားတွင် ယန်ထျန်းထက် တစ်ဆင့်နိမ့်နေဆဲပင်။
တိုက်ခိုက်ကြမည်ဆိုလျှင် လင်းယို ယန်ထျန်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုမရှိပေ။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် ဆယ်မီတာခန့် လျှောက်လှမ်းပြီးနောက် ရပ်တန့်လိုက်ကြသည်။ အကြောင်းမှာ တစ်စုံတစ်ယောက်က သူတို့၏လမ်းကို ပိတ်ဆို့ထားသောကြောင့်ပင်။
လမ်းကိုပိတ်ဆို့ထားသူမှာ အခြားသူမဟုတ်...။ မော့လင်အာ၊ ဟွမ်ဖူသခင်လေးနှင့် ကျောင်းသားတစ်စုပင် ဖြစ်လေသည်။
"ချီသန့်စင်ခြင်းဘုံ ပထမအလွှာ ..။ မော့မိသားစုရဲ့ ထိပ်တန်းပါရမီရှင်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ်...။ ဂုဏ်ယူပါတယ်..."
ဖုန်းဝူချန်က မော့လင်အာကို ကြည့်ရင်း အေးစက်စွာ ဆိုလိုက်သည်။
"သူက ဘယ်သူလဲ..."
မော့လင်အာက လင်ရှောင်ရှောင်ကို လက်ညှိုးထိုးရင်း အေးစက်စွာ မေးလိုက်သည်။
"ကျွန်မက အစ်ကိုကြီးဖုန်းရဲ့ စေ့စပ်ထားတဲ့ မိန်းကလေး..."
လင်ရှောင်ရှောင်က မော့လင်အာ၏ အေးစက်သော အမူအရာကို အနည်းငယ်မျှ မကြောက်ရွံ့ဘဲ စိတ်အားထက်သန်စွာ ပြန်လည်ဖြေကြားလိုက်သည်။
"စေ့စပ်ထားတဲ့ မိန်းကလေး..."
မော့လင်အာသည် နေရာမှာပင် မှင်သက်သွားပြီး ဟွမ်ဖူသခင်လေးမှာလည်း ထိုနည်းတူပင်။
"သွားပြီ...။ ငါတို့ ဘာအခွင့်အရေးမှ မရှိတော့ဘူး...။ ဒီလောက်လှတဲ့ကောင်မလေးကို ငါတို့ကာကွယ်ပြီး တန်ဖိုးထားရမယ့်အလှည့် မဟုတ်တော့ဘူး...။ အို... ကောင်းကင်ဘုံရယ်...။ ကျွန်တော် အသက်မရှင်ချင်တော့ဘူး..."
"ကောင်းကင်ဘုံက တရားမမျှတဘူး...။ ကျွန်တော်က ဒီလောက်ချောတာ...။ ကျွန်တော့်လို ချောမောတဲ့သူတစ်ယောက် မခံစားသင့်တဲ့ ဖိအားတွေကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ရတာ...။ ဘာလို့ ကောင်မလေးလှလှလေး
တစ်ယောက်က ကျွန်တော်နဲ့ မပေါင်းသင်းချင်ရတာလဲ...။ တရားမျှတမှု မရှိတော့ဘူးလား...။ ကျွန်တော် ဘယ်သူ့ကို စော်ကားမိလို့လဲ..."
"အာ...။ နှမြောစရာပဲ...။ လတ်လတ်ဆတ်ဆတ် ပန်းတစ်ပွင့် နွားချေးပုံထဲ စိုက်လိုက်သလိုပဲ..."
ကျောင်းသားတစ်စုသည် သူတို့၏စိတ်ပျက်မှုကို ညည်းတွားရင်း အော်ဟစ်ငိုယိုနေကြသည်။
ဖုန်းဝူချန်သည် လင်ရှောင်ရှောင်ကို အံ့ဩတကြီး ကြည့်လိုက်သည်...။ သူသည် သူမက သူ့စေ့စပ်ထားသူဟု ပြောဆိုလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"အသိတရားရှိစမ်းပါ...။ သူက ဒုတိယတန်းစား သိုင်းဝိညာဉ်နဲ့ အမှိုက်တစ်ကောင်ပဲ...။ သူ့ရဲ့ အလှည့်စား မခံရစေနဲ့..."
မော့လင်အာက လင်ရှောင်ရှောင်အား ခက်ထန်စွာ အော်ငေါက်လိုက်သည်။
လင်ရှောင်ရှောင်က ဖုန်းဝူချန်ကို ပြင်းထန်စွာ ကာကွယ်ပြောဆိုလိုက်သည်။
"အစ်ကိုကြီးဖုန်းကို မစော်ကားနဲ့...။ အစ်ကိုကြီးဖုန်းက အမှိုက်မဟုတ်ဘူး…”
မော့လင်အာ၏ စော်ကားမှုသည် လင်ရှောင်ရှောင်ကို အလွန်ဒေါသထွက်စေပြီး သူမ၏လှပသော မျက်နှာသည် ချက်ချင်းပင် အေးစက်သွားသည်။
"နင်..."
မော့လင်အာသည် လင်ရှောင်ရှောင်၏ မထီမဲ့မြင်ပြုမှုကို မယုံနိုင်အောင် ဒေါသထွက်သွားသည်။
သူမ၏အေးစက်သောအကြည့်များက ဖုန်းဝူချန်ထံသို့ ရောက်ရှိသွားပြီး မော့လင်အာက အေးစက်စွာ ရေရွတ်လိုက်သည်။
"ဖုန်းဝူချန်...။ နင်က ငါ့ကို အလိုမကျဖြစ်အောင် တမင်တကာ သူ့ကို ခေါ်လာတယ်ဆိုတာ ငါသိတယ်...။ ဒါပေမဲ့ ငါရှင်းရှင်းလင်းလင်း ပြောထားလိုက်မယ်...။ နင် သေအောင် လှတဲ့ ကောင်မလေးတွေ ဘယ်လောက်များများ ခေါ်လာလာ...။ နင့်အပေါ် ထားတဲ့ ငါ့အမြင်ကို ပြောင်းလဲစေမှာမဟုတ်ဘူး..."
"ရှင် အစ်ကိုကြီးဖုန်းကို နောက်တစ်ခါ စော်ကားရဲစော်ကားကြည့်...။ ကျွန်မကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့..."
လင်ရှောင်ရှောင်က အေးစက်စွာ တုံ့ပြန်လိုက်ပြီး သူမ၏မျက်လုံးများမှာ ရုတ်တရက် ကြမ်းကြုတ်သွားကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
ဤစကားကို ကြားသောအခါ ဖုန်းဝူချန်သည် တိတ်တဆိတ် ထိတ်လန့်သွားသည်...။ လင်ရှောင်ရှောင်သည် ချီသန့်စင်ခြင်းဘုံ ဆဌမ အလွှာ ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး မော့လင်အာကို လက်ဝါးတစ်ချက်တည်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်သည်။ သူသည် ရှင်းထျန်းဖုန်းနှင့် အခြားသူများ ထိုသည်ကို မြင်တွေ့သွားမည်ကို မလိုလားပေ။
"မရိုင်းစိုင်းဘူး...။ နင် လုပ်နိုင်ရင် စမ်းကြည့်လေ...။ နင့်ကို အိပ်မက်က နိုးထစေရရင် ငါ့အတွက် ဝမ်းသာစရာပဲ..."
မော့လင်အာက မာနကြီးပြီး ထောင်လွှားနေဆဲဖြစ်ကာ အေးစက်စွာ ပြန်လည် ရန်ထောင်လိုက်ခြင်းပါ။
"မော့လင်အာ...။ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစမ်းပါနဲ့...။ ငါ ရှောင်ရှောင်ကို ခေါ်ထုတ်လာတာက သူ ပျော်အောင်လို့ပဲ...။ မင်းစဉ်းစားတာတွေ များလွန်းနေပြီ...။ မင်းငါ့အပေါ်ထားတဲ့အမြင်က မင်းကိစ္စပဲ...။ ငါနဲ့ဘာမှမဆိုင်ဘူး...။ ငါတို့ဆက်ဆံရေး ဖြတ်တောက်ပြီးသားပဲ...။ ငါ့ကိစ္စတွေက မင်းနဲ့မဆိုင်တော့ဘူး...။ ဘာလို့လဲဆိုတော့ မင်းက ငါတစ်ချိန်က သိခဲ့တဲ့ မော့လင်အာ မဟုတ်တော့လို့ပဲ..."
ဖုန်းဝူချန်က အေးစက်စွာ ပြောဆိုလိုက်ပြီး မော့လင်အာ၏ မောက်မာမှုကြောင့် နောက်တစ်ကြိမ် စိတ်ပျက်သွားသည်။
"မင်းက ငါသိခဲ့တဲ့ မော့လင်အာ မဟုတ်တော့ဘူး..."
ထိုစကားလုံးများသည် မော့လင်အာ၏ စိတ်ထဲတွင် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေသည်...။ ဖုန်းဝူချန်၏ စကားလုံးများက သူမသည် သူ့ကိုသိရန် မထိုက်တန်တော့ဟု ဆိုလိုနေသည့်အလားဖြစ်ပြီး စော်ကားခံရသလို ခံစားစေသည်။
"ဟွန့်၊ ဒုတိယတန်းစား သိုင်းဝိညာဉ်
တစ်ခုတည်းနဲ့...။ ဘာတွေများ မောက်မာစရာ ရှိနေလို့လဲ..."
ဟွမ်ဖူသခင်လေးက အခြားသူများ မော့လင်အာကို ဆက်ဆံပုံကို မထီမဲ့မြင်ပြုကာ လှောင်ရယ်လိုက်သည်။
ဖုန်းဝူချန်သည် ဟွမ်ဖူသခင်လေးကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
"ဟွမ်ဖူမိသားစုက မင်းလို လူမျိုးကို မွေးထုတ်ခဲ့ရတာ တကယ်ပဲ ကံဆိုးတာပဲ...။ ဟွမ်ဖူ မိသားစုက မင်းလက်ထဲမှာ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါသိချင်နေမိတယ်..."
"ဘာပြောလိုက်တယ်...။ သတ္တိရှိရင် နောက်တစ်ခါ ပြောကြည့်စမ်း...။ ယန်ပုဖန်နဲ့ ယန်ရွှမ်းကို အနိုင်ယူရုံနဲ့ မင်းကိုယ်မင်း အထူးအဆန်းတစ်ခုခုလို့ မထင်လိုက်နဲ့..."
ဟွမ်ဖူသခင်လေးက ဖုန်းဝူချန်ကို လက်ညှိုးထိုးရင်း ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"ဟမ့်...။ အသိတရားမဲ့လိုက်တာ..."
ဖုန်းဝူချန်သည် ပြန်လည်တုံ့ပြန်ရန်ပင် စိတ်မဝင်စားတော့ဘဲ လင်ရှောင်ရှောင်၏ ကျောက်စိမ်းလို ကြည်လင်သော လက်ကို ကိုင်ကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။
'အစ်ကိုကြီးဖုန်းက ငါ့လက်ကို ကိုင်ထားတယ်...'
လင်ရှောင်ရှောင်သည် စိတ်လှုပ်ရှားသွားပြီး သူမ၏လှပသော မျက်နှာလေးမှာ ပျော်ရွှင်မှုကြောင့် နီမြန်းသွားကာ အတွင်းစိတ်ထဲတွင် အတိုင်းမသိ ပျော်ရွှင်နေမိသည်။
...
သူတို့နှစ်ဦး မည်မျှချစ်ခင်နေသည်ကို မြင်သောအခါ ကျောင်းသားများသည် သွေးများပင် အန်ထွက်လုမတတ် ဖြစ်သွားကြပြီး ဖုန်းဝူချန်နှင့် အသက်နှင့်လဲ၍ တိုက်ခိုက်ရန် ရှေ့သို့ပြေးထွက်သွားချင်စိတ်များ ပေါက်သွားကြသည်။
အကြည့်များကသာ သတ်ဖြတ်နိုင်မည်ဆိုလျှင် ဖုန်းဝူချန်သည် အကြိမ်မည်မျှ သေဆုံးခဲ့မည်ကို မသိနိုင်တော့ပေ။
ဟွမ်ဖူမိသားစုမှ သခင်လေး၏ မျက်နှာသည် မည်းမှောင်သွားပြီး သူ၏အနက်ရောင်မျက်လုံးများမှာ ဒေါသဖြင့် တောက်လောင်နေသည်။
"ဖုန်းဝူချန်...။ အဲ့ဒီမှာ ရပ်လိုက်စမ်း..."
မော့လင်အာက အေးစက်စက် အော်ဟစ်လိုက်ပြီး သူမ၏နှလုံးသားထဲမှ ဒေါသမှာ တစ်ခဏချင်း ပို၍ပြင်းထန်လာသည်။
"မင်း ပြောစရာရှိရင် ပြော...။ ငါမင်းအတွက် အချိန်ဖြုန်းစရာမရှိဘူး..."
ဖုန်းဝူချန်က မော့လင်အာအပေါ် မည်သည့်ခံစားချက်မျှ မကျန်တော့ဘဲ အေးစက်စွာ ပြန်ဖြေသည်။
မော့လင်အာက အေးစက်စက် လှောင်ပြောင်လိုက်သည်။
"နင်က အမှိုက်
တစ်ကောင်သက်သက်ပဲ...။ တကယ့်အရည်အချင်း မရှိဘဲ ဟန်ဆောင်နေတာ...။ နင့်မှာ ဘာအခွင့်အရေးရှိလို့ ငါ့ရှေ့မှာ မောက်မာနေရတာလဲ..."
ထိုအခါ ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။
"မော့လင်အာ...။ မင်းကတော့ ကုရာနတ္ထိ ဆေးမရှိတော့ဘူး နော်..."
" သူတောင်းစား...လင်အာကို စော်ကားရဲတယ်လား..."
ဟွမ်ဖူမိသားစုမှ သခင်လေးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
" သောက်ငတုံး.."
ဖုန်းဝူချန်က မထီမဲ့မြင်ပြုကာ တုံ့ပြန်လိုက်ပြီး လင်ရှောင်ရှောင်၏ ကျောက်စိမ်းကဲ့သို့သော လက်ကိုဆက်ကိုင်ကာ ထွက်ခွာသွားသည်။
"လွန်လွန်းသွားပြီ...။ မင်း ငါ့ကို အထင်သေးရဲတယ်လား..."
ဟွမ်ဖူမိသားစုမှ သခင်လေးသည် ဒေါသဖြင့် ပြည့်နှက်နေပြီး ဖုန်းဝူချန်၏ မောက်မာမှုကြောင့် ပို၍မကျေမနပ်ဖြစ်ကာ အထင်သေးခံရသည်ဟု ပိုမို ခံစားလာရသည်။
ဖုန်းဝူချန်က သူ၏ခေါင်းကိုပင် လှည့်မကြည့်ဘဲ အေးစက်စက် ရယ်မောလိုက်ကာ
"ငါမင်းကို အထင်ကြီးရမယ့် အကြောင်းပြချက်တစ်ခုလောက် ပေးစမ်းပါ..."
"မင်း သေချင်နေတာပဲ..."
ဟွမ်ဖူမိသားစုမှ သခင်လေး၏ မျက်နှာသည် ကြမ်းတမ်းစွာ ရှုံ့မဲ့သွားပြီး သူ၏အစစ်အမှန်ချီအားလုံးကို ဆင့်ခေါ်ကာ ဒေါသတကြီး ရှေ့သို့ပြေးဝင်သွားသည်။
"ဟွမ်ဖူချင်း...။ ရပ်လိုက်..."
ဟွမ်ဖူချင်း တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အေးစက်သောအော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒီနေ့ကစပြီး ဖုန်းဝူချန်က အကယ်ဒမီရဲ့ နာမည်ခံကျောင်းသားတစ်ယောက်ပဲ..."
"နာမည်ခံကျောင်းသား..."
ဟွမ်ဖူချင်းနှင့် ကျောင်းသားသစ်များစွာတို့သည် နည်းပြလီကို အံ့ဩတကြီး ကြည့်လိုက်ကြပြီး ဘာကိုဆိုလိုသည်ကို နားမလည်ကြပေ။
"သူက အကယ်ဒမီကို ဝင်ဖို့သဘောတူခဲ့တယ်..."
မော့လင်အာ မယုံနိုင်အောင် ဖြစ်သွားသည်။
ကျောင်းသားများ၏ နားမလည်မှုကို မြင်သောအခါ နည်းပြလီက ခက်ထန်စွာ ပြောလိုက်သည်။
"နာမည်ခံဆိုတာက ဖုန်းဝူချန်က အကယ်ဒမီကို ကြိုက်သလို လာနိုင်သွားနိုင်တယ်လို့ ဆိုလိုတာ...။ ဒါက ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲသုံးဦးရဲ့ ဆုံးဖြတ်ချက်ပဲ..."
"အကယ်ဒမီကို ကြိုက်သလို လာနိုင်သွားနိုင်တယ်...။ ဘာအခြေခံနဲ့လဲ...။ ဖုန်းဝူချန်မှာ ဒုတိယတန်းစား သိုင်းဝိညာဉ်အရည်အချင်းပဲ ရှိတာ...။ ဘာလို့ သူက အဲ့ဒီလိုလွတ်လပ်ခွင့်ကို ရပြီး ကျွန်တော်တို့က မရရတာလဲ..."
ဟွမ်ဖူချင်းက ပထမဆုံး ကန့်ကွက်သူ ဖြစ်လေသည်။
"ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲသုံးဦးလုံး သဘောတူခဲ့တယ်..."
မော့လင်အာ အံ့အားသင့်သွားရသည်။
နည်းပြလီက ခိုင်မာစွာ ကြေညာလိုက်သည်။
"ဟွမ်ဖူချင်း...။ မင်းသာ အကြီးအကဲစုရဲ့ အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးနိုင်ခဲ့ရင် မင်းလည်း ကြိုက်သလို လာနိုင်သွားနိုင်ခွင့်ရမှာပဲ...။ မင်းတို့အားလုံးလည်း အတူတူပဲ...။ မင်းတို့ မလုပ်နိုင်ဘူးဆိုရင်တော့ ပါးစပ်ပိတ်ထား...။ အကယ်ဒမီမှာ လေ့ကျင့်တာကို လက်ခံ...။ ဒါမှမဟုတ်ရင် ထွက်သွားကြ..."
"..."
နည်းပြလီ၏ စကားကြောင့် ကျောင်းသားသစ်များသည် တိတ်ဆိတ်သွားကြပြီး ရင်တွင်း မနာလိုမှု၊ မနာလိုဝန်တိုမှုနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေကြသည်။
"လွန်လွန်းသွားပြီ..."
ဟွမ်ဖူချင်းသည် သူ၏ လက်သီးများကို ဆုပ်ထားရင်း အံကြိတ်ကာ ဖုန်းဝူချန်ကို ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်၏။
"အရည်အချင်းနိမ့်တာက အစွမ်းအစ မရှိတာကို မညွှန်ပြဘူး...။ ဘယ်သူမှ ဖုန်းဝူချန်ကို နောက်ထပ်
မစော်ကားရဘူး...။ လူတိုင်း ရိုသေမှု ပြရမယ်...။ မဟုတ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်...။ နားလည်ကြလား..."
နည်းပြလီက ခက်ထန်စွာ အမိန့်ပေးလိုက်သည်။
"နားလည်ပါပြီ..."
ကျောင်းသားများက တညီတညွတ်တည်း ပြန်လည်ဖြေကြားကြသည်။
ထိုစဉ်မှာပင် အကယ်ဒမီ၏ ဂိတ်တံခါးမှ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်...။ လူတစ်စုသည် သတိလစ်နေသော လူငယ်တစ်ဦးကို သယ်ဆောင်လာရင်း အလျင်စလို ပြေးဝင်လာကြခြင်းတည်း။
"နည်းပြလီ...။ နည်းပြလီ...။ အကြီးအကဲချုပ်ကို အမြန်ခေါ်ပြီး သူ့ကိုကယ်ခိုင်းပါ..."
တစ်စုံတစ်ယောက်က နည်းပြလီကို တွေ့ရှိသွားပြီး ရူးမတတ် အော်ခေါ်လိုက်ရာ ဖုန်းဝူချန်သည်လည်း ဒါကို တွေ့ရှိသွားသည်။
ကျောင်းသားများသည် စပ်စုပြီး နားမလည်နိုင်စွာဖြင့် စုရုံးရောက်ရှိလာကြသည်။
"ယန်ထျန်း..."
လင်းယိုသည် သတိလစ်နေသော လူငယ်ကို ပထမဆုံး မှတ်မိသူ ဖြစ်လေသည်။
"ယန်ထျန်းရဲ့ ခြေထောက်ကျိုးသွားပြီ..."
ဟွမ်ဖူချင်းက မည်သူက ဤမျှရက်စက်နိုင်ပါသနည်းဟု အံ့ဩတကြီး အော်လိုက်သည်။
ဖြတ်သွားသော ဖုန်းဝူချန်သည် ထိုမြင်ကွင်းကို တစ်ချက်သာ ကြည့်လိုက်ပြီး စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်စုံတစ်ရာ မပြခဲ့ပေ။
"ဦးလေးယန်...။ ယန်ထျန်းရဲ့ ခြေထောက်ကို ဘယ်သူချိုးသွားတာလဲဟင်..."
မော့လင်အာက မေးလိုက်သည်။
ယန်မိသားစုမှ ထိုလူသည် နောက်သို့ဆုတ်ခွာသွားသော ဖုန်းဝူချန်၏ ပုံရိပ်ကို လက်ညှိုးထိုးရင်း ဒေါသတကြီး ဆိုလိုက်သည်။
"ဖုန်းဝူချန်..."
"ဟင်...။ ဖုန်းဝူချန်က ချိုးသွားတာ...။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ဟွမ်ဖူချင်း၏ မျက်နှာသည် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
မော့လင်အာမှာလည်း ယုံကြည်ရန် ခက်ခဲနေပြီး ကျောင်းသားများစွာ၏ မျက်လုံးများသည် ဖုန်းဝူချန်၏ နောက်သို့ဆုတ်ခွာသွားသော ပုံရိပ်ထံသို့ လှည့်သွားကြသည်။
ထို့နောက် နည်းပြလီက ပြောပြလိုက်သည်။
"ယန်ထျန်းနဲ့ ဖုန်းဝူချန်တို့ရဲ့ တိုက်ပွဲမှာ ယန်ထျန်းက ဖုန်းဝူချန်ရဲ့ လက်သီးတစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားပြီး သူ့ခြေထောက်ကျိုးသွားခဲ့တာ..."
"ယန်ထျန်းကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်..."
မော့လင်အာနှင့် ဟွမ်ဖူချင်းတို့၏ မျက်နှာများမှာ ဖြူဖျော့သွားပြီး ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
နည်းပြလီက ဆက်ပြောလိုက်သည်။
"တကယ်တော့ အဲ့ဒီအချိန်တုန်းက ယန်ထျန်က ချီသန့်စင်ခြင်းဘုံ ပထမအလွှာကို ရောက်ရှိနေပြီး ဖုန်းဝူချန်ကတော့ ခန္ဓာကိုယ်သန့်စင်ခြင်းဘုံ အဌမ အလွှာမှာပဲ ရှိသေးတယ်...။ ဒါကြောင့် ဖုန်းဝူချန်က မင်းတို့ပြောသလို အသုံးမကျတဲ့သူမဟုတ်ဘူး...။ တစ်လအတွင်းမှာ ကျင့်ကြံမှုအဆင့် လေးဆင့်တိုးတက်မှုနဲ့ဆိုရင် ဒီလိုစိန်ခေါ်နိုင်တဲ့ အရည်အချင်းမျိုးက ငါတို့အကယ်ဒမီမှာသာမက တစ်အင်ပါယာလုံးမှာတောင် ပြိုင်ဘက်ကင်းတယ်...။ အခုဆိုရင် ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲတွေက သူ့ကိုဘာလို့ ဒီလောက်တန်ဖိုးထားလဲဆိုတာ နားလည်ကြပြီမလား..."
နည်းပြလီ၏ စကားကို ကြားသောအခါ မော့လင်အာနှင့် ဟွမ်ဖူချင်းတို့သည် နေရာမှာပင် ကျောက်ရုပ်များအဖြစ်သို့ ပြောင်းလဲသွားနှင့်ပြီ။
ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော အရည်အချင်းမှာ ပြိုင်ဘက်ကင်းလေ၏။ သူတို့ကတော့ ဖုန်းဝူချန်ရှေ့တွင် သူတို့၏ကိုယ်ပိုင်စွမ်းရည်များကို ကြွားဝါရဲခဲ့ကြသည်တကား။
လုံးဝပင် ရယ်ဖို့ ကောင်းလှပါ၏။
"သူက တကယ်ပဲ ဖုန်းဝူချန်လား..."
မော့လင်အာက တွေဝေစွာ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး တဆက်တည်း၌ နောင်တ၏ အရိပ်အယောင်တစ်ခု သူမ နှလုံးသားထဲသို့ တိတ်တဆိတ် တိုးဝင်လာတော့သည်။