သာမန်လူများအတွက် တရားမျှတမှု ရှာဖွေပေးခြင်း
Vol. 144 Ch. 2160
“ စုံစမ်းကြည့်တယ် … သူ့ရဲ့ ဘဏ်အကောင့်ထဲ ဘယ်လို သံသယ ဖြစ်စရာ ငွေဝင်လာမှုမျိုးမှ မရှိဘူး … ပြီးတော့ ငွေသား အထုပ်လိုက် သွင်းတာမျိုးလည်း မရှိဘူး …”
“ အစ်ကိုလီ … ကျွန်တော်ကတော့ ဒါက သူ့ကို အပြစ်ကင်းစင်ပါတယ်လို့ သက်သေပြဖို့ လုံလောက်တယ် မထင်ဘူးနော်…” ကျန်းဖန့် ပြောလိုက်သည်။ “ ပိုက်ဆံတွေကို သူများအကောင့်ထဲ လွှဲလိုက်ရင် ဘယ်သူက သိနိုင်မှာမို့လို့ …”
လီရှန်းဟွေ့ ခေါင်းညိတ်လိုက်သည်။ “ အတိအကျပဲ … ဒါကြောင့်လည်း ရှန်းဝေ့ရဲတပ်ဖွဲ့က သူ့ကို အချိန်မရွေး စစ်ဆေးမေးမြန်းနိုင်အောင် ချုပ်ထားတယ် …”
ထောက် ….
ကျူးကျွင်းချီက စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး ထိုင်ခုံနောက်သို့ မှီလိုက်၏။ “ ကျုပ်ကတော့ ရှန်းဝေ့မှာ ဖြစ်တဲ့ အမှုပဲ ဖြစ်ဖြစ် ၊ ဒီမှာဖြစ်သွားတဲ့ အမှုပဲ ဖြစ်ဖြစ် နောက်ကွယ်မှာ ရှိတဲ့ လူက ဒီလို ရာဇဝတ်မှုမျိုး ကျူးလွန်တဲ့နေရာမှာ အတော်လေး အတွေ့အကြုံများနေတယ်လို့ ခံစားရတယ် … ကျုပ်တို့ သတိရှိရှိ နေမှဖြစ်မှာ …”
“ မတော်တဆဆိုပေမယ့် ငါတို့တွေ သွားတွေ့ပြီး ဒီကိစ္စကို လိပ်ပတ်လည်အောင် သေချာ စစ်ဆေးသင့်တယ် ..” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ငါ ခဏနေကျရင် ရှန်းဝေ့ရဲစခန်းဆီ ဖုန်းဆက်လိုက်မယ် … တကယ်လို့ ပူးတွဲ စစ်ဆေးရေး လုပ်ဖို့ လိုအပ်လာရင် မင်းတို့ လူငယ်လေးတွေ အတွေ့အကြုံရအောင် သွားကြပေါ့ …”
“ နားလည်ပါပြီ …”
အစည်းအဝေးပြီးနောက် လူတိုင်း ပစ္စည်းများသိမ်းကာ အိမ်သို့ ပြန်သွားကြသည်။ ကျီချင်းရန်ကို အိမ်သို့ လိုက်ပို့ပေးနေသည့် အချိန်၌ လီရှန်းဟွေ့ထံက ဖုန်းဝင်လာသည်။
ရှန်းဝေ့သို့ မနက်ဖြန် ထွက်မည့် အချိန်ဇယားကို အသိပေးလာခြင်းပင်။
“ နင် မနက်ဖြန် အလုပ်ခရီး သွားတော့မလို့လား …” ကားထဲတွင် ကျီချင်းရန်က မေး၏။
“ ငါ မင်းကို မနေ့ညက ပြောခဲ့ဖူးတဲ့ အမှုကိစ္စလေ … အဲ့လိုမျိုး ရှန်းဝေ့မှာလည်း ဖြစ်နေတာ … ပြီးတော့ သံသယတရားခံကလည်း တူညီတဲ့ အုပ်စုတစ်ခုပဲလို့ ထင်ရတယ် .. အဲ့တာ ပူးတွဲ စုံစမ်းရေး လုပ်ဖို့အတွက် မနက်ဖြန် ရှန်းဝေ့ကို သွားရမှာ …”
“ အန္တရာယ်များမှာလား …”
“ အင်း … အန္တရာယ် နည်းနည်းပါးပါးတော့ ရှိနိုင်တာပေါ့ .. ဒါပေမယ့် ငါ့ကို ခြိမ်းခြောက်နိုင်တဲ့အထိတော့ မဟုတ်သေးပါဘူး …”
ကျီချင်းရန်လည်း လင်းရီအကြောင်းကို ကောင်းစွာ နားလည်သည်။ သူမက ဒီတိုင်းစိုးရိမ်နေရုံမျှဖြစ်ပြီး ထွေထူး စိုးရိမ်နေခြင်းတော့ မဟုတ်ပေ။
“ နင်ဘာလို့ ရဲအရာရှိ လုပ်နေတာလဲ …”
ရုတ်တရက် ကောက်မေးလာသည့် မေးခွန်းက လင်းရီကို အငိုက်မိသွားစေခဲ့သည်။
“ ငါမင်းကို အရင်က ပြောဖူးတယ်လေ … အလုပ်အတွေ့အကြုံ ခံစားရအောင်လို့ဆိုနေ …”
“ ဒါပေမယ့် နင် အတွေ့အကြုံရအောင် လုပ်နေတာလည်း အတော်ကြာနေပြီလေ … နောက်အလုပ်အကိုင် တစ်ခု ပြောင်းဖို့ စိတ်မကူးသေးဘူးလား …”
“ ဒီရဲ့ အလုပ်အကိုင်က အန္တရာယ်များတယ်လို့ မင်းပြောချင်နေတာမလား …”
ကျီချင်းရန် ဘာမျှ ပြန်မပြောချေ။ တိတ်ဆိတ်မှုက သူမ၏ အဖြေဖြစ်၏။
လင်းရီလည်း ခေတ္တကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး … သူ၏ အသံကိုနိမ့်၍ ဖြည်းညင်းစွာဖြင့် စတင်ပြောဆိုလိုက်သည်။
“ ကမ္ဘာကြီးက မျှတတယ်လို့ မင်းထင်လား ….”
“ ဟင့်အင်း …” ကျီချင်းရန် ခေါင်းခါလိုက်၏။
“ ဒါပေမယ့် မင်း တွေ့ကြုံရတဲ့ မမျှတမှုက သာမန်လူတွေ ရင်ဆိုင်ရတဲ့ မမျှတမှုနဲ့ မတူဘူး … အနည်းဆုံးတော့ မင်းက အခြေခံ စားဝတ်နေရေးအတွက် ရုန်းကန်နေစရာ မလိုဘူးလေ …” လင်းရီ ပြောလိုက်သည်။ “ သာမန်လူတွေက မတူဘူး … သူတို့အတွက် မတရားမှုကို တွေ့ကြုံရတာက သူတို့ဘဝအတွက် ကပ်ဘေးအကြီးကြီး ကမ္ဘာပျက်သလောက်ကို ဖြစ်သွားနိုင်တယ် …”
လင်းရီ လေးပင်စွာ သက်ပြင်းချလိုက်၏။ ထို့နောက် ဆက်ပြောသည်။
“ ငါက သူတို့တွေကို ငါ တတ်နိုင်တဲ့ တစ်နည်းနည်းနဲ့ ကူညီပေးနိုင်မယ်ပေါ့ … အဲ့လိုသာဆို အတော်လေး အဓိပ္ပာယ် ရှိသွားမှာ … ဘာလို့ဆို ငါက ကိုယ်ပိုင် အကျိုးအစီးပွားအတွက် လုပ်နေတာ မဟုတ်တော့ သူတို့ကို မျှတမှု တစ်ခု ပေးနိုင်တယ် …”
“ ဒီတော့ ဒါက နင့်ဘဝရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ပေါ့ ဟုတ်လား …”
“ အင်း …” လင်းရီ ပြောလိုက်သည်။
“ လင်းယွင်အုပ်စုရဲ့ လီတိုဂရပ်ဖီစက်နဲ့ ချစ်ပ်တွေလိုပဲလေ … သူတို့နဲ့ ငွေအတော်လေး လုံလောက်အောင် ရှာပြီးသွားပြီ … အခုက ဂုဏ်သတင်းကောင်း တစ်ချို့ ထိန်းသိမ်းရမယ့် အချိန်ပဲ ….”
ကျီချင်းရန် မငြင်းဆန်ခဲ့ချေ။ တစ်ချို့သော အချိန်များ၌ သူမလည်း အလားတူ ပြဿနာကို စဉ်းစားတွေးကြည့်ဖူးသည်။
သူမတွင် ရှိနေသည့် ငွေပမာဏနှင့် သူမ တစ်သက်လုံး ဖြုန်းလို့ မကုန်နိုင်သလို သူမ၏ အနာဂတ် မျိုးဆက်များသည်လည်း သုံးလို့ ကုန်နိုင်မှာ မဟုတ်ချေ။
ဆိုတော့ …. သူမတို့တွေက ဘာအတွက် ငွေကို ဒီလောက်ထိ ကြိုးစားပမ်းစားနဲ့ ရှာဖွေနေရတာလဲ …
ယခု လင်းရီကလည်း သူ့ဘဝကို သာမန်လူများအား မျှတမှုပေးရန် ရည်ရွယ်ချက်ဖြင့် ဘဝကို ပိုပြီး အဓိပ္ပာယ်ရှိစွာ နေထိုင်လာသည်။
ယခု သူ ရှိနေသည့် နေရာကလည်း သူ၏ ရည်မှန်းချက်နှင့် ထပ်တူကျနေခဲ့၏။
သူမ တအားနှင့် အတ္တကြီးနေမိပြီလား …
ကျီချင်းရန် ခေါင်းကို လက်ထောက်ထားပြီး အပြင်ဘက်ရှိ ရှုခင်းများအား ငေးမောရင်း ရင်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။
“ အတ္တကြီးတော့လည်း အတ္တကြီးတယ်ပေါ့ … ဘာပဲဆိုဆို ငါက သာမန်အမျိုးသမီး တစ်ယောက်ပဲဟာ …”
ကျီချင်းရန်ကို အိမ်ပေါက်ဝတွင် ချပေးပြကီးနောက် လင်းရီလည်း ညစာစားရန် အိမ်ထဲသို့ အတူဝင်လာခဲ့သည်။
နောက်တစ်နေ့တွင် ခရီးထွက်ဖို့ ရှိသဖြင့် ညဘက်ကိုတော့ ကျီချင်းရန်၏ အိမ်တွင် မအိပ်တော့ဘဲ သူ့အိမ်သူ ပြန်ဖို့ ဟန်ပြင်ထား၏။
“ လဲစရာ အင်္ကျီ အဝတ်အစားတွေ ထည့်ထားဖို့ မေ့မနေနဲ့ဦး … အမြဲတမ်း တစ်စုံ ပိုယူသွား …”
သူ အိမ်ထဲက ထွက်လာစဉ် ကျီချင်းရန်က တံခါးပေါက်ဝတွင် ရပ်ပြီး သူ့အား သတိပေးလာခဲ့သည်။
“ မလိုပါဘူးကွာ … ရက်နည်းနည်းလောက်လေးပဲ ကြာမှာ … တကယ်လို့ အေးတယ်ဆို အပြင်ထွက်ပြီး တစ်ထည်လောက် ဝယ်လိုက်မယ် …”
“ နင် ကုတ်အင်္ကျီတွေ ဝယ်လို့ရတယ် … ဒါပေမယ့် နင် အတွင်းခံ ဘောင်းဘီတွေကျ ဝယ်ဖူးလို့လား …”
“ အာ ….”
ထိုအချိန်မှပဲ လင်းရီသည် သူ့တစ်သက်နှင့်တစ်ကိုယ် အတွင်းခံ ဘောင်းဘီများနှင့် ခြေအိတ်များ မဝယ်ဖူးကြောင်းကို အမှတ်ရသွားခဲ့တော့သည်။
သူ ကျီချင်းရန်နှင့် မရင်းနှီးစဉ်က အဆိုပါ ကိစ္စရပ်များကို မေမေဝမ်က ကိုင်တွယ်စီစဉ်ပေးခဲ့သည်။ တစ်ခါတစ်ရံ သူက ထိုပစ္စည်းများကို ယူဖို့ အိမ်ပြန်လေ့ရှိသလို ဒါမှမဟုတ် မေမေဝမ်ကပဲ ဝယ်ပြီး သူ့ထံသို့ အမြန်ချောပို့ဖြင့် ပို့ပေးသည်မျိုးလည်း ရှိသည်။
ကျီချင်းရန်နှင့် တွေ့ပြီးသည့်နောက် သူမကပဲ အဆိုပါက ကိစ္စရပ်များအားလုံးကို တာဝန်ယူပေးခဲ့ကာ သူ၏ ဘဝထဲတွင် သူမ၏ ဖြစ်တည်မှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။
လင်းရီ ရယ်မောလိုက်၏။ “ မင်း လိုက်ခဲ့ပြီး ငါ့ဖို့ ထည့်ပေးရင်ကော …”
“ ဆုတောင်းလေ …” ကျီချင်းရန်က ကျီစယ်မြူးတူးသည့် လေသံဖြင့် ဆိုလိုက်ပြီး သူမ၏ နှာခေါင်းကို တွန့်ရှုံ့လိုက်သည်။
“ အိမ်မှာ နင့်ဘာနင် ထည့် … ငါက ညွှန်ကြားပေးမယ် ..”
“ အဲ့လိုလည်း ရတယ် …”
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး ထို့နောက် ကျိုကျုံးဗီလာသို့ မောင်းနှင်လာခဲ့သည်။
ကျီချင်းရန်၏ ဂရုတစိုက်နှင့် လမ်းညွှန်မှုအောက်တွင် သူ၏ ခရီးဆောင်သေတ္တာကို သေချာစနစ်တကျ ထုပ်ပိုးပြီးသွားခဲ့၏။
….
နောက်တစ်နေ့ နံနက်ခင်း ကိုးနာရီတွင်။
လင်းရီ ၊ကူရိရန် ၊ ကျန်းဇီရှင်းနှင့် ကျန်းဖန့်တို့ အတူတကွ လေဆိပ်တွင် လူစု၍ ရှန်းဝေ့သို့ ပျံသန်းလာခဲ့ကာ နေ့လည် ၁၁ နာရီခွဲ ဝန်းကျင်သို့ လေဆိပ်သို့ ဆင်းသက်လာသည်။
ဤနေရာအပေါ် လင်းရီ အကောင်းမြင်မှုတို့ သိပ်မရှိချေ။
ဒေသတွင်း အာဏာချိန်ခွင်လျှာတို့က အင်မတန် ပရမ်းပတာ ဆန်လှပြီး အတော်လေးလည်း အတင့်ရဲလှကာ အစိုးရ အရာရှိများအပေါ်သို့ပင် လက်ရွယ်ဝံ့ကြ၏။ ဤသည်က အခြားသော နေရာဒေသများတွင် တွေးပင် မတွေးဝံ့ကြသည့် အရာများပင်။
လေယာဉ်ပေါ်က ဆင်းလာခဲ့ပြီးနောက် လေးယောက်သား ကိုယ်စီ ခရီးဆောင်အိတ်များကို သယ်ကာ တာမင်နယ်ထဲက ထွက်လာခဲ့ကြပြီး သူတို့နှင့် ရွယ်တူခန့်ရှိမည့် လူငယ်လေး တစ်ဦးနှင့် တွေ့ဆုံသည်။
ယခုမတိုင်မီ လင်းရီသည် သူ့အကြောင်း သတင်းအချက်အလက် အနည်းငယ် ရထားခဲ့၏။
သူတို့ကို လာကြိုပေးသည့်လူ၏ နာမည်က ချန်ဟုန်ယွီ ဖြစ်ပြီး အရပ်က အတော်လေး ရှည်ကာ ရုပ်ရည်ကလည်း ကြည့်ကောင်းပြီး စကားပြောလိုက်လျှင်လည်း ဒေသိယသံ ဝဲဝဲလေးနှင့်ပင်။
“ ရှန်းဝေ့ကနေ ကြိုဆိုပါတယ် … ငါတို့အားလုံး ဒီအမှုကို အဆင်ပြေပြေနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ် …” ချန်ဟုန်ယွီက သူတို့အား နွေးထွေးသည့် အပြုံးလေးဖြင့် ကြိုဆိုလာသည်။
“ ငါတို့က ဒီကို အမှုကိုင်တွယ်ဖို့ ရောက်လာကြတာဆိုတော့ နင်တို့အပေါ်ပဲ မှီခိုရမှာပါ …” ကူရိရန်က ပြောလိုက်သည်။
“ ဒါပေါ့ … လိုအပ်တာရှိရင် ပြောပါ … အခုတော့ ကားထဲ အရင်ဝင်ကြတာပေါ့ … မင်းတို့ကို ရှန်းဝေ့ရဲ့ ဒေသထွက် စားစရာတွေ မြည်းစမ်းကြည့်ဖို့ ခေါ်သွားပေးမယ် … ပြီးရင် ညနေပိုင်းကျ စခန်းသွားကြတာပေါ့ …”
“ ကျေးဇူးပါပဲ …”
လေဆိပ်ထဲက ထွက်လာခဲ့ပြီးနောက် အုပ်စုက ပင်လယ်စာ စားသောက်ဆိုင်တစ်ဆိုင်သို့ ထွက်ခွာလာခဲ့ကာ အလျှံပယ်သည့် နေ့လည်စာကို သုံးဆောင်ခဲ့ကြသည်။ ထို့နောက် ရှန်းဝေ့ရှိ လုံဟူ ရဲစခန်းသို့ ထွက်လာခဲ့ကြသည်။
.....
ထိုအချိန် အစည်းအဝေးခန်းထဲ၌ လူလေးဦး ထိုင်နေသည်။
သူတို့လေးဦးလုံး မည်သူကမျှ ငယ်ရွယ်သည့် သွင်ပြင် လက္ခဏာ မရှိကြချေ။
အသက်အကြီးဆုံးက လေးဆယ်ကျော် အရွယ်ဖြစ်ပြီး အသက်အငယ်ဆုံးက သုံးဆယ်ကျော်အရွယ်ဖြစ်ကာ ကူရိရန်နှင့် ရွယ်တူနီးပါးခန့် ရှိသည်။ ယင်းက ထိုသူသည် စခန်း၏ မဏ္ဍိုင်များထဲက တစ်ဦးဖြစ်ကြောင်းကို ထင်ဟပ်နေစေသည်။
“ ကျိုးဟိုင်က ဘာတွေ လုပ်နေတာလဲကွာ … အမှုကို ကိုင်တွယ်ဖို့ လူငယ်တွေ ဒီလွှတ်လိုက်တယ် ဆိုပါလား … အဲ့လူငယ်တွေမှာ အတွေ့အကြုံက ဘယ်လောက် ရှိမှာကျလို့ … ရယ်ချင်စရာကောင်းလိုက်တာ …”
ပြောလိုက်သူက အသက်လေးဆယ်ကျော်အရွယ် အကြီးဆုံးဖြစ်ပြီး လက်ထဲတွင် စီးကရက်တစ်လိပ်ကို ကိုင်ထားကာ သူ၏ အမူအရာကလည်း အုံ့မှိုင်းလို့နေခဲ့သည်။
သူ့နာမည်က ရွှီကျွင်းဖြစ်ပြီး ဗျူရိုရုံးခွဲ၏ လက်ထောက် ခေါင်းဆောင်ပင်။
“ ဘာပဲဆိုဆို သူတို့က ကျိုးဟိုင် မြို့ကြီးကလေ … ငါတို့က ဒီတိုင်း သာမန်မြို့သားလေးတွေဆိုတော့ အထင်မကြီးတာ ထုံးစံပါပဲ … “
ထိုစကား ပြောလိုက်သူက စားပွဲ၏ ခေါင်းဆောင်နေရာတွင် ထိုင်နေသည့် အမျိုးသား တစ်ဦးပင်။ သူ၏ အသားအရည်က ညိုညှစ်ကာ မျက်နှာသွင်ပြင်ကလည်း ကြမ်းတမ်းနေသည်။
နာမည်က မာရှင်းလုံဖြစ်ကာ ဤ ဗျူရိုရဲစခန်း၏ ခေါင်းဆောင်ကြီး ဖြစ်သည်။
“ သူတို့က အခု ဒီနေရာ ရောက်လာကြပြီဆိုတော့ စောက်ကလေးတွေက သူတို့ကိုယ်သူတို့ ဘဝမြင့်နေကြမှာကို မြင်ယောင်ပါသေးရဲ့ …” ရွှီကျင်းကလည်း လှောင်ပြောင်ထေ့ငေါ့လိုက်သည်။
စာစဉ် (၁၄၄ ) ပြီး၏။