လူကြီးလူကောင်းဆန်တဲ့ အပြုအမူ
Vol. 144 Ch. 2146
“ ဟုတ်ဟုတ် … ကျွန်မ အခုပဲ လာခဲ့လိုက်မယ် …”
ဖုန်းချပြီးနောက် လင်းရီ ပြောလိုက်၏။ “ အမှုက ပိရမစ်ပုံစံ ငွေလိမ်တဲ့ အမှုဆိုတာ ယေဘုယျလောက်တော့ ကောက်ချက်ချလို့ရနေပြီ .. ဖက်တီး … မင်း သွားပြီး ကျူးရှန်းပင်းရဲ့ သူငယ်ချင်းတွေကို သူတို့ဆီလည်း ဒီလို ဖုန်းကောမျိုး ရောက်လာခဲ့သေးလား မေးလိုက် …”
လင်းရီ၏ ကောက်ချက်ချမှုအရ အကယ်၍ ကျူးရှန်းပင်းကသာ ပိရမစ်ပုံစံ ငွေလိမ်တဲ့အထဲ ပါဝင်နေပြီဆိုပါက အိမ်ကို ဖုန်းခေါ်ဖို့ ထိုမျှ အချိန်ကြာအောင် စောင့်ဆိုင်းနေခဲ့မှာ မဟုတ်ချေ။
သူ တစ်စုံတစ်ယောက်ကို အရင်ဦးဆုံး ဆက်သွယ်ခဲ့ပြီး ဖြစ်လောက်၏။ မာကွေ့လျန်ကသာ သတိမပြုမိခြင်းပင်။
“ နားလည်ပြီ …”
ကျန်းဖန့် ထွက်သွားခဲ့ပြီးနောက် မာကွေ့လျန်က လင်းရီနှင့် ကူရိရန်တို့ကို အိမ်ထဲ ဝင်ထိုင်ရန် ပျူငှာလိုက်သည်။ သူတို့လည်း မာကွေ့လျန်ကို အလွန်အကျွံကြီး စိုးရိမ်မနေဖို့ ဖြောင်းဖြပေးလိုက်၏။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် မာကွေ့လျန်၏ မရီး၊ လျိုရှောင်လီက အိမ်သို့ ရောက်လာခဲ့သည်။
“ ကွေ့လျန် … ဘာတွေဖြစ်နေတာလဲဟယ် … တူလေးက ဘာလို့ အဲ့လို ငွေလိမ်တဲ့ အလုပ်မျိုးတွေ လုပ်နေရတာလဲ …”
“ ငါလည်း မသိတော့ပါဘူးအေ … ရဲတွေ ပြောပြလို့သာ မဟုတ်ရင် ငါလည်း သိမှာတောင် မဟုတ်ဘူး … “ မာကွေ့လျန်က မျက်ရည်များအား သုတ်ရင်း ပြောလိုက်သည်။
“ အစ်မကြီးတို့နှစ်ယောက် နည်းနည်းလောက် စိတ်ငြိမ်ငြိမ်ထားကြပါဦး ... ဒါ ကမ္ဘာကြီး ပျက်သွားတာ မဟုတ်သေးဘူး … အနည်းဆုံးတော့ သူ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလေ … ဒီလောက်နဲ့တင် ကျေနပ်နေသင့်ပြီ …” လင်းရီ ပြောလိုက်သည်။
“ ကဲ အစ်မလျို … သူ ခင်များကို ဘာတွေ ပြောသွားခဲ့လဲ ကျွန်တော့်ကို အကုန်ပြန်ပြောပြ …”
“ သူ ဘာမှ သိပ်မပြောသွားဘူး … သူ ပရောဂျက်အကြီးစား ရထားလို့ ငါ့ကိုရော ပါချင်လားလို့မေးတယ် … တကယ်လို့ သေချာလေးသာ လုပ်နိုင်မယ်ဆို တစ်နှစ်ကို ယွမ် ငါးသိန်းလောက် အမြတ်ရနိုင်တယ်ဆိုပဲ … ငါလည်း မသေချာတော့ သူ့ကို ဖုန်းခေါ်လိုက်တာ … အဲ့နောက် အရာရှိကြီးက ကျွန်မကို ဒီလာခဲ့ဖို့ ပြောတာပဲ …” လျိုရှောင်လီ ပြောလိုက်သည်။
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်၏။
“ အခု သူ့ကို ပြန်ခေါ်ပြီး ဒီရဲ့ စီးပွားရေးက ကြားရတာ မဆိုးလို့ အစ်မကြီးလည်း စိတ်ဝင်စားတယ်ပြောလိုက် … သူ့ကို ဘယ်လိုမျိုး ပါဝင်ရမလဲရော မေးလိုက် …”
လျိုရှောင်လီမှာ အနည်းငယ် ကြောက်လန့်နေခဲ့သည်။ “ ကျွန်မ ပိုက်ဆံကို သုံးရမှာလားဟင် …”
လင်းရီ ကြိတ်ရယ်လိုက်သည်။ “ စိတ်ချပါ … အစ်မကြီးရဲ့ ပိုက်ဆံကို ကျွန်တော်တို့ မသုံးပါဘူး … သူ့ကို ဘယ်လိုပါဝင်ရမလဲသာ မေးလိုက် .. ကျန်တာ ကျွန်တော်တို့ တာဝန်ထား …”
သူမ၏ ကိုယ်ပိုင် ပိုက်ဆံကို မသုံးရဘူး ကြားတော့ လျိုရှောင်လီ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။
သူမကိုယ်တိုင် ပိုက်ဆံထုတ်ရမည် ဆိုလျှင်တော့ မဖြစ်နိုင်ပေ။ သို့သော် ဖုန်းခေါ်ပြီး မေးမြန်းစုံစမ်းဖို့လောက်ကတော့ ပြဿနာ မရှိပေ။
လင်းရီ စက္ကူနှင့် ဖောင်တိန်တစ်ချောင်းတောင်း၍ သူမ ပြောဖို့ လိုအပ်သည်များကို ချရေးပေးပြီး လျိုရှောင်လီကို စကား ဘယ်လို ပြောရမလဲ သင်ပေးသည်။
လျိုရှောင်လီလည်း သူမဖုန်းကို ထုတ်ပြီး လင်းရီ ရေးထားသည်များအား နားလည်အောင် သေချာဖတ်ကာ ကျူးရှန်းပင်း၏ နံပါတ်ကို ဆက်သွယ်လိုက်၏။
“ ဟယ်လို တူလေး … ငါ စဉ်းစားပြီးသွားပြီ … နင့်လေသံ နားထောင်ကြည့်ရတာတော့ တကယ်မဆိုးမယ့်ပုံပဲ … ဒါပေမယ့် တစ်နှစ် ယွမ် ငါးသိန်းဆိုတာကတော့ နင့်ဟာက သေချာရဲ့လားဟယ် …”
“ အန်တီကလည်း … ကိုယ့်တူလေးကိုယ်တောင် မယုံနိုင်ဘူးလား … ပရောဂျက်မှာသာ ပြဿနာ ရှိနေရင် ကျွန်တော်က အန်တီ့ကို ဖုန်းခေါ်လိုက်မှာလား … အခွင့်အလမ်းက ကောင်းလွန်းလို့ မိသားစုကို အရင်ဦးစားပေးတာနော်…” ကျူးရှန်းပင်း စိတ်လှုပ်ရှားသည့် လေသံဖြင့် ပြောဆိုလိုက်သည်။ “ ဘာပဲဖြစ်ဖြစ် ဒီလို အခွင့်အရေးမျိုးဆိုတာ တစ်ကြိမ်တစ်ခါပဲလာတယ် … အန်တီ အခု သဘောမတူရင် ကျွန်တော် တခြားတစ်ယောက်ကို ပေးလိုက်တော့မှာ .. နောင်မှ နောင်တရပြီး ကျွန်တော့်ဆီ ပြန်လာလည်း ရမှာ မဟုတ်ဘူး …”
“ အေးပါ အေးပါ … ငါလည်း ပါမယ် …”
ပြောဆိုပြီးနောက် လျိုရှောင်လီက မှတ်စုစာရွက်ကို တစ်ချက်ကြည့်ပြီး “ ဒါပေမယ့် ငါကိုယ်တိုင်တော့ ပါလို့ မရဘူးဟ … နင့်အန်ကယ်သာ ငါ ပိုက်ဆံ အဲ့လောက်အများကြီး ထုတ်သုံးလိုက်တာ သိရင် ငါ့ကို ကွာရှင်းလိမ့်မယ် …”
“ အဲ့တာဆို ဘယ်လိုလုပ်မှာလဲ … ယွမ်ငါးသောင်းက မများပါဘူး … ပိုက်ဆံ မထည့်ဘူးဆို ပရောဂျက်ထဲ ပါဖို့က မဖြစ်နိုင်ဘူးနော်…”
“ သိပါတယ်ဟဲ့ … ငါ့မှာ နင့်အန်ကယ် မသိအောင် တိတ်တိတ်လေး စုထားတဲ့ ငွေတွေ ရှိတယ် … ဖြစ်ချင်တော့ ကျိုးဟိုင်မှာ ငါတို့နဲ့ သွေးနီးတဲ့ တူလေးတစ်ယောက် အလုပ်လုပ်နေတာနဲ့ အတော်ပဲ … ငါ သူ့ကို ပိုက်ဆံပေးပြီး ပရောဂျက်ထဲ ပါလိုက်မယ်လေ …”
“ အဲ့လိုလည်း ရတယ် … ပိုက်ဆံသာ ယူလာခဲ့လိုက် …” ကျူးရှန်းပင်း ပြောလိုက်သည်။ “ ဒါပေမယ့် အခု ကျွန်တော့် အနေအထားက မတူတော့ဘူးဆိုတော့ အန်တီနဲ့ တိုက်ရိုက်တွေ့ပြီး စကားပြောဖို့က မဖြစ်နိုင်ဘူး .. အန်တီ့ ဟိုတူလေးကို ပြောလိုက် … ယွင်ရှု ၈၄ လမ်းကို သွားလို့ … ဟိုရောက်ရင် ကျွန်တော့်နာမည် ပြောလိုက်တာနဲ့ တစ်ယောက်ယောက်က ကျန်တာတွေ ကြည့်စီစဉ်ပေးလိမ့်မယ်… အိုး လေ့ကျင့်ရေးလည်း ဆင်းဖို့ လိုသေးတယ်နော်…”
“ အေးပါ အေးပါ … ငါ သူ့ကို အခုပဲ ဆက်သွယ်လိုက်မယ် …”
လေးနက်သည့် ကိစ္စများအား ပြောဆိုပြီးနောက် လျိုရှောင်လီမှာ ရင်တုန်ပန်းတုန် ဖြစ်စွာဖြင့် ဖုန်းချလိုက်သည်။
“ အရာရှိကြီး … ကျွန်မ လုပ်တာ အဆင်ပြေတယ်မလား … ဘာပြဿနာမှ မရှိဘူးမလား …”
“ သိပ်ကောင်းတယ် .. ကျွန်တော် အခုလိုအပ်တဲ့ အချက်အလက်တွေလည်း စုဆောင်းပြီးပြီဆိုတော့ အိမ်မှာပဲ နေပြီး သတင်းထူးကို စောင့်နေလိုက်တော့ …”
“ အရာရှိကြီး … နင် ငါ့သားလေးကို သေချာပေါက် ပြန်ခေါ်လာပေးရမယ်နော်…” မာကွေ့လျန်က နှာတရှုံ့ရှုံ့နှင့် ပြောသည်။
“ မပူနဲ့ … အစ်မကြီး စိတ်သက်တောင့်သက်သာနေ … ဒီလို အမှုမျိုးတွေ ကျွန်တော်တို့ ကိုင်တွယ်နေကြပဲ … အတွေ့အကြုံတွေလည်း အများကြီး ရှိတယ် …”
စကားခေတ္တပြောဆိုပြီးနောက် ကျူးရှန်းပင်းက ဖုန်းနံပါတ်တစ်ခုကို ပို့လာခဲ့သည်။ လင်းရီနှင့် ကူရိရန်လည်း ရေးမှတ်ထားလိုက်ပြီး ခပ်ကြာကြာ မနေဘဲ ထွက်လာခဲ့လိုက်တော့၏။
“ အခုလေးတင် ငါ တစ်ချက် စစ်ဆေးကြည့်လိုက်တာ ကျူးရှန်းပင်း ပြောလာခဲ့တဲ့ နေရာက စုန့်ကျန်း ရဲစခန်းရဲ့ စီရင်ပိုင်ခွင့် အောက်မှာပဲ … ငါသူတို့ကို ဖုန်းဆက်လိုက်ရမလား …”ကူရိရန် ပြောလိုက်သည်။
“ အသေးမွှား ကိစ္စလေးပဲဟာ ခေါ်ဖို့မလိုဘူး … မဟုတ်ရင် ငါတို့ဘာငါတို့ မဖြေရှင်းနိုင်တဲ့ပုံစံ ရောက်သွားလိမ့်မယ် …”
ပြောဆိုရင်းဖြင့် လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်သည်။
“ ဒီမှာ တစ်ခြား ဘာမှ မရှိလောက်တော့ဘူး … ငါ သွားပြီး တစ်ချက်ကြည့်လိုက်ဦးမယ် … မင်းမှာ တခြား လုပ်စရာ မရှိဘူးဆို စခန်းကို ပြန်တော့လေ …”
“ နင်တစ်ယောက်တည်း ကိုင်တွယ်မလို့လား …”
“ အမှုကြီးလည်း မဟုတ်တာကို… ငါ့ဘာငါ ကိုင်တွယ်လိုက်လို့ရတယ် …” လင်းရီ ပြောလိုက်သည်။
“ ဘာပဲပြောပြော မင်းက ဟိုဟာလာနေတာဆိုတော့ … ငါ့နောက်လိုက်ပြီး လျှောက်လုပ်မနေနဲ့ … ပေပွသွားရင် လူကြားသူကြားထဲ အရှက်ကွဲနေဦးမယ် …”
စစချင်းတုန်းကတော့ ကူရိရန်မှာ လူကြီးလူကောင်း ဆန်သည့် အပြုအမူအတွက် သူမ ရင်ထဲ ကျေးဇူးတင်သွားခဲ့သည်။ သို့သော် နောက်ဆုံး စကားတစ်ခွန်းကို ကြားပြီးသည့်နောက် ခြေထောက်ဖြင့် သေအောင် ကန်ချင်လုနီးပါး ဖြစ်သွားခဲ့ရ၏။
“ ထွက်သွားစမ်း …”
“ ဒီက ဂရုစိုက်ပေးနေတာကို .. ကျစ် … မိန်းမသား မဆန်လိုက်တာများ ….”
“ ငါ့မျက်စိရှေ့က အခုထွက်သွား … နင်နဲ့ နေရတာ ခေါင်းကိုက်တယ် ..”
လင်းရီကို ဆူဆဲပြီးနောက် ကူရိရန် ခေါင်းလှည့်ပြီး ထွက်ခွာသွားခဲ့ကာ သူ့အား လျစ်လျူရှုထားခဲ့သည်။
ကားကို ကျန်းဖန့် ယူသွားသဖြင့် လင်းရီ တက္ကစီငှား၍ ကျူးရှန်းပင်း ပြောသည့် နေရာသို့ ထွက်လာခဲ့လိုက်သည်။
ခန့်မှန်းချေ မိနစ် လေးဆယ်မျှ ကြာပြီးသည့်နောက် လင်းရီ တက္ကစီဖြင့် ယွင်ရှု ၈၄ လမ်းသို့ ရောက်လာခဲ့လေသည်။ တစ်ဖက်လူပြောသည့် နေရာက သိပ်လည်းမသစ်၊ အတော်လေး အိုဟောင်းနေသည့်ပုံစံပေါက်နေသည့် အဆောက်အဦး ဖြစ်ကြောင်းကို မိုးမျှော်တိုက်ကြီးများ ဝန်းရံနေသည့် ကျိုးဟိုင်မြို့အလယ်တွင် ရှိနေကြောင်းကို လင်းရီ တွေ့ရှိလိုက်ရသည်။
ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်ပြီးနောက် လင်းရီ အချိန်ဖြုန်းမနေဘဲ ပေးထားသည့် နံပါတ်အား ဆက်သွယ်လိုက်၏။
“ ဟယ်လို … ဘယ်သူလဲ …”
ဖုန်းထဲက အမျိုးသမီး အသံတစ်ခု ထွက်လာခဲ့ပြီး အသံက အနည်းငယ် တိုးညှင်းနေကာ သတိထားနေဟန်ပင်။
“ ဟယ်လို … ငါ ဒီနံပါတ်ကို ကျူးရှန်းပင်းဆီက ရခဲ့တာပါ … မင်းတို့ရဲ့ ပရောဂျက်ကြီးထဲ ပါဝင်ချင်လို့ …”
“ ဪ … သိပြီ …”
လင်းရီ၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားပြီးနောက် အမျိုးသမီး၏ လေသံက ရုတ်ချည်း နွေးထွေးလာသည်။
“ နင် အခု ဘယ်မှာလဲ …”
“ ယွင်ရှု ၈၄ လမ်းမှာ … သူ ငါ့ကို ဒီနေရာလာခိုင်းပြီး မင်းဆီ ဖုန်းဆက်ခိုင်းလိုက်တာပဲ …”
“ ခဏလေးစောင့်ပေး … ငါ အခု နင့်ဆီ လာနေပြီ …”
“ အိုကေ …”
လင်းရီ ရိုးရှင်းစွာ တုံ့ပြန်ပြီး ခြေညောင်း ၊ လက်ညောင်း ဆန့်လိုက်ကာ ဤအမှုကို ဖြေရှင်းကို အနည်းငယ် စိတ်အားထက်သန်နေခဲ့သည်။
စနစ်၏ ပုံမှန် နည်းလမ်းများအတိုင်း ဆိုပါက ‘ ကယ်တင်ခြင်း ‘ဟူသည့် မစ်ရှင်မှာ ဒီခု မစ်ရှင် ဖြစ်လောက်၏။
ကိုင်တွယ်ဖို့ တစ်ရက်ပင် မကြာလောက်ဟု လင်းရီ တွက်ချက်ထားပြီး စနစ်က မည်သို့သော လက်ဆောင်မျိုး ပေးလာမည်ကို အတော်လေး မျှော်တလင့်လင့် ဖြစ်နေမိသည်။