← Chapters

အမျိုးသား တစ်ဦး ဖြစ်ရခြင်းရဲ့ ဒုက္ခတွေ

Vol. 144 Ch. 2152

အမျိုးသား တစ်ဦး ဖြစ်ရခြင်းရဲ့ ဒုက္ခတွေ

Vol. 144 Ch. 2152

“ အရူးထမနေနဲ့ … ကားကိုပဲ သေချာမောင်းစမ်း …”

လင်းရီ ခေါင်းကုတ်မိလိုက်သည်။ လျန်ရူရွှယ်က ဤမျှ လျှို့ဝှက်ဝှက်နဲ့ မည်သည့်အရာများ သူ့ကို ပြောချင်နေလဲ မသေချာပေ။

သူမ၏ အကျင့်စရိုက်ဖြင့် ဆိုပါက အကယ်၍ အသေးအမွှား တစ်စုံတစ်ရာ ဖြစ်ခဲ့လျှင် ယခုလိုမျိုး ပြုမူနေမှာ မဟုတ်ချေ။

ကြည့်ရသည်မှာ ပြဿနာက ရိုးရှင်းမည့်ပုံ မပေါ်ချေ။

ပြီးသည့်နောက် … လင်းရီ ဘာဘီကျူးဆိုင်တစ်ဆိုင် ရှာတွေ့သွားခဲ့ပြီး ထောင့်ကျသည့် တစ်နေရာသို့ ခေါ်သွားလိုက်သည်။

ဟင်းပွဲများအားလုံး စုံသည်နှင့် လင်းရီက ကင်စက်ပေါ်သို့ တင်ကာ လျန်ရူရွှယ်ကို မေးလိုက်သည်။

“ မင်း ငါ့ကို ပြောချင်တာ ရှိတယ်မလား … အခု ပြောတော့လေ …”

လျန်ရူရွှယ်က လင်းရီ ကင်ထားသည့် အသားကို တူဖြင့် ညှပ်လိုက်ပြီး ဆော့စ်တွင် နစ်လိုက်သည်။

“ ရှေ့ရက်တုန်းက … ငါရန်ကျင်းသွားတော့ မနက်ခင်း အိမ်ပြန်ပြီး အဖေနဲ့ အတူ ထမင်းစားခဲ့တယ် …”

“ အဲ့ဒီတော့ … အန်ကယ်လျန်က ပြဿနာတစ်ခုခု တက်ပြီး ငါ့ အကူအညီကို လိုနေတာတော့ မဟုတ်ဘူးမလား …”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … ငါ့အဖေသာ နင် ကူညီပေးတာ လိုလို့ကတော့ သူ ဒီလောက် နှစ်‌တွေ အများကြီး အလုပ်ကြိုးစားခဲ့တာ အလဟဿ ဖြစ်သွားမှာပေါ့ …”

လျန်ရူရွှယ်က စားချင်စဖွယ် ဖြစ်နေသည့် အသားကင်ပေါ်သို့ အရသာမှုန့်များ ဖြူးလိုက်ပြီး သူမ၏ ပါးစပ်ထဲသို့ ထည့်ကာ စားရင်းနှင့် ပြောသည်။

“ ထမင်းစားနေတုန်း အဖေက ငါတို့နှစ်ယောက် ကိစ္စ မေးတယ် … ငါတို့ လက်ထပ်ဖို့ အစီအစဉ် ရှိလားတဲ့ …”

စကားပြောနေစဉ် လျန်ရူရွှယ်၏ အမူအရာမှာ တည်ငြိမ်နေခဲ့ပြီး လင်းရီ၏ မျက်လုံးထဲသို့လည်း တိုက်ရိုက် မကြည့်ခဲ့ချေ။

သူမက သက်တောင့်သက်သာ ဖြစ်သည့်ပုံပေါ်သည်။ သို့သော် ရှောင်လွှဲနေမှုမျိုးကိုလည်း ခံစားနေရ၏။

“ ရှိတာပေါ့ .. ငါတို့မှာ အဲ့လို အစီအစဉ်မျိုး ရှိတယ်လေ … “ ထိုအရာက ဖြစ်ကို ဖြစ်သင့်သည့် ကိစ္စတစ်ခုနှယ် လင်းရီ ပြောလိုက်သည်။

ထိုစကားကြားတော့ လျန်ရူရွှယ် ရင်ဘက်ထဲရှိ လေးလံမှုလည်း ပျောက်ကွယ်သွားခဲ့ပြီး နောက်ထပ် အသားတစ်ဖက်ကို တူဖြင့် ညှပ်လိုက်၏။ “ သူက နင်နဲ့အတူတွေ့ပြီး ထမင်းစားချင်တယ်လို့လည်း ပြောသေးတယ် …”

“ ထမင်းစားချင်တယ်ဆိုလည်း အဆင်ပြေတယ်လေ … အချိန်မရွေးပဲ … ငါတို့ အရင်ကလည်း တစ်ခါ တွေ့ခဲ့ဖူးသေးတယ်မဟုတ်လား … တရားဝင် မဟုတ်ပေမယ့်ပေါ့ …”

လျန်ရူရွှယ် ခေါင်းညိတ်လိုက်သည်။ အရင်တစ်ခေါက် သူတို့ ထမင်းဆိုင်တွင် ဆန်ပြုတ်သောက်ခဲ့ကြသည့် မနက်ခင်းကို ပြန်အမှတ်ရသွားခဲ့၏။

“ ငါ လောလောဆယ် သူ့ကို ငြင်းထားတယ် … သဘောမတူခဲ့ဘူး …”

“ အာ … ဒီလောက် အရေးကြီး ကိစ္စကို မင်း ဘာလို့ ငြင်းလိုက်တာလဲ …” လင်းရီ ပြောလိုက်မိ၏။

“ ငါလည်း အန်ကယ်လျန်နဲ့ တွေ့ပြီး အရက်ကောင်းကောင်းသောက်ဖို့ စီစဉ်နေတာ … အဲ့လိုမှမဟုတ်ရင် မင်းကို ဘယ်ရနိုင်တော့မှာလဲ ဟုတ်တယ်မလား …”

လျန်ရူရွှယ် မျက်လုံးလှိမ့်လိုက်သည်။

“ နင် ငါ့ကိစ္စ စိတ်ပူစရာ မလိုပါဘူး … ဥက္ကဌကျီနဲ့သာ သေချာ ဖြေရှင်းစမ်းပါ ….”

လင်းရီ နှာခေါင်း ပွတ်မိသွားခဲ့၏။ အနည်းငယ်လည်း ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။ အမှန်ပင်။ လက်ရှိ အခြေအနေက လျန်ရူရွှယ်အတွက် အတော်လေး မမျှတရာ ကျနေခဲ့သည်။

“ အဲ့ကိစ္စက အခုချိန် ပြောလို့ မကောင်းသေးဘူး ..” လင်းရီ စားရင်း ပြောလိုက်ပြီး “ ငါ ရန်ကျင်းကို အချိန်မရွေး သွားရဖို့ ရှိတယ် … သွားဖြစ်တဲ့ အချိန်ကျရင် အနာဂတ် ခမည်းခမက်လောင်းကြီးနဲ့ ကောင်းကောင်းသောက်ဖို့ စီစဉ်လိုက်မယ် …”

“ နင့် အရက်သောက်နိုင်စွမ်းနဲ့ ငါ့အဖေကို မူးအောင် လုပ်နိုင်မှာ မဟုတ်ဘူး … ပြီးတော့ အမေလည်း ပြောသေးတယ် … အဖေက ရိုးအတဲ့ပုံပေါ်ပေမယ့် ဉာဏ်ကောင်းတယ် … ဒီလို ကိစ္စမျိုးကို နင် သူ့ကို အရူးလုပ်လို့ရမှာ မဟုတ်ဘူး … နင့်ဘက်က ရယ်ဒီဖြစ်နေတယ်ဆိုရင်လည်း အဆင်ပြေပါတယ် …. အဲ့ဒါဆိုလည်း တွေ့လို့ အဆင်ပြေသွားတာပေါ့ …”

လင်းရီ နှုတ်ခမ်းသုတ်၍ ဘာမျှ မဆိုချေ။

လျန်ရူရွှယ်၏ စကားက အဓိပ္ပာယ် နှစ်ခွ ဖြစ်နေခဲ့သည်။

ပြောထားသည့် ကိစ္စများအပြင် ကျိုးဟိုင်ဘက်ခြမ်းရှိ ကိစ္စများကိုလည်း စီစဉ်ထားရန် သတိပေးနေခြင်းပင်။ တစ်ချို့သော ပြဿနာများက ရှောင်လွှဲ၍ မရနိုင်ပေ။ ဖြေကို ဖြေရှင်းသင့်သည့် အရာများ ဖြစ်၏။

“ မပူနဲ့ … ဒီကိစ္စတွေကို ငါကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ် …”

“ နင်က ဒီလိုပြောလာနေပြီဆိုမှတော့ ငါကျန်တာတွေ ပြောမနေတော့ဘူး …”

လျန်ရူရွှယ်က အမဲသားတစ်ဖက်ကို ညှပ်ယူ၍ ပါးစပ်ထဲသို့ ကျော့ရှင်းစွာ ထည့်လိုက်ရင်း သက်တောင့်သက်သာ အမူအရာနှင့် ပြော၏။ “ ဒီကိစ္စမှာ ငါ တတ်နိုင်တာ ဘာမှမရှိဘူးနော်… အဖေ ဘယ်လိုလုပ်မလဲဆိုတာက နင့်အပေါ်ပဲ မူတည်တယ် …”

“ ငါနားလည်တယ် … အသေးမွှားလေးပါ …”

“ အဲ့လောက်တောင် ယုံကြည်ချက် ရှိနေတယ်ပေါ့ …”

“ ဒါပေါ့ … တကယ်လို့ ဆိုးရွားလာခဲ့ရင် သူ့မြေးကို ခေါ်လာပြီး သူနဲ့ ပေးတွေ့လိုက်မယ် … ငါ သူ့ကို မဖြေရှင်းနိုင်ဘူးဆိုတာ မယုံဘူး …”

“ ပေါက်ကရတွေ လျှောက်ပြောတာ လျှော့ … နင့် စားစရာရှိတာပဲ စားစမ်းပါ …”

နှစ်ယောက်မှာ သက်တောင့်သက်သာ ဖြစ်သည့် လေထုနှင့် နေ့လည်စာကို သုံးဆောင်ခဲ့ကြသည်။

စားသောက်ပြီးနောက် လင်းရီက လျန်ရူရွှယ်ကို သူမ၏ ရုံးခန်းသို့ လိုက်ပို့ပေးလိုက်ပြီး သူမ အဆောက်အဦးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့၏။

သို့သော် လင်းရီ ထွက်ခွာရန် အလျင်မလိုသေးချေ။ သူ ကားထဲတွင်သာ ထိုင်နေပြီး စီးကရက် တစ်လိပ်ထုတ်ကာ တိတ်တဆိတ် မီးခြစ်လိုက်၏။

လျန်ရူရွှယ်က ရယ်ရယ်ပြုံးပြုံးနှင့် ပြောဆိုနေသော်လည်းပဲ အကုန်လုံးက သူမ တမင်တကာ လုပ်ယူနေသည့် အရာများပင်။

သူမလည်း လက်ရှိ အခြေအနေနှင့် ပတ်သက်၍ အတော်လေး စိုးရိမ်နေသည်။ သို့ပေမယ့် သူမတတ်နိုင်သည့်အရာက မရှိ။

ဒါမှမဟုတ် … အနှီကိစ္စများကို သူမဘက်က တစ်ချိန်လုံး စိုးရိမ်နေခဲ့သည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။ သို့သော် ပြဿနာကို ရင်မဆိုင်ချင်ဘဲ တစ်ချိန်လုံး ရှောင်လွှဲနေခဲ့သည်။

သူမအဖို့ …. ယင်းက တောင်တန်းကြီးတမျှ လေးလံပြီး သူမ၏ ကိုယ်ပိုင် အစွမ်းအစဖြင့် ဖြေရှင်းဖို့ငှာ မစွမ်းသာသည့် အရာပင်။

လေးငါးခြောက်ခါမျှ ဖွာပြီးနောက် စီးကရက်ကလည်း ကုန်သွားခဲ့သည်။ ကျန်သည့် ဆေးလိပ်တိုကို လင်းရီ ပြတင်းပေါက် အပြင်ဘက်သို့ လွင့်ပစ်လိုက်ပြီး ရှင်းရှန်းရဲစခန်းသို့‌ မောင်းနှင်လာခဲ့လိုက်၏။

ကိစ္စက ကိုင်တွယ်ရ ခဲယဉ်းသော်ငြား သူ့ဘက်က တစ်ကြိမ်တွင် ခြေတစ်လှမ်းစီ လှမ်းဖို့လိုသည်။

အရင်ဦးဆုံး ကျီချင်းရန်ကို ကိုင်တွယ်ဖို့ လိုအပ်၏။

မသိလိုက်စွာဖြင့် လင်းရီ၏ မျက်လုံးက အချိန်ကို တစ်ချက် ကြည့်လိုက်မိရာ နှုတ်က လွှတ်ခနဲ ကျိန်ဆဲမိသွားခဲ့၏။

“ သေစမ်း … လာပြန်ပြီ ခရစ်စမတ် …”

မကြာမီ ရှင်းရှန်း ရဲစခန်းသို့ လင်းရီ ရောက်လာခဲ့၏။

သူ ရောက်သည်နှင့်တစ်ပြိုင်နက် လျိုကွမ်းရှန်၏ ရုံးခန်းသို့ ဆင့်ခေါ်ခံလိုက်ရသည်။

“ ဘာတွေ ဖြစ်နေတာလဲ … မင်း ကိုင်တွယ်တဲ့ ငွေလိမ်မှုက ဘယ်ကနေ ဘယ်လိုဖြစ်ပြီး မြို့ရဲ့ အကြီးအကဲတွေကိုပါ တပ်လှန့်သလို ဖြစ်သွားခဲ့တာ …”

လျိုကွမ်းရှန်က ဤအကြောင်း မေးလာခဲ့တော့ လင်းရီ တဒင်္ဂမျှ ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။

“ ဒီတိုင်း တိုက်ဆိုင်သွားလို့ပါ … အထက်က ဒီလိုကိစ္စတွေကို အာရုံစိုက် စောင့်ကြည့်နေတာ အတော်ကြာပြီလေ … ကျွန်တော်ကလည်း သူလျှိုလုပ်နေတော့ မတော်တဆ ပက်ပင်းတိုးမိသွားခဲ့ရုံပါပဲ …” လင်းရီ ပြောပြလိုက်ပြီး “ သူတို့ အားလုံး ဘာလို့ အတူ ရောက်လာခဲ့ကြဆိုတော့ အထက်အာဏာပိုင်တွေက အွန်လိုင်းကျားဖြန့်တွေကို ဖိဖိစီးစီးနဲ့ နှိမ်နင်းဖို့ အမိန့်ပေးထားတာ ကြာပြီလေ … သူတို့အကုန်လုံး အင်အား စုပေါင်းပြီး ဥပမာတစ်ခု ပြချင်တာ .. ဒါမှမဟုတ် အကျိုးရမှတ်တွေ မျှဝေချင်တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ …”

လင်းရီ ရှင်းပြတာကို နားထောင်ပြီးနောက် လျိုကွမ်းရှန်လည်း နားလည်သဘောပေါက်သွားခဲ့တော့ ဤကိစ္စကို ဆက်ပြီး စဉ်းစားမနေတော့ချေ။

မည်သို့ပင်ဆိုစေ သူသည်လည်း ဤကိစ္စမှတစ်ဆင့် အမှတ်တစ်ချို့ ရရှိခဲ့လေသည်။ ယင်းက လူတိုင်း ပျော်ရွှင်ရသည့် ရလဒ် တစ်ခု ဖြစ်၏။

လျိုကွမ်းရှန်နှင့် ခေတ္တ စကားပြောပြီးနောက် လီရှန်းဟွေ့၏ ရုံးခန်းသို့ လင်းရီ ထွက်လာခဲ့လိုက်သည်။

တူညီသည့် ဇာတ်လမ်းကိုပဲ ပြန်ပြောင်းပြောပြလိုက်ပြီး အရာအားလုံးကို အဆင်ပြေပြေနှင့် ကိုင်တွယ်လိုက်နိုင်သည်။

ရုံးခန်းထဲတွင် လင်းရီက သူ့ခြေထောက်ကို စားပွဲခုံပေါ် ဆင်းထားပြီး လက်နှစ်ဖက်ကို ခေါင်းအုံးလျက် အတွေးနက်နေလျက်ရှိသည်။

သို့သော် အတန်ကြာအောင် စဉ်းစားပြီးသည့်တိုင် စနစ် မစ်ရှင်နှင့် စပ်လျဉ်း၍ မည်သည့် သဲလွန်စမျှ သူ မမြင်တွေ့ရသေးချေ။

အဆုံး၌ သက်ပြင်းလေးကြီး တစ်ချက် ချရင်း ထုံးစံအတိုင်း အမှုများကို ဆက်ယူကာ စနစ်၏ မစ်ရှင်ကို လှုံ့ဆော်နိုင်မည်ဟု မျှော်လင့်နေလျက် ရှိတော့၏။

…..

တစ်ပတ်ခန့် ကြာသည်ထိတိုင် လင်းရီ၏ ဘဝက အတော်လေး ငြိမ်းချမ်း တိတ်ဆိတ်နေသည်။

မနက်ခင်းနှင့် ညနေခင်း သူ အားသည့်အခါတိုင်း ကျီချင်းရန်ကို အလုပ်သို့ သွားကြိုပေးသည်။

နှစ်ဦးကြားရှိ ဆက်ဆံရေးကလည်း တစ်ဖန်ပြန်ပြီး နွေးနွေးထွေးထွေး ဖြစ်လာသည်။

အရင်ကနှင့် မတူညီပါသော်လည်း သူတို့နှစ်ဦး စစ်အေးတိုက်ပွဲ နွှဲနေစဉ်အခါကနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ကြီးကြီးမားမား ပြောင်းလဲသွားခဲ့၏။ အနည်းဆုံးတော့ သူ့ကို မကြာခဏ ပို၍ ပြုံးပြလာသည်။

ထို့ပြင် … လင်းရီ အမုန်းဆုံး သို့မဟုတ် အကြောက်ဆုံးနှင့် ခေါင်းအကိုက်ရဆုံးဟု ဆိုရမည့် ခရစ်စမတ်ကလည်း တရွေ့ရွေ့နှင့် နီးကပ်လို့လာခဲ့သည်။

ယင်းက လင်းရီကို ရုံးခန်းထဲတွင် ရံဖန်ရံခါ ထထဆဲချင်စိတ်ပေါက်အောင် ပြုလုပ်နေတော့သည်။

လီရှန်းဟွေ့နှင့် တခြားသူများကလည်း သူနှင့် အလားတူ ပြဿနာမျိုး ကြုံတွေ့နေကြရသည်။

လက်ထပ်ပြီးသည့် အိမ်ထောင်ရှင် အမျိုးသားများပင် ဤသို့သော ခရစ်မတ်နေ့မျိုး၏ စိတ်ရှုပ်ဖွယ် ဒုက္ခကို ပြေးမလွတ်နိုင်ခဲ့ကြချေ။

“ အစ်ကိုလီ … ရှင် ဘာဖြစ်လို့ အဲ့လောက်တောင် ထိုင်းမှိုင်းနေရတာ …”

မနက်ခင်း တောက်တိုမယ်ရများ ပြုလုပ်ပြီးသည့် ကူရိရန်က ရုံးခန်းထဲသို့ ဝင်လာပြီး မေးလိုက်သည်။

“ အစ်ကိုလီနဲ့ တခြားလူတွေက ခရစ်စမတ် လက်ဆောင်ကို ဘာပေးရမလဲ ခေါင်းကိုက်နေကြတာလေ ...” ကျန်းဇီရှင်းက တခစ်ခစ်ရယ်‌မောရင်း‌ ပြောပြလိုက်၏။

“ စဉ်းစားကြည့်ရင် ငါတို့ အမျိုးသမီးတွေက သာသာယာယာပဲနော် … ဒီလို ကိစ္စမျိုးတွေ ခေါင်းခဲနေစရာမလိုဘူး …”

“ အဟုတ်ပဲ … ဟွန့် ….” ကူရိရန်က ဆံပင်ကို အခြားတစ်ဖက်သို့ လှန်တင်လိုက်ပြီး “ အဲ့တာကြောင့်ပဲ ငါ ရည်းစားမထားချင်တာ … ဒီလို ကိစ္စမျိုးတွေကို စိတ်ရှုပ်လွန်းလို့ ..”

“ ဟေ့ ဟေ့ ဟေ့ … ပြဿနာကို မရောထွေးလိုက်နဲ့ …” လင်းရီ ပြောလိုက်ပြီး “ ကျန်းဇီရှင်းမှာက သူ့ကို ပိုးပန်းနေတဲ့လူတွေ ရှိတယ် … ဒါပေမယ့် မင်းမှာကျ အဲ့လို ရှိလို့လား … မတူတာတွေကို နားလည်ချင်ယောင် မဆောင်စမ်းနဲ့ …”

“ လင်းရီ … နင် ငါ့အတွက် သေပေးစမ်း …”

All Chapters