အမှုရုတ်တရက် ပေါ်လာခြင်း
Vol. 144 Ch. 2153
“ ကဲ … မင်းတို့နှစ်ယောက် တော်ကြတော့ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက်ကလည်း မိန်းကလေးတွေဆိုတော့ ငါ့ကို ကူပြီး စဉ်းစားပေးစမ်းပါ …”
“ လွယ်ပါတယ် …” ကူရိရန် ပြောလိုက်ပြီး “ ခရစ်စမတ်ကလည်း နီးပြီ … ဘောနပ်စ်တွေလည်း ရတော့မယ်ဆိုတော့ ငွေရွှင်တဲ့ အချိန်ပဲလေ … ဇနီးကို လက်စွပ် ဒါမှမဟုတ် လည်ဆွဲ တစ်ကုံးလောက် ဝယ်ပေးလိုက်ရင် မကောင်းဘူးလား …”
“ အားကိုးလို့ရမယ့်ဟာ တစ်ခုခု ပြောစမ်းပါကွာ … စပေါ်တင်ထားတာတွေကိုလည်း လစဉ်အတိုးက ဆပ်ရဦးမယ် … ပြီးတော့ ကလေး ကျောင်းစရိတ်ကလည်း ရှိသေးတယ် … ကုန်ကျစရိတ်တွေမှ အများကြီးပဲ … အဲ့လောက် ဈေးကြီးတဲ့ ပစ္စည်းမျိုး ဘယ်ကနေ ဘယ်လိုလုပ် တတ်နိုင်မှာလဲ …”
“ ဒါဆိုလည်း အစ်ကိုလီရဲ့ အမျိုးသမီးကို ခေါ်သွားပြီး သူ့ဖို့ အင်္ကျီတစ်ထည်လောက် ဖြစ်ဖြစ် အတူရွေးဝယ်ပေးလိုက်ပေါ့ … ယွမ်တစ်ထောင်ကျော်လောက်ဆို ရပြီ … လက်တွေ့လည်း ကျတယ်လေ ….” ကျန်းဇီရှင်း ပြောလိုက်၏။
“ အဲ့ဒီ အကြံမဆိုးဘူး …” လီရှန်းဟွေ့ ခေါင်းညိတ်ပြီး ထောင်းပေါင်အက်ပ်ကို ဖွင့်ကာ အင်္ကျီ အဝတ်အစားတို့အား စတင် ရှာဖွေတော့သည်။
“ အစ်ကိုကျန်း .. အစ်ကိုကျူး .. ရှင်တို့ကရော ဘယ်လို လုပ်မယ် စိတ်ကူးထားလဲ …”
“ ငါက စဉ်းစားပြီးသွားပြီ… သူ့ကို ဖုန်းအသစ် ဝယ်ပေးမှာ …” ကျန်းဟွေ့ ပြောလိုက်သည်။ “ လောင်ကျူး … မင်းကရော ဘာပေးမှာ …”
ကျူးကျွင်းချီက ရယ်မောလျက် “ ငါက Pad တစ်လုံးဝယ်မှာ … အဲ့တာဆို ဒီပြဿနာ ဖြေရှင်းပြီးသား ဖြစ်ပြီ …”
ကျန်းဇီရှင်းက လင်းရီကို ကြည့်၍ “ အစ်ကိုရီကရော …”
“ မေးမနေစမ်းနဲ့ … ငါ ဘာပေးလို့ ပေးရမှန်းတောင် မသိတော့ဘူး …”
“ အဲ့လောက်ထိလည်း အလေးအနက် ဖြစ်မနေစမ်းပါနဲ့ … ဒါက ဒီတိုင်း လက်ဆောင်လေးပဲလေ … တကယ်တော့ ရွေးချယ်ရတာက တော်တော်လေး လွယ်ပါတယ် …”
“ ဒါပေမယ့် ပြဿနာက တစ်ယောက်တည်း မဟုတ်တာပဲ … ငါဘယ်လိုလုပ်သင့်လဲ …”
“ အာ ….”
“ သေစမ်း … လင်းရီ … မင်း တော်တော် အံ့ဩဖို့ကောင်းတဲ့ကောင်ပဲ …” ကျန်းဟွေ့ ပြောလိုက်သည်။
“ ရုပ်ချောတာက တကယ့်ကို သူ့အကျိုးနဲ့သူ ကောင်းတယ်… ငါ ငယ်ငယ်တုန်းကဆို လူတွေ ငါ့ကို ‘လန်လီရှောင်ပိုင်လုံ’ ဆိုပြီး ခေါ်ကြတာ … ဒါပေမယ့် ငါတောင် မင်းလောက် အထင်ကြီးစရာ မကောင်းသေးဘူး …”
“ ထွီ … ပလေးဘွိုင်း ….” ကူရိရန် တံတွေးထွေးလိုက်၏။
“ ငါ့လို ပလေးဘွိုင်းကတေင် မင်းနဲ့ ပရောပရည် မလုပ်ချင်မှတော့ မင်းကိုယ်မင်း ပြန်စဉ်းစားကြည့်ပေါ့ …”
“ သေစမ်း … ငါနင့်ကို သတ်မယ် ….”
“ အစ်ကိုရီ … ရှင် သူတို့သုံးသွားတဲ့ နည်းလမ်းတွေအတိုင်း လိုက်လုပ်ရင်ကော … အဝတ်တစ်ချို့ရယ် ၊ ဖုန်းတစ်လုံးရယ် ၊ iPad တစ်လုံးရယ် ဝယ်လိုက်ရင် လက်ဆောင် သုံးခုလုံး ဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား …” ကျန်းဇီရှင်းမှာ အကြံသမား ဖြစ်နေဆဲပင်။
ထို့ပြင် သူမက လင်းရီကို ဆိုးရွားသည်ဟုလည်း မထင်ပေ။
အစ်ကိုရီက ဒီလောက်ချောတာ တကယ်လို့ သူသာ ပလေးဘွိုင်း မဟုတ်ဘူးဆိုရင် သူ့မှာ ပိုင်ဆိုင်ထားတဲ့ ရုပ်ရည်ကို စော်ကားလိုက်တာပဲ မဟုတ်ဘူးလား …
“ အင်း … ဒါပေမယ့် ပြဿနာက သုံးယောက်မက ဖြစ်နေတာပဲ …”
လီရှန်းဟွေ့ : …….
ကျန်းဟွေ့ : …….
ကျူးကျွင်းချီ : …….
ကူရိရန် : …….
ကျန်းဇီရှင်း : …….
“ ဒါဆိုရင်တော့ အစ်ကိုရီက တော်တော်လေးကို အခက်တွေ့နေရတဲ့ အခြေအနေကို ရောက်နေတာပဲ …” ကျန်းဇီရှင်းက သူမ၏ ပုံမှန် တက်ကြွသည့် မျက်နှာအမူအရာဖြင့် အားတက်သရော ပြောလာသည်။ “ ရှင်က အလုပ်လုပ်ရုံတင် မကသေးဘူး … ဘေးနားရှိတဲ့ လူတွေကိုလည်း ဂရုစိုက်ပေးရသေးတယ် … အစ်ကိုရီရဲ့ အချိန်တွေကို ဘယ်လိုလဲ စီမံခန့်ခွဲတာ … ဒါကြီးကတော့ ဆရာကျလွန်းပါတယ် …”
“ ထွေထူးမဟုတ်ပါဘူးကွာ … တစ်နေ့ မင်းမှာကောင်လေးရှိလာရင် ငါ့ဆီ အကြံဉာဏ် လာတောင်းလှည့် … ဆယ်ယောက်အတွင်း ရှိနေသရွေ့ သေချာ ရှင်းရှင်းလင်းဖြစ်အောင် ငါ စီစဉ်ပေးနိုင်တယ် …”
“ လန်းလိုက်တာ ….”
“ အစ်ကိုလီ … ပန်နီဆူလာ ဟိုတယ်မှာ ကျွန်တော့်ရဲ့ အဆက်အသွယ် တစ်ချို့ ရှိတယ် … ဒစ်စကောင့် ဘောင်ချာ နည်းနည်း ပေးလိုက်မယ် … ခရစ်စမတ်နေ့ကျ presidential suite နဲ့ ခံစားချက်တွေကို သွားဖြေလျော့လိုက် ….” လင်းရီ အပြုံးလေးဖြင့် ဆိုလိုက်၏။
“ တကယ် … မင်းမှာ တကယ်ပဲ အဆက်အသွယ် ရှိတယ်ပေါ့ …” ကျန်းဟွေ့က အံ့အားသင့်စွာ မေးမြန်းလာခဲ့၏။
“ ကျုပ်က အလကားနေ အလကား အလေလိုက် လျှောက်သွားနေတာမှ မဟုတ်ဘဲကို ဒါပေါ့ …. အဆက်အသွယ်တွေ ရှိတာပေါ့ ….”
“ မင်းအဲ့လိုပြောနေမှတော့ ငါ အားမနာတော့ဘူး …” လီရှန်းဟွေ့ ခွန်းတုံ့ပြန်လာခဲ့သည်။ “ ငါ ကြိုပြီး စီစဉ်စရာ ရှိတာတွေ စီစဉ်လိုက်ဦးမယ် … ကလေးကိုတော့ ငါ့အမေအိမ် ပို့ထားလိုက်မယ် …”
“ အစ်ကိုရီ … ညီမက စင်ဂယ်လေးဆိုပေမယ့် ညီမလည်း တစ်ခုလောက် လိုချင်လို့ …”
“ အိုကေ အိုကေ … လူတိုင်း တစ်ခုစီ ရမယ် … ပြီးရင် ဖုန်းဆက်ပြီး ငါ့နာမည်အောက်မှာ စာရင်းပေးထားလိုက်မယ် …”
“ ဟီးဟီး … ဒါဆိုလည်း ငါတို့ အားမနာတော့ဘူးနော်….”
ခရစ်စမတ် လက်ဆောင်ကိစ္စအကြောင်း ရယ်ရယ်မောမောနှင့် စကားပြောဆိုပြီးနောက် အခြားအကြောင်းအရာများ ပြောဆိုရင်းဖြင့် အချိန်ဖြုန်းနေခဲ့ကြသည်။
လင်းရီကတော့ သူတို့၏ စကားဝိုင်းတွင် ဝင်ရောဖို့ အာရုံရှိမနေချေ။ သူ့စိတ်က စနစ်၏ မစ်ရှင်သို့သာ အာရုံရောက်နေခဲ့၏။
ယခင် တစ်ပတ်အတွင်း သူ့ဘက်က အမှု ဒါဇင်ခန့်ကို ကိုင်တွယ်ခဲ့ပြီး နှစ်ခုက ရာဇဝတ်မှုနှင့် ကျန်သည်များက အရပ်သားပြဿနာများပင်။
မည်သည့် တစ်ခုကမျှ စနစ်၏ မစ်ရှင်ကို လှုံ့ဆော်နိုင်ခြင်း မရှိခဲ့ချေ။
စနစ် မင်ရှင်များ တစ်ခုပြီးတစ်ခု ပြီးမြောက်လာခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်းပဲ မစ်ရှင် တစ်ခုအတွက် ဤမျှ အချိန်ကြာအောင် ပေးရသည်ကတော့ ဘယ်တော့မှ မကြုံဖူးသေးချေ။
“ ညီကိုရီ … အားလုံးပဲ … ပြဿနာ တစ်ခုခုတော့ ဖြစ်နေပြီ ….”
သူတို့ စကားပြောနေစဉ်တွင် ကျန်းဖန့်က ရေးကြီးသုတ်ပျာနှင့် ပြေးဝင်လာခဲ့၏။
“ ချောင်းနားမှာ မိန်းကငယ်လေး တစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ထားတယ်လို့ ပြောတယ် … အသက်က လေးငါးနှစ်လောက်ပဲ ရှိဦးမယ် …”
“ မင်းတို့ ဒီမှာနေကြ … ငါ တစ်ချက်သွားကြည့်လိုက်ဦးမယ် …” ကျန်းဟွေ့က မတ်တပ်ရပ်လိုက်၏။
ကြားရသည်မှာ စိတ်မကောင်းဖြစ်ဖို့ ကောင်းသော်လည်းပဲ ရေနစ်သေဆုံးသည်များက အတော်လေး သာမန်ဖြစ်သဖြင့် မည်သူကမျှ လွန်လွန်ကြူးကြူး မတုံ့ပြန်ခဲ့ကြချေ။
“ ကောင်းကောင်းကိုင်တွယ်ခဲ့ … ကလေးမလေးရဲ့ မိသားစုကိုလည်း မြန်မြန်ရှာပေးလိုက် …” လီရှန်းဟွေ့ ညွှန်ကြားလိုက်သည်။
“ နားလည်ပြီ …”
ကျန်းဟွေ့က ကျန်းဖန့် ၊ ကျန်းဇီရှင်းတို့နှင့် အတူ ထွက်ခွာသွားခဲ့သည်။ လင်းရီကလည်း ၎င်းတို့နှင့်အတူ လိုက်ပါသွားခဲ့၏။
လေးယောက်မှာ ကားထဲသို့ ဝင်၍ နာရီဝက်ခန့် မောင်းနှင်ပြီးနောက် မြို့ပြင်သို့ ရောက်ရှိလာသည်။
နေရာက မြို့နှင့် အတော်လေး ဝေးလံလှပြီး အနီးနားဆုံးရွာက မောက်ကျားရွာဟု အမည်ရသည့် ရွာငယ်လေး တစ်ရွာပင်။
ဧရိယာက လူပြတ်လပ်သည်မျိုးတော့မဟုတ်။ ငါးဖမ်း ဝါသနာရှင်များ စုဝေးရာ နေရာတစ်ခုဖြစ်သည်။
နေ့တိုင်းနေ့ လူတို့က ဤနေရာသို့ ရောက်လာကြပြီး မမောနိုင် မပမ်းနိုင် ငါးဖမ်းကြကာ တစ်ခါတစ်ရံ အများအပြား ဖမ်းမိပြီး တစ်ခါတစ်ရံ မဖမ်းမိသည့် ရက်များလည်းရှိ၏။
သူတို့လေးယောက် နေရာသို့ ရောက်လာသည့်အခါ၌ အနီးနားဝန်းကျင်တွင် လူဒါဇင်ခန့် စုပြုံနေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့၏ ဝတ်စုံမှတစ်ဆင့် ဤနေရာသို့ ငါးမျှားရန် ရောက်လာကြသူများ ဖြစ်သည်ကို သိဖို့ မခဲယဉ်းပေ။
အောက်တွင် လဲလျောင်းနေသည့် လူကတော့ သေဆုံးထားသည့် မိန်းမငယ်လေး၏ ရုပ်အလောင်းဖြစ်၏။
“ ကျေးဇူးပြုပြီး နေရာဖယ်ပေးကြပါ … ဒီမှာ ရဲတွေ ရောက်လာပြီ …”
လင်းရီနှင့် ကျန်သူများ ရောက်လာသည်ကို မြင်တော့ ငါးဖမ်းသမားများက နေရာဖယ်ပေးလိုက်ကြ၏။
ကျန်းဟွေ့ ရှေ့သို့ တက်သွားခဲ့ပြီး ဂျက်ကတ်ကို လှန်ကြည့်လိုက်ရာ မိန်းမငယ်လေး၏ အရေပြားက ဆွတ်ဆွတ်ဖြူနေပြီကို မြင်တွေ့လိုက်ရသည်။ ရေထဲတွင် ရှိနေခဲ့သည်မှာ ၂၄ နာရီ မကလောက်တော့ပေ။
“ ရုပ်အလောင်းကို တွေ့ခဲ့တာ ဘယ်သူလဲ …” ကျန်းဟွေ့ မတ်တပ်ထရပ်ပြီး လူတိုင်းဘက်သို့ လှည့်ကာ မေးခွန်းထုတ်လိုက်သည်။
“ ကျုပ်ပါ …”
ခေါင်းတုံးနှင့် အမျိုးသားတစ်ဦးက လက်မြှောက်၍ ရှေ့သို့ တက်လာသည်။
“ ကျုပ် ငါးမျှားနေတဲ့အချိန် ရေထဲ တစ်ခုခု ပေါလောပေါ်လာတာမြင်တော့ အနီးကပ်သွားကြည့်လိုက်တာ အလောင်းတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ် … ဒါနဲ့ ကျုပ်လည်း အောက်ဆင်းပြီး ဆည်ခဲ့လိုက်တာပဲ … လူကတော့ သေပြီးသားဖြစ်နေပြီ .. စိတ်တော့ မကောင်းစရာပဲ …”
ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြရင်း ခေါင်းတုံးနှင့်လူက နောင်တရနေပုံပေါ်သည်။ သို့သော် သူ့၏ လုပ်ရပ်အတွက် နောင်တရနေခြင်းတော့ မဟုတ်။ ပုံမှန်ဆိုပါက လူတော်တော်များများမှာ ထိုကဲ့သို့သော အခြေအနေတွင် မကောင်းသည့် ကံကြမ္မာများ ကိုယ့်ထံ ကူးစက်လာမည်ကို စိုးရွံ့ကြသည့်အတွက် လူသေအလောင်းနားပင် ကပ်ဝံ့ကြမှာ မဟုတ်ချေ။
“ ကောင်းပြီ … ခင်များတို့လည်း ဒီမှာ ဆက်ပြီး ငါးမမျှားကြနဲ့တော့ … ပြန်လိုက်ကြတော့ … ဒီမှာ ရဲတွေ တာဝန်ယူတော့မယ် …”
“ ဟုတ် ဟုတ် …”
ငါးဖမ်းသမားများကလည်း ဆက်ပြီး ငါးမျှားဖို့ရာ အစီအစဉ် မရှိတော့ချေ။ သူတို့ ယူလာသည်များအား ထုပ်ပိုးသိမ်းဆည်းဖို့ ပြန်ရန် ဟန်ပြင်လိုက်ကြ၏။
ကျန်းဟွေ့ စီးကရက် တစ်လိပ်ကို မီးညှိ၍ တိတ်တဆိတ် ဖွာနေသည်။
“ အစ်ကိုဟွေ့ … ခင်များ ဘာလို့ ငိုနေတာလဲ ….”
ကျန်းဟွေ့ မျက်ရည်ဝိုင်းနေသည်ကို မြင်တော့ ကျန်းဇီရှင်း အံ့အားသင့်သွားခဲ့သည်။
“ မင်း နားလည်မှာ မဟုတ်ဘူး …” ကျန်းဟွေ့က အသက်ကို ပြင်းပြင်းရှိုက်လိုက်ပြီး “ အရင်တုန်းက ဒီလို ကိစ္စမျိုး ဖြစ်တာ မြင်ရင် လူက နည်းနည်းလေး စိတ်မကောင်း ဖြစ်မိရုံလောက်ပဲ … ဒါပေမယ့် အခု ငါ့မှာ ကလေးတစ်ယောက် ရှိလာပြီဆိုတော့ မတူတော့ဘူး … ကလေးမလေးကလည်း ငါ့သမီးလေးနဲ့ အသက်ရွယ်တူလောက်ပဲ … သူ ဒီလိုမျိုး ဖြစ်တာမြင်တော့ ငါ့ကိုယ်ငါ ထိန်းလို့ မရဘူး ….”
သူတို့ထဲ မည်သူကမျှ ကလေးမရှိကြသဖြင့် ကျန်းဟွေ့၏ ခံစားချက်ကို အပြည့်အဝ စာနာ နားလည်မပေးနိုင်ခဲ့ကြချေ။
“ လောလောဆယ်တော့ လက်ထဲ ရှိတဲ့ တာဝန်ကိုပဲ အာရုံစိုက်ကြတာပေါ့ အစ်ကိုဟွေ့ … ကလေးမက ဒီလို ဖြစ်သွားပြီဆိုတော့ သူ့မိသားစုကို ရှာပြီး အကြောင်းကြားပေးရမယ် …” လင်းရီ ပြောလိုက်သည်။
“ ဇီရှင်း … ပုံတစ်ချို့ ရိုက်ပြီး အစ်ကိုလီတို့ဆီ ပို့လိုက် … သူ့ကို ကလေးမရဲ့ မိသားစု ရှာပေးဖို့ ပြောလိုက် … ပြီးတော့ လတ်တလောမှာ ကလေးပျောက် တိုင်ထားတဲ့ မိဘတွေ ရှိလားလည်း တစ်ချက် စစ်ကြည့်လိုက်ဦး … အားလုံး အဆင်ပြေရင်တော့ ကလေးရဲ့ မိသားစုကို ငါတို့ မကြာခင် ရှာတွေ့လောက်တယ် …”
“ ဟုတ် … နားလည်ပါပြီ …”
ကျန်းဇီရှင်းက ဖုန်းဆက်ရန် ဘေးသို့ ထွက်သွားစဉ်တွင် လင်းရီက ရှေ့သို့ တက်လာပြီး ကလေးမ၏ ခန္ဓာကိုယ်ထံသို့ ချဉ်းကပ်သွားသည်။ သူ အစောပိုင်း ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်တုန်းက မူမမှန်သည့် တစ်ခုခုကို သတိပြုမိသဖြင့် အနီးကပ် ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။