သေဆုံးသွားခဲ့ခြင်း အကြောင်းအရင်းအမှန်
Vol. 144 Ch. 2155
“ ကလေးမိဘတွေက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ဖြစ်နိုင်တယ် ….” ကျန်းဟွေ့ပြောလိုက်သည်။ “ ဒါပေမယ့် လင်ရီ ပြောခဲ့တဲ့အတိုင်း တခြား အတွေးဝင်စရာလေးတွေလည်း ရှိနေသေးတော့ ထပ်ပြီး စုံစမ်းရဦးမှာပဲ …”
လီရှန်းဟွေ့ ခေါင်းညိတ်လိုက်သည်။ “ အလောင်းခွဲစိတ်တဲ့ ရလဒ်က ထွက်လာဖို့ ခဏလောက် စောင့်ရဦးမှာ … သတင်းကို အရင်ပို့ပြီး နစ်နာသူ မိသားစုရဲ့ တည်နေရာကို ရှာကြတာပေါ့ … မဟုတ်ရင် ငါတို့ အမှုကို ရှေ့ဆက်တက်လို့ရမှာမဟုတ်ဘူး …”
“ သဲလွန်စလေးများ ထပ်ရှိဦးမလားလို့ ကျွန်တော် တစ်ချက် သွားကြည့်ဦးမယ် …” လင်းရီ မတ်တပ်ရပ်၍ ပြောလိုက်သည်။
“ ဂရုစိုက် … တကယ်လို့ မင်း အမှားလုပ်မိရင် တခြားလူတွေ မင်းကို အပြစ်တင်ဖို့ အခွင့်အရေး ရသွားလိမ့်မယ် …”
“ မပူပါနဲ့ … ကျွန်တော်က ကျွမ်းကျင်တယ်လေ …” လင်းရီ အပြုံးတစ်ခုဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
“ အစ်ကိုရီ … ကျွန်မလည်း လိုက်ခဲ့မယ် … “ အမြဲတမ်း နောက်က တကောက်ကောက်လိုက်တတ်သည့် ကျန်းဇီရှင်းက ပြောလိုက်၏။
“ သွားစို့ …”
အလောင်းကို စခန်းနှင့် ဘေးချင်းကပ် အထောက်အထား ဆန်းစစ်သည့် ဌာနသို့ ပို့ထားခဲ့သည်။
“ အစ်ကိုရီ … ကျွန်မတို့ ဗိုက်ကို ဖွင့်ကြမှာလားဟင် …” ကျန်းဇီရှင်းက ညင်သာစွာ မေးလိုက်သည်။
သူမက ရုပ်အလောင်း ခွဲစိတ်ရမှာကို မကြောက်ရွံ့ချေ။ သို့သော် အကယ်၍ ခန္ဓာကိုယ်ကို ခွဲလိုက်မည်ဆိုပါက ဖြစ်ပေါ်လာမည့် မြင်ကွင်းမျိုးကို သူမ မခံစားနိုင်ချေ။
“ မိသားစုရဲ့ သဘောတူညီချက် မပါဘဲ ငါတို့မှာ အဲ့လိုမျိုး လုပ်ခွင့် မရှိဘူး …” လင်းရီ ပြောလိုက်ပြီး “ အလောင်းရဲ့ ခန္ဓာကိုယ် အခြေအနေကိုပဲ တစ်ချက် စစ်ဆေးကြည့်ကြတာပေါ့ … အသစ် တစ်ခုခု တွေ့ရမလား ပြောမရဘူး …”
“ အဲ့လိုဆို ကောင်းတယ် …”
နှစ်ဦးလုံးက အလောင်းသိပ်သည့် အခန်းသို့ ရောက်လာခဲ့ကြသည်။ ရိုးရှင်းသည့် ကိုင်တွယ်မှု တစ်ချို့ ပြုလုပ်ပြီးနောက် အလောင်းမှာ သန့်ရှင်းသွားခဲ့၏။
နစ်နာသူ၏ အဝတ်အစားများကို လင်းရီ မြင်တော့ ကျန်ဇီရှင်းအား ညွှန်ကြားလိုက်သည်။
“ရှင်းရှင်း … ဒီဟာတွေကို ဓာတ်ပုံရိုက်ပြီး ဘယ်ကျောင်းကလဲ စုံစမ်းလိုက် …”
“ ဟုတ် …”
ညွှန်ကြားပြီးနောက် ကိုယ်တုံးလုံး ဖြစ်နေသည့် အလောင်းထံသို့ လင်းရီ ချဉ်းကပ်သွားသည်။ ထိုသို့ပြုမှပဲ စစ်ဆေးရ ပိုပြီး အဆင်ပြေသည်။
လင်းရီ အရင်ဦးဆုံး မျက်ခွံကို လှန်ကြည့်လိုက်၏။ မျက်ကြည်လွှာ နှစ်ခုလုံးက တိမ်အပြည့်ဖုံးနေပြီး သေဆုံးသည့်အချိန်က ၄၈ နာရီ ကျော်လွန်နေပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။
ထိုအရာများအပြင် ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများ၌ သေးငယ်သည့် အရှိုးရာများကိုလည်း မြင်တွေ့နေရသည်။
ဤသည်က နစ်နာသူသည် မသေဆုံးခင် နှိပ်စက်ခံခဲ့ရကြောင်း အတိအကျ ခန့်မှန်း၍ ရ၏။
“ ဟမ်…”
အလောင်းကို စစ်ဆေးနေစဉ် လင်းရီ ထူးဆန်းသည့် အရာတစ်ခုကို သွား၍ သတိပြုမိသည်။
လည်ပင်းနောက်တွင် အညိုမည်းဒဏ်ရာ အမြောက်အများကို လင်းရီ တွေ့လိုက်ရ၏။
၎င်းတို့က အပြိုင်တန်း၍ ဖြစ်ပေါ်နေပြီး တစ်ခုချင်းစီကလည်း တစ်စင်တီမီတာပင် မခြားလောက်အောင် အတော်လေး နီးကပ်နေသည်။
အဆိုပါ ဒဏ်ရာများက လင်းရီကို အချိန်တစ်ချို့ ကြာအောင် အတော်လေး ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
အကယ်၍ နစ်နာသူက ရိုက်နှက်ခံရ၍ သေဆုံးသွားလျှင်ပင် ဒဏ်ရာတို့က ဤသို့သော နေရာမျိုး၌ ပေါ်မလာသင့်ချေ။
လင်းရီ ခေတ္တမျှ သေချာစစ်ဆေးလိုက်ပြီး ယင်းက အတော်လေး မဖြစ်နိုင်သည့်အရာဟု ခံစားလိုက်ရ၏။
ဆေးပညာ သဘောတရားအရ လည်ပင်းနေရာမှာ အတော်လေး အထိခိုက် မခံသည့် နေရာတစ်ခုပင်။ အကယ်၍ တစ်နေရာက ပြင်းပြင်းထန်ထန် ထိခိုက်ခံရမည်ဆိုပါက သွက်ချာပါဒ လိုက်ခြင်း သို့မဟုတ် အသက်သေဆုံးခြင်းပင် ဖြစ်ပေါ်စေနိုင်သည်။
လည်ပင်းနောက်ကျောသို့ ယခုလို ရိုက်နှက်ခံရရာ လူကြီးတစ်ယောက်ဖြစ်နေခဲ့လျှင်ပင် ခံစားနိုင်မှာ မဟုတ်ချေ။ အရိုးအဆစ်များ ကောင်းစွာ မဖွံ့ဖြိုးသေးသည့် ကလေးတစ်ယောက်ဆိုလျှင်တော့ ဆိုဖွယ်ရာပင် ရှိမှာ မဟုတ်ချေ။
လင်းရီ နေရာတွင် ရပ်နေပြီး အချိန်အတော်ကြာအောင် စဉ်းစားနေသည့်တိုင် မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်ပျက်ရသလဲဆိုတာကို မစဉ်းစားနိုင်ဘဲ ဖြစ်နေသည်။
“ ဘာတွေ စဉ်းစားနေတာလဲ အစ်ကိုရီ … ရှင် ဒီအတိုင်း ရပ်နေတာ အတော်လေးတောင် ကြာနေပြီ …” ဓာတ်ပုံများ ရိုက်ပြီးသည့် ကျန်းဇီရှင်းက ရောက်လာပြီး မေးလိုက်၏။
လည်ပင်းထက်ရှိ ဒဏ်ရာများအား လင်းရီ ညွှန်ပြလိုက်ရင်း “ ဒီ အရာသုံးခုကို တစ်ချက် ကြည့်လိုက် … သိပ် မူမမှန်ဘူး …”
ကျန်းဇီရှင်း တစ်ချက်ကြည့်လိုက်သည်။ သူမ၏ အတွေ့အကြုံက လင်းရီလောက် မများပြားသော်လည်း အလုပ်အတွေ့အကြုံ အနည်းငယ် ရှိသည့် လူတိုင်း တစ်စုံတစ်ရာ လွဲချော်နေသည်ကို သတိပြုမိနိုင်သည်။
“ ဟိုလိုမျိုး ဖြစ်နိုင်လောက်မလား ….” ကျန်းဇီရှင်းက သံသယ ဖြစ်နေသည့် လေသံဖြင့် ပြောလာခဲ့၏။
“ ဘယ်လိုမျိုးလဲ …”
“ မလှုပ်နဲ့ … စမ်းကြည့်လိုက် … အဲ့တာဆို သိလိမ့်မယ် …”
ကျန်းဇီရှင်းက လင်းရီ၏ အနောက်သို့ ရပ်လိုက်ပြီး လက်တစ်ဖက် ဆန့်ထုတ်ကာ နောက်ကျောဘက်မှနေ၍ လည်ပင်းကို ညှစ်ထားလိုက်သည်။
“ ဒီရဲ့ ဒဏ်ရာတွေက ဒါကြောင့် ဖြစ်နိုင်လောက်လား …”
ကျန်းဇီရှင်း၏ သရုပ်ပြမှုဖြင့် လင်းရီ တစ်စုံတစ်ရာကို အလိုအလျောက် သတိပြုမိသွားခဲ့ပြီး နစ်နာသူ၏ လက်ကောက်ဝတ်ကို ကြည့်လိုက်ရာ ထိုနေရာတွင်လည်း အလားတူ ဒဏ်ရာတို့ ရှိနေသည်။
“ သေစမ်း …” လင်းရီ ကျိန်ဆဲလိုက်မိပြီး “ ဟုတ်တော့ မဟုတ်တော့ဘူး …”
“ ဟင် … ဘာကို မဟုတ်တာ …” ကျန်းဇီရှင်းက သူမ၏ လက်ကို ပြန်လွှတ်ရင်း မေးလိုက်သည်။
“ လက်ကောက်ဝတ်ကို တစ်ချက်ကြည့်လိုက် … အဲ့မှာလည်း ဒဏ်ရာတွေ ရှိနေတယ် … ရိုက်နှက်တာတွေ အပြင် ငါတို့ မသိတဲ့ တခြားအရာတွေလည်း ရှိနေလောက်တယ် ….”
“ အာ …… သိပ်လိုက်မမီတော့ဘူး …”
လင်းရီက ကျန်းဇီရှင်း၏ နောက်တွင် ရပ်တန့်လိုက်ပြီး လက်တစ်ဖက်ကို သူမ၏လည်ပင်းသို့ ညှစ်ထားကာ ကျန်တစ်ဖက်က သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ထားပြီး အောက်သို့ ဖိချထားလိုက်သည်။
“ အစ်ကိုရီ …. ကျွန်မတို့ရဲ့ အခုပုံစံက နည်းနည်းလေး …..”
“ လေးနက်စမ်း …”
ခဏတာ ကျီစယ်ပြီးနောက် ကျန်းဇီရှင်းလည်း လေးလေးနက်နက် ဖြစ်လာခဲ့သည်။
“ ကျွန်မ ဖြစ်နိုင်ချေ တစ်ခုတော့ တွေးမိတယ် … ပုံမှန်ဆို ဒီလို အနေအထားမျိုးက လူကြီးတွေမှာပဲ သုံးကြတာ … ကလေးတွေအတွက် မသင့်တော်ဘူး ….”
“ ဒီတော့ …. အဖြေကလည်း မရိုးရှင်းဘူး …”
“ ကလေးက ရေနစ်တာကြောင့် မဟုတ်ဘဲ အသက်ရှူကြပ်ပြီး သေသွားခဲ့တာ ဖြစ်မယ်…”
“ တော်တယ် … တစ်ယောက်ယောက်က သူ့ကို အသက်ရှူကြပ်အောင် လုပ်ပြီး သေသွားတော့ ချောင်းထဲ ပစ်လိုက်တာ ဖြစ်မယ် …” လင်းရီ ပြောလိုက်သည်။
“ ဒါပေမယ့် ဆေးမှုခင်းဌာနရဲ့ အတည်ပြုချက် မထွက်လာသေးခင် ဒီရဲ့ ဒဏ်ရာတွေကို ခိုင်မာတဲ့ သက်သေတွေ အဖြစ် မှတ်ယူလို့ မရသေးဘူး … အဲ့လိုဆိုရင်တောင် ဒါတွေကို အသုံးချပြီး အမှုရဲ့ လားရာကို ဝေဖန်သုံးသပ်လို့ရတယ် …”
ကျန်းဇီရှင်း ခေါင်းညိတ်လိုက်သည်။ “ တခြား ဖြစ်နိုင်ချေတွေလည်း ရှိတယ်ဆိုပေမယ့် ကျွန်မကတော့ သေချာသလောက် ဖြစ်မယ်လို့ ထင်တယ် …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ကြည့်လို့ ပြီးပြီ … ပြန်ကြစို့ …. မင်းက ငါတို့မှာ လောလောဆယ် ရှိထားတဲ့ အချက်အလက်တွေကို စစ်ဆေးလိုက် … သူ့မိသားစုကို ရှာဖွေဖို့ သဲလွန်စ တစ်ခုခုတော့ ရမှာပါ ….”
“ အွန်း ….”
လင်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကုတင်တွင် လဲလျောင်းနေသည့် အသက်မပြည့်သေးသည့် ကလေးမလေး၏ ရုပ်အလောင်းကို ကြည့်လိုက်သည်။ သူမ မသေခင် မည်မျှ ဆိုးဆိုးရွားရွား ခံစားခဲ့ရမည်နည်း။ ရုတ်ချည်းဆိုသလို သူ့ ရင်ဘက်ကြီး တစ်ခုလုံး လေးလံလာသည်။
တခြားသော အမှုများ ဖြေရှင်းစဉ် အခါကကဲ့သို့ သူ၏ အေးအေးလူလူ သွင်ပြင်ကို ထိန်းသိမ်းမထားနိုင်ခဲ့ချေ။
လင်းရီ အတွင်းစိတ်ထဲ ရေရွတ်လိုက်မိ၏။ ‘ ငါက အသက်ကြီးလာလို့ ကလေးချစ်တတ်လာတာများလား ….’
ရုံးခန်းသို့ ပြန်ရောက်သည်တွင် လင်းရီက သူနှင့် ကျန်းဇီရှင်းတို့ ရှာဖွေတွေ့ရှိခဲ့သည်များအား လီရှန်းဟွေ့နှင့် အခြားသူများထံ ပြန်ပြောင်းပြောပြလိုက်သည်။
လက်ထဲရှိထားသည့် သဲလွန်စတို့အရ သာမန် ရိုးရိုးရေနစ် သေဆုံးသည့် အမှုကဲ့သို့ မရိုးရှင်းကြောင်းကို လူတိုင်းလည်း ယုံကြည်နေခဲ့ကြသည်။
ဤသည်က ရည်ရွယ်ချက် ရှိရှိ လူသတ်သည့် အမှုတစ်ခု ဖြစ်ဖို့ များ၏။
“ နောက်ဆက်တွဲ စုံစမ်းရေး ကိစ္စတွေကိုတော့ ခင်များတို့ပဲ ကိုင်တွယ်လိုက်ကြ … အခုက ရုံးဆင်းချိန်ပဲ … ကျုပ်ပြန်တော့မယ် ….” လင်းရီ ကိုယ်ညောင်းဆန့်ရင်း ပြောလိုက်သည်။
လီရှန်းဟွေ့လည်း သဘောတူစွာ ခေါင်းညိတ်လျက် လင်းရီ အပေါ် မျက်နှာသာပေးမှုကို ပြသနေသည်။
သူ့အဖို့ လင်းရီက လျှို့ဝှက်လက်နက်ဖြစ်၏။
သူက အခက်အခဲ ရှိသည့် အချိန်၌ အဆင်သင့် ထွက်ပေါ်လာမှာဖြစ်ပြီး အခြား အရေးမပါသည့် ကိစ္စများတွင်တော့ သူ၏ ပါဝင်ပတ်သက်မှုကို မလိုအပ်ချေ။
စခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် ချောင်ရန်အုပ်စု၏ ကားပါကင်ထံ မောင်းနှင်လာခဲ့ပြီး ပြတင်းပေါက်ကို မှီလျက် အမှုအကြောင်းကို စိတ်ထဲ ပြန်လည်ဆင်ခြင်နေသည်။
ဒေါက် ဒေါက် ဒေါက် ….
အချိန်တို့ မည်မျှကြာအောင် ကုန်ဆုံးသွားခဲ့မှန်း မသိ….
တစ်စုံတစ်ယောက် ကားတံခါး ခေါက်သံကို ကြားတော့မှ လင်းရီ ခေါင်းလှည့်ကြည့်လိုက်ရာ အလုပ်ပြီး၍ ပြန်လာသည့် ကျီချင်းရန်ကို မြင်တွေ့လိုက်ရသည်။
“ ဘာတွေ အဲ့လောက်တောင် တွေးနေတာ …. ငါ တစ်ခါခေါ်လည်း မကြား ၊ နှစ်ခါခေါ်လည်း မကြားနဲ့ ….”
ကားထဲသို့ ဝင်ပြီးနောက် ကျီချင်းရန်က သူမ၏ စကတ်ကို သပ်ရပ်အောင် ပြုလုပ်လိုက်ရင်း ပန်းချီကားချပ်သဖွယ် ပြီးပြည့်စုံလှသည့် တင်ပါးဆုံကောက်ကြောင်းတို့အား လှစ်ဟာပြလာသည်။ ထို့နောက် ဘေးရှိ ထိုင်ခုံခါးပါတ်အား တပ်လိုက်၏။
“ ဘာမှ မဟုတ်ပါဘူးကွာ …” လင်းရီ သာမန်လျှံကာ ခွန်းတုံ့ပြန်၍ ကျီချင်းရန်၏ အိမ်သို့ ဦးတည်မောင်းနှင်လိုက်သည်။
လမ်းတစ်လျှောက်တွင်လည်း လင်းရီသည် ရံဖန်ရံခါလောက်သာ စကားပြောပြီး အချိန်အများစုတွင် တိတ်ဆိတ်နေခဲ့၏။
သူတို့ကျီချင်းရန်၏ နေရာကို ရောက်တော့ သူမကို ထုံးစံအတိုင်း ကားပေါ်က ချပေးပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပဲ ကျီချင်းရန်က “ ငါ့အမေက နင့်ကို အိမ်မှာညစာ တစ်ခါတည်း စားသွားတဲ့ မနက်က မှာလိုက်တာ... သူ ဟင်းတွေလည်း ချက်ထားမယ် ပြောတယ် ….”
“ အန်တီက ငါ့ကို ထမင်းစားဖို့ ပြောထားတယ်ဆိုလည်း ဘာလို့ အစောကြီးကတည်းက ကြိုမပြောတာ .. အခုတော့ ငါ့မှာ လက်ဗလာနဲ့ … မကောင်းဘူးလေဟာ …”
“ နင်လည်း အခုမှ ဒီလာဖူးတာ မဟုတ်တာ … လာတဲ့ အချိန်တိုင်း လက်ဆောင်တွေ ယူလာဖို့ မလိုပါဘူး … ငါ့အမေက အဲ့တာတွေ ဂရုစိုက်တာ မဟုတ်ဘူး…. လာ သွားစို့ …”
တံခါးဝသို့ ရောက်နေပြီ ဖြစ်သဖြင့် တစ်ခုခု သွားဝယ်နေပြန်လျှင်လည်း နောက်ကျရတော့မည်။ ထို့ကြောင့် လင်းရီလည်း လက်ဗလာနှင့် အိမ်ထဲသို့ ဝင်ရန်သာ တတ်နိုင်တော့လေသည်။
ဘေးမှ အတူလမ်းလျှောက်နေရင်း ကျီချင်းရန်သည် လင်းရီကို မကြာခဏ ခိုးကြည့်လျက် လင်းရီနှင့် ပတ်သက်၍ အနည်းငယ် ပုံမှန် မဟုတ်သည်ကို ခံစားနေမိသည်။
ဒီကောင်က ပုံမှန်ဆို သာလိကာလို စကားပေါနေကြပါ … ဒီနေ့ကျမှ ဘာလို့ ဒီလောက် တိတ်နေရတာပါလိမ့် …
တစ်ခုခု ဖြစ်နေလို့များလား …..