← Chapters

သူ ကလေး လိုချင်နေတာလား

Vol. 144 Ch. 2156

သူ ကလေး လိုချင်နေတာလား

Vol. 144 Ch. 2156

“ လာခဲ့ကြ လာခဲ့ကြ … ဟင်းတွေအားလုံးက ပူပူနွေးနွေးပဲ... စားလို့ရနေပြီ …”

လင်းရီ ဝင်လာသည်ကို မြင်တော့ စုန့်လန်က သူ့အား နွေးထွေးစွာ ကြိုဆိုလာသည်။ ကျီချင်းရန်ကိုတော့ လျစ်လျူရှုထားခဲ့၏။

ယောက္ခကြီး၏ ဟင်းချက်လက်ရာကတော့ ဆွေမျိုးမေ့ရလောက်အောင်ကို ကောင်းပြီး သူ့အတွက် စားပွဲကြီးနှင့်အပြည့် ချက်ပြုတ်ထားပေး၏။

လင်းရီလည်း အိမ်သို့ မကြာခဏ လာလည်ဖြစ်သဖြင့် အထူးတလှယ် အားတောင့်အားနာ ပြုမနေခဲ့ချေ။

ထမင်းဝိုင်းတွင် ပြောဆိုနေသည့် အကြောင်းအရာတို့က အင်မတန် သာမန်ဆန်သည့်အရာများသာဖြစ်ပြီး အများစုက မိသားစုရေးရာ ကိစ္စများသာ။

စားသောက်ပြီးနောက် အမေနှင့်သမီးက မီးဖိုချောင်ထဲသွားပြီး သစ်သီးများ ဆေးကြောနေစဉ် လင်းရီနှင့် ကျီအန်းထိုက်တို့နှစ်ဦးကတော့ ဧည့်ခန်းထဲတွင် လိုက်စထွင်း တစ်ခုကို အတူကြည့်နေကြပြီး စထွင်မာကောင်မလေးကို ယွမ် တစ်သိန်း လက်ဆောင်များ ချီးမြင့်ပေးလိုက်သေးသည်။

ယခု အဆင့်တွင် …. လင်းရီက သားမက်တစ်ယောက်ဖြစ်ဖို့ လုံးဝ အရည်အချင်း ပြည့်မီသည်။

ထိုနောက်ပိုင်းတွင် လေးဦးသား အာလာပသလာပ စကားတစ်ချို့ ပြောပြီး အသီးသီး အနားယူရန် ထွက်ခွာသွားခဲ့ကြသည်။

ထုံးစံအတိုင်း ကျီချင်းရန်က ကုတင်ပေါ်တွင် ရှိနေပြီး လင်းရီကတော့ ကြမ်းပြင်ပေါ်တွင် ဖြစ်၏။

သို့သော် ယခင်နှင့် နှိုင်းယှဉ်ကြည့်လိုက်မည် ဆိုလျှင်တော့ အခန်းက ပိုပြီး တိတ်ဆိတ်နေသည်။ လင်းရီက ကြမ်းပြင်ပေါ်တွင် လဲလျောင်းရင်း အမှုအကြောင်းကို အတွေးနက်နေခဲ့သည်။

ယခု လောလောဆယ်တွင် အမှုက သံသယ ဝင်စရာ အချက်များနှင့် ပြည့်နှက်နေပြီး အရပ်မျက်နှာတစ်ခုခုသို့ လမ်းညွှန်ပေးနိုင်မည့် မည်သည့် သဲလွန်စမျှလည်း မရှိပေ။

အကယ်၍ ထင်မှတ်မထားသည့် အရာများသာ ဖြစ်ပျက်လာခဲ့မည်ဆိုပါက ‘ ကယ်တင်ခြင်း ‘ ဆိုသည့် မစ်ရှင်သည် လက်ရှိ အမှုကို ညွှန်းဆိုနေခြင်း ဖြစ်လောက်သည်။

“ လင်းရီ ….”

ကျီချင်းရန်က ကုတင်ထက်မှနေ၍ ညင်သာစွာ ခေါ်လိုက်သည်။

“ အင်း ဘာလဲ …”

“ နင့်စိတ်ထဲ တစ်ခုခု ရှိနေတာလား …..”

“ ဘာလို့ မေးတာ ….”

“ ဘယ်လိုပဲပြောပြော ငါနင့်ကို သိလာတာ သုံးနှစ်ကျော်ပြီလေ … ဒါလေးတောင် သတိမထားမိဘူးဆိုရင် ငါ့အမှား ဖြစ်သွားမှာပေါ့ …..”

“ ငါ အမှုတစ်ခုအကြောင်းကို စဉ်းစားနေတာ…..”

“ အမှု … ဘာအမှုလဲ …” ကျီချင်းရန်က သူမဖတ်နေသည့် စာအုပ်ကို အောက်သို့ချ၍ မေးမြန်းလာခဲ့သည်။

လင်းရီလည်း ဖုံးကွယ်မနေဘဲ ကျီချင်းရန်ကို အမှုအကြောင်း ပြောပြလိုက်၏။

“ ကလေးရဲ့ မိဘတွေက တကယ့် လူယုတ်မာတွေပဲ …” ကျီချင်းရန်က ဒေါသတကြီး ဆိုလိုက်ပြီး “ သူတို့လို လူစားမျိုးတွေက မိဘ မဖြစ်ထိုက်ဘူး … သေနတ်နဲ့ သေအောင် ပစ်လိုက်သင့်တာ ….”

“ ဒီတော့ … မင်းက အရမ်း ဒေါသဖြစ်နေတယ်ပေါ့ ….”

“ ဒီလို အခြေအနေမျိုးကို ဘယ်သူက ဒေါသမထွက်ဘဲ နေနိုင်မှာလဲ ….”

“ ဒါပေမယ့် ငါတို့ ဌာနက စီနီယာတွေကတော့ အဲ့လောက်ထိ ဒေါသမဖြစ်ပြဘူး … သူတို့ထဲက တစ်ယောက်ဆို ငိုတောင် ငိုနေသေးတယ် ….”

“ ငိုတယ် ဟုတ်လား ….”

ထိုစကား ကြားပြီးနောက် ကနေဦး ခံစားနေရသည့် ဒေါသများပင် အတန်ငယ် ငြိမ်သက်သွားခဲ့သည်။

ဒါပေါ့။ ဒီလို ကိစ္စမျိုး ကြားတော့ သူမလည်း ဝမ်းနည်းမိတာပေါ့ ။

သို့ပေမယ့် …

ဒေါသထွက်သည့် စိတ်တို့က ပိုသည်။

“ နင့်ဆီက ပြောသံကြားတာ နင်တို့ ဌာနမှာ ရှိတဲ့ စီနီယာတွေက အသက်သုံးဆယ်ကျော် လေးဆယ်တွေဆို … ရဲလုပ်လာတဲ့ သက်တမ်းကလည်း ဒီလောက် ရင့်နေပြီကို ဒီလို အခြေအနေမျိုးမှာ တည်ငြိမ်နေသင့်တာ မဟုတ်ဘူးလား ….”

“ အင်း …. ဒါပေမယ့် သူတို့ အားလုံးမှာ တူညီတာ တစ်ခု ရှိတယ် … အဲ့တာ အကုန်လုံးက ကလေး မိဘတွေချည်းပဲ …. အစ်ကိုကျန်းမှာဆို အခု ကလေးမလေးနဲ့ ရွယ်တူ ကလေး တစ်ယောက် ရှိတယ် … မိန်းကလေးပဲ … ဒီတော့ နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာမိတာပေါ့ ….”

ကျီချင်းရန် ဘာမျှ မပြောနိုင်ခဲ့ချေ။ သူမက လက်မထပ်ရသေးသည့် မိန်းကလေး ဖြစ်ပြီး မိခင်စိတ်လည်း မရှိသေးချေ။ ထို့ကြောင့် ထိုသို့သော အခြေအနေမျိုးကို ပြည့်ပြည့်ဝဝ မခံစားပေးနိုင်ချေ။

ထို့ကြောင့် သူမ၏ ပထမဦးဆုံး တုံ့ပြန်မှုက ဒေါသတရားပင်။

သို့သော် ထိုအချိန်မှာပဲ လင်းရီ အဘယ်ကြောင့် စိတ်အားတက်ကြွခြင်း မရှိနေရလဲဆိုတာကို နားလည်သွားခဲ့သည်။ အမှု ကိစ္စက သူ၏ စိတ်အခြေအနေအပေါ် သက်ရောက်နေခဲ့ဟန်ပင်။ မျက်ရည်ကျရလောက်သည်အထိ မဟုတ်သော်လည်း သူ့ရင်ထဲ အတော်လေး ခံစားသွားခဲ့ရလောက်၏။

ဧကန္တ … သူကလေး လိုချင်နေတာများလား ..

ဤအကြောင်းကို ရုတ်တရက်တွေးမိတော့ ကျီချင်းရန် တစ်ကိုယ်လုံး တင်းကြပ်သွားခဲ့သည်။

တွေးတောကြည့်မည်ဆိုပါက နောက်နှစ်သစ်ကူးတွင် လင်းရီ၏ အသက်က ၂၉ ပြည့်တော့မည် ဖြစ်ပြီး သူမသည်လည်း ထို့အတူပင်။

ယခုအသက်အရွယ်တွင် လူတော်တော်များများက ထိုကဲ့သို့သော အတွေးမျိုးကို စတင်မွေးမြူနေကြပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူမကိုယ်တိုင်လည်း တိတ်တိတ်လေး စိတ်ကူးယဉ်ကြည့်ခဲ့ဖူး၏။

……….

နောက်တစ်နေ့ နံနက်ခင်း၊ လင်းရီ အိပ်ရာထသည့် အချိန်၌ ကျီချင်းရန်က ရေချိုးခန်းထဲတွင် မျက်နှာသစ်နေသည်။

သူမကဲ့သို့ အိပ်ရေးမမက်သူ တစ်ယောက်အတွက် ဤသည်က ပုံမှန်အလေ့အကျင့် တစ်ခုပင်။

လျန်ရူရွှယ်သာ ဖြစ်ခဲ့မည်ဆိုပါက နေပင် အနောက်အရပ်မှ ထွက်လာလိမ့်ဦးမည်။

ကလင် ကလင် ကလင် …

သူ အဝတ်အစား လဲပြီးသည့်အချိန်မှာပဲ လီရှန်းဟွေ့၏ ဖုန်းက ဝင်လာသည်။

“ မင်း ထပြီလား ….”

“ အခုလေးတင် ထတာပဲ …”

“ ဒီနေ့ ရေသာခိုမနေနဲ့ဦး … စခန်းကို အမြန်လာခဲ့ … ငါတို့တော့ အသစ်တွေ့ထားပြီ…. “

“ အိုကေ …”

ဖုန်းထဲ စကားပြောလို့ အဆင်မပြေသဖြင့် များများစားစား မပြောဆိုခဲ့ချေ။

အဝတ်အစားလဲပြီးနောက် လင်းရီ ရေချိုးခန်းထဲသွားကာ မျက်နှာသစ်၏။ ထို့နောက် ထုံးစံအတိုင်း စားသောက်ရန် အောက်ထပ်သို့ ဆင်းလာသည်။

“ ဖြည်းဖြည်းစား … မလောနဲ့ … နင်နေဦးမယ် …” စုန့်လန်က ကြင်နာစွာ သတိပေးလိုက်သည်။

“ ဌာနမှာ အမှုတစ်ခုရှိလို့ အဲ့တာ ကျွန်တော် အမြန်သွားပြီး ကိုင်တွယ်ရမှာ …” လင်းရီ ပလုတ်ပလောင်း စားရင်း ပြောလိုက်သည်။

အစားအသောက်များကလည်း အသင့်ပြင်ထားပေးပြီးဖြစ်သဖြင့် မစားမသောက်ဘဲ ထွက်သွားခဲ့မည်ဆိုပါက လုပ်ထားပေးသူ၏ စေတနာကို ရိုင်းပြသည့်သဖွယ် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် လင်းရီ အလျင်အမြန် အပြတ်ဖြတ်၍ စခန်းသို့သွားရန် ဟန်ပြင်နေခြင်းပင်။

“ အဲ့လိုဆိုရင်တောင် ဖြည်းဖြည်း‌လေး စားလို့ ရပါတယ်အေ …” စုန့်လန် ပြောလိုက်ပြီး “ နင် စားလို့ပြီးမှ အလုပ်ကို သွားပေါ့ … ဟိုကောင်မလေးကို ဒီနေ့ အလုပ်လိုက်ပို့ပေးစရာ မလိုဘူး … သူ့ဘာသူ မောင်းသွားလိမ့်မယ် …”

ကျီချင်းရန် : …..

အမေတို့ … ဒီသမီးကမှ သမီးအရင်းခေါက်ခေါက်နော်….

“ ရပါတယ် … လမ်းလည်းသင့်တယ် အချိန်ဘယ်လောက်မှ မပေးရပါဘူး …” လင်းရီ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

“ ငါ အခု သိပြီ … ကောင်မလေးရဲ့ အကျင့်ဆိုးတွေက နင် သူ့ကို အလိုလိုက်ထားလို့ပဲ …”

လင်းရီ ခပ်သာသာ ရယ်မော၍ ဘာမျှ ပြန်ပြောမနေတော့ချေ။

ပြောလိုက်သူက မည်သည့်ရည်ရွယ်ချက်တို့မျှ မပါဘဲ ပြောဆိုလိုက်သော်ငြား နားထောင်သူကတော့ ရင်ဘက်ကြီးနှင့် ခံစားသွားရသည်။

ကျီချင်းရန်၏ နှလုံးသားတစ်ခုလုံး ခံစားချက်တို့ ရောပြွမ်းနေသည်။

အဆိုပါ ဖြစ်ရပ်ကလွဲ၍ လင်းရီသည် သူမအပေါ် တစ်ချိန်လုံး ကောင်းမွန်ပေးခဲ့ပြီး ပွဲတော် အားလပ်ရက်နေ့တိုင်းတွင် ဂရုတစိုက်နှင့် လက်ဆောင်များ ပြင်ဆင်ပေးတတ်သည်။ နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက သူမ ပြုလုပ်ပေးသည့် အရာတို့မှာ မည်သည့်နည်းနှင့်မျှ မနှိုင်းယှဉ်သာဘဲ အသေးအမွှားလေးများသာ ဖြစ်နေခဲ့သည်။

ထို့ပြင် သူတို့၏ ပုံမှန် ထိတွေ့ဆက်ဆံမှုများတွင်လည်း အချိန်အများစုတွင် သူက သူမကို အဆင်မပြေအောင် ပြုလုပ်ရမှာထက် သူ့ကိုယ်သူသာ အပင်ပန်းခံသည်။

ထိုသို့ တွေးကြည့်လိုက်ပြန်တော့လည်း … သူက သူမအပေါ် တကယ်ကို ကောင်းမွန်ပေးခဲ့သည်။

“ စားလို့ပြီးပြီ … သွားစို့ …” ကျီချင်းရန် ပြောလိုက်၏။

“ မင်း ပေါက်စီတစ်လုံးတည်း စားရသေးတာ မဟုတ်လား ….” လင်းရီ သူမအား ကြည့်လိုက်သည်။

“ ငါ အခု ဝိတ်ချနေတာ သွားစို့ …”

ကျီချင်းရန်က ထပ်ပြီး စားလိုစိတ် မရှိတော့တာကို မြင်တော့ လင်းရီ ဘာမျှ ဆက်မပြောတော့ချေ။ အလျင်အမြန် သန့်ရှင်းရေးလုပ်လိုက်ပြီး သူမနှင့် အတူ ထွက်ခွာလာခဲ့၏။

မိနစ် လေးဆယ်ခန့် ကြာပြီးနောက် သူမကို ချောင်ရန်အုပ်စုတွင် ချပေးလိုက်ပြီး ကျီချင်းရန် ပြောလာခဲ့၏။

“ အမှုကို ကောင်းကောင်းကိုင်တွယ် … နင် အဲ့ဒီ ရာဇဝတ်သားတွေကို မိအောင် ဖမ်းရမယ်နော်…”

“ ငါသိတယ် …” လင်းရီ အပြုံးဖြင့် ပြန်တုံ့ပြန်လိုက်သည်။

“ သွားတော့ … နင် အချိန်တွေ အများကြီး ဖြုန်းခဲ့ပြီးပြီ …”

“ မင်းအရင်သွား …”

“ ဘယ်သူ အရင် သွားသွား ကိစ္စ မရှိဘူး … ဒီတစ်ခါတော့ နင်သွားတာကို ငါစောင့်ကြည့်နေမယ် …”

လင်းရီသည် ကျီချင်းရန်၏ မျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“ဒါဆို ငါ အရင် သွားနှင့်ပြီ …”

“ သေချာလည်း မောင်းသွားဦး …”

“ အင်း …”

လင်းရီ ကားစက်နှိုးပြီး ရှင်းရှန်းရဲစခန်းသို့ မောင်းထွက်လာခဲ့သည်။

မနေ့က အမှုကိစ္စကြောင့်လားတော့ မသိ။ စခန်းက ပုံမှန်ထက်ကို ပို၍ ရှုပ်ယှက်နေပြီး လူတိုင်းကလည်း အလျင်လိုနေကြသည်။

“ အစ်ကိုလီ … ဘာအသစ်တွေ တွေ့ထားလို့တုန်း …”

သူ ရုံးခန်းထဲသို့ ရောက်လာသည်နှင့် လင်းရီက ချက်ချင်း မေးမြန်းလိုက်၏။

“ ငါတို့ နစ်နာသူရဲ့ မိသားစုနဲ့ ဆက်သွယ်ပြီးသွားပြီ .. ဒါပေမယ့် သူတို့က မြို့ပြင်ကို ရောက်နေတာ … အခု သူတို့ လာနေပြီ ….”

ပြောရင်းဖြင့် လီရှန်းဟွေ့က နာရီကို တစ်ချက်ကြည့်၍ “ နောက် နာရီဝက်လောက်နေရင်တော့ ဒီကို ရောက်လာကြတော့မှာ … ဒါပေမယ့် လာမယ့်လူက ကလေးရဲ့ အဒေါ်နဲ့ သူ့ အမျိုးသားပဲ …”

“ အဒေါ်လား … “ လင်းရီ အံ့အားသင့်သွားခဲ့သည်။

“ ကလေးရဲ့ မိဘတွေကရော ….”

“ သူတို့လည်းလာနေပြီ … ဒါပေမယ့် သူတို့က နိုင်ငံခြားရောက်နေကြတာဆိုတော့ ဒီလာဖို့ အချိန်တစ်ချို့တော့ ပေးရမှာ … အဲ့တာကြောင့် ကလေး အဒေါ်က အရင် ရောက်မှာ …” လီရှန်းဟွေ့ ပြောလိုက်ပြီး စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။

“ ကလေးရဲ့ နာမည်က သုန်ဝမ်ကျား … ကျိုးဟိုင် Oacons နိုင်ငံတကာ မူကြိုကျောင်းမှာ ကျောင်းတက်တယ် … ပြောသံကြားတာတော့ အဲ့ဒီရဲ့ တစ်နှစ်စာ မူကြိုစားရိတ်က ယွမ် ရှစ်သောင်းဆိုပဲ …”

“ ကျွန်တော်လည်း အဲ့မူကြိုအကြောင်း ကြားဖူတယ် … ကျိုးဟိုင်မှာ တကယ်နာမည်ကြီးတဲ့ မူကြိုတွေထဲက တစ်ခုပဲ …”

ခွန်းတုံ့ပြန်ပြီးနောက် လင်းရီ တွေးတွေးဆဆနှင့် မေးမြန်းလိုက်သည်။

“ ဖုန်းဆက်ကြည့်တော့ သူတို့ရဲ့ သဘောထား အမူအရာတွေက ဘယ်လိုနေလဲ … ပုံမှန် မဟုတ်တာတွေ သတိပြုမိသေးလား …”

“ ယူကျုံးမရ ဖြစ်ကြတာပေါ့ … အထူးသဖြင့် ကလေးရဲ့ မိဘတွေပဲ … ခဏခဏ သတိလစ်လွန်းလို့ စကားတောင် သေချာ မပြောရဘူး …” လီရှန်းဟွေ့ ပြောလိုက်သည်။

“ သူတို့ပုံစံ ကြည့်ရတာ ဟန်ဆောင်နေတာနဲ့ မတူဘူး … ငါတို့ ကနေဦး သုံးသပ်ထားတာတွေက မမှန်လောက်ဘူး …”

လင်းရီ ခေါင်းညိတ်ပြီး လီရှန်းဟွေ့၏ စကားကို ထောက်ခံလိုက်သည်။ ဤအမှုက သူထင်ထားသည်ထက်ကို အတော်လေး ဆန်းကြယ်နေသည်။

All Chapters