ရှုပ်ထွေးခြင်းနှင့် ဇဝေဇဝါ ဖြစ်ခြင်း
Vol. 144 Ch. 2157
“ ဆေးမှုခင်း ဌာနရဲ့ စစ်ဆေးချက်ရော အဖြေထွက်လာပြီလား …”
“ သူတို့ လုပ်နေတယ် … ဒါပေမယ့် မိသားစုက ကလေးကို အရင်တွေ့ချင်တယ်လို့ ပြောတယ် .. အဲ့နောက်မှပဲ အလောင်းခွဲစိတ်တာကို လုပ်လို့ရမှာ …” လီရှန်းဟွေ့ ရှင်းပြသည်။ “ ဒါပေမယ့် ဆေးမှုခင်း ကျွမ်းကျင်သူတွေက သူတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး အလောင်းကို အရင်ဆုံး စစ်ဆေးကြည့်လိုက်တာ သူတို့ရဲ့ ကောက်နုတ်ချက်တွေကလည်း မင်းခန့်မှန်းထားတာတွေနဲ့ အတူတူပဲ … နစ်နာသူက လည်ပင်အစ်လို့ သေသွားပြီး ချောင်းထဲ လွင့်ပစ်ခံလိုက်ရတာ ဖြစ်ဖို့များတယ် …”
“ လက်ရှိ အခြေအနေအတိုင်းဆိုရင် မိသားစုက ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ ကောက်နုတ်ချက်ကို ဘေးဖယ်ထားလို့ရပြီ … အဲ့ဒါဆို အမှုရဲ့ ဦးတည်ရာလည်း မရှိတော့သလိုပဲ …” လင်းရီ တွေးဆကြည့်လိုက်၏။
“ အဲ့လို မပြောနဲ့ … ဦးတည်ရာ အသစ်က ထွက်လာခဲ့ပြီ …” လီရှန်းဟွေ့ ပြောလာခဲ့ပြီး “ ငါတို့ ကလေးရဲ့ မိဘတွေနဲ့ စကားပြောရင်းကနေ သူတို့ရဲ့ စီးပွားရေး အခြေအနေက အတော်လေးကောင်းတာ သိခဲ့ရတယ် … သူတို့က ပေါင်ရှန်း ခရိုင်မှာ ဗီလာနဲ့နေတာ … အိမ်မှာ နာနီတစ်ယောက်တောင် ရှိလိုက်သေးတယ် … ဒါပေမယ့် အခုတော့ အဲ့ဒီ ကလေးထိန်းကိုလည်း ဆက်သွယ်လို့မရဘူး … ငါတို့ရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ပြောရရင် အခု အဲ့ဒီ ကလေးထိန်းက သံသယ တရားခံ ဖြစ်နိုင်ချေ အတော်လေးများတယ် … ဒီလိုမျိုး ဆင်တူတဲ့ အမှုတွေလည်း အရင်က တော်တော်များများ ဖြစ်ခဲ့ဖူးတယ် …”
“ တကယ်လို့ ကလေးထိန်းက ရုတ်တရက် ပျောက်သွားခဲ့တယ်ဆိုရင် သူက အဓိက သံသယတရားခံ ဖြစ်လာမှာ သဘာဝပဲ … ကျွန်တော်တို့ ဝရမ်းတောင်းပြီး အဲ့လူကို ချက်ချင်း ဖမ်းလိုက်လို့ရတယ် …”
“ မလောသေးနဲ့ဦး … သူတို့ ဆွေမျိုးတွေ ရာက်လာပြီးမှ ငါတို့ သတင်းအချက်အလက်တွေ ပိုပြီး စုဆောင်းကြတာပေါ့ … ဖမ်းဖို့က အချိန်ရပါသေးတယ် …”
လင်းရီ ခေါင်းညိတ်လိုက်ပြီး ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးသည့်နောက် မာစီးတီး G-class တစ်စင်းက ရဲစခန်းရှေ့တွင် ထိုးရပ်လာသည်။
လူငယ်စုံတွဲတစ်တွဲ၊ အသက်သုံးဆယ်ဝန်းကျင်ရှိမည့် လူနှစ်ဦးက အပြင်ဘက်မှနေ၍ ရေးကြီးသုတ်ပျာနှင့် ပြေးလာခဲ့ကြသည်။
အမျိုးသမီးက လှပပြီး ကိုယ်လုံးကိုယ်ထည်လည်းရှိသည်။ သူမနာမည်က ရန်နာ့ ဖြစ်ပြီး သုန်ဝမ်ကျား၏ အန်တီလေးပင်။
သူမဘေးတွင် မတ်တပ်ရပ်နေသူကတော့ သူမ၏ အမျိုးသား နာမည်ကတော့ ကျိန်းရုံမင် ဖြစ်ပြီး ဂိမ်းများအတွက် ပြင်ပအရင်းအမြစ် ဝန်ဆောင်မှုများ ထောက်ပံ့ပေးသည့် စီးပွားရေး လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ တစ်နှစ်တစ်နှစ် ဝင်ငွေကလည်း အတော်ကောင်း၏။
သူတို့နှစ်ဦး မနေ့က တစ်တော့ပေါ် တင်ထားသည့် ဗွီဒီယိုကို ကြည့်ပြီး လီရှန်းဟွေ့ထံသို့ ချက်ချင်း ဆက်သွယ်လာကာ ညတွင်းချင်းပဲ မြို့ပြင်ဘက်မှ ဤနေရာသို့ အပြင်း ခရီးနှင်လာခဲ့ကြသည်။
“ ဟယ်လို အရာရှိကြီး .. ကျွန်မက သုန်သုန်လေးရဲ့ ဒေါ်လေးပါ … ကျွန်မ ကပ္ပတိန်လီနဲ့ တွေ့ချင်လို့ပါ …” ရန်နာ့က အလျင်လိုသည့် လေသံဖြင့် ပြော၏။
“ ကပ္ပတိန်လီက ဝင်ပေါက်တည့်တည့် ရုံးခန်းမှာ ရှိတယ် … ခင်များတို့ သူနဲ့ တွေ့ချင်တယ်ဆို အဲ့ဒီကို သွားလိုက် …”
“ ဟုတ် ဟုတ် ကျေးဇူးပါပဲ …”
စုံတွဲက ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်၍ ရုံးခန်းတံခါးဝသို့ ရောက်ရှိလာခဲ့သည်။
လီရှန်းဟွေ့ မတ်တပ်ရပ်လိုက်၏။
“ ခင်မျာတို့နှစ်ယောက်က သုန်းဝမ်ကျားရဲ့ အဒေါ်နဲ့ ဦးလေး ဖြစ်ရမယ် …”
“ ဟုတ်ပါတယ်ရှင် .. ကျွန်မတို့ပါပဲ …”
တုံ့ပြန်ဖြေဆိုရင်းဖြင့် ရန်နာ့မှာ စိတ်မထိန်းနိုင်တော့ဘဲ ငိုချင်းချမိတော့သည်။ သူမကိုယ်သူမ ပြန်လည်တည်ငြိမ်စေရန်အတွက် အချိန်အနည်းငယ် ယူလိုက်ရ၏။
“ အရင်ဆုံး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ … ငိုတာက ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး …” လီရှန်းဟွေ့ တည်ငြိမ်သည့် လေသံဖြင့် စကားပြောလိုက်သည်။
“ ကျုပ်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ခင်များတို့နှစ်ယောက် သေချာလေး ပူးပေါင်းပါဝင်ပေးဖို့ မျှော်လင့်ပါတယ် … အဲ့လိုမှပဲ ရာဇဝတ်သားကို အမြန်ဆုံး ဖမ်းနိုင်မှာ …”
“ ကျွန်မတို့ သေချာပေါက် ပူးပေါင်းပေးမှာပါ … အဲ့ဒီ လူသတ်သမားကို မိအောင် ဖမ်းပေးပါ အရာရှိကြီးရယ် …”
လီရှန်းဟွေ့ ခေါင်းညိတ်လိုက်ပြီး စုံတွဲကို ဆိုဖာပေါ်သို့ ထိုင်ရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သတင်းအချက်အလက်များကို စတင်စုဆောင်းတော့၏။
“ ခင်များ အစ်မရဲ့ မိသားစု အခြေအနေအကြောင်း ခင်များ ဘယ်လောက်ထိ သိလဲ …”
“ ကျွန်မတို့ နေတဲ့ နေရာက ဘယ်လောက်မှ မဝေးဘူးရယ် … အချင်းချင်းလည်း ခဏခဏ တွေ့ဖြစ်ကြတယ် … ထမင်းလည်း အတူစားဖြစ်တယ် … ကျွန်မအစ်မနဲ့ ကျွန်မတို့ ဆက်ဆံရေးက အတော်လေး ရင်းနှီးတယ် … ဘာမဆို ပြောပြရလောက်တဲ့အထိကို ရင်းနှီးတယ် .. ရှင့်မှာ မေးစရာရှိတယ်ဆိုရင် ကျွန်မကိုသာ မေးလိုက်ပါ အရာရှိကြီး …”
“ ကျုပ် ရထားတဲ့ အချက်အလက်တွေ အတိုင်းဆို ခင်များရဲ့ အစ်မနဲ့ ခဲအိုက အမေရိကားကို လွန်ခဲ့တဲ့ သုံးရက်တုန်းက ထွက်သွားပြီး အိမ်မှာ ကလေးတစ်ယောက်တည်း ချန်သွားတယ် … ကလေးကို ခင်များတို့ဆီ ခေါ်ထားဖို့ ခင်များ စိတ်မကူးမိဘူးလား …”
“ ပုံမှန်ဆိုရင်တော့ ကျွန်မတို့ သေချာပေါက် ခေါ်ထားမှာပေါ့ရှင် … ဒါပေမယ့် ဒီခုရက်ပိုင်းမှာ ကုမ္ပဏီကလည်း အလုပ်ကိစ္စတွေနဲ့ အလုပ်များနေတာရယ် … ခရီးတွေလည်း ဆက်တိုက် ထွက်ရတယ် … ဒီတော့ သုန်သုန်လေးကို မခေါ်ထားဘဲ သူ့ကို စောင့်ရှောက်ဖို့ ကလေးထိန်းတစ်ယောက်ပဲ ခေါ်ထားလိုက်တာ …”
“ ကျုပ် ခင်များ အစ်မနဲ့ စကားပြောကြည့်တော့ အဲ့ဒီ ကလေးထိန်းလည်း ပျောက်နေတယ် .. ဒီတော့ သူက အခု အဓိက သံသယ တရားခံပဲ …”
“ လမ်းမှာ ကျွန်မနဲ့ ကျွန်မယောက်ျားလည်း ဒီအကြောင်းကို ပြောခဲ့ကြသေးတယ် … ကျွန်မတို့လည်း အဲ့ဒီ ကလေးထိန်း လုပ်တာလို့ပဲ ထင်တယ် … ဟုတ်တယ် သူပဲ ဖြစ်ရမယ် …”
“ ခင်များက ဘာလို့ အဲ့လောက်တောင် သေချာနေရတာ … ခင်များမှာ သက်သေရှိလား …”
“ ရှေ့လတုန်းက အစ်မ ကျွန်မကို သူတို့ရဲ့ ကလေးထိန်း ကိစ္စအကြောင်း ပြောပြခဲ့ဖူးတယ် .. ကလေးထိန်းရဲ့ အမေက နှလုံးဖောက်ပြီး ဆေးရုံတင်ထားရလို့ အစ်မဆီကနေ ယွမ်တစ်သိန်း ခဏ လှည့်ထားချင်တယ် … ကလေးထိန်းကို အလုပ်ခန့်ထားတာ အခုမှ နှစ်လပဲ ရှိသေးတယ် … ရင်းနှီးတဲ့ ဆက်ဆံရေးလည်း မတည်ဆောက်ရသေးဘူး … အဲ့တာကို အဲ့လိုမျိုးကြီး တောင်းဆိုတာက ကျွန်မ အစ်မနဲ့ ခဲအိုကို ကသိကအောက် ဖြစ်အောင်လုပ်နေတာနဲ့ အတူတူပဲ .. သူတို့လည်း ပေါ်တင်မငြင်းချင်ဘူး … ဒါပေမယ့် တောင်းတဲ့ ပမာဏကို အပြည့်မပေးဘဲ ယွမ် သုံးသောင်းပဲ ချေးပေးလိုက်တယ် … အဲ့ကိစ္စကို အငြိုးတေးထားပြီး အစ်မနဲ့ ခဲအို မရှိတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ဒီလို ယုတ်မာတဲ့ လုပ်ရပ်ကို ပြုမူတာပဲ ဖြစ်ရမယ် ….”
“ ကောင်းပြီ … စိတ်ကို ခဏလောက် တည်တည်ငြိမ်ငြိမ်ထားဦး … ကျုပ်တို့ တခြားမေးခွန်းတွေ မေးစရာ ရှိသေးတယ် …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ကလေးထိန်းနဲ့ ကလေးရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိလဲ …”
“ သူတို့ရဲ့ ဆက်ဆံရေးက ကောင်းတယ် … ဘာလို့ဆို သုန်သုန်က သိပ်ကို လိမ္မာသိတတ်တဲ့ကလေးလေး … တခြားသူတွေနဲ့ ရင်းနှီးဖို့ တအားလွယ်တာ … အိမ်မှာ ကလေးထိန်းသုံးယောက် ပြောင်းခဲ့ပြီးပြီ … တစ်ယောက်ချင်းစီတိုင်းနဲ့လည်း ဆက်ဆံရေး ကောင်းတယ် …” ရန်နာ့ ရှင်းပြလိုက်သည်။
“ အရာရှိကြီး … ကလေးနဲ့ သူ့ကြားက ဆက်ဆံရေးကို ကြည့်ရင်တော့ ဘာကိုမှ သံသယ ဝင်မိမှာ မဟုတ်ဘူး … ဒါပေမယ့် သူ အခု ရုတ်တရက်ကြီး ပျောက်သွားခဲ့တာက အပြစ်ရှိတာကြောင့်မို့ ထွက်ပြေးသွားတယ်ဆိုတာ အသိသာကြီးပဲ … ကျွန်မတို့ သူ့ကို စစ်မေးဖို့အတွက် ဖမ်းရမယ် …”
လင်းရီနှင့် လီရှန်းဟွေ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အကယ်၍ ရန်နာ့ပြောသည့် စကားတို့သာ မှန်ကန်နေမည်ဆိုပါက ဤ ကလေးထိန်းတွင် အမှန်ပင် လူသတ်ရန် ကြံရွယ်လောက်သည့် အကြောင်းအရင်းတို့ ရှိနေသည်။
“ စိတ်ချပါ … ကျုပ်တို့ လူသတ်သမားကို သေချာပေါက် ဖမ်းပေးမှာပါ … ဒါပေမယ့် အဲ့တာမတိုင်ခင် ထပ်ပြီး မေးစရာ ရှိသေးတယ် …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ကလေးက ပျောက်နေတာ ရက်အတော်ကြာနေပြီကို ကလေးရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေ ဖြစ်တဲ့ ခင်များတို့က ဒီအတောအတွင်း အိမ်ကို တစ်ကြိမ်လေးတောင် အဆက်အသွယ်မလုပ်ကြဘူးလား … ပုံမှန်ဆို ဖုန်းလေး တစ်ချက်ဆက်လိုက်တာနဲ့ အိမ်မှာ တစ်ခုခု မဟုတ်တော့ဘူးဆိုတာ သိသင့်တယ် …”
ဤသည်က အမှုကို ဖြေရှင်းရန်အတွက် အဓိက ကျသည့် မေးခွန်းပင်။ အဖြေပေါ်မူတည်၍ အမှု၏ လုပ်ငန်းစဉ်သည်လည်း ကွဲပြားသွားပေလိမ့်မည်။
“ အမှန်အတိုင်းပြောရရင် အစ်မဆီက ပိုက်ဆံချေးလို့ ကျွန်မ အဲ့ဒီ ကလေးထိန်းအပေါ် အမြင်သိပ်မကြည်ချင်ဘူး … အဲ့တာအပြင် အခုတလော အလုပ်တွေ ရှုပ်ပြီး ခရီးတွေ ဆက်တိုက်ထွက်နေရတာရယ်ကြောင့် သုန်သုန်လေး ဘယ်လိုနေလဲ စစ်ဆေးဖို့ သူ့ဆီ ဝီချက်ပို့ခွင့် မသာခဲ့ဘူး …”
ရန်နာ့က ဆက်ပြီး ပြောသည်။ “ ဒီအတောအတွင်း အစ်မနဲ့လည်း ဖုန်းပြောဖြစ်တယ် … သူတို့လည်း အလုပ်တွေ ရှုပ်နေတော့ ကလေးနဲ့ ဗွီဒီယိုကော မပြောဖြစ်ဘူး ပြောတယ် ..ဒါပေမယ့် ကလေးထိန်းကနေ ဗွီဒီယိုအတိုလေးတွေတော့ ပို့လာတယ်လို့ ပြောတာပဲ … ကလေးက အပြင်မှာ ထွက်ဆော့ပြီး ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားနေတာလည်း မြင်ရတယ် … ဘာပြဿနာမှလည်း မရှိဘူး … တကယ်လို့သာ တစ်တော့ပေါ်က သတင်းကို မတော်မဆ မမြင်မိလို့ကတော့ သုန်သုန်လေး အခုလို ဖြစ်သွားတယ်ဆိုတာတောင် ကျွန်မတို့ သိရသေးဦးမှာ မဟုတ်ဘူး …”
ဤသည်ကိုကြားတော့ လီရှန်းဟွေ့နှင့် လင်းရီတို့ အံ့အားသင့်သွားခဲ့ကြသည်။
သုန်ဝမ်ကျား၏ သေဆုံးမှုက ၇၂ နာရီ နီးပါး ရှိတော့မည်။ ဤအတောအတွင်း၌ ကလေးက သေဆုံးနေခဲ့ပြီး ဖြစ်၏။ ဓာတ်ပုံနှင့် ဗွီဒီယိုများကို မည်သို့ ပို့နိုင်လိမ့်မည်နည်း။
ဤသည်က အတော်လေးတော့ ထူးဆန်းလှသည်။
“ အရင် သုံးရက်မှာ ရိုက်ထားတဲ့ ကလေးရဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေ ခင်များဆီမှာ ရှိလား …”
“ ရှိတယ် ရှိတယ် … ဒါပေမယ့် မများဘူး …”
ရန်နာ့က သူမ၏ ဝီချက်စကားပြောမှတ်တမ်းကို အောက်သို့ ဆွဲချ၍ ဖုန်းကို လင်းရီထံသို့ ကမ်းပေးလိုက်သည်။
လင်းရီနှင့် လီရှန်းဟွေ့တို့လည်း ဓာတ်ပုံနှင့် ဗွီဒီယိုများကို တစ်ချက်ကြည့်လိုက်ကြ၏။ ထိုအထဲတွင်တော့ အရာအားလုံးက ပုံမှန်ပင်။ မည်သည့် မသင်္ကာစရာကိုမျှ မမြင်တွေ့ရချေ။ ကလေးကလည်း ကောင်းကောင်းမွန်မွန် ရှိနေပြီး မည်သည့် မဆီလျော်မှုမျိုးမျှလည်း မရှိပေ။
ထို့ပြင် စကားပြောမှတ်တမ်း အကုန်လုံးကလည်း ၇၂ နာရီအတွင်း ပို့ထားသည့် အရာများဖြစ်၏။
သို့သော် ထိုအချိန်တွင် ကလေးမှာ ကြမ္မာဆိုးနှင့် ဆုံတွေ့နေရပြီးချေပြီ။ ထိုသို့ဆိုပါက .. အနှီ ဓာတ်ပုံနှင့် ဗွီဒီယိုတို့မှာ ဘယ်နားကဘယ်လို ထွက်ပေါ်လာခဲ့သနည်း။