ဆက်စပ်နေသည့် အမှုများ
Vol. 144 Ch. 2159
“ လောလောဆယ်တော့ ဒီအတိုင်း ထားလိုက်ကြစို့ …” လီရှန်းဟွေ့က စီးကရက်တစ်လိပ်ကို မီးညှိပြီး ကူရိရန်ကို ပြောလိုက်သည်။ “ ငါတို့ ခဏနေ ကျန်းဖန့်ကို ခေါ်ပြီး မေးကြမယ် … သူက ငါတို့ထက် အရင်စောရောက်နေတာဆိုတော့ ငါတို့ထက် ပိုသိလောက်တယ် …”
“ ဒါဆိုလည်း အောက်ပြန်ဆင်းကြတာပေါ့ …”
သုံးယောက်သား အောက်ထပ်သို့ ဆင်းသွားခဲ့ကြပြီး ကျန်းဖန့်ကို ခေါ်၍ လေးယောက်သား ကားထဲတွင် ဆုံသည်။
“ အခြေအနေဘယ်လိုလဲ … မင်းတစ်ခုခု တွေ့ခဲ့သေးလား …” လင်းရီ မေးမြန်းလိုက်သည်။
ကျန်းဖန့်က ကြည်လင်သည့် ချိတ်ပိတ်အိတ်တစ်လုံးကို ထုတ်ပြလာခဲ့ကာ ထိုအထဲတွင် ထိခိုက်ပျက်စီးထားသည့် ဖုန်းတစ်လုံး ရှိနေသည်။
“ ငါ လီရုံလန်ရဲ့ ဖုန်းကို ယူလာခဲ့တယ် … အထဲမှာ ကလေးရဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေမှ အများကြီးပဲ …”
“ ကြည့်ကြည့်ရအောင် ..”
လင်းရီ အိတ်ကိုယူ၍ လီရုံလန်၏ ဖုန်းကို အပြင်သို့ ထုတ်လိုက်သည်။
ဖုန်း၏ ထောင့်တစ်နေရာမှာ ကြေမွနေသော်လည်းပဲ ကံကောင်းထောက်မစွာဖြင့် ဖုန်း၏ အခြားသော လုပ်ဆောင်မှုများကို ထိခိုက်မသွားစေခဲ့ချေ။
လင်းရီ ဖုန်း၏ ဓာတ်ပုံအယ်လ်ဘန်ကို ဖွင့်ကြည့်လိုက်သောအခါ၌ ကျန်းဖန့် ပြောခဲ့သည့်အတိုင်း အမှန်ပင် ဓာတ်ပုံတို့ အများအပြား ရှိနေခဲ့သည်။
စစချင်းတုန်းကတော့ လင်းရီလည်း များများ မစဉ်းစားမိခဲ့ချေ။ ဓာတ်ပုံများက အတော်လေးကို ပုံမှန် ဖြစ်နေသည်။ တစ်ချို့က ရန်နာ့ သူ့ကို ပြလာသည့် ဓာတ်ပုံများ ဖြစ်၏။
သို့သော် မကြာမီမှာပဲ တစ်ခုခု လွဲမှားနေသည်ကို လင်းရီ သွားသတိပြုမိသည်။
ဓာတ်ပုံများ ရိုက်ထားသည့် အချိန်ရက်စွဲက လီရုံလန် နစ်နာသူ၏ မိသားစုထံ ပို့သည့် ရက်စွဲများနှင့် ကိုက်ညီနေခြင်း မရှီပေ။
ရုတ်ချည်းဆိုသလို လင်းရီ နားလည်သဘောပေါက်သွားခဲ့တော့၏။
“ ငါအခုသိသွားပြီ …” လင်းရီ ပြောလိုက်ပြီး “ ဒီရဲ့ ဗွီဒီယိုတွေက လီရုံလန် ကြိုတင်ပြင်ဆင်ထားတဲ့ဟာတွေပဲ … ကလေးရဲ့ မိဘတွေ သူတို့ လိုအပ်လာတဲ့ အချန် ပြနိုင်အောင်လို့ပေါ့ …”
လီရှန်းဟွေ့ ဖုန်းကို ယူလိုက်ပြီး သေချာ ဂရုတစိုက်နှင့် ကြည့်လိုက်သည်။ “ ဖြစ်နိုင်တယ် … ဓာတ်ပုံနဲ့ ဗွီဒီယိုကို ထောင့်တွေ သေချာသုံးပြီး ရိုက်ထားတာ သေချာပြင်ဆင်ထားတာပဲ ဖြစ်ရမယ် …”
“ ဒါပေမယ့် ဒီ လီရုံလန်ဆိုတဲ့ အမျိုးသမီးက နွမ်းပါးတဲ့ နောက်ခံနဲ့ပါ … သူ့ပုံစံကြည့်ရတာလည်း ရိုးရိုးအအနဲ့ ဒီလောက်ထိ ဉာဏ်များ ကောက်ကျစ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူးနော်…” ကူရိရန် ပြောလိုက်သည်။
“ အဲ့လိုတော့ ဘယ်ပြောလို့ရဦးမှာ … ဘာတွေ ဖြစ်သွာခဲ့လဲ အသေအချာ သိရဖို့ ငါတို့ ထပ်ပြီး စုံစမ်းဖို့ လိုနေသေးတယ် …” လင်းရီက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။ “ ငါတို့ အခု သေချာပြောနိုင်တာ တစ်ခုကတော့ ကလေးရဲ့ မတော်တဆမှုက လွန်ခဲ့တဲ့ ငါးရက်တုန်းကတည်းကနေ စတာပဲ … လီရုံလန် ဒီကို ပြောင်းလာခဲ့တဲ့ အချိန်ကနေပေါ့ …”
“ဒါပေမယ့် ဆေးမှုခင်း ထုတ်ပြန်ချက်မှာကျတော့ နစ်နာသူ သေဆုံးသွားခဲ့တဲ့ အချိန်က လွန်ခဲ့တဲ့ ၇၂ နာရီလောက်တုန်းကလို့ ပြောထားတာလေ … တိုင်မင်တွေက ကိုက်မနေဘူးနော်…” ကူရိရန် ပြောလိုက်သည်။
“ သေတာနဲ့ မတော်တဆဖြစ်ရပ်က မတူကွဲပြားတဲ့ သဘောတရားတွေ …” လင်းရီ ပြောလိုက်ပြီး “ ကလေးက အစောတုန်းကတည်းက ပျောက်သွားခဲ့ပြီး ရက်နည်းနည်းကြာပြီးတော့မှ သေသွားတာ ဖြစ်ရမယ် … အဲ့လိုဆို အများကြီး အဓိပ္ပာယ် ပိုရှိသွားပြီ …”
အကုန်လုံး ခေါင်းတဆတ်ဆတ် ညိတ်ကျလျက် လင်းရီ၏ ရှင်းပြချက်ကို ထောက်ခံလိုက်ကြသည်။
“ အခု ပြန်ကြစို့ … စခန်းက စောနတုန်းက ငါ့ဆီ ဖုန်းလာတယ် … နစ်နာသူရဲ့ မိဘတွေ ပြန်ရောက်ပြီတဲ့ … ငါတို့ အဲ့ကိစ္စကိုင်တွယ်ဖို့ လိုသေးတယ် …”
“ အဲ့တာတော့ ခင်များတို့ပဲ ကိုင်တွယ်လိုက်တော့ … ကျုပ် ဒီလို မြင်ကွင်းမျိုးကို ထပ်ပြီး မခံစားနိုင်တော့ဘူး …”
“ ကျွန်မလည်း အတူတူပဲ .. ကျွန်မတို့နှစ်ယောက် တခြား အရာလေးတွေ လိုက်ကြည့်လိုက်ဦးမယ် …” ကူရိရန် ပြောလိုက်သည်။
လီရှန်းဟွေ့ ဘာမျှ ပြောမနေတော့ဘဲ ရင့်နင့်စရာ တာဝန်ကြီးကို သူ့ဘာသူ လက်ခံလိုက်သည်။
သုံးယောက်မှာ စခန်းသို့ ပြန်လာခဲ့ကြပြီး သူတို့ကိုယ်သူတို့ ကိုယ်စီတာဝန်များထဲတွင် နစ်မြုပ်ထားခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် လင်းရီ၊ ကူရိရန်၊ ကျန်းဇီရှင်းနှင့် ကျန်းဖန့်တို့ အတူဆုံသည်။
“ မင်းတို့အားလုံး ဘာတွေ တွေ့ထားသေးလဲ …” လင်းရီ မေးလိုက်၏။
“ ငါတို့ လီရုံလန်ရဲ့ ဘဏ်အကောင့်ထဲ စစ်ဆေးကြည့်တာ သူ့အကောင့်ထဲမှာ ရုတ်တရက်ကြီး ငွေသားနဲ့ ယွမ်တစ်သိန်း၀င်လာတာကို ထူးထူးဆန်းဆန်း တွေ့ထားတယ် .. ဒါပေမယ့် ငါးသောင်းကိုကျ မာတုံးတုံး ဆိုတဲ့ အမျိုးသားဆီ လွှဲထားပေးတယ် .. ငါတို့ စုံစမ်းကြည့်လိုက်တော့ အဲ့လူက သူ့ယောက်ျား ဖြစ်နေတာပဲ …” ကျန်းဖန့် ပြောလိုက်သည်။
“ တစ်သိန်းကို ဘယ်သူလဲ သူ့ဆီ လွှဲလာခဲ့တာ … အဲ့လူကိုရော မင်းရှာတွေ့ပြီလား …”
ကျန်းဖန့် ခေါင်းခါလိုက်၏။ “ သူ့ဘာသူ ငွေသားနဲ့ ဘဏ်ထဲ သွင်းတာ …”
“ အဲ့တာဆိုရင်တော့ အတော်လေး ရှင်းသွားပြီ …”ကူရိရန်က ထိုင်ခုံနောက်သို့ မှီ၍ ပြောလိုက်ပြီး “ လီရုံလန်လို့ ခေါ်တဲ့ အမျိုးသမီးက ကလေးကို ပိုက်ဆံအတွက်နဲ့ ရောင်းလိုက်ပြီး အပြစ်ရှိစိတ်ကြောင့် ကိုယ့်ကိုယ့်ကို အဆုံးစီရင်သွားခဲ့တယ် …”
“ ကျွန်မလည်း အစ်မရိရန် ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ် …” ကျန်းဇီရှင်း သဘောတူလိုက်သည်။
“ အမှုက အခု ယုတ္တိရှိတဲ့ ပတ်လမ်းထဲကို ရောက်နေပြီ … အားလုံးစုစည်းလိုက်ရင် ပြီးပြည့်စုံတယ် ထင်ရပေမယ့် ပြီးဆုံးဖို့က အဝေးကြီးလိုသေးတယ် …” လင်းရီ လေးနက်သည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ငွေလွှဲပြောင်းမှုမှာ ပါဝင်တဲ့ ဝယ်သူနဲ့ ရောင်းသူကို ဖမ်းမမိသေးဘူး … အမှုက အခုထိ မပြီးသေးဘူး ..”
ကျန်နေသည့် လူတိုင်းလည်း ထူးခြားလေးနက်သည့် အမူအရာတို့ ဖြစ်သွားခဲ့ကြသည်။
အမှုစစ်ဆေးခြင်းက ဤနေရာသို့ ရောက်ရှိလာသည်မှာ တစ်စိတ်တစ်ပိုင်းမျှသာ ပြီးဆုံးသေးသည်ဟု ဆိုနိုင်သည်။ နောက်လာမည့် အပိုင်းက ပိုပြီး ခက်ခဲလောက်၏။
“ ဟေ့ကောင်တွေ … အားလုံးလာခဲ့ကြ … အစ်ကိုလီက အစည်းအဝေးခေါ်နေတယ် ..” ကျူးကျွင်းချီက ရုံးခန်းဝင်ပေါက်ဝတွင် မတ်တပ်ရပ်ပြီး လင်းရီနှင့် ကျန်သူများအား ခေါ်လိုက်သည်။
သို့နှင့် သူတို့အားလုံး လီရှန်းဟွေ့၏ ရုံးခန်းထဲသို့ ရောက်လာခဲ့ကြကာ အစည်းအဝေးဆက်ရန် ရယ်ဒီဖြစ်နေကြ၏။
“ အခြေအနေ ဘယ်လိုလဲ … မင်းတို့ဘက်က တစ်ခုခု တွေ့ထားသေးလား …”
လီရှန်းဟွေ့ မေးမြန်းလာသည်။
ကူရိရန်လည်း သူမတို့ အစောပိုင်း ဆွေးနွေးခဲ့သည်များအား ပြန်ပြောင်းပြောပြလိုက်ပြီး အမှုက နောက်တစ်ဆင့်သို့ တက်လှမ်းသင့်သည့် အချိန်ကျပြီဟူ၍ ယုံကြည်နေသည်။
“ သံသယ ဖြစ်စရာ တစ်ခု ကျန်နေသေးတယ် …”
လီရှန်းဟွေ့က လင်းရီကို ကြည့်လာသည်။ “ မင်း ပြောကြည့် …”
“ လီရုံလန်ရဲ့ ဘဏ်ထဲရှိတဲ့ ယွမ်တစ်သိန်းက ဝယ်သူဆီကနေ လာတာ ဖြစ်ရမယ် … ဒါပေမယ့် ယွမ် တစ်သိန်းက နည်းနည်းနောနော ပမာဏမဟုတ်ဘူး … ဒီလို အမှုမျိုးမှာ ပုံမှန်ဆို သူတို့ဘက်က ဒီလောက် အများကြီး ပေးမှာ မဟုတ်ဘူး … ဒီတော့ ဝယ်သူရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ …”
“ ငါလည်း အဲ့တာပဲ စဉ်းစားနေတာ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ အရေးကြီးဆုံးက လူကသေပြီ ၊ ပိုက်ဆံလည်း မရှိတော့ဘူး၊ ဒါ သူတို့ရဲ့ အကျိုးစီးပွားနဲ့ မကိုက်ညီနေဘူးလေ….”
လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။ ဤကိစ္စက အတော်လေးကို ခေါင်းခဲစရာပင်။
လင်းရီထံ၌ပင် သဲလွန်စတို့ ရှိမနေခဲ့ချေ။
စိတ်က မသိလိုက်ပါဘဲ လင်းရီသည် ချောင်ရှင်းကို သွား၍ သတိရမိသည်။ ကိုနန်ဖန် အကြီးစားတစ်ယောက်အနေနှင့် ယခုလို အချိန်များတွင် သူမက သူ့အတွက် အမြဲတမ်း အကူအညီ ဖြစ်စေသည်။
“ ဒီ ပြဿနာကို စဉ်းစားလို့ မပေါက်ဘူးဆိုလည်း မစဉ်းစားနဲ့တော့ … အခု သတင်းအသစ်ရှိတယ် …”
လီရှန်းဟွေ့ရှေ့တွင် စာဖိုင် တစ်ခု ရှိပြီး ခေတ္တကြာမျှ ကြည့်ရှုပြီးနောက် သူပြောလာသည်။
“ ငါတို့ဆီ အခုလေးတင် ရှန်းဝေ့ ရဲဌာနဆီက ဖုန်းကောတစ်ခု ဝင်လာတယ် … သူတို့က ငါတို့ရဲ့ အမှုကို မြင်ပြီး သူတို့ဘက်ခြမ်းမှာ လူတွေပျောက်သွားတဲ့ အမှုတွေနဲ့ အတော်လေး ဆင်တူနေတယ်လို့ ပြောတယ် … နစ်နာသူကတော့ အမြွှာလေးတွေ … ဒီအမှုနှစ်ခုရဲ့ နောက်ကွယ်မှာ တူညီတဲ့ လူတစ်ယောက်က ရှိနေမယ်လို့ သူတို့ သံသယ ရှိနေတယ် …”
“ ဖြစ်နိုင်တယ် …” ကူရိရန် ပြောလိုက်ပြီး “ ဒီလို အမှုမျိုးဆိုတာ မြေနေရာဒေသတွေ ကန့်သတ်မနေဘူး … နောက်ကွယ်ကနေ အရောင်းအဝယ် လုပ်နေတဲ့လူက နိုင်ငံအနှံ့မှာ လုပ်ကိုင်နေမှာပဲ … တကယ်လို့ တူညီတဲ့အမှုတွေ ရှိရင် သူတို့ကို သံသယရှိတာက ကျိုးကြောင်းဆီလျော်တယ် …”
“ ဒီမှာ တူညီတဲ့ အချက်က ပျောက်နေတဲ့လူတွေ အကုန်လုံးက ကလေးတွေ … ပြီးတော့ အကုန်လုံးက သူဌေးမိသားစုကတွေချည်းပဲ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ငါအခုလေးတင် သိလိုက်ရတာ ဒီကလေးရဲ့ မိသားစုတွေက အတော်လေး ချမ်းသာကြတယ်ဆိုတာပဲ … ပြီးတော့ ကလေးတွေ အကုန်လုံးကလည်း လေးငါးနှစ် အရွယ်လေးတွေ … “
“ ကလေးတွေ ပျောက်သွားတဲ့ပုံစံကရော ဘယ်လိုမျိုးလဲ …” လင်းရီ မေးလိုက်၏။
“ ကလေးနှစ်ယောက်လုံးက အမြွှာလေးတွေ .. သူတို့ရဲ့ နာနီက သူတို့ကို မောလ်မှာ ဈေးဝယ်ထွက်ဖို့ ခေါ်သွားတဲ့အချိန် ခဏလောက် အာရုံမစိုက်မိတဲ့အချိန်မှာ ပျောက်သွားခဲ့တာပဲ .. ရှာလို့ မတွေ့တော့ဘူး….”
“ နောက်ထပ် နာနီ တစ်ယောက်လား …” လင်းရီ မျက်မှောင်ကြုတ်လိုက်မိသည်။
“ အတိအကျပဲ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒါပေမယ့် သူတို့ဘက်ခြမ်းကကျ နည်းနည်းမတူဘူး … နာနီကိုယ်တိုင်က ရဲကို ဖုန်းဆက်တာ … လီရုံလန်လို ကြောက်အားလန့်အားနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာ မဟုတ်ဘူး …”
“ ဒါပေမယ့် အဲ့လိုဆိုတိုင်း နာနီက အပြစ်ကင်းတယ်လို့ ဘယ်သတ်မှတ်လို့ရမှာ … တစ်ချို့လူတွေက စိတ်သန်မာပြီး သူတို့ကိုယ်သူတို့ အဲ့လိုနည်းလမ်းတွေနဲ့ ရုပ်ဖျက်နိုင်ကြတယ်လေ … သူတို့ အလုပ်ရှင်တွေဆီကနေ မကျေမချမ်း ဖြစ်တာ၊ ရန်ငြှိုးထားတာ ဒါမှမဟုတ် တရားစွဲခံရတာမျိုး ရင်ဆိုင်ရနိုင်တယ်ဆိုပေမယ့် တခြား ကိစ္စတွေကိုတော့ တာဝန်ခံစရာမလိုဘူး …”
“ အမှန်ပဲ … အဲ့တာကြောင့်လည်း ရှန်းဝေ့ ရဲစခန်းက ငါ့ဆီ ဖုန်းဆက်လာခဲ့တာ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ အမှုနှစ်ခုက အတော်လေးကို ဆင်တူနေတယ် …”
“ သူတို့ အဲ့ဒီ နာနီကိုရော စုံစမ်းကြည့်သေးလား …” လင်းရီ အသံတိုးတိုးလေး မေးလိုက်ပြီး “သူက ဒီအမှုရဲ့ သော့ချက် ဖြစ်နေနိုင်တယ် …”