← Chapters

ဆန်းကြယ်တဲ့ လျန်ရူရွှယ်

Vol. 144 Ch. 2151

ဆန်းကြယ်တဲ့ လျန်ရူရွှယ်

Vol. 144 Ch. 2151

လျန်ရူရွှယ်ဆီက အဖြေကြားရပြီးနောက် လင်းရီ ဖုန်းကို လီကျန့်ဖေးထံ ပြန်အပ်လိုက်သည်။

“ မပူနဲ့ … သူတို့ ခဏဆို ဒီရောက်လာတော့မှာ …”

ဤသည်ကိုကြားတော့ အမျိုးသားနှစ်ဦး၏ မျက်နှာအရောင်မှာ သိသိသာသာ ကောင်းမွန်လာသည်။

လူများ ရောက်လာသရွေ့ သူတို့ဘက်ခြမ်းက အောင်မြင်သည်ဟု သတ်မှတ်၍ရသည်။

ဆယ်မိနစ်ခန့် ကြာပြီးသည့်နောက် လျန်ရူရွှယ်နှင့် သူမ၏ အုပ်စုမှာ ချန်ဖန်း၏ ဦးဆောင်မှုအောက်တွင် တံခါးပေါက်ဝသို့ ရောက်ရှိလာသည်။

ဒလဟောရောက်ချလာသည့် လူများကို မြင်တော့ မာရှန်းတုံးနှင့် လီကျန့်ဖေးတို့ မျှော်တလင့်လင့်ဖြစ်စွာ သူတို့ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ကြသည်။

ဤလူဆယ်ယောက်က ယွမ် ငါးသိန်းဖြစ်၏။ အကယ်၍ ၎င်းတို့ တစ်ဦးချင်းစီက နောက်ထပ် လူတစ်ယောက်ကို ခေါ်လာနိုင်ခဲ့မည်ဆိုလျှင် ယွမ် တစ်သန်းကို အလွယ်လေး ရနိုင်သည်။

ငွေရှာရတာ တကယ်မြန်တာပဲ …

“ ဘော့စ် … ဒီစောက်ကလေးရဲ့ အဆက်အသွယ်တွေက အပြောချည်းသပ်သပ်တော့ မဟုတ်ဘူးပဲ … သူတကယ်ပဲ လူတွေ ခေါ်လာတယ် …” လီကျန့်ဖေး ပြောလိုက်သည်။ “ စစချင်းတုန်းကတော့ လှည့်ကွက်တွေ ရှိနေမှာကိုကျွန်တော် စိုးရိမ်နေတာ … ဒါပေမယ့် ကြည့်ရတာတော့ အတွေး လွန်သွားတဲ့ပုံပဲ …”

“ အလိမ်ခံရတဲ့ကောင်တွေက ရိုးအတဲ့ကောင်တွေ မဟုတ်ဘူး .. ဒါကြောင့်မို့ ဒီမှာ ပြဿနာ လာရှာဖို့ မဖြစ်နိုင်ဘူး … မင်းလုပ်ဖို့ လိုတာက ဒီလူတွေကို ကောင်းကောင်း စီမံဖို့ပဲ … ပြီးရင် ဒီတစ်ခေါက် မင်းအတွက်လည်း အမှတ်ကောင်းကောင်း ရလောက်တယ် …”

“ မပူပါနဲ့ ဘော့စ် … ကျွန်တော်နဲ့သာ လွှဲထားလိုက် …”

အခန်းထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် လျန်ရူရွှယ်က ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်ပြီး ထို့နောက် သူမ၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့သည်။

လင်းရီလည်း သွားကြီးဖြီးပြီး ပြုံးပြလိုက်သည်။ လျန်ရူရွှယ် မျက်လုံးလှန်ပြလိုက်၏။

လင်းရီကိုတော့ သူမ တကယ် ဆလံသမိသည်။

“ ကြွရောက်လာကြတဲ့ အားလုံးပဲ … ငါ့ကိုယ်ငါ အရင် မိတ်ဆက်ပေးပါရစေ …”

လီကျန့်ဖေးက ရှေ့သို့ ထွက်လာပြီး လျန်ရူရွှယ်နှင့် သူမ၏ အုပ်စုထံသို့ အားတက်သရော အမူအရာဖြင့် မိတ်ဆက်လိုက်သည်။

“ ငါ့နာမည်က လီကျန့်ဖေး … အမေရိကန် အခြေစိုက်၊ Jermes အုပ်စုရဲ့ အာရှပစိဖိတ် တာဝန်ခံ အထွေထွေ မန်နေဂျာပါ … ငါ့ဘေးမှာ ရပ်နေတဲ့လူကတော့ ငါတို့ အုပ်စုရဲ့ ဥက္ကဌကြီး မစ္စတာ ဟင်နရီ ….”

လျန်ရူရွှယ်နှင့် ကျန်သူများကတော့ ၎င်းတို့၏ လေလုံးများအောက်တွင် အထင်ကြီးခြင်း မရှိပါဘဲ အမှုမထားသည့် အကြည့်တို့ဖြင့် လီကျန့်ဖေးကို ကြည့်လိုက်ကြသည်။

“ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဆိုရင် ကျွန်မတို့လည်း ကိုယ့်ကိုယ်ကို မိတ်ဆက်သင့်တယ်မဟုတ်လား …”

နှစ်ဦးမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ အနှီ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးက ထိုကဲ့သို့ တောင်းဆိုမှုမျိုး ပြုလုပ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

သို့သော် အစီအစဉ်က အပြည့်အဝ အောင်မြင်ခြင်း မရှိသေးသဖြင့် သူတို့ဘက်ကနေပြီး လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံပေးရသည်။

“ ဒါပေါ့ … ဒါက ငါတို့ရဲ့ စည်းမျဉ်းပဲလေ … အခုကစပြီး မင်က ငါတို့ အုပ်စုရဲ့ အဖွဲ့ဝင် ဖြစ်လာတော့မှာ ဆိုတော့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးသင့်တာ သဘာဝပဲ … မဟုတ်ရင် ဘယ်သူကရော မင်းဘယ်သူလဲဆိုတာ သိနိုင်တော့မှာ ….”

“ ကျွန်တော် မိတ်ဆက်ပေးလိုက်မယ် …” လင်းရီ ရှေ့သို့ ထွက်လာ၍ ပြောလိုက်ပြီး “သူက လျန်ရူရွှယ် … ကျိုးဟိုင်ကပဲ …”

“ ဒါကတော့ ချိန်ပင်းချန် … မြို့ဗျူရိုရဲ့ ခေါင်းဆောင်ပေါ့ …”

“ သူကကျ မိုဟုန်ရှန်း … ကျိုးဟိုင် မြို့စောင့်တပ်က … စီနီယာ ကိုလိုနယ် ရာထူးနဲ့ ဗိုလ်ကြီးပေါ့ …”

“ သူကကျ အထက်ရှေ့နေရုံးက … သူ့ဘေးမှာ ရပ်နေတဲ့ လူကကျ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တာဝန်ခံအရာရှိ … ကျန်တဲ့ တခြားလူတွေကကျ ----- “

တစ်မိနစ်အတွင်းမှာပဲ လင်းရီ လူဆယ်ယောက်လုံးကို အသီးသီး မိတ်ဆက်ပေးလိုက်သည်။

သူတို့ရှေ့ မတ်တပ်ရပ်နေသည့် လူများ၏ အထောက်အထားကို သိလိုက်ရတော့ အခန်းထဲရှိ လူတိုင်း ကြက်သေသေသွားခဲ့ကြလေသည်။ ထိုအခိုက်အတန့်တွင် အချိန်သည်ပင် ရပ်တန့်သွားသည်ဟုတောင် ထင်ရ၏။

“ မင်း ဘာပြောလိုက်တယ် … သူတို့ အကုန်လုံးက အစိုးရ အရာရှိတွေဟုတ်လား …” မာရှန်းတုံး ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။

“ ခင်များ မယုံဘူးဆို သူတို့ရဲ့ အိုင်ဒီတွေ ထုတ်ပြခိုင်းလိုက်မယ်လေ …” လင်းရီ အားတက်သရောနှင့် ပြောလိုက်၏။

“ ဒီလူတွေ အကုန်လုံးက အတော်လေး ဝင်ငွေကောင်းကြတဲ့ လူတွေလေ … ပြီးတော့ ပရောဂျက်ထဲ ဝင်ပါဖို့က ယွမ်ငါးသောင်းတည်းဆိုတော့ သူတို့ အကုန်လုံးကို ခေါ်လိုက်တာ … အားလုံး အတူတူ ပိုက်ဆံရှာလို့ရတာပေါ့ … ဒီလောက်ကောင်းတဲ့ ပိုင်မုန့်ကြီးကို ကိုယ်တစ်ယောက်တည်း ကြိတ်၀ှက်စားနေလို့ ဘယ်ဖြစ်မှာ ဟုတ်တယ်မလား …”

မည်သူမျှ မလှုပ်ရှားကြချေ။ ချိန်ပင်းချန်နှင့် မိုဟုန်ရှန်းတို့ နှစ်ဦးကသာလျှင် သူတို့၏ အိုင်ဒီ အထောက်အထားများကို ထုတ်ပြလာခဲ့ကြသည်။

အိုင်ဒီများကို မြင်တော့ မာရှန်းတုံးနှင့် လီကျန့်ဖေးတို့ ကြမ်းပြင်ပေါ် ဘိုင်းခနဲ လဲကျသွားခဲ့ကြသည်။ သူတို့နှစ်ဦးလုံး လင်းရီကို ကြက်သီးမွေးညှင်းထကာ ကြည့်နေမိခဲ့ကြ၏။

“ မင်း … မင်း ဘယ်လိုလုပ်ပြီး ဒီလူတွေကို ဒီနေရာ ခေါ်လိုက်ရတာလဲ ….”

“ ဘာလို့မခေါ်ရမှာ ….” လင်းရီ သူတို့နှစ်ယောက်ကို ငုံ့ကြည့်၍ “ အံ့အားသင့်သွားလား … ထင်မထားဘူးလား … ဒါမှမဟုတ် စိတ်လှုပ်ရှားသွားလား …”

နှစ်ယောက်လုံး ကျောချမ်းသွားခဲ့ကြသည်။ ဤသည်က စိတ်လှုပ်ရှားဖို့ကောင်းသည်ထက်ကို ပိုသည်။ သူတို့ ကျောချမ်းလွန်း၍ ကျင်ငယ်ထွက်ကျလုနီးပါးပင် ဖြစ်နေမိကြသည်။

မာရှန်းတုံးတို့နှစ်ဦး ဆွံ့အနေသည်ကို မြင်တော့ လင်းရီ အမှုမထားသည့် မျက်နှာအမူအရာဖြင့် “ တကယ်တော့ ကျုပ် ဒီနေရာကို လာတယ်ဆိုတာ ငါးမျှားဖို့ပဲ … သူတို့က ကျုပ် မိတ်ဆွေတွေဆိုတာ မှန်တယ် .. ဒါပေမယ့် ကျုပ်နဲ့ ပက်ပင်းတိုးမိတဲ့ ခင်များတို့ကတော့ ကံဆိုးသွားတာပေါ့ … တကယ်လို့ စီရင်ချက် ချရမယ်ဆိုရင် ခင်များတို့ နှစ်ယောက်လုံး အတော် ကြီးလေးတဲ့ ပြစ်ဒဏ်ခံရလောက်တယ် … ခင်များတို့ရဲ့ နေ့ရက်ကောင်းလေးတွေ အဆုံးသတ်သွားပြီလို့ မထင်ဘူးလား …”

မာရှန်းတုံး၏ မျက်နှာအမူအရာမှာ အဆိပ်သောက်မိသည်ထက်ပင် အကျည်းတန်နေတော့သည်။

သူ့ရှေ့တွင် လူဆယ်ယောက်နေသည်ဟု မထင်ဘဲ ဧရာမ တန်ခိုးကြီး ဗုဒ္ဓ ဆယ်ပါးက မတ်တပ်ရပ်နေသည်ဟု ခံစားနေရသည်။ သူတို့ထဲက မည်သူကမဆို လက်ညှိုးလေးတစ်ချောင်းနှင့် သူ့အား ချေမှုန်းနိုင်စွမ်းရှိသည်။

သို့သော် ယနေ့ … ထိုလူများအားလုံးက သူ့ထံသို့ ရောက်လာခဲ့ကြ၏။ သူက ထိုသို့ ဆက်ဆံခံရဖို့ တကယ်ရော တန်လို့လား။

မိုဟုန်ရှန်း‌ ရှေ့သို့ တက်လာခဲ့ပြီး ခါးရှိ သူ၏ သေနတ်ကို ဆွဲထုတ်၍ “ လူတိုင်း ဒူးထောက်ပြီး လက်တွေ လေပေါ် မြှောက်ထားကြ …”

ကြမ်းကြုတ်ခက်ထန်သည့် အမူအရာဖြင့် သေနတ်ကိုင်ထားသည့် မိုဟုန်ရှန်းကို မြင်တော့ လူတိုင်း မသိစိတ်အလျောက် ခန္ဓာကိုယ်က နာခံ၍ ဒူးထောက်ချလိုက်ကြကာ ကလန်ကဆန် မပြုဝံ့ကြချေ။

လျန်ရူရွှယ်က လင်းရီထံသို့ လျှောက်လှမ်းလာခဲ့သည်။

“ နင်ကတော့ တကယ်ပါပဲ … ဒီလို အသေးအမွှား ကိစ္စလေး ကိုင်တွယ်ဖို့ကို ငါတို့ အကုန်လုံး‌ ခေါ်လိုက်တယ်ပေါ့ … ငါတို့ကို အဲ့လောက်ထိ အားယားနေတဲ့လူတွေလို့ နင်ထင်နေလား …”

လျန်ရူရွှယ် ကိုယ်တိုင် ဤနေရာသို့ ရောက်လာရသည်က ကြီးကြီးမားမား ပြဿနာ မဟုတ်ပေ။ သို့သော် အခြားသူများလည်း ပါဝင်နေခဲ့သည်။ အဆက်အသွယ်များက တစ်ခါ အသုံးပြုပြီးသည်နှင့် ပျောက်ကွယ်သွားမည့် အရာများဖြစ်၏။

“ အထက်ကလည်း ဒီလို လိမ်လည်မှုတွေကို နှိမ်နင်းဖို့ တိုက်ရိုက် အမိန့်ပေးထားတယ် မဟုတ်ဘူးလား … အခု မင်းကိုယ်တိုင် ရောက်လာပြီဆိုတော့ ဒီအမှုကို ကိုင်တွယ်လိုက်နိုင်တဲ့အတွက် အမှတ်တစ်ချို့လည်း ရနိုင်တယ် … တခြား စီရင်စုနဲ့ မြို့တွေအတွက်လည်း ဥပမာတစ်ခု လုပ်ပြပေးပြီး ဖြစ်မသွားဘူးလား …”

လျန်ရူရွှယ် တွေးတောကြည့်လိုက်တော့ လင်းရီပြောသည်ကလည်း ယုတ္တိရှိနေပြန်သည်။ ထို့ကြောင့် သူမ တခြား ဘာမျှထပ်မပြောတော့ချေ။

နောက်တစ်နာရီတွင် ၊ နောက်ဆက်တွဲ ကိစ္စများအားလုံး ကိုင်တွယ်ပြီးစီးသွားခဲ့သည်။

အဖမ်းခံထားရသည့် လူများအားလုံးလည်း ကယ်တင်ခံလိုက်ရပြီး အမှုကို အောင်အောင်မြင်မြင်နှင့် ပိတ်သိမ်းလိုက်နိုင်သည်။

သို့သော် စိတ်ထဲတွင်တော့ လင်းရီ မျှော်လင့်စောင့်စားနေခဲ့သည့် စနစ်အသိပေးသံက ရောက်လို့မလာခဲ့ချေ။

“ စနစ် … အမှုက အခုပြီးသွားပြီလေ … မစ်ရှင်ပြီးပြီဆိုပြီး ဘာလို့ အသိမပေးလာသေးလဲ …”

[စနစ်ရှင်က လက်ရှိ စနစ်ရဲ့ တာဝန်ကို ပြီးဆုံးခြင်း မရှိသေးပါ။ ဒါကြောင့် ဆုလဒ်ကို လက်ခံဖို့ မဖြစ်နိုင်သေးပါဘူး။ ]

ဤစကားကြားတော့ လင်းရီ မင်သက်သွားခဲ့၏။

ကံဆိုးတဲ့ လူတွေကို ကယ်တင်သည်က ကယ်တင်ခြင်း မစ်ရှင် ဖြစ်လိမ့်မယ်လို့ သူ တွေးခဲ့တာလေ ..

လက်စသတ်တော့ စစချင်းတုန်းကတည်းက သူ မှားယွင်းနေခဲ့တာပေါ့ …

“ အဲ့လောက် တွန့်တိုမနေစမ်းပါနဲ့ … ငါ့ကို သဲလွန်စလေး ဘာလေး ပေးစမ်းပါ …”

[တာဝန်အသေးစိတ်ကို ကျေးဇူးပြုပြီး စနစ်ရှင်ကိုယ်တိုင်ပဲ စူးစမ်း ရှာဖွေပါ .. စနစ်ရဲ့ လက်ရှိ မစ်ရှင်မှာ ဘာသဲလွန်စမှ မရှိပါဘူး ]

“ သေစမ်း …”

လင်းရီ တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး စနစ်နှင့် ဆက်သွယ်နေသည်အား ရပ်တန့်လိုက်သည်။

သို့သော် ပြန်စဉ်းစားကြည့်ပြန်တော့ ဤအမှုက တကယ်လည်း စနစ်၏ မစ်ရှင်နှင့် ဆက်စပ်ခြင်း မရှိသည့်ပုံပင်။

သူ၏ ယခင် အတွေ့အကြုံများအရ ဆိုပါက စနစ်၏ မစ်ရှင်တို့မှာ လုပ်ဆောင်ရ အတော်လေး ခက်ခဲလှ၏။

ထို့ပြင် သူ ယနေ့ ကိုင်တွယ်ခဲ့သည့် အမှုကလည်း လွယ်ကူလွန်းလှ၍ ထိုအဆင့်ထိတိုင် မရောက်ခဲ့ချေ။

လင်းရီ မျက်ခုံး နှစ်ခုကြားသို့ နှိပ်နယ်ရင်း သဲလွန်စမဲ့နေသည်။

“ နင် ဘာတွေ စဉ်းစားနေတာ … စိတ်နဲ့ ကိုယ်နဲ့ မကပ်သလိုပဲ … ငါ ကားထဲမှာ ထိုင်နေသေးတယ်ဆိုတာလည်း စိတ်ထဲ သတိရပြီး ကားကို အာရုံစိုက်ပြီးမောင်းဦး …”

ပြန်သည့်လမ်းတွင် လျန်ရူရွှယ်က ခရီးသည်ထိုင်ခုံတွင် ထိုင်နေရင်း ပြောလိုက်သည်။

“ အင်းပါဟ … ငါ သေချာမောင်းနေပါတယ် …”

လျန်ရူရွှယ် သူ့အား မျက်လုံးလှိမ့်လိုက်သည်။ “ နေ့လည် တစ်နာရီတောင် ထိုးပြီ … တစ်ခုခု စားကြစို့ … ငါနင့်ကို ပြောစရာလည်း ရှိသေးတယ် …”

“ အခုပြောလိုက်လို့ မရဘူးလား …. ဒီမှာ ဘယ်သူမှ ရှိတာလည်း မဟုတ်ဘဲနဲ့ …”

လျန်ရူရွှယ် တုံ့ဆိုင်းနေခဲ့ပြီး ဘာမျှ မဆိုခဲ့ချေ။

“ သီးသန့်ဖြစ်မယ့် နေရာ သွားကြမယ် … ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး …”

“ ဒါဆို လွယ်ပါတယ် … ပန်နီဆူလာ ဟိုတယ် သွားကြမယ်လေ … အဲ့မှာ စကားပြောလို့ သိပ်အဆင်ပြေတာ …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

All Chapters