ရှိုးပွဲစပြီ
Vol. 144 Ch. 2150
မာရှန်းတုံး မည်သူမည်ဝါ ဖြစ်သည်ကို ကြားသိလိုက်ရတော့ လူတိုင်းက တစ်စုံတစ်ရာကြောင့် မသက်မသာ ဖြစ်သွားခဲ့ပုံပေါ်သည်။ သို့သော် အများစုကတော့ စိတ်လှုပ်ရှားမှုကြောင့်ပင်။
၎င်းတို့ကြည့်ရသည်မှာ ထိုကဲ့သို့ အရေးပါသည့် ပုဂ္ဂိုလ်ကြီး တစ်ဦးက ရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်မထားကြဟန်ပင်။
မာရှန်တုံးက လက်ကို နောက်ပစ်လျက် လေးနက်ချင်ယောင် ဆောင်၍ “ ဒီတစ်ခေါက် ငါလာခဲ့တဲ့ ရည်ရွယ်ချက်က မင်းတို့ အလုပ် ဘယ်လိုလုပ်လဲဆိုတာ လာစစ်ဆေးဖို့ပဲ … ပြီးတော့ ငါတို့ အုပ်စုက ကျိုးဟိုင်မှာ ဘီလီယမ် ၁၀၀ သုံးပြီး မြေလည်း ငှားထားတယ် … အဲ့နေရာမှာ အာရှပစိဖိတ်ဒေသရဲ့ ဌာနချုပ်အဖြစ် ရုံးစိုက်ဖို့ ရည်ရွယ်ထားတယ် … မင်းတို့မှာ မကြာခင် ရုံးခန်း အသစ် ရှိလာတော့မှာ .. ပြီးတော့ လူတိုင်းကိုလည်း ငါတို့ဘက်ကနေပြီး အိမ်နဲ့ ကားတွေ ထောက်ပံ့ပေးမယ် … လူတိုင်း အလုပ်ကြိုးစားပေးနေသရွေ့ မင်းတို့ကို စိတ်မပျက်စေရဘူး …”
ဤသည်ကို ကြားတော့ လူတိုင်းမှာ ပိုလို့ပင် စိတ်လှုပ်ရှားလာခဲ့ကြသည်။ သူတို့၏ မျက်လုံးထဲက မီးပွားမီးစများ ထွက်ပေါ်လာတော့မယောင် ဖြစ်လာခဲ့ပြီး သူတို့၏ လက်များ နီရဲလာသည်အထိ လက်ခုပ်လက်ဝါး တီးပေးကြတော့၏။
မာရှန်းတုံးက တည်ကြည်သည့် အမူအရာဖြင့် လက်ပြလိုက်သည့် အခါမှသာ လက်ခုပ်တီးသံတို့က တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခဲ့တော့သည်။
သူ လင်းရီကို ကြည့်လိုက်၏။
“ ကောင်လေး … ငါကြားတာ မင်း တစ်နာရီတောင် မရှိလိုက်ဘူး လူဆယ်ယောက် ခေါ်နိုင်ခဲ့တယ်ဆို …”
“ ဟုတ်ကဲ့ ….” လင်းရီ တောက်ပစွာ ပြုံး၍ ပြန်ဖြေလိုက်၏။
“ သိပ်ကောင်းတယ် … ငါ့အထင် မင်းက အလားအလာကောင်းတွေ ရှိတယ် … ဒီနေ့ကစပြီး မင်းက ကျိုးဟိုင် ၊ စုန့်ကျန်းခရိုင်ရဲ့ အထွေထွေ အေးဂျင့်ပဲ … နောက်ရောက်လာမယ့် လူသစ်တွေ အကုန်လုံး မင်းလက်အောက်ကို ဝင်လိမ့်မယ် …”
ဤသည်ကို ကြားတော့ လူတိုင်း၏ မျက်လုံးမှာ လိုချင် တပ်မက်မှုတို့ တောက်လောင်လာခဲ့ကြသည်။ ထိုအရာက သူတို့အားလုံး မျှော်လင့်နေခဲ့သည့် အရာလေ။
လင်းရီနှင့် စကားခဏ ပြောပြီးနောက် မာရှန်းတုံးက ကျန်သူများထံသို့ အကြည့်ပို့ပြီး လေးနက်သည့် ရိပ်သံစွက်၍ “ မင်းတို့အားလုံး စိတ်ထဲမှာ မကျေမချမ်း ဖြစ်နေကြမယ် ဆိုတာ ငါသိတယ် … မင်းတို့အားလုံးက စမှတ်တစ်ခုတည်းကနေ အတူစခဲ့တဲ့ လူတွေချည်း အတူတူ ဘာလို့ သူကကျ အထွေထွေ အေးဂျင့် ဖြစ်လာပြီး မင်းတို့ကျတော့ သူ့အောက် တစ်ဆင့် နိမ့်နေရတာလဲ … ဘာလို့ဆို သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းက မင်းတို့ထက် ပိုလို့ပဲ … ဒီတော့ သူက ထိုက်တန်တယ် … ဒါပေမယ့် မင်းတို့ စိတ်ချ … မင်းတို့ဘက်က အလုပ်ကြိုးစားနေသရွေ့ တစ်နေ့ သူ့လိုမျိုး ဖြစ်လာနိုင်တယ် …”
မာရှန်းတုံး၏ အားပေးစကားကို နားထောင်ပြီးနောက် လူတိုင်း၏ မျက်လုံးထဲတွင် ကြိုးစားချင်စိတ်တို့ တစ်ဖန် တောက်လောင်လာသည်။
ထို့နောက် လီကျန့်ဖေးက တစ်စုံတစ်ရာကို မာရှန်းတုံး၏ နားထဲသို့ တီးတိုးပြောဆိုလိုက်သည်။ မာရှန်းတုံး ခေါင်းညိတ်ပြီး လင်းရီကို ကြည့်လိုက်၏။
“ အခု မင်းက အုပ်စုရဲ့ အထွေထွေ အေးဂျင့် ဖြစ်လာပြီးတော့ မနက်ဖြန် ဆိုက်ကို ငါနဲ့လိုက်ခဲ့ … ပြီးရင် လူတိုင်းကို မင်းရဲ့ အောင်မြင်မှု မှတ်တမ်းတွေ အကြောင်း ဝေမျှရမယ် …”
လင်းရီ အနည်းငယ် ကြက်သေသေသွားခဲ့၏။ သူက ဘာမှ တောင်မလုပ်ရသေးဘူးလေ … သူ့ရဲ့ အောင်မြင်မှု ဇာတ်လမ်းတွေက ဘာနားက ရောက်လာခဲ့မှာလဲ …
သို့သော် တစ်ဖက်လူကို ရှက်ကိုးရှက်ကန်း မဖြစ်စေချင်သည့် အတွက် လင်းရီ ခေါင်းညိတ်ပြလိုက်သည်။
ခေတ္တမျှ ဟိတ်ဟန်ထုတ်ပြီးနောက် မာရှန်းတုံး ထွက်ခွာသွားခဲ့သည်။
သို့သော် လီကျန့်ဖေးကတော့ နောက်တွင် ကျန်နေရစ်ခဲ့ပြီး လင်းရီနှင့် ကျန်သူများထံသို့ ကြည့်၍ “ အခုက အနားယူချိန် … မင်းတို့ နေလို့ရမယ့် နေရာကို ငါ လိုက်ပြပေးမယ် … ဒါပေမယ့် နားနေတဲ့ အချိန်ဆိုလည်း ဦးနှောက်ကို အလကား မနေခိုင်းနဲ့ … မနက်ဖြန်ကျရင် လူတွေ ဘယ်လို ရအောင် ခေါ်နိုင်မလဲ စဉ်းစားထား … ဒါမှ မင်းတို့ ရာထူးတိုးပြီး အနှေးနဲ့ အမြန် ပိုက်ဆံရှာနိုင်မှာ … ဟုတ်ပြီလား …”
“ ဟုတ် … နားလည်ပါပြီ ဒါရိုက်တာလီ …”
မကြာမီ လီကျန့်ဖေးက လူတိုင်းကို ဒုတိယထပ်ရှိ သူတို့ နေထိုင်ရမည့် အခန်းထဲသို့ ခေါ်သွားပေးသည်။ ခုတင် ရှစ်လုံးရှိပြီး အကုန်လုံးက နှစ်ထပ် ကုတင်များပင်။
ထို့နောက် သူ ပြောလိုက်၏။
“ မင်းတို့ ဒီည ဒီမှာ အိပ်ကျ … မိန်းကလေး အခန်းက ဘေးမှာ … ငါတို့ မနက်ဖြန် ခုနစ်နာရီ ထရမယ် …”
သူတို့နေရမည့် နေရာကို မြင်တော့ လူတိုင်း မျက်မှောင်ကြုတ်သွားခဲ့ကြသည်။ သူတို့ကိုယ်သူတို့ ယနေ့ည မွေ့ရာအကြီးစားဖြင့် အဆင့်မြင့် ဇိမ်ခံခန်းထဲတွင် အိပ်စက်ရမည်ဟု တွေးထင်ထားခဲ့ကြလေသည်။ သို့သော် ရိုးရှင်းသည့် နှစ်ထပ် ကုတင်များ ဖြစ်နေသည်တဲ့လော။
“ ငါတို့ တကယ်ကြီး ဒီနေရာမှာ အိပ်ရမှာလား …” တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
လီကျန်းဖေး ခေါင်းညိတ်လိုက်၏။ “ လောလောဆယ်တော့ သည်းခံထားလိုက်ဦး … ငါတို့ အဆောက်အဦးတွေ ဆောက်ပြီးတာနဲ့ လူတိုင်း နေရာအသစ်ကို ရွေ့လို့ရပြီ …”
ဤသည်ကို ကြားတော့ လူတိုင်း ဘာမျှ မပြောကြတော့ပေ။ မည်သို့ပင်ဆိုစေ သူတို့က ဤနေရာသို့ ပျော်ပါးရန် ရောက်လာကြခြင်း မဟုတ်။ ပိုက်ဆံရှာဖို့က အရာရာတိုင်းထက် ပိုအရေးကြီးသည်။
“ ကျွန်တော့်အတွက် သီးသန့်ခန်း ပေးလို့ရလား …” လင်းရီ မေးမြန်းလိုက်သည်။
“ ကျွန်တော်က အခု အထွေထွေ အေးဂျင့် ဖြစ်နေပြီလေ … ဒီတော့ ပိုပြီး အလေးပေး ဆက်ဆံခံရသင့်တယ် မဟုတ်ဘူးလား ….”
လီကျန့်ဖေး ခေတ္တ အတွေးနက်သွားခဲ့သည်။ ထို့နောက် အပြုံးလေးဖြင့် ပြောလာခဲ့၏။
“ မင်းမှန်တယ် … မင်းက မင်းအခန်းနဲ့မင်း နေသင့်တယ် …”
အခွင့်အရေးရခိုက် ကြွားလုံးထုတ်ဖို့ကို သူ့မှာ မနေနိုင်ခဲ့။ အခြားသူများဘက်သို့ လှည့်ကြည့်လိုက်ရင်း “ မင်းတို့ အထွေထွေ အေးဂျင့်အဆင့် ရောက်တဲ့ အချိန်ကျရင်လည်း သူ့လိုမျိုး အလေးပေး ဆက်ဆံခံရမယ် … လူတိုင်း အလုပ်ကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ် …”
အခြားသူများ၏ အားကျမနာလိုသည့် အကြည့်အောက်မှာဘဲ လီကျန့်ဖေးသည် လင်းရီကို မျက်နှာချင်းဆိုင် အခန်းသို့ ခေါ်ဆောင်သွားသည်။
ယင်းကလည်း နံရံကပ်ထားသည့် နှစ်ထပ် အိပ်စင်များ ဖြစ်နေသော်လည်းပဲ အခန်းထဲတွင် မည်သူကမျှ ရှိမနေချေ။
“ မင်း ဒီည ဒီမှာနေ … မနက်ဖြန် ကောင်းကောင်း စွမ်းဆောင်ပြပြီး မင်းရဲ့ အတွေ့အကြုံတွေကို လူတိုင်းဆီ ဝေမျှပေးလိုက် …”
“ ဟုတ်ကဲ့ …”
လင်းရီ အခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် လီကျန့်ဖေးက တံခါးကို ပိတ်လိုက်ပြီး သူ့လူများဘက်သို့ ကြည့်၍ “ ဒီည သေချာစောင့်ကြည့်ထားကြ … တကယ်လို့ တစ်ခုခု မူမမှန်တာတွေ့ရင် သူတို့ကို တစ်ခါတည်း ဆွဲခေါ်သွားလိုက် …”
“ နားလည်ပါပြီ အစ်ကိုဖေး …”
အရာအားလုံး စီစဉ်ပြီးနောက် လီကျန့်ဖေး ထွက်ခွာသွားခဲ့ပြီး မာရှန်းတုံးနှင့် ဆုံသည်။
ထိုအချိန်၌ မာရှန်းတုံးက သူ့အခန်းထဲတွင် အရက်သောက်နေပြီး စားပွဲပေါ်တွင် အမျိုးမျိုးသော သောက်စရာအမြည်းများကို တင်ထားကာ သက်တောင့်သက်သာ ဖြစ်ပြီး စိတ်ကျေနပ်နှစ်ခြိုက်နေပုံပေါ်သည်။
“ ဘော့စ် … အရာအားလုံး စီစဉ်ပြီးပါပြီ ..”
မာရှန်းတုံး ခေါင်းတစ်ချက် ညိတ်လိုက်သည်။ “ ငါ အခုလေးတင် အကောင့် စစ်ကြည့်လိုက်တာ ငါတို့ တော်တော်လေး မြတ်ထားတာပဲ … နှစ်သန်းတောင် ကျော်ဖို့ မဝေးတော့ဘူး … မနက်ဖြန် အချီကြီး တစ်ဂွင်တည်ပြီးတာနဲ့ သူတို့ဆီကနေ ပုန်းနေစရာလည်း မလိုတော့ဘူး …”
“ နားလည်ပါပြီ ဘော့စ် …” လီကျန့်ဖေး ပြောလိုက်သည်။ “ ဒါပေမယ့် ကျွန်တော့်စိတ်ထဲ အဲ့ဒီ လင်းရီကို သေချာလေး အာရုံစိုက်ထားသင့်တယ်လို့ ထင်တယ် .. သူ့မှာ အဆက်အသွယ်ကောင်းတွေ ရှိတယ် … သူ့ဆီကနေ တော်တော်လေး ညှစ်လို့ရနိုင်တယ် …”
“ ငါလည်း အဲ့လိုလုပ်ဖို့ စဉ်းစားနေတာပဲ … ဒီလူတွေ တစ်ယောက်ကိုမှ လွယ်လွယ်နဲ့ လွှတ်မပေးနဲ့ … တကယ်လို့ အနုနည်းနဲ့ မရရင် အကြမ်းနည်းကိုသုံး … ငါတို့ မကိုင်တွယ်နိုင်ဘူးဆိုတာ မယုံဘူး …”
“ နားလည်ပါပြီ ဘော့စ် …”
……
နောက်တစ်နေ့ နံနက်ခင်းတွင် လူတိုင်း အိပ်ရာက စောစောထလာခဲ့ကြသည်။
မနက်စာ စားသောက်ပြီးနောက် လင်းရီနှင့် လီကျန့်ဖေးတို့သာလျှင် ထွက်ခွာရန် ဟန်ပြင်နေကြ၏။
အဘယ်ကြောင့်ဆိုသော် သူတို့က ယနေ့ ဂွင်အကြီးကြီး တည်ဖို့ စီစဉ်ထားကြသောကြောင့်ပင်။ မာရှန်းတုံးလည်း လိုက်ပါလာ၍ အချီကြီး ရိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့၏။
သတ်မှတ်ထားသည့် တည်နေရာသို့ ရောက်ရှိသည်တွင် သူတို့အားလုံးက ဘရန်း အတုများကို စနစ်တကျနှင့် နေရာချထားပြီး အခြားသူများကို ကုမ္ပဏီ၏ ထုတ်ကုန်ဖြစ်သည်ဟု အထင်မှားသွားစေရန် အယုံသွင်းဖို့ ကြံနေခဲ့ကြသည်။ ထို့နောက် မိန့်ခွန်းပြောဖို့အတွက် လူများ ရောက်အလာကို စောင့်ဆိုင်းနေခဲ့ကြလေသည်။
ဆယ်နာရီခန့်တွင် ဒါဇင်ကျော်သည့် လူများက တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြသည်။ လီကျန့်ဖေးက လင်းရီကို သူတို့ထံသို့ ခေါ်ဆောင်သွားပြီး တီးတိုးပြောဆိုလိုက်၏။
“ မင်းခေါ်ထားတဲ့လူတွေက အခုထိ ရောက်မလာသေးဘူးလား …”
“ မရောက်သေးဘူး … ဒါပေမယ့် သူတို့ ခဏနေ ရောက်လာတော့မှာပါ … မပူပါနဲ့ …” လင်းရီ ညင်သာစွာ ပြုံးလျက် ဆိုလိုက်သည်။
“ သူတို့က ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတွေလေ … ပရောဂျက်ထဲ ပါမယ်လို့ ကတိပေးထားမှတော့ သူတို့ သေချာပေါက် လာကိုလာမှာ ….”
မာရှန်းတုံးနှင့် လီကျန့်ဖေးတို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ ဝါရင့် လိမ်လည်မှု အတွေ့အကြုံတို့အရ လင်းရီ၏ လက်ရှိ အမူအရာတို့မှာ တည်ငြိမ်လွန်းနေသည်။
အကယ်၍ ယခုအချိန်၌ သူခေါ်ထားသည့် လူများ ရောက်မလာသေးပါက စိုးရိမ်ပူပန်နေသင့်၏။
“ လင်းရီ … ငါတို့က အချင်းချင်းတွေ ဆိုပေမယ့် တစ်ခုတော့ ရှင်းအောင် ပြောထားမယ် … တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့ရင် အကျိုးဆက်တွေကို မင်း တာဝန်ယူရမှာနော်….” မာရှန်းတုံးက ပြောလိုက်သည်။
လင်းရီ သူ့အား စိတ်ဝင်တစား ကြည့်လိုက်၏။
“ ဘယ်လို အကျိုးဆက်ကို တာဝန်ယူရမှာလဲ ခေါင်းဆေင် …”
မာရှန်းတုံး၏ အမူအရာမှာ အေးစက်သွားခဲ့ပြီး “ လောလောဆယ်တော့ ပြောလို့ မရသေးဘူး … ဒါပေမယ့် မင်း အချိန်ကျရင် သူ့အလိုလို သိလာလိမ့်မယ် …”
“ အဲ့လိုတော့ မလုပ်နဲ့လေ … ခင်များလေသံကြီးက ကျွန်တော့်ကို ခြိမ်းခြောက်နေသလိုကြီး … သူတို့ ဘယ်နေရာ ရောက်ပြီလဲ သေချာအောင် ဖုန်းဆက်ကြည့်လိုက်သင့်လား …”
မာရှန်းတုံး ခေါင်းညိတ်လိုက်သည်။ ထို့နောက် လီကျန့်ဖေးကို အချက်ပြ၍ လင်းရီ၏ ဖုန်းကို ပြန်ပေးခိုင်းလိုက်သည်။
ဖုန်းကို ယူရင်း လင်းရီ လျန်ရူရွှယ်၏ နံပါတ်ကို နှိပ်လိုက်သည်။
“ မင်းတို့ အခုဘယ်မှာလဲ … အခုထိ မရောက်လာကြသေးဘူးလား …”
“ ခဏဆို ရောက်ပြီ … မလောစမ်းနဲ့ …” လျန်ရူရွှယ် ပုံမှန်လေသံဖြင့် ပြောဆိုလိုက်သည်။