← Chapters

လျန်ရူရွှယ်ကို ဖုန်းဆက်မယ်

Vol. 144 Ch. 2148

လျန်ရူရွှယ်ကို ဖုန်းဆက်မယ်

Vol. 144 Ch. 2148

“ ဗျာ ... ကျွန်တော့်ဖုန်းကို အပ်ထားရမယ် ဟုတ်လား …”

“ ဘာလို့ဆို ဒါက လျှို့ဝှက် အစည်းအဝေးလေ … ပြီးတော့ မင်းတို့ ချမ်းသာနိုင်မယ့် တံခါးပေါက်ရဲ့ စကားဝှက် … နိုင်ငံခြား ကုမ္ပဏီ တော်တော်များက ငါတို့ ဟွာရှ ဈေးကွက်ထဲ ဝင်ပြီး သူတို့ ရှိထားတဲ့ ဈေးကွက်လေး မထိခိုက်နိုင်အောင် အမြဲတမ်း စောင့်ကြည့်နေကြတာဆိုတော့ အစည်းအဝေးခန်းထဲ ပြောတဲ့ အကြောင်းအရာတွေ အပြင်ကို ပေါက်ကြားသွားတာ ရှောင်ရှားနိုင်ဖို့ လူတိုင်းက သူတို့ရဲ့ဖုန်းတွေကို အပ်ထားရမယ် …”

“ အဲ့ဒါကြောင့်ကိုး … ရတာပေါ့ ရတာပေါ့ …”

လင်းရီ များများ စဉ်းစားမနေဘဲ သူ့ဖုန်းကို ကမ်းပေးလိုက်သည်။

လင်းရီ၏ ဖုန်းကို ရရှိပြီးသည်နှင့် မည်သည့် ဖုန်းခေါ်ဆိုမှုကမျှ သူတို့ကို မနှောင့်ယှက်စေနိုင်ရေးအတွက် ချန်ဖန်းက ချက်ချင်းပဲ ဖုန်းပါဝါကို ပိတ်ထားလိုက်သည်။

လင်းရီလည်း လွတ်သည့် တစ်နေရာသို့ ဝင်ထိုင်လိုက်၏။ ကျန်ရှိသည့် အချိန်များတွင်တော့ လီကျန့်ဖေး၏ မိန့်ခွန်းကိုသာ နားထောင်နေရလေသည်။

နှစ်နာရီခန့် ကြွားဝါ ပြောဆိုပြီးနောက်တွင် မီတင်လည်း ပြီးဆုံးသွားခဲ့သည်။

လင်းရီကို အထင်ကြီးစေဆုံး အချက်ကတော့ အချိန် နှစ်နာရီလုံးလုံးတွင် ရေတစ်စက် မသောက်သွားခဲ့ပေ။ တော်တော်လေးကို အာဘောင်အာရင်း သန်သန်နှင့် ပြောနိုင်သည့်လူဟု သတ်မှတ်၍ရ၏။

ထိုအတောအတွင်း လင်းရီ အခြားသူများကိုလည်း အကဲခတ်ကြည့်လိုက်ရာ သူတို့အားလုံးက အာရုံစူးစိုက် နားထောင်နေခဲ့ကြပြီး မှတ်စုစာအုပ်များဖြင့်လည်း ရေးမှတ်နေခဲ့ကြသည်။ နောက်ဆုံး ဖောင်တိန်မှင်ကုန်သည်အထိ သူတို့ ရေးမှတ်နေခဲ့ကြ၏။

စနစ်က ချမှတ်ပေးလာသည့် ‘ ကယ်တင်ခြင်း ‘ ဟူသော တာဝန်က အတော်လေးကို လက်တွေ့ကျကြောင်း လင်းရီ မစဉ်းစားမိဘဲ မနေနိုင်ပေ။ ဤလူများက အတော်လေးကို ကယ်တင်ပေးဖို့ လိုအပ်နေခဲ့၏။

စစချင်းတုန်းကတော့ လင်းရီ ဤလူများကို ရူးနှမ်းနေသူများဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သေချာ အနီးကပ် လေ့လာကြည့်ပြီးနောက်တွင်တော့ ၎င်းတို့က ရိုးအသူများ ဖြစ်နေသည်ကို သိရှိလိုက်ရလေသည်။

သူတို့အားလုံးက သူတို့ကိုယ်သူတို့ သက်သေပြရန် …၊ သို့မဟုတ် သူတို့ မိသားစု၏ ဘဝအခြေအနေကို တိုးတက်အောင် ပြုလုပ်ပေးရန်အတွက် ငွေရှာဖို့ စိတ်အားထက်သန်ကြသူများပင်။

ထိုကဲ့သို့သော အတွေးများ ရှိသည်က ပုံမှန်သာ ဖြစ်၏။ အပြစ်တင်လို့လည်း မရ။ ဤအတိုင်း သူတို့က အခြားသူများ လျှောက်လှမ်းထားခဲ့ပြီးသည့် လမ်းမှားများကို လျှောက်မိနေရုံမျှသာ။

“ မင်းတို့အားလုံး သတိထားရမယ့်အရာတွေ ၊ ရှောင်ကြဉ်ရမှာတွေကို ငါ့ဘက်က ပြောပြီးပြီ … မင်းတို့ရဲ့ လက်ရှိ ရာထူးက ကျိုးဟိုင် ဒေသရဲ့ ခရိုင် မန်နေဂျာတွေပဲ … “ လီကျန့်ဖေးက သူ၏ ကိုယ်ဟန်ကို ပြောင်းလဲပြီး လေးနက်တည်ကြည်စွာ ဆိုလိုက်သည်။

“ ဒါပေါ့ … မင်းတို့ဘက်က ကောင်းကောင်းမွန်မွန် လုပ်နေသရွေ့ နောင်ကျရင် ဒေသရဲ့ မန်နေဂျာတစ်ယောက် ဖြစ်လာနိုင်တာပဲလေ … အဲ့အခါကျရင် မင်းတို့ရဲ့ တစ်နှစ်လုပ်အားခက အနည်းဆုံး သိန်းနှစ်ဆယ်ပဲ … တခြား အသေးစိတ်တွေကိုတော့ ငါ ထပ်ပြီး မပြောတော့ဘူး … လူတိုင်း မကြာခင် ငွေကို ရေလိုဖြုန်းနိုင်တဲ့အထိ financial freedom ရဖို့ ငါ မျှော်လင့်နေမယ် ….”

“ financial freedom! “

“ financial freedom! “

“ financial freedom! “

အခန်းထဲရှိ လူတိုင်းက အန်ဒရီနယ်လင်း ထိုးခံလိုက်ရသည့်နှယ် စိတ်လှုပ်ရှားကြီးစွာဖြင့် အသံအိုးများ အက်ကွဲလာသည်အထိ အားပါးတရ အော်ဟစ်နေခဲ့ကြသည်။ လီကျန့်ဖေးက ငြိမ်သက်ရန် လက်ဟန်ပြသည့် အချိန်ကျမှ ပြန်လည် တိတ်ဆိတ်သွားခဲ့၏။

“ မီတင် ပြီးပြီ … Jermes အုပ်စုကို ဝင်လာတဲ့ မိသားစုဝင် အသစ်တွေကို ကြိုဆိုပေးဖို့ အုပ်စုကနေပြီး အဆင့်မြင့် ညစာ ဘူဖေးကို ပြင်ထားပေးတယ် … လူတိုင်းပဲ … ကျေးဇူးပြုပြီး ငါနဲ့အတူ ကားဆီလိုက်ခဲ့ကြပါ ….”

လူတိုင်း အားတက်သရောနှင့် ထိုင်ခုံမှထ၍ အဆောက်အဦးထဲမှ ထွက်လာခဲ့ကြသည်။

သို့သော် ထိုအချိန်အထိ သူတို့ဖုန်းများ ပြန်မရသေးချေ။ သို့တိုင် မည်သူကမျှလည်း ထိုအချင်းအရာကို ဂရုစိုက်သည့်ပုံ မပေါ်ချေ။

အဆောက်အဦး အပြင်ဘက်တွင် မှန်လုံဗင် တစ်စင်းက ပါကင်ထိုးထားပြီး အဖွဲ့ဝင်များအားလုံး တစ်ယောက်ပြီး တစ်ယောက် ကားပေါ်သို့ တက်လိုက်ကြသည်။

လင်းရီက လူမမြင်ကွယ်ရာ ထောင့်တစ်နေရာသို့ ဝင်ထိုင်၍ ထိုလူများ၏ ပျော်ရွှင်မြူးတူးနေသည့် ဟန်ပန် အမူအရာကိုကြည့်ရင်း ရုတ်ချည်းဆိုသလို စိတ်ခံစားချက်တို့ လှိုင်တက်လာခဲ့၏။

အကယ်၍ သူ့တွင်သာ စနစ်ရှိမလာခဲ့ပါက သူသည်လည်း ငွေရှာရန်အတွက် ဖြစ်နိုင်မည့် နည်းလမ်းပေါင်းစုံကို ရှာဖွေနေခဲ့လောက်ပြီ ဖြစ်သည်။ သူသည်လည်း ဤလူများနှင့် ခြားနားကောင်း ခြားနားနေလိမ့်မှာ မဟုတ်ချေ။

ထိုစဉ်အချိန်က အဆိုပါ ကျိကျိတက် ချမ်းသာသည့် အရင်းရှင် သူဌေးကြီးများကို သူ့ကျိန်ဆဲခဲ့ဖူးသည်။ သို့သော် နှစ်အနည်းငယ် ကြာပြီးသည့်နောက် သူကိုယ်တိုင်ကလည်း သူတို့ထဲက တစ်ယောက် ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှပင် စိတ်ကူးမယဉ်ခဲ့ဖူးချေ။

ဘဝက တကယ်ပဲ စိတ်ဝင်စားဖို့ကောင်း၏။

မသိလိုက်ခင် အချိန်အတွင်းမှာပဲ ပြတင်းပေါက် အပြင်ဘက်ရှိ မြို့ပြမြင်ကွင်းတို့က ပြောင်းလဲသွားခဲ့သည်။ အထက်မြင့် အဆောက်အဦးကြီးများကို ထပ်မံ မြင်တွေ့ရခြင်း မရှိတော့။ သူတို့ မြို့ပြင်ဘက်သို့ ရောက်လာခဲ့ပုံပင်။

သို့သော် မောင်းနေသည့် ကားက မရပ်တန့်သွားခဲ့ပဲ အဝေးသို့သာ ဆက်ပြီးမောင်းနေလျက် ရှိသည်။

အကယ်၍ သူ ထင်တာ မမှားဘူးဆိုပါက နောက်တစ်ဆင့်မှာ ဤလူများအား ထောင်သွင်းအကျဉ်းချထားပြီး ပို၍ များပြားသော လက်အောက်ငယ်သားများကို ဆက်လက် မွေးမြူထားရန်ပင်။

အကယ်၍ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မည်ဆိုပါက အလေးပေး ဆက်ဆံခံရမှာ ဖြစ်ပြီး … သို့သော် တစ်စုံတစ်ယောက်က ကလန်ကဆန် ပြုခဲ့မည်ဆိုပါက အကြမ်းပတမ်း ရိုက်နှက်ခံရလိမ့်မည်။

ထိုအရာကို ဤလူများ သတိပြုမိဟန် မရသည်မှာတော့ အတော်လေး ဝမ်းနည်းဖို့ ကောင်းလှ၏။

နာရီဝက်ခန့် ကြာပြီးနောက် မြို့ပြရှုခင်းတို့ ကွယ်ပျောက်သွားခဲ့ကာ အိမ်ခြေနည်းပါးသည့် ရွာတစ်ရွာ ၊ နှစ်ရွာခန့်တို့ကိုပဲ ရံဖန်ရံခါ မြင်တွေ့ရတော့သည်။

နောက်ထပ် ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ကားက အသေးစား နှစ်ထပ်အဆောက်အဦးရှေ့သို့ ရပ်တန့်သွားခဲ့သည်။

လင်းရီ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ဆင်တူနေသည့် အိမ်လုံးသုံးလုံးကို မြင်လိုက်ရ၏။

ကြည့်ရသည်မှာတော့ ငှားထားသည့်ပုံပင်။

ထို့ပြင် ပုံစံကလည်း ၎င်းတို့ လည်ပတ်နေသည့် စနစ်နှင့် ကိုက်ညီနေလျက် ရှိ၏။

ဘေးပတ်ဝန်းကျင်တွင် ထို အဆောက်အဦး သုံးခုကလွဲပြီး အခြား မည်သည့်အရာမျှ မရှိသဖြင့် အကယ်၍ တစ်ခုခု ဖြစ်ပျက်ခဲ့ပါကလည်း မည်သူကမျှ သိနိုင်မှာ မဟုတ်ချေ။

ထိုအချိန်မှာပဲ လီကျန့်ဖေး ပြောလာသည်။

“ ဒီဗီလာ သုံးခုက ငါတို့ ဝယ်ထားတဲ့ ဗီလာတွေပဲ … ဒီနေ့ရဲ့ အဆင့်မြင့် ညစာဘူဖေးကို ဒီမှာ ကျင်းပမယ် .. ပြီးတော့ ဒါက မင်းတို့ အနာဂတ်မှာ အလုပ်လုပ်ရမယ့် နေရာဆိုလည်း ဟုတ်တယ် … အခု … ကားပေါ်ကဆင်းပြီး လှပတဲ့ ဘဝအသစ်လေးကို ကြိုဆိုလိုက်ရအောင် …”

လင်းရီ “ …. “

ဒါကို ဗီလာလို့ ခေါ်နေတယ်ပေါ့ …

ဒီကောင်တွေကို သူ့ရဲ့ ကျိုကျုံးဗီလာဆီ အလည်အပတ် ခေါ်သွားပြဖို့ ကောင်းလိုက်ပါဘိ…

“ သွားကြစို့ … ဆင်းပြီး တစ်ချက်ကြည့်ကြမယ် … ငါတော့ ထပ်မစောင့်နိုင်တော့ဘူး …”

တက်ကြွမှုအပြည့်နှင့် လူခုနှစ်ယောက်၊ ရှစ်ယောက်တို့မှာ ကားထဲက အလျင်အမြန်ဆင်းလာခဲ့ကြသည်။

ဟောခန်းထဲတွင်တော့ ကြီးမားသည့် စားပွဲဝိုင်းကြီး တစ်ခုရှိပြီး ဟင်းပွဲ တစ်ဒါဇင်ခန့် တည်ခင်းထားပေး၏။

သို့သော် သာမန် ဟင်းပွဲများသာဖြစ်ကာ အများစုက ဟင်းအေးများနှင့် ဟင်းသီးဟင်းရွက်တို့က ခပ်များများ ဖြစ်နေသည်။ အသားဟင်းဟူ၍ နှစ်ခွက်သာလျှင် ပါသည်။ စားပွဲတစ်ဝိုင်းလုံး၏ ကုန်ကျစရိတ်က ယွမ် ၂၀၀ ပင် ကျော်လိမ့်မှာ မဟုတ်ချေ။

တက်ကြွမှုအပြည့်ဖြင့် ဝင်လာခဲ့သည့် လူအုပ်ကြီးမှာ တည်ခင်းထားသည့် ဟင်းပွဲတို့က သူတို့စိတ်ကူးထဲ မှန်းထားသည့် အဆင့်အတန်းမြင့်သည်ဟူသော စံချိန်စံနှုန်းနှင့် မကိုက်ညီနေသဖြင့် အချင်းချင်း ပြန်ကြည့်မိသွားခဲ့ကြသည်။

တစ်စုံတစ်ရာ လွဲချော်နေသည်ကို ခံစားမိတော့ လီကျန့်ဖေးက လူတိုင်းကို ကြည့်၍ “ ဒါက မင်းတို့ ဗိုက်ပြည့်အောင် ဖြည့်ဖို့ ရိုးရှင်းတဲ့ ထမင်းဝိုင်းလေးပဲ ရှိသေးတယ် … အဆင့်မြင့်တဲ့ ဇိမ်ခံညစာက ရောက်မလာသေးဘူး … ဒါပေမယ့် မင်းတို့တွေ စိတ်ထဲထားမနေကြနဲ့ … ဘာပဲဆိုဆို မင်းတို့က ဒီကို ပိုက်ဆံရှာဖို့ ရောက်လာကြတဲ့လူတွေပဲလေ …”

“ ဟုတ်တယ် ဟုတ်တယ် … စားစရာရှိတာ အရင်စားကြစို့ … ပိုက်ဆံရှာဖို့က အရေးကြီးဆုံးပဲ …”

လင်းရီလည်း ခြားနားချင်ယောင် ဆောင်မနေဘဲ ထမင်းပန်းကန်လုံး တစ်လုံးစားပြီး သူ့ဝမ်းကို အရင် ဖြည့်လိုက်သည်။ ဗိုက်ဖြည့်ပြီးမှ ဤလူများကို ကိုင်တွယ်ဖို့ သူ စီစဉ်ထား၏။

“ မင်းတို့ စားနေတုန်း ဌာနချုပ်ကနေ ငါ့ဆီ ဖုန်းဝင်လာတယ် … သူတို့က မင်းတို့တွေထဲ တစ်ယောက်ကို အထွေထွေ အေးဂျင့် ခန့်အပ်ဖို့ ရည်ရွယ်ထားတယ် …”

ဤသည်ကို ကြားတော့ လူတိုင်း၏ မျက်လုံးများမှာ အရောင်တလက်လက် ဖြစ်လာခဲ့ပြီး သူတို့၏ မျက်နှာထက်တွင် အနိုင်ယူလိုစိတ် ပြင်းထန်မှုတို့ ထွက်ပေါ်လာသည်။

ဒါကိုမြင်တော့ လီကျန့်ဖေးပြုံးပြီး ခပ်အေးအေး ပြောလိုက်သည်။

“ လူတိုင်းပဲ … စိတ်အေးအေးထားကြပါ … မင်းတို့အားလုံး အထွေထွေ အေးဂျင့် ဖြစ်ချင်ကြတယ်ဆိုတာ ငါ သိတယ် … ဘာပဲဆိုဆို အဲ့ဒီနေရာရောက်လာတာနဲ့ တစ်နှစ်ဝင်ငွေက သိန်းနှစ်ဆယ် ကျော်သွားတော့မှာလေ ... ဒါပေမယ့် ရာထူးနေရာက တစ်ခုပဲ ရှိတာဆိုတော့ မင်းတို့ထဲက အတော်ဆုံး ဆိုတဲ့လူကိုပဲ ရွေးပြီးခန့်မှ ဖြစ်မှာ …. မင်းတို့ ဒီသဘောတရားကို နားလည်မယ်လို့ ငါထင်တယ် …”

“ ဒါရိုက်တာလီ … မင်း ငါတို့ကို ဘယ်လိုယှဉ်ပြိုင်ရမလဲ ဆိုတာပဲ ပြောလိုက် … ငါတို့အားလုံး မျှမျှတတနဲ့ ယှဉ်ပြိုင်မယ် …”

“ တကယ်တော့ ယှဉ်ပြိုင်ရမယ့် နည်းလမ်းက အတော်လေး ရိုးရှင်းတယ် … လူဆယ်ယောက် ခေါ်နိုင်တဲ့လူ ဘယ်သူပဲဖြစ်ဖြစ် ကျိုးဟိုင် ဒေသရဲ့ အထွေထွေ အေးဂျင့်ဖြစ်ဖို့ အရည်အချင်း မီမယ် …” လီကျန့်ဖေး လေးနက်တည်ကြည်စွာ ပြောဆိုလိုက်ပြီး “ ဒါပေမယ့် နေရာက တစ်နေရာတည်းရှိတာဆိုတော့ လူဆယ်ယောက်ကို အရင်ခေါ်နိုင်တဲ့လူ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အထွေထွေ အေးဂျင့်အဖြစ် ခန့်အပ်သွားမယ် … လူတိုင်း ဒီအခွင့်အရေးကို ကောင်းကောင်းတန်ဖိုးထားကြပါ …”

ထိုစကားကြားတော့ လင်းရီ အသံထွက် ရယ်မောမိလုနီးပါး ဖြစ်သွားခဲ့သည်။

ဤ အထွေထွေအေးဂျင့်နေရာက သူကလွဲပြီး မည်သူမျှ ဖြစ်နိုင်မှာ မဟုတ်ချေ။

သူ နေရာရလာသည်နှင့် နောက်ကွယ်ကလူကို စုံစမ်းပြီး ဤလူများကို သင်ခန်းစာ ကောင်းကောင်း ပေးရမည်။

လင်းရီ ပြုံးလျက် သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။

“ လျန်ရူရွှယ်ဆီ ဖုန်းဆက်လိုက်တာက အဆင်ပြေလောက်တယ် …”

All Chapters