ရုပ်လေးချောသလောက် ဉာဏ်မကောင်းရှာတဲ့ ကောင်လေး
Vol. 144 Ch. 2147
ကလင် ကလင် ….
တစ်ဖက်လူ ဆင်းအလာကို လင်းရီ စောင့်ဆိုင်းနေစဉ်မှာပဲ အိတ်ကပ်ထဲရှိ သူ့ဖုန်းက အသံမြည်လာသည်။ ကျန်းဖန့်က ဆက်သွယ်လာခဲ့ခြင်းပင်။
“ ညီကိုလင်း … ငါ စစ်ဆေးကြည့်ပြီးသွားပြီ … သူ အတန်းဖော်တွေ အများကြီးဆီ ဖုန်းဆက်လာခဲ့တယ် … ပြီးတော့ ပြောလာတဲ့ အကြောင်းအရာတွေကလည်း အတူတူပဲ … သူတို့ကိုပါ လိမ်ဖို့ ဆွဲခေါ်နေတာ … ဒါပေမယ့် သူတို့တွေ အကုန်လုံး ပိုက်ဆံမရှိဘူးဆိုပြီး ငြင်းလိုက်ကြတာပဲ ….”
' ထောက် ' မြည်သံနှင့်အတူ ဖုန်းတစ်ဖက်ခြမ်းရှိ ကျန်းဖန့်က စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။ ထို့နောက် ခပ်ပြင်းပြင်းရှိုက်၍ “ လက်ရှိ သဲလွန်စတွေအပေါ် အခြေခံပြီး ကြည့်ရင် ဒါ ငွေလိမ်လည်မှုဆိုတာ သံသယ ရှိစရာ မလိုဘူး …”
“ ငါအခု သူတို့ ပုန်းနေတဲ့ နေရာကို ရောက်နေပြီ … မင်း စခန်းကို ပြန်လိုက်တော့ … ဒီက ကိစ္စတွေကို ငါ့ဘာငါ ကိုင်တွယ်လို့ရတယ် …”
“ မင်းတစ်ယောက်တည်း အဆင်ပြေတယ်ဆိုတာ သေချာလို့လား … ငါ အစ်ကိုကျန်းဆီက ကြားမိတာတော့ အဲ့ကောင်တွေက တော်တော် ရက်စက်တဲ့ ကောင်တွေတဲ့နော်… မင်းက ကြမ်းတယ်ဆိုဦးတော့ ကျားတစ်ကောင်တောင် ဝံပုလွေ တစ်အုပ်ကို ရင်ဆိုင်ဖို့ မလွယ်ဘူး …”
“ ဟက်စကီတောင် မဟုတ်တဲ့ ကောင်တွေကိုများ ဝံပုလွေ သိက္ခာကျအောင် မနှိုင်းစမ်းနဲ့ …”
ကျန်းဖန့် အသံထွက် ရယ်မောမိသွားခဲ့သည်။ “ ဒါဆို ငါ စိတ်ပူမနေတော့ဘူး … ဒါပေမယ့် တစ်ခုခုဆို ဖုန်းဆက်လာခဲ့လိုက် …”
“ စိတ်ချ … ငါဘာလုပ်နေလဲ ငါ့ကိုယ်ငါ သိတယ် … သူတို့အခုရောက်လာပြီ … ငါ သွားတော့မယ် …”
“ အိုကေ … ငါ ဖုန်းချပြီ ..”
လင်းရီ ဖုန်းချပြီး မကြာခင်မှာပဲ ဒေါက်ဖိနပ် စီးထားပြီး အမျိုးသမီး ရုံးဝတ်စုံနှင့် ဆံပင် အဝါရောင်ဆိုးထားသည့် အမျိုးသမီး တစ်ဦး အဆောက်အဦးထဲက ထွက်လာသည်။
သူမက အသက်သုံးဆယ်အရွယ်ဟု ထင်ရ၏။ သူမ ဆိုးထားသည့် ဆံပင် အဝါရောင်ကိုတော့ လင်းရီ မကြိုက်ဆုံးပင်။
အဆောက်အဦးထဲက ထွက်လာခဲ့ပြီးနောက် ဆံပင် အဝါရောင်နှင့် အမျိုးသမီးက လင်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။
“ နင်က ကျူးရှန်းပင်း မိတ်ဆက်ပေးတဲ့လူလား …”
လင်းရီ ခေါင်းညိတ်၍ သူမ၏ ဒွိဟအတွေးများအား အတည်ပြုပေးလိုက်သည်။
သူမလိုချင်သည့် အဖြေကို ရတော့ ဆံပင်အဝါရောင် ဆိုးထားသည့် အမျိုးသမီးက နွေးထွေးစွာ ပြုံးလိုက်ပြီး စိတ်အားထက်သန်မှု အပြည့် ဖြစ်နေသည့် မျက်ဝန်းတို့ဖြင့် လက်ဆန့်တန်းလာခဲ့၏။
“ ဟယ်လို … ငါက အမေရိကန် အခြေစိုက် Jermes အုပ်စုရဲ့ အာရှပစိဖိတ် ဒေသအတွက် တာဝန်ယူထားတဲ့ အထွေထွေမန်နေဂျာရဲ့ အတွင်းရေးမှူးပါ …. နင်ငါ့ကို ချန်ဖန်းလို့ ခေါ်လို့ရတယ် …”
အထင်ကြီးဖို့ကောင်းသည့် ဂုဏ်ဒြပ်အတန်းလိုက်ကြီးကို ကြားလိုက်ရတော့ လင်းရီ၏ အတွင်းစိတ်ထဲ ကျိန်ဆဲသည့် စကားများဖြင့် ပြည့်နှက်သွားခဲ့သည်။
သူမ၏ ရာထူးက သူ့ထက်ပင် အရှိန်အဝါ ကောင်းနေလျက် ရှိ၏။ အထင်ကြီးဖို့တော့ အတော်လေး ကောင်းလှသည်။
“ ဟယ်လို ဟယ်လို … ကျွန်တော့်နာမည်က လင်းရီပါ …” လင်းရီ သူ့လက်ကို ပျူငှာစွာ ဆန့်တန်းလိုက်သည်။
“ ဒါပေမယ့် Hermes ပဲ ကြားဖူးပါတယ် … Jermes တော့ မကြားဖူးဘူးရယ် …”
“ အဲ့တာ နင် အမြင်မကျယ်လို့လေ …”
ချန်ဖန်း သူမ၏ ဆံပင်ကို ယုံကြည်ချက် အပြည့်ဖြင့် နောက်သို့ ပင့်သပ်ပြီး ပြောလိုက်သည်။ သူမ၏ ဟန်ပန်က လင်းရီကို အသံထွက် ရယ်မောသွားစေလုနီးပါးပင်။
ကျီချင်းရန် သို့မဟုတ် ရန်စီသည်သာ ထိုကဲ့သို့သော ဟန်ပန် အမူအရာမျိုး ပြုလုပ်ခဲ့မည်ဆိုပါက သူမတို့၏ အရှိန်အဝါ ဖြစ်တည်မှုမှာ ဖြစ်ပေါ်နေသည့် သံသယများကိုပင် ပပျောက်သွားစေသွားလောက်သည်။
သို့သော် ချန်ဖန်း ပြုလုပ်သည့်အခါ၌ သူမ၏ ပင်ကိုယ်ဟန်နှင့် ကိုက်ညီနေခြင်း မရှိဘဲ အတင်းလုပ်ယူနေသည့် ခံစားချက်မျိုး ရရှိနေစေသည်။
“ ငါတို့ရဲ့ Jermes က Hermes ရဲ့ ကုမ္ပဏီအခွဲတွေကို အပြည့်အဝ ပိုင်တဲ့ ကုမ္ပဏီပဲ … ပြီးတော့ ဒါက သူတို့ အသစ် ထုတ်လာတဲ့ လက်ဇရီဘရန်း အသစ်ပဲ .. ဟွာရှရဲ့ လက်ဇရီဘရန်း ဈေးကွက်ထဲ ပစ်မှတ်ထားချင်လို့သာ နင်တို့ ဒီလိုမျိုး အခွင့်အရေးကောင်းကို ရတာ …”
“ အား .... လက်စသတ်တော့ အဲ့လိုကိုး … ကြည့်ရတာတော့ တော်တော်လေး ငွေရှာလို့ ကောင်းမယ့်ပုံပဲ … စိတ်ဝင်စားတယ်ဗျာ ….”
ချန်ဖန်း အသိအမှတ်ပြုစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ နင့်ကို ကျူးရှန်းပင်းက လမ်းညွှန်ပေးလိုက်တာဆိုတော့ ငါတို့ ကုမ္ပဏီရဲ့ တောင်းဆိုချက်တွေကို ရှင်းပြပြီးရောပေါ့ ဟုတ်တယ်မလား … ဒီတော့ ငါနင့်ကို အပိုလက်ချာတွေ ရိုက်မနေတော့ဘူး … တစ်ခါတည်း ငါတို့ အေးဂျင့်ဖြစ်လာအောင် စီစဉ်ပေးလိုက်မယ် … ငါကြွားပြောတာတော့ မဟုတ်ဘူးနော်… ဒါပေမယ့် ဒီမှာ တစ်နှစ်ကို ယွမ်ငါးသိန်း ၊ ခြောက်သိန်းလောက် ရှာနိုင်ဖို့က အသာလေးပဲ … နင့်ဘက်က နည်းနည်းလေး အားစိုက်ထုတ်မယ်ဆို ဆယ်သိန်းအထိတောင် ရနိုင်တယ် … ဘယ်လိုပဲ … ကျေနပ်ချင်စရာ မကောင်းဘူးလား …”
“ အစ်မတို့က သိပ်ကြင်နာတတ်တာပဲ … ဒါကျွန်တော့်ကို ပိုက်ဆံရှာလို့ ရအောင်လုပ်ပေးနေတာပဲလေ … ကျွန်တော်လည်း အလုပ်ရှာနေတာနဲ့ အတော်ပဲဗျာ … ဒီလောက်ကောင်းတဲ့ကိစ္စကြီးကို ဘာမို့လို့ ငြင်းပယ်ရမှာ …”
ချန်ဖန်း ထပ်ပြီး ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်လုံးအရောင်တို့ကတော့ ဟိတ်ဟန်ဝင့်ကြွားမှုတို့ဖြင့် တလက်လက် အရောင်တောက်နေသည်။
“ နင် နားလည်တာ ကောင်းတယ် … နင်သာ ငါတို့နဲ့ အလုပ်ကြိုးစားနေသရွေ့ သူများတွေလို ချမ်းသာလာမယ်ဆိုတာ သေချာပေါက်ပဲ …”
“ ကျွန်တော် သေချာပေါက် ကြိုးစားမယ် … အစ်မ စိတ်ချထားလိုက် …"
“ ဒါဆိုလည်း တို့နဲ့လိုက်ခဲ့ … အပေါ်ထပ်မှာ နင့်လို အေးဂျင့်တစ်ချို့ အစည်းအဝေးတက်နေတယ် … နင်လည်း သူတို့နဲ့ ဝင် join လိုက် … “
“ ဟုတ် ဟုတ် … မြန်မြန် သွားကြရအောင်ဗျာ … ပိုက်ဆံရှာမယ့် အချိန် နှောင့်နှေးနေလို့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား …”
ချန်ဖန်း ပြုံးလိုက်ပြီး ဘာမျှ မဆိုခဲ့ချေ။
သူမ လင်းရီကို ကြည့်ရင်း ဤကောင်လေးက ရုပ်လေးချောသလောက် ဉာဏ်တော့ မကောင်းရှာဟု တွေးနေမိသည်။
သူ့ကို ကောင်းကောင်းထိန်းချုပ်ပြီး သေချာလေး အရည်ညှစ်နိုင်လောက်၏။
ချန်ဖန်းက သူ့ကို ဦးဆောင်၍ ဓာတ်လှေကားသို့ ခေါ်သွာပြီး ၁၉ လွှာသို့ နှိပ်လိုက်သည်။ အဆောက်အဦး အပြင်ဘက်နှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက အတွင်းဘက်အပြင်အဆင်တို့မှာ ပို၍ပင် အထင်ကြီးလောက်စရာ တစ်ခုမျှ ရှိမနေချေ။
ထို့ပြင် လေထုက အနည်းငယ်လည်း အုံ့မှိုင်းနေသည်ဟု ခံစားနေရ၏။
ဓာတ်လှေကားအပြင်ဘက်သို့ ထွက်လာခဲ့သည်တွင် ကျယ်လောင်သည့် အော်ဟစ်သံများက နားထဲရောက်လာခဲ့၏။ တစ်စုံတစ်ယောက်က ကြက်သွေးထိုးပေးလိုက်သည့်နှယ် သံပြိုင် ဟစ်ကြွေးနေခဲ့ကြသည်။
ချန်ဖန်းက လင်းရီကို ယုံကြည်ချက် အပြည့်ဖြင့် ဦးဆောင်လမ်းပြ၍ အဝေးဆုံး အခန်းထဲသို့ ခေါ်လာခဲ့ပေးသည်။
အခန်းက မကြီးမား။ ခြောက်ဆယ် ၊ ခုနစ်ဆယ် စတုရန်းမီတာခန့်မျှ ကျယ်ဝန်းသည့် ဟောခန်းလေး တစ်ခုဖြစ်၏။
အထဲတွင် စားပွဲခုံအနည်းငယ်နှင့် ထိုင်ခုံများ ရှိနေပြီး ရှေ့တည့်တည့်တွင် ကျောက်သင်ပုန်းကြီး တစ်ချက် ရှိနေသည်။ ၎င်းအပေါ်တွင် အဓိပ္ပာယ် ဖော်မရ၊ ဖတ်မရသည့် ခြစ်ရာများဖြင့် ပြည့်နှက်လို့နေပြီး တစ်ချက်ကြည့်ရုံမျှနှင့် လင်းရီကို ခေါင်းကိုက်လာစေသည်။
ကျောက်သင်ပုန်းရှေ့တွင် အနောက်တိုင်းဝတ်စုံပြည့်ဖြင့် အမျိုးသားတစ်ဦး မတ်တပ်ရပ်နေခဲ့သည်။ သူ့အရပ်က သိပ်မမြင့်၊ ဆံပင်ကတော့ အတော်ရှည်သည်။ ကိုယ်တိုင်းချုပ်ထားသည့် ဝတ်စုံမဟုတ်သဖြင့် ကြပ်သည့် နေရာကကြပ် ၊ ပွသည့် နေရာက ပွဖြစ်နေကာ ဖြစ်ကတတ်ဆန်းနိုင်သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
ရယ်ချင်စရာ အကောင်းဆုံးကတော့ ထိုလူ စကားပြောသည့် အချိန်၌ မပီသသည့် အင်္ဂလိပ်အသုံးအနှုန်းတစ်ချို့ကိုပါ ကြားညှပ်ပြောဆိုနေခြင်းပင်။ နားထောင်ရသည်မှာ အလွန်အမင်း ကိုးရို့ကားယားနိုင်လှသည်။
သူ့ဘေးဘက် ဝဲယာတွင်တော့ ဒါဇင်ခန့်ရှိသည့် အမျိုးသမီးများ ရှိနေကြပြီး ၎င်းတို့အားလုံးက အမျိုးသမီး ရုံးဝတ်စုံကို တူညီစွာ ဝတ်စားဆင်ယင်ထားကြကာ ဒေါက်မြင့်ဖိနပ်များစီး၍ ခေါင်းကိုလည်း မြင့်မြင့်မော့ထားကြသည်။ တစ်ယောက်ချင်းစီတိုင်းက မောက်မာပြီး ရှိနေသည့်လူတိုင်းသာ သာလွန်သည်ဟူသော အရှိန်အဝါတို့အား ထုတ်လွှတ်နေလျက် ရှိ၏။
၎င်းအပြင် ဒါဇင်ခန့်ရှိသည့် စားပွဲခုံများတွင် လူရှစ်ယောက်၊ ခုနစ်ယောက်လောက်ခန့်က ထိုင်နေကြပြီး ဆံပင်အရှည်နှင့်လူ ပြောသည့်စကားများကို အာရုံစူးစိုက် နားထောင်နေခဲ့ကြသည်။
ထိုလူများ၏ စိတ်အားထက်သန်နေမှုတို့က ယေရှုသခင်ကို ချီးမွမ်းသည့်ပွဲထက်ပင် အရူးအမူး ဖြစ်လို့နေသည်။
ဤသည်ကို မြင်တော့ လင်းရီ ရင်ထဲ စိတ်မကောင်း ဖြစ်မိသွားခဲ့သည်။
အကယ်၍ ဤလူများသာ စာကို အပတ်တကုပ် ကြိုးစားခဲ့မည်ဆိုပါက ယခုလိုမျိုး လိမ်ညာခံနေရမှာ မဟုတ်လောက်ချေ။
လင်းရီ အခန်းထဲ ဝင်လာသည်ကို မြင်တော့ စတိတ်ခုံပေါ်တွင် စကားပြောနေသည့် ဆံပင်အရှည်နှင့်လူက ရုတ်ချည်း စကားတန့်သွားခဲ့သည်။
ချန်ဖန်းက သူ့အနားသို့ ချဉ်းကပ်လာကာ စကားတစ်ချို့ကို နားထဲသို့ တီးတိုးပြောဆိုလိုက်၏။ ထို့နောက် သူ ခေါင်းညိတ်ပြီး ကျန်သူများဘက်သို့ လှည့်ကာ ကြေညာပေးလိုက်သည်။
“ ကဲ ... အခု အေးဂျင့်အသစ် တစ်ယောက် ငါတို့ထဲ ပါဝင်လာတာကို လက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုပေးလိုက်ကြရအောင် … အခုစပြီး သူလည်း ငါတို့နဲ့ တစ်မိသားစုတည်းပဲ …”
ဤသည်ကိုကြားတော့ ရှိနေကြသည့် လူခုနှစ်ယောက်၊ ရှစ်ယောက်တို့မှာ သူတို့မျက်လုံးထဲတွင် ရန်လိုမှုကို ပြသလာခဲ့ကြသည်။ သူတို့၏ ဩဘာသံတို့ကလည်း အသံမြည်နေရုံမျှ ရှိပြီး လင်းရီ ရောက်လာသည်ကို ကြိုဆိုလိုစိတ် မရှိကြပေ။
လင်းရီ၏ ရောက်ရှိလာမှုက သူတို့၏ အသက်အိုးအိမ် စည်းစိမ်အပေါ် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေသည့်နှယ်ပင်။
ဤသည်ကို မြင်တော့ လင်းရီမှာ ပိုလို့ပင် ပြောစရာစကား ကင်းမဲ့သွားခဲ့ရတော့သည်။
သူကဖြင့် သူတို့ကို ကယ်ဖို့ ဒီနေရာလာခဲ့တာလေ … ဒါကို ဒီလို ပုံစံမျိုးနဲ့ သူ့ကို ကြိုဆိုနေတယ်ပေါ့ …
တကယ်ပါပဲ … ကမ္ဘာကြီးမှာ အရူးတွေ ပေါလွန်းတယ် … လူလိမ်တွေကတောင် နည်းနေသလိုပဲ …
ထို့နောက် ချန်ဖန်းက လင်းရီအနားသို့ ပြန်ရောက်လာပြီး ပြောလိုက်သည်။
“ နင့် အရှေ့မှာ ရှိတဲ့လူက အမေရိကန် အခြေစိုက် Jermes အုပ်စုရဲ့ အာရှပစိဖိတ် အထွေထွေ မန်နေဂျာ မစ္စတာ Pete လို့ခေါ်တယ် …”
“ ဟယ်လို ဒါရိုက်တာပီ … မင်္ဂလာပါဗျ …” လင်းရီ အပြုံးလေးဖြင့် နှုတ်ခွန်းဆက်လိုက်သည်။
“ အဲ့တာက အင်္ဂလိပ်နာမည် … မစ္စတာ Pete ရဲ့ ဟွာရှနာမည်က လီကျန့်ဖေး …”
“ ဪ ဟုတ် … စိတ်တော့ မရှိနဲ့ဗျာ … ကျွန်တော်က နိုင်ငံခြားကို မရောက်ဖူးတော့ ဒါတွေ မသိဘူးရယ် …”
“ အဆင်ပြေပါတယ် …” လီကျန့်ဖေးက ယဉ်ယဉ်ကျေးကျေး ပြောလိုက်ပြီး “ အခု မင်းကလည်း ငါတို့ထဲက တစ်ယောက် ဖြစ်လာပြီဆိုတော့ … အောင်မြင်မှုတွေ ဆွတ်ခူးပြီး စိတ်ကြိုက် ကမ္ဘာပတ်နိုင်ဖို့က အလွယ်လေးပဲ… မင်းသာ ကြိုးစားနေသရွေ့ ဘာပြဿနာမှ မရှိစေရဘူး …”
“ ဟုတ် ... ကျွန်တော် သေချာပေါက် ကြိုးစားမယ်…”
“ ကဲ … ကိုယ့်ဘာကိုယ် လွတ်တဲ့ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်ကွာ … ငါတို့ အစည်းအဝေးကို ဆက်ကြမယ် …” လီကျန့်ဖေး ပြောလိုက်သည်။
“ ဒါပေမယ့် မီတင် ပြန်မဆက်ခင် မင်းရဲ့ဖုန်းကိုတော့ ငါတို့ဆီ အပ်ထားရမယ် …”