သားရဲရိုင်းများနှင့် အမှန်တကယ် ရင်ဆိုင်ခြင်း
Vol. 9 Ch. 110
"အကာအကွယ် ..." ကျန်းချင်းချူ အော်ဟစ်လိုက်သည်။
မြို့ရိုးထိပ်တွင် ထောင်နှင့်ချီသော တပ်သားများ၏ လက်များသည် အဖြူရောင် အလင်းများ တောက်ပ လာပြီးနောက် သူတို့ အားလုံးတို့သည် မြို့ရိုး မျက်နှာပြင်အား ယင်းလက်ဝါးများဖြင့် ရိုက်လိုက်ကြသည်။
ချက်ချင်း ဆိုသလိုပင် အဖြူရောင် အကာအကွယ်သည် မြို့ရိုး တစ်ခုလုံးအား ဖုံးလွှမ်း သွားတော့သည်။
ဤအချိန်တွင် သားရဲအုပ်သည် မြို့ရိုး အောက်ခြေသို့ ရောက်နှင့်နေပြီး ဖြစ်ကာ မြို့နံရံအား ပြင်းထန်စွာ ထုရိုက်နေကြသည်။
မြို့ရိုးသည် ပြင်းထန်သည့် ရိုက်ခတ်မှုကြောင့် လှုပ်ခါ လာသော်လည်း သားရဲအုပ်သည် အကာအကွယ်ကိုမူ ချိုးဖျောက်နိုင်ခြင်း မရှိသေးပေ။
ပျံသန်းနိုင်သည့် သန္ဓေပြောင်းသားရဲ ရာပေါင်းများစွာသည် တိုက်ပွဲ ဖြစ်ပွားရာဆီသို့ ပျံသန်း လာကြသည်။ ယင်းတို့၏ ကြောက်မက်ဖွယ် မေးရိုးများကို ကျယ်လောင်စွာ ဖွင့်ဟလျက် တပ်သားများအား ဖိကြိတ်ရန် ကြိုးစား ကြလေသည်။
ထိုအခိုက် အတန့်မှာပင် ဓားအင်မော်တယ် လင်းရှောင်သည် ရှေ့သို့ ချီတက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ဓားကို ထုတ်ယူ လိုက်ပြီးနောက် လေထု အတွင်းသို့ ပေထောင်ပေါင်းများစွာ ရှည်လျားသည့် ဓားခုတ်ချက်အား ပစ်လွှတ်လိုက်သည်။
ကြောက်မက်ဖွယ်ရာ ဓားစိတ်ဆန္ဒသည် လေထုကို တုန်ခါ လာစေသည်။ သန္ဓေပြောင်းသားရဲ ရာကျော်သည် ဤဓားခုတ်ချက် ထိခိုက်မိသဖြင့် ချက်ချင်း ဆိုသလို အသားစများ အဖြစ်သို့ ပြောင်းလဲ သွားကြသည်။
သူတို့အတန်းပိုင် ဆရာ၏ တိုက်ခိုက်မှုအား အန်လင်း အနေဖြင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ ဝန်ခံရပေမည်။ ဆရာ့၏ ကိုယ်နေ ဟန်ထားသည် ခမ်းနားကြီးကျယ် လွန်းလှသည်။
ကျောင်းသားများသည် တစ်ဦးပြီးတစ်ဦး အင်မော်တယ် မန္တန်များအား အသုံးပြုကာ မြို့ရိုး အောက်ခြေတွင် ရှိနေသည့် သန္ဓေပြောင်း သားရဲများဆီသို့ ပစ်လွှတ်ကြလေသည်။
သန္ဓေပြောင်း သားရဲများသည် ပူးကပ်စွာ ရှိနေကြသည့် အတွက် ကျောင်းသားများသည် ဦးတည်ချက် ထားရှိကာ တိုက်ခိုက်နေရန် မလိုအပ်သဖြင့် မန္တန်များအား တတ်နိုင်သလောက် များများ အသုံးပြုရန်သာ အာရုံစိုက် ထားကြသည်။
မြို့ရိုးပေါ်ရှိ မန္တန် အသုံးပြုသူများ သည်လည်း သန္ဓေပြောင်း သားရဲများထံသို့ မီးလုံးများ ရေခဲမြားများ ထပ်ကာထပ်ကာ ပစ်လွှတ်လျက် ရှိကြသည်။
သိပ်မကြာခင်မှာပင် သန္ဓေပြောင်း သားရဲ နှစ်ရာ၊ သုံးရာခန့် သေဆုံး သွားပြန်သည်။
အန်လင်း အသုံးပြုနိုင်သည့် တစ်ခုတည်းသော စွမ်းအားပြင်း အင်မော်တယ် မန္တန်မှာ တောင်ခွင်းလက်သီး ဖြစ်သည်။
ကံတရား ဖေးမမည် ဆိုလျှင် သူ၏ လက်သီး တစ်ချက်သည် သန္ဓေပြောင်းသားရဲ ၁ ကောင်၊ ၂ ကောင်ခန့် သတ်ဖြတ် နိုင်ပေလိမ့်မည်။
ဤသို့ဖြင့် အန်လင်းသည် တောင်ခွင်းလက်သီး ၇/၈ ချက်အား မရပ်မနား အသုံးပြုလိုက်သည်။ သန္ဓေပြောင်းသားရဲ ၁၀ ကောင်အား သတ်ဖြတ်ပြီးသည့် နောက်တွင် သူ၏စွမ်းအားများ ကုန်ဆုံး သွားလေပြီ။
စွမ်းအင် ဖြည့်တင်းခြင်း ဆေးလုံး ၂ လုံးအား မျိုချ လိုက်ပြီးနောက် တိုက်ပွဲအား တိတ်တဆိတ် လေ့လာနေ လိုက်သည်။
ဓားအင်မော်တယ် လင်းရှောင်၏ တည်ရှိမှုကြောင့် ပျံသန်းနိုင်စွမ်း ရှိသည့် သန္ဓေပြောင်း သားရဲများသည် မြို့ရိုးအား စောင့်ကြပ် နေကြသည့် တပ်သားများကို တိုက်ခိုက်ရန် မဖြစ်နိုင်ကြပေ။
မြို့ရိုးအောက်ခြေရှိ သန္ဓေပြောင်း သားရဲများမှာမူ မာကျောသည့် ခံစစ်အား ထိုးဖောက်နိုင်ခြင်း မရှိဘဲနှင့် တိုက်ခိုက်မှုများကို သာလျှင် ခံယူနေကြ ရသည်။
ကျောင်းသား အများစုသည် မြို့ရိုးထိပ်တွင် ရပ်လျက်ရှိကြပြီး အင်မော်တယ် မန္တန်များကို အဆက်မပြတ် သုံးစွဲခဲ့သည်ကြောင့် ဆေးလုံးများ သောက်သုံး နေကြရသည်။ လုံခြုံမှု ရှိသည်သာမက အကျိုး သက်ရောက်မှုလည်း ရှိပေသည်။ ထို့အပြင် ကျောင်းသားများသည် ယခုကဲ့သို့ သတ်ဖြတ်နေကြ ရသဖြင့် မြူးထူးလျက် ရှိကြသည်။
ဤသည်ကို ကြည့်လျှက် အန်လင်းသည် တိတ်တဆိတ်သာ ခေါင်းညိတ် လိုက်မိသည်။
ဒီတိုက်ပွဲက … သေချာပေါက် အနိုင်ပဲ ...
သို့သော်လည်း ထိုကဲ့သို့ တွေးနေစဉ်မှာပင် အဝေး တစ်နေရာမှနေ မဟူရာ လှံတစ်ချောင်းအား ရုတ်ခြည်း ပစ်လွှတ် လိုက်လေသည်။
လှံသည် မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်ပြီး လေထုအတွင်း ပေထောင်ပေါင်းများစွာ ရှည်သည့် အနက်ရောင် ထိုးချက်တစ်ခု ဖြစ်ပေါ်စေသည်။
လှံလမ်းကြောင်းတွင် ရှိနေသည့် သန္ဓေပြောင်း သားရဲများသည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေသည်။
ဘုန်း ...
လှံသွားသည် အဖြူရောင် အကာအကွယ်ကို ဖျက်ဆီး လိုက်ပြီးနောက် ထူထဲလှသည့် သံနံရံတွင် ကြီးမားသည့် အပေါက်တစ်ပေါက် ဖြစ်ကာ နစ်ဝင်သွားသည်။
ကြီးမားလှသည့် အပေါက်ကြီးအား မြင်သည့်အခါတွင် သန္ဓေပြောင်း သားရဲတို့သည် အရှိန်အဟုန်ဖြင့် ပြေးဝင် လာကြသည်။
ဓားအင်မော်တယ် လင်းရှောင်၏ အမူအရာမှာ မည်းမှောင်လာပြီး နောက်တွင် အဝေးဆီသို့ အေးစက်စွာဖြင့် ကြည့်လိုက်သည်။ "မကြာဘူး ... ပြန်လာခဲ့မယ် ... ရွှမ်ယွမ်ချန်နဲ့ စုချန်းရန် ... ကောင်းကင်ကို သေချာ စောင့်ကြည့်ထား ..."
ဤသည်ကို ကြားလိုက်သည့် အခါတွင် ရွှမ်ယွမ်ချန်နှင့် စုချန်းရန်တို့ နှစ်ဦးစလုံးသည် လေးနက်စွာဖြင့် ခေါင်းညိတ် လိုက်ကြသည်။
ဓားအင်မော်တယ် လင်းရှောင်သည် သူ၏ဓားပေါ်သို့ ခုန်တက်ပြီးနောက် အဖြူရောင် အလင်းတန်း အသွင်သို့ ပြောင်းကာဖြင့် အဝေးသို့ ပျံသန်း သွားတော့သည်။
ရုတ်တရက် ဆိုသလို မြို့တံခါး ချိုးဖောက်ခံရ သဖြင့် မန္တန် အသုံးပြုသူများ အားလုံးတို့သည် သန္ဓေပြောင်း သားရဲများ ဝင်ရောက်မှုမှ ကာကွယ်ရန် အတွက် မြို့ရိုးအနီးသို့ ရောက်ရှိ လာကြသည့် သန္ဓေပြောင်း သားရဲများအား ဦးစားပေး တိုက်ခိုက် ကြတော့သည်။
လှံကိုင်ဆောင် သူများသည် မြို့တံခါး နောက်ကွယ်မှ ထွက်ပေါ် လာပြီးနောက် တစ်ဟုန်ထိုး ပြေးဝင် လာကြသည့် သန္ဓေပြောင်း သားရဲများအား လှံဖြင့် ထိုးစိုက်ကာဖြင့် သေဆုံးခြင်းထံသို့ ပို့ဆောင်ပေးလျက် ရှိနေသည်။
ရွှမ်ယွမ်ချန်သည် ဓားပေါ်သို့ တက်ကာဖြင့် ကောင်းကင်တွင် ရှိနေသည့် သန္ဓေပြောင်း သားရဲများ ထံသို့ ပြေးဝင်သွားသည်။
အခြား တစ်ဖက်တွင် စုချန်းရန်သည် တိုက်ပွဲပြင်၏ ထိပ်ဆုံးတွင် တိတ်ဆိတ်စွာဖြင့် မတ်မတ်ရပ်လျက် ရှိနေသည်။ သူမ၏ ပြာဖျော့ဖျော့ လရောင်ဝိုင်းသည် လေကို ဖြတ်သန်းကာ မိုးပျံ သားရဲများအား ဝေ့ကာ ဝိုက်ကာဖြင့် ခုတ်ပိုင်းလျက် ရှိနေသည်။
ထိုအချိန်တွင် မီးတောက်စိမ်းများ ပတ်လည် ဝန်းရံထားသည့် မဟူရာမြင်း တစ်ကောင်သည် မြို့တံခါးအား ချိုးဖျက် လာလေသည်။
မြင်းထံသို့ လှံများစွာ ပစ်လွှတ် လိုက်သဖြင့် သတ္တု ပွတ်တိုက်သံ များစွာကို ကြားနေရပြီး
မဟူရာမြင်း၏ ခန္ဓာကိုယ်မှ များပြားသည့် မီးတောက်များ ထွက်ပေါ်လာကာ အနီးအနားတွင် ရှိနေသည့် လှံတပ်သားများအား ကပ်ငြိ သွားလေသည်။
မီးတောက်ကပ်ငြိ ခံရသည့် တပ်သားများသည် လျင်မြန်စွာ အိုမင်းရွတ်တွ လာသည်။
သူတို့၏ ခန္ဓာကိုယ် အတွင်းမှနေ စွမ်းအင် အမျှင်တန်းများ ထွက်ပေါ်လာပြီး ချက်ချင်း ဆိုသလိုပင် မြို့တံခါးနောက်မှ နာကျင်စွာ အော်ဟစ် ညည်းတွားသံများ ထွက်ပေါ်လာသည်။
"ငရဲမြင်း ဟေ့ ... အဲ ... အဲဒါ စိတ်ဝိညာဉ် သားရဲကွ ..." တပ်သားများသည် သတိပေး အော်ဟစ် လိုက်ကြသည်။
ယင်းအော်ဟစ်သံအား ကြားလိုက်ရသည့် အခါတွင် မြို့တံခါးအား ခုခံနေသည့် တပ်သားများမှာ ထိတ်လန့်ကာဖြင့် ခိုင်မြဲစွာ ရပ်လျက် ရှိနေကြကုန်သည်။ စိတ်ဝိညာဉ် သားရဲတိုင်းသည် ရင်ဆိုင်ဖို့ရာ ခက်ခဲလွန်း သည်ချည်းသာ။
ငရဲမြင်းသည် တပ်သားများ၏ ခန္ဓာကိုယ်များမှ စွမ်းအင်များကို စုပ်ယူလိုက်သည်။ ပြီးနောက်တွင် စိတ်ကျေနပ်မှု အပြည့်ဖြင့် "လူသား ကျင့်ကြံသူတွေရဲ့ အသက် စွမ်းအားက တကယ်ကို အရသာ ရှိတာပဲ ..."
စိတ်ဝိညာဉ်သားရဲ တစ်ကောင်ပင် ဖြစ်စေကာမူ တပ်သားများသည် ကြောက်ရွံ့မှု ကင်းစွာဖြင့် ရင်ဆိုင်နေကြဆဲ ဖြစ်သည်။
သူတို့၏နောက်တွင် သန်းနှင့်ချီသော မြို့သားများ ရှိနေသည်။ သူတို့ တတ်စွမ်းသဖြင့် အစွမ်းကုန်ဖြင့် မြို့တံခါးအား စောင့်ကြပ် ကာကွယ်ရပေမည်။
မြောက်မြားလှသည့် လက်နက်များသည် ငရဲမြင်းအား ထိုးစိုက် ကြလေသည်။ သို့သော်လည်း အဆိုပါ တိုက်ခိုက်မှုများသည် ၎င်းအား ခြေတစ်လှမ်းမျှ နောက်ဆုတ်ဖို့ရန် ဖိအားမပေးနိုင်ရုံ သာမက ထိခိုက် ဒဏ်ရာပင် မရရှိစေနိုင်ပါ။
"ဟူး ... အားနည်းလွန်းတယ် ... ငါ့စိတ်ဆန္ဒ ရှိသလို စားသောက်ခွင့် ပေးပါနော် ..."
ယင်းသို့ ပြောပြီးနောက်တွင် အစိမ်းရောင် မီးတောက်များသည် မီးဆင်နှာမောင်း အသွင်သို့ ပြောင်းလဲ မြင့်တက်လာကာ ပတ်ပတ်လည်အား ရက်စက် ကြမ်းကြုတ်စွာ လောင်ကျွမ်းတော့သည်။
ရုတ်တရက် ဆိုသလိုပင် ကောင်းကင်ထက်မှ စွမ်းအားကြီးသည့် ပုံရိပ်တစ်ခု ဆင်းသက်လာသည်။
ငွေသံတုတ်သည် မီးတောက်များကို ဆုတ်ဖြဲကာဖြင့် ငရဲမြင်း၏ ဦးခေါင်းအား ရိုက်နှက်လိုက်သည်။
ငရဲမြင်း၏ တုံ့ပြန်မှုသည် ရူးသွပ်ဖွယ် ကောင်းလောက်အောင် မြန်ဆန်ပြီး အနောက်သို့ ခုန်ကာဖြင့် တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။
ဘုန်း ...
မြေပြင်သည် စတင်၍ တုန်ခါ လာပြီးနောက် ဖုန်တိုက်များ အကြားမှ ခံ့ညားသည့် မျောက်တစ်ကောင် ထွက်ပေါ်လာသည်။ အဆိုပါမျောက်သည် ပန်းမန် သစ်သီးတောင်မှ ရွှေမျက်လုံး မျောက်မင်းမှလွဲ အခြား မရှိချေ။
"ဒီ ထုံအနေတဲ့ မျောက်က ဘယ်ကနေ ရောက်လာတာလဲ ... မင်းက တကယ်ကြီး လူသား ကျင့်ကြံသူတွေကို ကယ်တင် လိုက်တာပေါ့လေ ..." အကျည်းတန် မျောက်မင်းအား မြင်လိုက်ရသည့် အခါတွင် ငရဲမြင်းသည် ဒေါသတကြီး ဖြစ်လာတော့သည်။
"ထုံအတဲ့ မျောက်က ဘယ်က လာတာတဲ့လား ... ငါက ပန်းမန် သစ်သီးတောင်ရဲ့ အကျည်းတန် မျောက်မင်းပဲ ... ငါ့ရဲ့အိပ်မက်က တစ်နေ့ကျရင် အနောက်အရပ်ကို ခရီးထွက်ပြီး လေးစား အားကျရတဲ့ ငါ့ အိုင်ဒဲလ်ကို ရှာဖွေဖို့ပဲ ဖြစ်တယ် ..." ရွှေမျက်လုံး မျောက်မင်းသည် သူ၏ သံတုတ်အား ဝှေ့ယမ်းကာဖြင့် ငရဲမြင်းထံသို့ ခုန်အုပ်လိုက်သည်။ "သောက်အဓိပ္ပာယ် မရှိတာတွေ တော်လောက်ပြီ ... မင်းရဲ့ သေခြင်းတရားကို လက်ခံလိုက်တော့ ..."
ငရဲမြင်းသည်လည်း ရွှေမျက်လုံး မျောက်မင်းထံ ပြေးဝင် လိုက်ပြီးနောက် သူ့အား လွှမ်းခြုံလျက် ရှိနေသည့် မီးတောက်များသည် ပို၍တောက်ပစွာ လောင်ကျွမ်း လာကြသည်။
ထိပ်တိုက်ရင်ဆိုင် မိသည့်နောက်တွင် စိတ်ဝိညာဉ်သားရဲ နှစ်ကောင်သည် ချက်ချင်း ဆိုသလိုပင် မြေပြင်၏ ပေ ၁၀၀ ပတ်လည်အား ပွတ်တိုက်ဖျက်ဆီး လိုက်လေသည်။
သူတို့၏ တိုက်ပွဲဇုန်အတွင်း ရောက်ရှိနေကြသည့် တပ်သားများသည် အဝေးသို့ ထွက်ပြေးသွားပြီး အခြားသော သန္ဓေပြောင်း သားရဲများအား သတ်ဖြတ်ရန် ရှာဖွေကြသည်။
ရှောင်ချိုး တိုက်ပွဲအတွင်း ဝင်ရောက်ကာ ရင်ဆိုင်နေခြင်းအား မြင်လိုက်ရသည့် အခါတွင် အနီးကပ် တိုက်ခိုက်ရာတွင် ကောင်းမွန် ပိုင်နိုင်ကြသော ကျောင်းသား များစွာတို့သည် ခုန်ဝင် လိုက်ကြပြီးနောက် မြေပြင်ပေါ်ရှိ သန္ဓေပြောင်း သားရဲများအား တက်ညီလက်ညီ တိုက်ခိုက် ကြတော့သည်။
အန်လင်းသည်လည်း မြို့ရိုးမှ ခုန်ဆင်းလိုက်သည်။ ပေ ၁၀၀ အမြင့်မှ ခုန်ချ ရခြင်းသည် လွန်စွာရင်ဖို ရပေသည်။
သို့သော်လည်း သူသည် တာအိုခန္ဓာ အဆင့် ၁၀ သို့ ရောက်နှင့်ပြီး ဖြစ်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။ သူ၏ ကြွက်သားများနှင့် အရိုးများသည် အလွန်သန်မာ တောင့်တင်းနေပြီ ဖြစသည်ကြောင့် မည်သည့် ထိခိုက်ဒဏ်ရာမှ မရရှိခဲ့ပေ။ မြေပြင်သို့ ဆင်းသက်လိုက်သည့် အခါတွင် သူ၏ ခြေထောက်များသည် အနည်းငယ် တုန်ရီနေရုံမျှသာ ဖြစ်သည်။
“ဝေါင်း ...”
ထိုအချိန်တွင် ရဲရဲနီနေသော ဝံပုလွေ တစ်ကောင်သည် အန်လင်းထံ ခုန်အုပ်လာသည်။
အန်လင်းသည် သူ၏ ရွှေရောင် တောက်ပနေသည့် ဓားအား ဆွဲထုတ်လိုက်ပြီး ရဲရဲတောက် ဝံပုလွေအား ခုတ်ပိုင်းလိုက်သည်။
ဤတစ်ကြိမ်တွင် အန်လင်းသည် တောင်ခွင်း လက်သီးအား အသုံးမပြုတော့ပါ။ အဆိုပါ အင်မော်တယ် မန္တန်သည် အလွန်အမင်း စွမ်းအားကြီးသည့် အတွက် သူ၏ ချီစွမ်းအင်များကို ပမာဏ ကြီးမားစွာ လျော့ကျစေသည်။ ဆိုလိုသည်မှာ တောင်ခွင်း လက်သီးသည် အချိန်ကြာမြင့်စွာ တိုက်ခိုက်ရမည့် တိုက်ပွဲများနှင့် မသင့်လျော်ပေ။ သာမန် သန္ဓေပြောင်း သားရဲများအား ရင်ဆိုင်ရာတွင် အန်လင်း အနေဖြင့် သူ၏ ရွှေရောင်ဓားအား အသုံးပြုရန်သာ လိုအပ်သည်။ ထို့အပြင် ယခုတိုက်ပွဲအား အခွင့်အရေး ယူကာဖြင့် သူ၏ ဓားစွမ်းရည်ကိုပါ သွေးနိုင်သေးသည်။
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေးထံမှ စိတ်ဝိညာဉ် ကျောက်တုံး ၅ တုံးဖြင့် ဝယ်ယူခဲ့သည့် 'ပြီးပြည့်စုံသော အခြေခံ ဓားနည်းစနစ် စုဆောင်းမှု' အား ကျွမ်းကျင်စွာ တတ်မြောက်သွားပြီ ဖြစ်သည်။
ယခုအခါတွင် ဓားကို အသုံးပြု၍ တိုက်ခိုက်ပါက အန်လင်းသည် ဓားသခင် တစ်ဦး၏ အပြုအမူ အချို့အား ပိုင်ဆိုင် ထားလေပြီ။
သူ၏ ဖြတ်ပိုင်းချက်များ၊ ထိုးသွင်းချက်များ၊ ခုတ်ချက်များ အားလုံးသည် သေသပ်လှပပြီး အချိန် မဆိုင်းဘဲနှင့် ရဲရဲတောက် ဝံပုလွေအား သတ်ဖြတ်လိုက်သည်။
ထိုအချိန်မှာပင် ကြီးမားသည့် ဝက်ဝံဖြူ တစ်ကောင်သည် အေးစက်သည့် အော်ရာများ ထုတ်လွှတ်ကာဖြင့် အန်လင်းထံ ခုန်ဝင်လာပြီး သူ၏ လက်သည်းများဖြင့် အန်လင်းအား ပုတ်လိုက်သည်။
"ကန့်သတ်မဲ့ ဓားနတ်ဘုရား ခုတ်ချက် ..."
အန်လင်း ဟိန်းဟောက် ပြီးသည်နှင့် ရွှေရောင်ဓားသည် ဝက်ဝံလက်အား လျင်မြန်စွာဖြင့် ခုတ်ပိုင်းလိုက်သည်။
ဘုန်း ...
ပြင်းထန်သည့် ပေါက်ကွဲမှု တစ်ခုသည် သူ၏ခန္ဓာကိုယ် အတွင်း ဖြတ်သန်း လာပြီးနောက် ကြီးမားသည့် ဝက်ဝံကြီးသည် သူ့အား အနောက်သို့ ရိုက်ထုတ် လိုက်လေသည်။
“စိတ်ဝိညာဉ် သားရဲလား ...”
အန်လင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဝက်ဝံဖြူကြီး ထုတ်လွှတ်လျက် ရှိသည့် အားကောင်းသည့် အော်ရာများအရ ယင်းသည် သေချာပေါက် စိတ်ဝိညာဉ် သားရဲသာလျှင် ဖြစ်သည်။
မြေပြင်ပေါ်သို့ ကျရောက်ပြီး နောက်တွင် နာကျင်စွာဖြင့် ညည်းညူလိုက်သည်။
ဝက်ဝံဖြူကြီးသည် သူ့အား နောက်တစ်ဖန် ခုန်အုပ် လာသည်ကို မြင်လိုက်ရသည့် အခါတွင် အန်လင်းသည် အင်မော်တယ် တစ်ပိုင်း လက်နက်ဖြစ်သည့် မိစ္ဆာရှင်းဓားအား ဆင့်ခေါ်လိုက်သည်။
ယခင်ကကဲ့သို့ပင် ဝက်ဝံဖြူကြီးသည် သူ၏လက်ဖြင့် ပုတ်လိုက်ပြန်သည်။ ယင်း၏ တိုက်ခိုက်မှုတွင် ရေခဲတမျှ အေးစက်သည့် စွမ်းအားများ ပါဝင်နေလေသည်။
အန်လင်းသည် ရှောင်ခြင်း တိမ်းခြင်း မပြုပေ။ ထို့အစား ဝက်ဝံထံသို့ ပြေးဝင် သွားပြီးနောက် မိစ္ဆာရှင်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ရွှပ် ...
ဝက်ဝံဖြူကြီး၏ လက်မောင်း ပြတ်ထွက် သွားပြီးနောက်တွင် လေထဲသို့ သွေးများ ဖျန်းပက်လာသည်။
“လူသားကောင် ... မင်းက ငါ့ကို ထိခိုက်ဒဏ်ရာ ရစေနိုင်တဲ့ အစွမ်းရှိ နေတယ်ပေါ့ ...”
လက်မောင်း ခုတ်ဖြတ်ခံရပြီး နောက်တွင် ဝက်ဝံဖြူကြီးသည် ကြောက်လန့် တုန်လှုပ်စွာဖြင့် နောက်သို့ ယိုင်သွားသည်။ အန်လင်း လက်ထဲရှိဓားအား စိုက်ကြည့်ကာဖြင့် သူ့မျက်နှာတွင် သတိရှိသည့် အမူအရာများ ပေါ်လာတော့သည်။
သူ၏ အရေပြားမှာ လွန်စွာ ထူထဲပြီး ကြမ်းတမ်းလှသည်။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူများ ပင်လျှင် သူ၏လက်မောင်းအား ဖြတ်တောက်နိုင်ဖို့ရာ အလွန်ကြိုးစား ရပေမည်။ ဤကျင့်ကြံသူမှာမူ တာအိုခန္ဓာ အဆင့်မျှသာ ရှိနေသေးသည်။ ထို့ကြောင့် သူ၏ဓားသည်သာလျှင် အခရာ ဖြစ်ပေလိမ့်မည်။
အန်လင်းသည် ဓားကို ဝှေ့ယမ်း နေပြီးနောက် မျက်နှာတွင် ယုံကြည်မှု ပြည့်ဝသည့် အပြုံးတစ်ပွင့် ဖြစ်ထွန်းလာသည်။
ဘုန်း …
မြေပြင်သည် စတင်၍ တုန်ခါလာပြီး အန်လင်း၏ရှေ့တွင် ဧရာမ ဆင်ကြီးတစ်ကောင် ပေါ်လာသည်။ ယင်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဆူးချွန်များ ပြည့်နှက်နေသည်။ ထိုသားရဲကြီးသည် အန်လင်းအား အေးစက်စွာဖြင့် ကြည့်နေလေသည်။
အဆိုပါ ဆင်ကြီး၏ နောက်ဘက်မှ ရုတ်တရက်ဆိုသလို ကြောက်မက်ဖွယ် အော်ရာများ ထွက်ပေါ်လာသည်။
ခြင်္သေ့နှစ်ကောင်သည် ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှ အနက်ရောင် အော်ရာများ ထွက်ပေါ်လျက် ရှိသည်။ ယင်းခြင်္သေ့ နှစ်ကောင်သည် ရဲရဲနီနေသည့် မျက်လုံးများဖြင့် အန်လင်းအား စုန်ကာဆန်ကာ ကြည့်နေကြသည်။ ပါးစပ်များကို ဟကာဖြင့် ချွန်ထက်ကာ မည်းနက်နေသည့် အစွယ်များအားလည်း လှစ်ဟပြ နေသေးသည်။
အန်လင်း၏ နဖူးမှနေ ချွေးသီးများ ကျလာလေပြီ။
သူ့အား ဝန်းရံလျက် ရှိနေသည်မှာ ....
စိတ်ဝိညာဉ်သားရဲ ... လေးကောင်။
နောက်တစ်ဖန် နားလည်မိ လိုက်သည်မှာ သားရဲအုပ် တစ်ခုလုံးတွင် စိတ်ဝိညာဉ်သားရဲ ၁၀ ကောင်ပင် မပြည့်ချေ ...။
၈ ... ဒီထက်ပိုပြီး ကံဆိုးနိုင်ပါဦး မလား ...
***