← Chapters

မူလစဦး ပဉ္စမအဆင့်

Vol. 35 Ch. 476

မူလစဦး ပဉ္စမအဆင့်

Vol. 35 Ch. 476

ကောင်းကင်တစ်ခွင်လုံးမှာ ရွှေရောင်ချီစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားလေသည်။

စောင့်ကြည့်နေကြသူများမှာ ေရွးချယ်ခြင်းတောင်ထွတ်ပေါ်ရှိ အပျက်အစီးများအကြားမှ ပုံရိပ်တစ်ခုအား အ့ံအားသင့်စွာဖြင့် ငေးမောကြည့်ရှုနေကြ၏။ မည်သူကမှ ပြင်းထန်လှသော တိုက်ပွဲအတွင်းမှာပင် ဇူယွမ်မှ ကျင့်ကြံခြင်းအဆင့် တက်သွားနိုင်လိမ့်မည်ဟု မျှော်မှန်းမထားခဲ့ကြချေ။

ဇူယွမ်မှာ မူလစဦး ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားခ့ဲခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင်​့ ရွေးချယ်ခြင်းအခမ်းအနား စတင်သည့်အချိန်မှစ၍ ဇူယွမ်မှာ ပြင်းထန်လှသော တိုက်ခိုက်မှုများကိုသာ ပြုလုပ်ခ့ဲလေသည်။ ကျင့်ကြံခြင်းအဆင့်တက်ရန် အကောင်းမွန်ဆုံးနည်းလမ်းမှာ ​အာရုံစူးစိုက်ကာ ပြင်းထန်စွာ ယှဥ်ပြိုင်တိုက်ခိုက်၍ တိုက်ပွဲအတွေ့အကြုံ ဖြည့်တင်းလိုက်ခြင်းပင် ဖြစ်၏။

"ဇူယွမ်က သေချာကို ပြင်ဆင်ထားခဲ့တာပဲ။"

စောင့်ကြည့်နေ​ြကသော တပည့်များမှ အ့ံအားသင့်စွာဖြင့် အသိအမှတ်ပြု ချီးကျူးလိုက်ကြသည်။ ဇူယွမ်မှာ ကျင့်ကြံခြင်းအဆင့်အား တက်လှမ်းနိုင်ရန်အတွက် ပြီးပြည့်စုံလှသောအချိန်အား ကောင်းမွန်စွာ စောင့်ဆိုင်းနိုင်ခ့ဲ၏။

ဇူယွမ်ထံမှ ထွက်ပေါ်နေသော ချီစွမ်းအင်များမှာ သန့်စင်လွန်းလှပြီး မူလစဦး အဋ္ဌမအဆင့်အလား ပြင်းထန်လှသော စွမ်းအင်ဖိအားများအား ထုတ်လွှတ်နေလျက် ရှိသည်။ ထိုမျှနှင့်ပင် ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ မည်မျှပင် ခိုင်မာလှသည်ကို သိရှိနိုင်၏။

ကောင်းကင်ထက်တွင် ပျံဝဲနေလျက်ရှိသော ယွမ်ဟောင်မှာ ဇူယွမ်အား ကြည့်ရှုနေရင်းဖြင့် အမူအရာများ ခက်ထန်လာရသည်။ ဤတိုက်ပွဲအတွင်း၌ပင် ယွမ်ဟောင်မှာ ဇူယွမ်၏ အသုံးချခြင်းအား အကြိမ်ကြိမ် ခံစားခဲ့ရ၏။

ဇူယ​ွမ်မှာ ယွမ်ဟောင်၏ စွမ်းအင်များအား အသုံးပြုလျက် ကျင့်ကြံခြင်းအဆင့်နှင့် ပြင်ပသန်မာမှုကျင့်စဥ်များအား အဆင့်တက်သွားခ့ဲခြင်း ဖြစ်သည်။

ဟူး.....

ယွမ်ဟောင်မှာ အေးစက်ခက်ထန်စွာဖြင့် အသက်အားပြင်းပြင်း ရှ္ူထုတ်လိုက်၏။ ယွမ်ဟောင်မှာ စိတ်အားမထိန်းချုပ်နိုင်လောက်အောင် ဒေါသဖြစ်နေရသည်။

ရွှေရောင်ချီစွမ်းအင်များမှာ ကောင်းကင်တစ်ခွင်လုံးကိုပင် လွှမ်းခြုံထား၏။ ထိုချီစွမ်းအင်များအကြား၌ တောက်ပနေသော ပုံရိပ်တစ်ခု ပျံဝဲလျက်ရှိသည်။

ထိုပုံရိပ်မှာ ဇူယွမ်ပင် ဖြစ်၏။

ဇူယွမ်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးစီးကြောင်းများဖြင့် ပြည့်နှက်နေသော်လည်း ထိခိုက်ဒဏ်ရာများမှာ အလုံးစုံ ကောင်းမွန်သွားခဲ့ပြီပင် ဖြစ်သည်။ ဇူယွမ်၏ ခန္ဓာကိုယ်ထက်တွင် ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပနေပြီး အသွေးအသားများမှာမူ ငွေအတိပြီးသည့်အလား ငွေရောင်ခြည်များဖြင့် ပြည့်နှက်နေ၏။

ယွမ်ဟောင်မှာ ဇူယွမ်၏ပုံရ်ပ်အား ကြည့်ရှုနေရင်းမှ ပထမဆုံးအကြိမ်အဖြစ် အန္တရာယ်အငွေ့အသက်အား ခံစားလိုက်ရသည်။

ဇူယွမ်မှာ မျက်ဝန်းများအားပိတ်လျက် ချီပင်လယ်အား စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု တွဲလဲခိုသွား၏။

"ချီကြယ်ပွင့်လေးထောင်...."

မူလစဦး ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်ခ့ဲပြီးနောက် ဇူယွမ်၏ ချီပင်လယ်အတွင်းရှိ ချီကြယ်ပွင့်များမှာ အရေအတွက် လေးထောင်ကျော်မျှအထိ တိုးပွားလာခ့ဲပြီ ဖြစ်သည်။

မူလစဦး စတုတ္တအဆင့်သို့ စတင်ရောက်ရှိစဥ်အချိန်၌ ဇူယွမ်မှာ ချီကြယ်ပွင့်ထောင့်နှစ်ရာအား ပိုင်ဆိုင်နိုင်ခဲဲ့၏။ ထို့နောက် မူလစဦး စတုတ္တအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာသည်နှင့်အမျှ ချီကြယ်ပွင့်များမှာ အရေအတွက် နှစ်ထောင်အထိ တိုးပွားလာခ့ဲ​ေလသည်။

ယခု မူလစဦး ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်ခ့ဲပြီးသည့်နောက်တွင်မူ ချီကြယ်ပွင့်မှာ လေးထောင်အထိပင် များပြားလာ၏။

ဇူယွမ်၏ ချီကြယ်ပွင့် အရေအတွက်ကိုသာ သိရှိသွားကြပါက ပတ်ဝန်းကျင်တစ်ခုလုံးသည်ပင် ဆူညံသွားနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် မူလစဦး အဋ္ဌမအဆင့် တပည့်တစ်ဦးသည်ပင် ချီကြယ်ပွင့် အရေအတွက်လေးထောင်အား မပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်၏။

ဇူယွမ်မှာ ယွမ်ဟောင်အား တည်ငြိမ်စွာဖြင့်ပင် ကြည့်ရှုလိုက်သည်။ ဇူယွမ်မှာ ယွမ်ဟောင်အား ပြုံးကာစကားဆိုလိုက်၏။

"အခုအချိန်က ငါတို့ရဲ့တိုက်ပွဲကို အဆုံးသတ်ရမယ့် အခိျန်ပဲမလား။"

ယွမ်ဟောင်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ "မူလစဦး ပဉ္စမအဆင့်လောက်နဲ့ အရာအားလုံးကို ပြောင်းလဲနိုင်မယ် ထင်နေတာလား။"

ယွမ်ဟောင်မှာ ဇူယွမ်အဆင့်တက်နိုင်ရန်အတွက် နှစ်ကြိမ်တိုင် အသုံးချခံခ့ဲရခြင်းအား တွေးတောလိုက်ရုံမျှဖြင့် နှလုံးသွေးပင်ကျမတက် ဒေါသထွက်နေရ၏။

ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မပြုနေတော့ပဲ လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်။ ​ြပင်းထန်လှသော ချီစွမ်းအင်များမှာ ဇူယွမ်၏ ဦးခေါင်းထက်မှ ပေါက်ကွဲထွက်ပေါ်လာ၏။

ယွမ်ဟောင်၏ အမူအရာများမှာ ခက်ထန်သွားရပြီးနောက် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲပဲ ထက်ရှလှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

ဝှစ်.....

ဇူယွမ်မှာ ပတ်ဝန်းကျင်မှ ချီစွမ်းအင်များအား ဆုပ်ယူလိုက်ပြီးနောက် ပါးနှစ်ဖက်မှာ ပူပေါင်းကြီးအလား ဖောင်းကားလာ၏။ ထို့နောက် ဇူယွမ်မှာ နှုတ်ခမ်းထက်မှ ခရမ်းပြာရောင်မီးတောက်များအား မှုတ်ထုတ်လိုက်သည်။

ခရမ်းပြာရောင်မီးတောက်များမှာ လေထုများကိုပင် လောင်ကျွမ်းစေလျက် လျင်မြန်လှသောအရှိန်ဖြင့် ယွမ်ဟောင်ထံသို့ ဦးတည်ပျံဝဲလာ၏။

"ကောင်းကင်ဘုံနေမင်းမီးတောက်လား။" ယွမ်ဟောင်မှာ အနည်းငယ် အ့ံအားသင့်သွားပြီးနောက် မထီမဲ့မြင်ပြုဟန်ဖြင့် မေးမြန်းလိုက်သည်။ "ဒါလေးလောက်နဲ့ ငါ့ကိုနိုင်မှာတဲ့လား။"

ဇူယွမ်မှာ ယွမ်ဟောင်အား အလုံးစုံ လျစ်လျူရှုကာ ပါးစပ်အတွင်းမှ ရွှေရောင်ချီစွမ်းအင်အချို့အား ထပ်မံမှုတ်ထုတ်လိုက်၏။ ရွှေရောင်ချီစွမ်းအင်များနှင့် ခရမ်းပြာရောင်မီးတောက်များ ပေါင်းစည်းသွားကာ နက်ရွှေရောင်မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ကောင်းကင်နေနတ်ဘုရားမှတ်တမ်း တတိယအဆင့် နက်ရွှေရောင် ကောင်းကင်ဘုံနေမင်းမီးတောက်.."

ဇူယွမ်၏အော်ဟစ်သံအား ကြားလိုက်ရသောအခါ၌ ယွမ်ဟောင်၏ အမူအရာမှာ ပြောင်းလဲသွားရ၏။

"ဇူယွမ်က ကောင်းကင်နေနတ်ဘုရားမှတ်တမ်းရဲ့ အထွတ်အထိပ်အဆင့်ကိုတောင် ရောက်နေပြီပေါ့လေ။" ယွမ်ဟောင်မှာ အလွန်ပင် အ့ံအားသင့်သွားရသည်။ ကောင်းကင်နေနတ်ဘုရားမှတ်တမ်းမှာ အဆင့်နိမ့် ကောင်းကင်ဘုံကျင့်စဥ်တစ်ခုဖြစ်ပြီး အဆင့်သုံးဆင့် ပါဝင်၏။ ဇူယွမ်မှာ တစ်နှစ်မျှသော အချိန်အတွင်းမှာပင် ကောင်းကင်နေနတ်ဘုရားမှတ်တမ်း၏ အထွတ်အထိပ်အဆင့်အား တက်လှမ်းနိုင်ခ့ဲခြင်း ဖြစ်သည်။

ယွမ်ဟောင်သည်ပင် လက်ရှိကျင့်ကြံနေသော ကောင်းကင်ဘုံကျင့်စဥ်များအား အထွတ်အထိပ်အဆင့်သို့ ရောက်သည်အထိ လေ့ကျင့်နိုင်ခြင်း မရှိချေ။

ယွမ်ဟောင်မှာ အနည်းငယ်မျှပင် တွေဝေမနေတော့ပဲ လက်နှစ်ဖက်ကို အတူတကွ ချိတ်ဆက်ကာ ေကာင်းကင်ကိုပင် ပြည့်နှက်သွားစေလောက်သော သွေးနီရောင် ဓားအရိပ်များအား ထွက်ပေါ်စေလိုက်၏။

ဝှစ်.....ဝှစ်....

မျက်စိတမှိတ်စာမျှသော အချိန်လေးအတွင်းမှာပင် သွေးနီရောင်ဓားအရိပ်များနှင့် ကောင်းကင်ဘုံနေမင်းမီးတောက်တို့ တွေ့ဆုံသွားကြသည်။

ချပ်...ချပ်...

သို့သော် ကောင်းကင်ဘုံနေမင်းမီးတောက်နှင့် ထိတွေ့လိုက်ရသည်နှင့်တကွ သွေးနီရောင်ဓားအရိပ်များမှာ လွင့်ပြယ်သွားရ၏။

ဓားအရိပ်များ လောင်ကျွမ်းလွင့်ပြယ်လာရသည်နှင့်အမျှ ယွမ်ဟောင်၏ ခန္ဓာကိုယ်ထက်တွင်လည်း လောင်ကျွမ်းဒဏ်ရာများဖြင့် ပြည့်နှက်လာရသည်။ ဓားအရိပ်များမှာ ကောင်းကင်မီးလျှံဓားသွား၏ စွမ်းအင်ဖြင့် ဖန်တီးထားခြင်းဖြစ်သောကြောင့် ဓားသွားနှင့်တစ်သားတည်းဖြစ်နေသော ယွမ်ဟောင်မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိနေရ၏။

ယွမ်ဟောင်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်လာရပြီးနောက် ပါးနှစ်ဖက်မှာ ပူပေါင်းကြီးအလား ဖောင်းကားလာသည်။

"ကောင်းကင်မီးလျှံလှိုင်းလုံး..."

ယွမ်ဟောင်မှာ နှုတ်ခမ်းထက်မှ သွေးနီရောင် ဓားချီများအား မှုတ်ထုတ်လိုက်၏။ ဓားချီများမှာ နက်ရွှေရောင် ကောင်းကင်ဘုံနေမင်းမီးတောက်များဆီသို့ ဦးတည်ပျံဝဲသွားသည်။ ဓားချီများး ထက်ရှမှုကြောင့် နက်ရွှေရောင် ကောင်းကင်ဘုံနေမင်းမီးတောက်ကြီးမှာ ကွဲထွက်သွားရ၏။

ယွမ်ဟောင်မှာ စိတ်သက်ရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ခုအား အာရုံခံလိုက်မိသည်။ ယွမ်ဟောင်မှ ခေါင်းအားမော့ကြည့်သောအခါတွင် ကောင်းကင်ထက်၌ ဇူယွမ်မှာ အေးစက်လှသော မျက်ဝန်းများဖြင့် ကြည့်ရှုနေသည်ကို တွေ့ရှိလိုက်ရ၏။

ချက်ချင်းဆိုသလိုပင် ဇူယွမ်မှာ သားရဲတစ်ကောင်အလား ကြောက်မက်ဖွယ်ရာအရှိန်ဖြင့် ယွမ်ဟောင်ထံသို့ ထိုးဆင်းလာသည်။

"ကျောက်စိမ်းရောင်အသားအရေ..." ဇူယွမ်၏ ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပလာ၏။

"ငွေရောင်ခြည်အသွေးအသား...."

"မှောင်ဆန်သော နဂါးကြေးခွံ...."

"မူလစဦး ပဉ္စမအဆင့်....." ဇူယွမ်၏ ချီပင်လယ်အတွင်းရှိ ချီကြယ်ပွင့် လေးထောင်မှာ စတင်လင်းလက်လာသည်။

"အနန္တရပြောင်းလဲခြင်း...." ကောင်းကင်ဘုံယွမ်စုတ်တံ၏ အမွှေးများမှာ အဝတ်စတစ်ခုအလား ပြောင်းလဲသွားပြီးနောက် ဇူယွမ်၏လက်ဝါးနှစ်ဖက်အား ရစ်ပတ်လိုက်၏။

"ချီဖြိုခွဲခြင်း..." ဇူယွမ်၏လက်အား ရစ်ပတ်ထားသော အဝတ်ဖြူစများမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ယခုအချိန်တွင် ဇူယွမ်၏စွမ်းအင်များမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်ပင် မြင့်မားနေပြီ ဖြစ်၏။

"သန်းချီသောနဂါးဝေလငါးမှော်စာလုံး...."

ဇူယွမ်မှာ အော်ဟစ်လိုက်ပြီးနောက် ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာကာ ရွေးချယ်ခြင်းတောင်ထွတ် တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။

ထို့နောက် ဇူယွမ်မှာ အားအင်အပြည့်ဖြင့် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကာ ထိုးချလိုက်၏။

ယွမ်ဟောင်၏ မျက်ဝန်းများမှာ ကြောက်လန့်တုန်လှုပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရပြီးနောက် လျင်မြန်စွာပင် လှုပ်ရှားလိုက်သည်။

"ကောင်းကင်မီးလျှံဓားသွား..."

ယွမ်ဟောင်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းဖြင့် ထိုးချလိုက်၏။ ယွမ်ဟောင်မှာ စွမ်းအင်အလုံးစုံအား အကုန်အစင် အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။

ဝုန်း....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ပြင်းထန်လှသော လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားကြ၏။

ေစာင့်ကြည့်နေကြသော တပည့်များမှာ မျက်တောင်ပင်မခတ်နိုင်ပဲ စိတ်အားထက်သန်စွာဖြင့် ေငးမောကြည့်ရှုနေကြလေသည်။

All Chapters