← Chapters

သိုင်းခန်းမတွင် သိုင်းလေ့ကျင့်ဖက်အဖြစ်

Vol. 1 Ch. 16

သိုင်းခန်းမတွင် သိုင်းလေ့ကျင့်ဖက်အဖြစ်

Vol. 1 Ch. 16

အကြီးအကဲလျှို သေဆုံးရခြင်း၏ အကြောင်းအရင်းသည် လျင်လျင်မြန်မြန်ပင် ပေါ်ပေါက်လာခဲ့သည်။ အကြီးအကဲလျှိုတွင် ကုသ၍ မရနိုင်သော ရောဂါရှိပြီးသားဟု သိရသောအခါတွင် ကျန်းရီ၏ အပြစ်ရှိသလို ခံစားရစိတ်များ လျော့ပါးသွားခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် ကိစ္စသုံးခုကို ကြုံတွေ့ခဲ့ပြီး အပြင်းဖျားသွားခဲ့သော်လည်း သေဆုံးခြင်းမှ လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော နေ့များညများတွင် ဆေးကို မရပ်မနား လေ့လာနေခဲ့မှုသည် သူ့ကို စောစီးစွာ သေဆုံးသွားစေခဲ့သည် ....

အကြီးအကဲလျှိုနှင့် ပတ်သက်၍ ကျန်းရီတွင် မည်သည့် ခံစားချက်မျှ ရှိမနေခဲ့ပေ။ သို့ရာတွင် သူသည် ထိုလူကြီးကို တိုက်ရိုက် သတ်ဖြတ်လိုက်ခြင်း မဟုတ်သော်လည်း သူ၏ ရက်အနည်းငယ်ကို အပြစ်ရှိသလို ခံစား၍ ကုန်ဆုံးခဲ့ရသည်။ သူသည် အကြီးအကဲလျှို၏ အထိမ်းအမှတ် ကမ္ဗည်းတိုင်ဆီ ညလယ်ဘက်တွင် သွားကာ ကမ္ဗည်းတိုင် အရှေ့တွင် အဝါရောင် သေရည်နှစ်ခွက်ကိုငှဲ့ပြီး အကြိမ်များစွာ အရိုအသေ ပေးခဲ့သေးသည်။

ထို့အပြင် အကြီးအကဲလျှို၏ သေဆုံးမှုကြောင့် အဂ္ဂိရတ်ဌာနကို လုံးဝပိတ်ထား လိုက်သည့်အတွက် ကျန်းရီတွင် ဆေးဖော်စပ်ရန် အခွင့်အရေး လုံးဝဆုံးရှုံး သွားခဲ့ရသည်။ ဂိုဏ်း၏ တစ်ဦးတည်းသော အဂ္ဂိရတ်ပညာရှင် သေဆုံးသွားခြင်းကြောင့် ဆေးများကို လက်ရှိတွင် ဆေးများကို အပြင်မှသာ ဝယ်ယူသုံးစွဲ ရတော့ပေမည်။ ဆေးအားလုံးကို အချိုးကျ ခွဲဝေသိမ်းဆည်း ပြီးသည်နှင့် အဂ္ဂိရတ်ဌာနရှိ ဆေးများကို အရေးတကြီး လိုအပ်မှသာ သုံးနိုင်စေရန် ဌာနကို ချိတ်ပိတ် လိုက်တော့သည်။

အကြီးအကဲလျှို သေဆုံးသွားသည်မှာ သုံးရက်ကြာခဲ့ပြီ ဖြစ်သည်။ ကျန်းရီသည် သုံးရက်လုံးလုံး ရှောင်နူကို ခြံဝင်းရှေ့ကို စောင့်ကြည့်ခိုင်းထားကာ ခြံဝင်းအနောက်ဘက်တွင် သူ၏ စွမ်းရည်များကို လေ့ကျင့်ရင်း အိမ်တွင်သာ ပုန်းနေခဲ့သည်။

သူ၏ စိတ်သည် အလွန်စိုးရိမ် ပူပန်နေခဲ့သည်။ ယခု သူသည် အဂ္ဂိရတ်ဌာနတွင် အလုပ်လုပ်စရာ မလိုတော့သည့်အတွက် ဂိုဏ်းသည် သူ့အတွက် နိမ့်ကျသော အလုပ်များကို စီစဉ်ပေးနေလိမ့်မည်။ ခေါင်းဆောင် ရုန်သည်လည်း သူ့အိမ်ကို ရောက်လာကာ သူ့အိမ်ကို ရောက်လာကာ အနောက်ဘက် တောင်ကုန်းရှိ ဆေးစိုက်ခင်းများ၏ အမိန့်ပေး တံဆိပ်ပြားကို ပြန်ယူပေတော့မည်။

အချိန် ငါ့မှာသာ အချိန်များများ ပိုရခဲ့မယ်ဆိုရင် ငါအခုကြုံနေရတဲ့ ပြဿနာတိုင်းက နောက်ထပ် ပြဿနာ ဖြစ်လာမှာ မဟုတ်တော့ဘူး …

ခြံဝင်းအနောက်လေးတွင် တင်ပျဉ်ချိတ် ထိုင်ထားရင်း ကျန်းရီသည် အံကို တင်းနေအောင် ကြိတ်ထားခဲ့လိုက်သည်။ ဤရက်များအတွင်း သူသည် ချိတ်ပိတ် သင်္ကေတပေါ်ရှိ ရှေးဟောင်း အက္ခရာများစွာကို ဖယ်ရှားပစ်ခဲ့ပြီး၍ ကျင့်ကြံနှုန်းသည်လည်း မူလနှုန်းထက် ခုနှစ်ဆ၊ ရှစ်ဆလောက် မြန်လာခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းရှိ ထူးချွန်သူများနှင့် နှိုင်းယှဉ်ရင် သူ၏ ကျင့်ကြံနှုန်းသည် အလွန့်အလွန်ကို နှေးကွေး လွန်းနေခဲ့သည်။ သူ၏ တစ်လအတွင်းအား ထုတ်ယူနှုန်းသည် အခြားသူများ တစ်နေ့ထုတ်ယူ နှုန်းနှင့် ညီမျှသည်။ ဆိုလိုသည်မှာ သူ၏ ကျင့်ကြံနှုန်းသည် ဂိုဏ်းရှိ ထူးချွန်သူများထက် အဆသုံးဆယ် နှေးကွေးသည်ဟူ၍ ဖြစ်သည်။ သူသည် အနက်ရောင် အတွင်းအားကို တစ်ကြိမ်ရင် အများဆုံး ဆယ်မျှင်သာ ထုတ်လုပ်နိုင်ခဲ့သည်။ ယခု သူ့တွင်သူ၏ ကျင့်ကြံနှုန်းကို အဆများစွာ မြန်စေသည့် စွမ်းရည်ကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သောကြောင့် သူ၏ ကျင့်ကြံနှုန်းသည် ဂိုဏ်းရှိ ထူးချွန်သူများကို မီလာပေလိမ့်မည်။ အချိန်တို အတွင်းမှာပင် သူ၏ တိုက်ခိုက်မှု စွမ်းရည်သည်လည်း ထိုသူတို့ကို မီလာပေလိမ့်မည်။

တကယ်တော့ သူသည် ချိတ်ပိတ်သင်္ကေတကို ချိုးဖျက်နေသည့် အကြောင်းနှင့် အမည်မဲ့ ကျင့်စဉ်အကြောင်းကို ဂိုဏ်းသို့ တင်ပြရန် အတွေးရှိခဲ့သည်။

သူသည် ဂိုဏ်း၏ အသိအမှတ်ပြုမှုကို ပြန်လည်ရရှိရန်နှင့် သူ့ပြဿနာများကို တစ်ခါတည်း ဖြေရှင်းနိုင်ရန် မျှော်လင့်နေခဲ့သည်။ သို့ရာတွင် ဂိုဏ်းရှိ လူတိုင်းသည် သူ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ကြောင်း သူသိနေခဲ့ပြန်သည်။ သူသေချာ စီစစ်ကြည့် လိုက်သောအခါ အကြီးအကဲလျှို၏ မတော်တဆ သေဆုံးမှုကိုပင် ကျန်းဂိုဏ်းသည် သူ့အပေါ် ဒေါသများ ပုံချလာမည်ကိုပင် ကျန်းရီ စိုးရိမ်နေခဲ့သည်။ သို့နှင့် သူသည် သူ၏ စွမ်းရည်များ တဟုန်ထိုး တိုးတက်လာသည့် အကြောင်းကို ဆက်လက် လျှို့ဝှက်ထားရန်နှင့် ထပ်မံ၍ ဖုံးကွယ် မထားနိုင်တော့သော အခါတွင်မှ ပြောပြရန် ဆုံးဖြတ်ခဲ့လိုက်သည်။

"ကျန်းရီ ... အခုချက်ချင်း ထွက်လာခဲ့စမ်း …"

ကျယ်လောင် စူးရှသော အသံတစ်သံသည် ကျန်းရီကို သူ၏ အတွေးများထဲမှ လှုပ်နှိုးခဲ့သည်။

ထိုအသံကို ကြားလိုက်ရသည်နှင့် ဒုက္ခသည် သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ ဖြစ်ကြောင်း သူ့ဟာသူ တွေးခဲ့လိုက်သည်။ ခေါင်းဆောင်ရုန်သည် ရောက်လာခဲ့ပေပြီ။ သူ့ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးလို ကွေးလိုက်ရင်း သူသည် ခြံဝင်းနောက်ရှိ ထင်းပုံထဲတွင် အလျင်အမြန် ပုန်းနေခဲ့လိုက်သည်။ သူသည် အသက်တောင် မရှူဝံ့ပေ။

မရှေးမနှောင်းမှာပင် ကျန်းရှောင်နူ၏ ခပ်တိုးတိုး ရှင်းပြသံများကို လည်းကောင်း၊ ခေါင်းဆောင်ရုန်၏ ဒေါသတကြီး အော်ငေါက်သံများကို လည်းကောင်း သူကြားလိုက်ရသည်။

အချိန်ခဏ ကြာပြီးနောက် ကျန်းရှောင်နူသည် ခြံဝင်းအနောက်ဘက်ကို ပြေးဝင်လာခဲ့သည် ...

"သခင်လေး ... ခေါင်းဆောင်ရုန် ပြန်သွားပါပြီ ... ဒါပေမဲ့ မနက်ဖြန် မနက်ရောက်ရင် သခင်လေးက သူ့ကို လာတွေ့ပြီး အနောက်ဘက် တောင်ကုန်းက ဆေးစိုက်ခင်းတွေကို သွားစစ်ဆေးစေ ချင်နေတယ်"

"တကယ်ပဲ ..."

ကျန်းရီ၏ မျက်နှာသည် နက်မှောင်သွားခဲ့သည်။ သူသည် တစ်ခဏမျှ စဉ်းစားကာ အံကြိတ်ရင်း ပြောလာခဲ့သည် ...

"ရှောင်နူ ... အိမ်မှာပဲ လိမ်လိမ်မာမာနေ ... အရင်ဆုံး ... ငါအပြင်ကို ခဏသွားဦးမယ်"

သူသည် အိမ်ထဲကို ဝင်လာခဲ့လိုက်ပြီး သူအရင် တစ်ခေါက်က ဝယ်လာခဲ့သော အနက်ရောင် ဝတ်ရုံကို ထုတ်ယူခဲ့လိုက်သည်။ ဝတ်ရုံကို ခြုံလိုက်ပြီးနောက် သူ့အိမ်ခြံဝင်းလေးထဲမှ ပြေးထွက် လာခဲ့လိုက်သည်။

သူသည် အိမ်မှထွက်ခွာလာပြီး ပေအနည်းငယ်လောက် လျှောက်ပြီးသောအခါ ရပ်တန့်လိုက်ပြီး သူ့ခေါင်းကို အနောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းရှိ ထောင့်တစ်ခုတွင် လျှပ်တစ်ပြက် ပုန်းကွယ်လိုက်သော အရိပ်ကို မြင်သောအခါ သူသည် အေးစက်စက် ရယ်မောလိုက်သည်။

"ကျန်းရုဟူက ငါ့ကို နောက်ယောင်ခံဖို့ တကယ်ကြီးကို လူတွေ လွှတ်ထားတာပဲ ..." ကျန်းရီ တီးတိုးရေရွတ် ခဲ့လိုက်သည်။

သူ၏ အတွင်းအားများကို ခြေထောက် နှစ်ဖက်လုံးဆီ ပို့ဆောင်လိုက်ရင်း သူသည် တောင်ဘက် တံခါးဝဆီ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့ လိုက်သည်။ တစ်ချိန်တည်းတွင် နားကိုလည်း စွင့်ထားခဲ့လိုက်သည်။ သူ့နောက်ရှိလူသည် လျင်မြန်သော ခြေလှမ်းများနှင့် သူ့နောက်ကို ပြေးလိုက်လာကြောင်း သေချာသွားခဲ့သည်။ သူသည် အရူးတစ်ယောက်လို တော်တော်ကြာ ပြေးလွှားခဲ့လိုက်ပြီး ဦးတည်ရာဘက် ပြောင်းကာ ဘေးဘက်ရှိ လမ်းကြားလေးထဲသို့ ချက်ချင်း ဝင်ရောက်သွားခဲ့လိုက်သည်။ သူသည် သူ့နောက်ရှိလူသည် သူ့ကို ကျော်တက်သွားပြီး အလျင်အမြန် နောက်ပြန်လှည့်လာကာ ကျန်းအိမ်တော် တောင်ဘက်ရှိ ခြံဝန်းဆီ အပြေးပြန် သွားသည်အထိ စောင့်နေခဲ့လိုက်သည်။

ကျန်းအိမ်တော် တောင်ဘက်တံခါးမှ ထွက်လာခဲ့လိုက်ပြီး သူ့နောက်တွင် ဘယ်သူမှ လိုက်မလာတော့ကြောင်း အတည်ပြုပြီးမှ သူသည် ဝတ်ရုံကို ဆွဲတင်လိုက်ကာ မြို့လယ်ရှိ ဈေးနေရာကို မရပ်မနား ပြေးသွားခဲ့လိုက်သည်။ တစ်နာရီခန့် ကြာပြီးနောက် သူသည် ဈေး၏ အရှေ့ဘက်ခြမ်းရှိ ဆေးဆိုင်ကြီး တစ်ခုဆီ ရောက်ရှိခဲ့သည်။

သူသည် ဆိုင်အတွင်း ပျင်းရိစွာ ဝင်ရောက် သွားခဲ့သည်။ သူ၏ တစ်ခုတည်းသော ခရမ်းရောင် ရွှေရွက်လေးကို ထုတ်ယူလိုက်ပြီး သူ့လက်ကို ကောင်တာပေါ်သို့ ဆောင့်ချလိုက်ပြီး ကျယ်လောင်စွာ မှာလိုက်သည်....

"ဆိုင်ရှင် ... ငါ့ဆီ ဝိဉာဏ်အားဖြည့်ဆေး ဆယ်လုံး ယူခဲ့ပေး"

"ကောင်းပါပြီ ... ဆရာလေး ... အစေခံတွေ … ငါ့ကို ဝိဉာဏ်အားဖြည့်ဆေး ဆယ်လုံး ထုတ်ပေးစမ်း"

ဆိုင်ပိုင်ရှင်သည် ဝဝတုတ်တုတ်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သည်။ ခရမ်းရောင်ရွှေကို မြင်သည်နှင့် သူ့မျက်နှာသည် ဝင်းလက်သွားပြီး အားပါးတရ ပြုံးကာ ဖော်ဖော်ရွေရွေ ပြောလာခဲ့သည်။

သူသည် ပြုံးလျက်ပင် လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်တာပေါ်ရှိ ခရမ်းရောင်ရွှေကို ယူရန်ကြိုးစား ခဲ့လိုက်သည်။

"ဟီးဟီး .... ဧည့်သည်ရေ ဝိဉာဏ်အားဖြည့်ဆေး တစ်လုံးက ငွေတစ်ဆယ်တေးလ် ကျပါတယ် ... စုစုပေါင်းက ခရမ်းရောင် ရွှေတစ်တေးလ် ကျပါတယ်"

"ဟမ့် ..."

ကျန်းရီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ့လက်ကတော့ လွှတ်မပေးခဲ့ပေ ...

ဆိုင်ရှင်ဝတုတ်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူသည် ဟန်လုပ်ပြုံး ခဲ့လိုက်သည်...

"ဧည့်သည်က တကယ့်ကို အမြင်ရှိတာပဲ ... ငွေကိုးဆယ်တေးလ် ဆိုရင်ရော ဘယ်လိုလဲ"

ထိုကမ်းလှမ်းမှုနှင့်ပင် ကျန်းရီခေါင်းငြိမ့်ကာ သဘောတူလိုက်ရသည်။ သူသည် အံကိုကြိတ်ကာ လက်လွှတ်လိုက်ရသော်လည်း သူ့နှလုံးသားသည် အတော်လေး နာကျင်နေခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်လေးကမှ သူရရှိခဲ့သော ခရမ်းရောင် ရွှေတစ်တေးလ်သည် တခြားသူ၏ ပိုက်ဆံအိတ်ထဲ ဝင်ရောက်သွားသည်ကို ကူကယ်ရာ မဲ့စွာပင် မြင်နေခဲ့ရသည်။

သို့ရာတွင် သူသည် လှုပ်ရှားမှုတိုင်းကို မည်သည့် အရိပ်အယောင်မှ မပေါ်အောင် ပြုမူခဲ့သည်။ အရည်အသွေးမြင့် ဆေးများမပါဘဲ သူ၏ ကျင့်ကြံနှုန်းကိုချည်း အားကိုးနေပါရင် သူသည် အချိန်တိုလေးအတွင်း သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဒုတိယအဆင့်ကို ရောက်လိမ့်မည် မဟုတ်ချေ ... သူအနောက်ဘက် တောင်ကုန်းကို သွားတိုင်း အိမ်ကို တွားသွား၍ ပြန်လာရခြင်းအပြင် မည်သည့် အနာဂတ်မှ ရှိလာတော့မည် မဟုတ်ချေ။ သူသည် ဆယ်ရက် အကြာတွင် အနောက်ဘက် တံခါး၌ ကျန်းရုဟူနှင့် ရင်ဆိုင်ရန် စီစဉ်ထားခဲ့ပြီးပြီ ဖြစ်သည်။

ဝိဉာဏ် အားဖြည့်ဆေးများ ဝယ်ပြီးနောက် သူသည် လက်ကျန် ငွေတစ်ဆယ်တေးလ်ကို အိတ်ထဲထည့်လိုက်ကာ အလျင်အမြန် ထွက်ခွာ လာခဲ့လိုက်သည်။ သို့ရာတွင် သူသည် ဈေး၏ တောင်ဘက်ရှိ ပုလဲမှုန် အစည်းအရုံး ဗိမ္မာန်သို့ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။

သူ့ကို နှုတ်ဆက်လာသော သူသည်ကား သူအရင်တစ်ခေါက်က တွေ့ခဲ့သော ကြီးကြပ်သူလျှိုပင် ဖြစ်သည်။ ကြီးကြပ်သူလျှိုသည် ကျန်းရီကို အခန်းငယ်လေးဆီ ချက်ချင်းခေါ်ဆာင် သွားခဲ့သည်။ သူ့လက်အောက်ရှိ အစေခံများကို လက်ဖက်ရည် ကောင်းကောင်း တည်ခင်းရန် ညွှန်ကြားပြီးနောက် သူသည် ပြုံးပြလာခဲ့သည် ...

"သခင်လေး ... ဒီတစ်ခေါက်လာတာ ဆေးလုံးတွေ ထပ်ရောင်းဖို့လား … တခြား အရည်အသွေးမြင့် ပစ္စည်းတွေများ လိုချင်လို့လား …"

ကျန်းရီသည် ခါးသက်စွာ ရယ်လိုက်မိသည်။ သူ့အိတ်ထဲတွင် ဝိဉာဏ် အားဖြည့်ဆေးလုံး ဆယ်လုံး အမှန်ပင် ရှိသော်လည်း သူအခုလေးတင်မှ ဝယ်ခဲ့ခြင်း ဖြစ်သည်။ သူ့မျက်နှာသည် ဝတ်ရုံနှင့် ဖုံးနေသောကြောင့် ကြီးကြပ်သူလျှို သူ့မျက်နှာကို မမြင်ရသည်ကိုဘဲ ကျေးဇူးတင်ရပေမည်။

သူသည် မတ်တတ်ရပ်ကာ လက်များကို ယှက်လိုက်သည်

"ကြီးကြပ်သူလျှို .... ငါမင်းရဲ့ သခင်မလေးနဲ့ တွေ့ချင်တယ် ... ငါသူမကို အကူအညီတစ်ခု တောင်းစရာရှိလို့"

ကြီးကြပ်သူလျှိုသည် ရှက်ရွံ့စွာပင် ခေါင်းယမ်းလျက် ပြောလာခဲ့သည် ...

"တောင်းပန်ပါတယ် ... သခင်လေး ... သခင်မလေးက မနေ့ကဘဲ သိုင်းခန်းမကို ထွက်သွားခဲ့ပါတယ် ... ဆွေးနွေးစရာ အရေးကြီး ကိစ္စများ ရှိမယ်ဆိုရင် ခေါင်းဆောင် ကြီးကြပ်သူကို ပြောပေးပါ့မယ် ..."

"သိုင်းခန်းမလား …"

ကျန်းရီသည် သူ၏ ကံမကောင်းမှုကိုသာ ကြိမ်ဆဲခဲ့လိုက်သည်။ သူသည် အနည်းငယ်ပင် တွေဝေသွားခဲ့သည်။ ကောင်းကင် တောင်ပံမြို့မှာ အရေးပါတဲ့ပွဲ တစ်ခုခုများ ရှိနေခဲ့လို့လား … ဘာလို့ မိသားစုကြီးတွေက အမျိုးသားတွေရော အမျိုးသမီးတွေအားလုံး သိုင်းခန်းမကို ကျင့်ကြံဖို့ သွားနေကြတာ ပါလိမ့် …

တကယ်တမ်းတွင် သူသည် ကျီထင်ယွီကို အရေးတကြီး တွေ့ချင်စရာ အကြောင်းမရှိပေ။ ကျီထင်ယွီသည် သူ့ကို အကြောင်းအရင်း တစ်ခုခုကြောင့် သတိရနေသည်ဟု သူခံစား ရနေရသည်။

သို့နှင့် သူသည် ဤနေရာကို ကျီထင်ယွီကိုတွေ့ရင် သူဖန်းယွီ ဆောင်ကြာမြိုင်ကို ပြန်ပေးရမည့် ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ်ကို ချေးကာ အမိန့်ပေး တံဆိပ်ပြားကို ရွေးရန်မျှော်လင့်ချက်ဖြင့် စွန့်စား၍ လာခဲ့ခြင်းဖြစ်သည်။ သူ့အမြင်ကို ပြောရရင် ကျီမိသားစု၏ သခင်မလေး ဖြစ်ခြင်းအပြင် ပုလဲမှုန် အစည်းအရုံးဗိမ္မာန်ကို ပိုင်ဆိုင်၍ အလွန်အောင်မြင် နေခြင်းကြောင့် ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ်သည် သူမအတွက် အသေးအဖွဲသာ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် သူမ ရှိမနေလောက်ဘူးဟု သူမျှော်လင့်မထားခဲ့ပေ။

"မလိုဘူး ... ရတယ် ... ငါနောက်မှ ပြန်လာခဲ့မယ်"

ကျန်းရီသည် တွန့်ဆုတ်စွာ မတ်တတ်ရပ်လိုက်ခဲ့သည်။ ပိုင်ရှင်မရှိမှတော့ အစေခံများက ဘယ်လိုလုပ်ပြီး ကိုယ့်သဘောနဲ့ကိုယ် တာဝန်ယူပြီး သူ့ကို ပိုက်ဆံချေးရဲ ပါမည်လဲ …

ကျန်းရီသည် ရှက်ရွံ့စွာပင် ပုလဲမှုန် အစည်းအရုံး ဗိမ္မာန်မှ ထွက်လာခဲ့ပြီး မြို့တော်ဈေးထဲတွင် ယောင်ချာချာဖြင့် ရပ်နေခဲ့သည်။ အဆတ်မပြတ် သွားလာနေကြသော လူတစ်သီ တစ်တန်းကြီးကို ကြည့်နေရင်း သူ၏ စိတ်သည် ဖိစီးလာခဲ့ရသည်။

ဝိဉာဏ်အားဖြည့် ဆေးများနှင့်ဆိုရင် သူသည် ကျန်းရုဟူနှင့် သူ့လူမိုက်အဖွဲ့ကို လုံးဝမကြောက်ပေ။ ပြဿနာသည်ကား အဂ္ဂိရတ်ဌာန ပိတ်သွားသော အခြေအနေဖြစ်သည်။ အသုံးမဝင်သော ဆေးများမရှိဘဲ သူဘယ်လိုများ ပိုက်ဆံမြန်မြန် ရှာနိုင်ပါမည်လဲ …

သူသည် ဈေးအနှံ့ မျက်လုံးတစ်ချက် ကစားလိုက်သည်။ ဈေးနေရာ၏ မြောက်ဘက်ရှိ လူပေါင်းများစွာ ဝိုင်းအုံနေသော ခမ်းနားလှသည့် အဆောက်အဦကြီးသည် သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။ ပတ်ဝန်းကျင်သည်လည်း ဆူညံနေ၍ စိတ်လှုပ်ရှားဖွယ် ကောင်းနေကာ သူ့ကို သိချင်စိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင်နေလေသည်။

ကျန်းရီသည် ထီးထီးကြီး တည်ရှိနေသော အဆောက်အဦကြီး အကြောင်းကို ကောင်းကောင်း သိပါသည်။ တကယ်လည်း ကောင်းကင်ကြယ်တာရာ နယ်မြေတွင် သိုင်းခန်းမကို မသိသူ မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ရိုးရိုးရှင်းရှင်းနှင့် တန်ဆာဆင် မထားသော အနက်ရောင် ခန်းမကြီးသည် မြို့လယ်ခေါင်တိုင်းတွင် တွေ့နိုင်ပေသည်။ ထို့ပြင် သိုင်းခန်းမ၏ တည်ရှိမှု သမိုင်းသည် အလွန့်အလွန်ကို ရှည်ကြာခဲ့ပေပြီ ...

သိုင်းခန်းမသည် လူသားမျိုးနွယ် စတင်ပေါ်ပေါက် ခဲ့စဉ်ကပင် တည်ရှိခဲ့သယောင် ထင်ရသည်။ သိုင်းခန်းမသည် အဖွဲ့အစည်း တစ်ခုမဟုတ်သလို နောက်ခံ အာဏာလည်း မရှိပေ။ နယ်မြေ၏ အရေးအခင်းများတွင်လည်း ပါဝင်ခြင်း မရှိခဲ့ပေ...

အတိအကျ ပြောရမည်ဆိုရင် ၎င်းသည် ကောင်းကင်ကြယ်တာ ရာနယ်မြေ တစ်ခွင်တွင် အကြီးဆုံး စီးပွားရေး လုပ်ငန်းကြီး ဖြစ်သည်။ ၎င်း၏ ပစ်မှတ်သည် သိုင်းပညာ ကျွမ်းကျင်သူများ၊ နောက်ခံအင်အား ကောင်း၍ ချမ်းသာသော မိသားစုများမှ သားသမီးများတို့ ဖြစ်ကြသည်။

သိုင်းခန်းမကို ဝင်ရောက်လိုသူသည် ခရမ်းရောင် နန်းတော်ရှင် အဆင့်မဟုတ်ရင် သူသို့မဟုတ် သူမသည် ဝင်ကြေးအဖြစ် ခရမ်းရောင်ရွှေ တစ်တေးလ် ပေးရပေမည်။ ကျန်းရီသည် ထိုနေရာ အကြောင်းကို သူငယ်စဉ်ကပင် ကြားဖူးခဲ့သည်။  သိုင်းပညာ ခန်းမသည်ကား လက်တွေ့တွင် ကျင့်ကြံသူတို့အတွက် နိဗ္ဗာန်ဘုံပင် ဖြစ်သည်။

သိုင်းခန်းမထဲတွင် သိုင်းစွမ်းအင်များ အပြည့်အဝ ရှိနေသည်မှာ တစ်စုံတစ်ယောက်၏ ကျင့်ကြံနှုန်းကို နှစ်ဆအထိ မြန်ဆန်စေနိုင်ပေသည်။ မည်သည့် သိုင်းပညာရှင်မဆို တစ်ချက်တည်းနှင့် စွမ်းအား အလွန်အမင်း မြင့်တက်သွားစေရန် အထောက်အပံ့ ပေါင်းများစွာ ရှိပေသည်။

သို့သော်လည်း သူကဲ့သို့ ပြဿနာပေါင်း တစ်သောင်းခြောက်ထောင်နှင့် လူသည် သိုင်းခန်းမကို ဝင်ရောက်ဖို့ မဆိုထားနှင့် စားဖို့တောင် အနိုင်နိုင်ပင် ... သို့ဖြစ်ရာ သူသည် သိုင်းခန်းမ အကြောင်းကို မည်သည့်အခါမှ ထပ်မံ မစဉ်းစားတော့ချေ ...

သို့သော် သိုင်းခန်းမအပြင်တွင် ဝိုင်းအုံနေသော လူတစ်စုနှင့် ကျန်းဟန်ရွှေနှင့် ကျီထင်ယွီ နှစ်ယောက်လုံးသည် သိုင်းကျင့်ရန် ခန်းမကို သွားရောက် လေ့ကျင့်မှုတို့သည် ကျန်းရီ၏ သိလိုစိတ်ကို ပြင်းပြလာစေသည်။ သို့နှင့် သူ့ခြေလှမ်းများကို သိုင်းခန်းမဆီသို့ ဦးတည်ခဲ့ မိလိုက်သည်။

သိုင်းခန်းမ၏ ဝင်ပေါက်ခန်းမကြီးများသည် ပိတ်ဆို့ထားသော်ငြား ဘေးတံခါးမှာမူ ပွင့်ဟနေပေသည်။ တံခါးပေါက်၏ တစ်ဖက် တစ်ချက်စီတွင်လည်း အနက်ရောင် သံချပ်ကာဝတ် အစောင့်နှစ်ယောက်သည် စောင့်ကြပ်နေခဲ့သည်။

ကျန်းရီ၏ အကြည့်သည် လူအုပ်ဆီမှ တစ်ဆင့် သိုင်းခန်းမ၏ အပြင်ဘက်တွင် ကပ်ထားသော ကြော်ငြာတစ်ခုတွင် ရပ်တန့်သွားခဲ့သည်။ ကျန်းရီသည် စိတ်ဝင်စားသွားခဲ့သည်။ သိုင်းခန်းမသည် သိုင်းလေ့ကျင့်ဖက်အဖြစ် လျှောက်ထားရန် လူများ ဖိတ်ခေါ်နေခဲ့သည်။ အတိုချုံး ပြောရရင်မူ ကမ်းလှမ်းချက်သည်လည်း အလွန်ဆွဲဆောင်မှု ရှိပေသည်။ ကြေးအဆင့် လေ့ကျင့်ဖက်သည် တစ်နေ့ကို ငွေတစ်တေးလ် ရမည်ဖြစ်သည်။ ငွေအဆင့်ရှိသူသည် တစ်နေ့ရင် ငွေတစ်ဆယ် တေးလ်ရမည်ဖြစ်ပြီး ရွှေအဆင့် ရှိသူသည် ခရမ်းရောင်ရွှေ တစ်တေးလ်ရမည်ဖြစ်သည်။

သိုင်းလေ့ကျင့်ဖက်သည် တခြားသူများ၏ သိုင်းပညာ လေ့ကျင့်ရာတွင် ပါဝင်ကူညီရပြီး ထိုသူများ၏ တိုက်ပွဲဝင် အတွေ့အကြုံကို တိုးတက်လာအောင် ကူညီပေးရမည် ဖြစ်သည်။

တစ်နည်းအားဖြင့် တခြားသူများက သင့်ကို စိတ်ကြိုက် ရိုက်နှက်ခွင့်ရှိသည်။ သင်သည် တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်နိုင်သော်လည်း တစ်ဖက်လူကို ဒဏ်ရာရအောင် လုပ်ခွင့်မရှိပေ ... သတိကြီးစွာ တိုက်ခိုက်ရမည် ဖြစ်သည်။

ကျန်းရီ၏ စွမ်းအားသည် မမြင့်မားပေ။ သူသည် တခြားသူ၏ အရိုက်ကို ခံချင်ရင်တောင် သူ၏အဆင့်သည် အလွန်ဆုံးရှိမှ ကြေးအဆင့်သာ ဖြစ်သည်။ သူကဲ့သို့ ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ် အကြွေးရှိသူအတွက် တစ်နေ့ရင် ငွေတစ်တေးလ်နှုန်းသည် အသုံးလည်း မဝင်သလို ဆွဲဆောင်မှုလည်း မရှိပေ ... သူသည် အချိန်ဖြုန်းရန်ပင် ပျင်းရိနေသည်မှာ သဘာဝပင် ဖြစ်သည်။

အနီးအနားရှိ လူများ၏ စကားသံများကို နားထောင်ပြီး နောက်တွင်မူ သူ့ရင်ထဲမှ သံသယသည် ရှင်းလင်း သွားခဲ့သည်။ နောက်လ အနည်းငယ်ကြာရင် ကျော်ကြားသော သိုင်းပညာ သင်တန်းကျောင်း တစ်ခုသည် ကောင်းကင်တောင်ပံမြို့သို့ လာရောက်ကာ ကျောင်းသားသစ်များ ရွေးချယ်မည် ဖြစ်သည်။ သို့နှင့် မြို့တော်ရှိ အကောင်းဆုံး အတော်ဆုံး အထက်တန်းလွှာ လူငယ်များသည် လူရွေးပွဲတွင် အဆင့်ကောင်းကောင်းရကာ သင်တန်းကျောင်းသို့ ဝင်ခွင့်ရရန် မျှော်လင့်၍ သိုင်းခန်းမသို့ လာရောက်ကာ အသည်းအသန် လေ့ကျင့်နေကြခြင်း ဖြစ်ပေသည်။

သိုင်းခန်းမသို့ လေ့ကျင့်ရန် ဝင်ရောက်ကြသော အထက်တန်းလွှာ လူငယ် အများအပြားကြောင့် သိုင်းလေ့ကျင့်ဖက်များ နည်းပါးနေသည်မှာ သဘာဝပင် ...

"အိမ်ကို ပြန်ပြီး လေ့ကျင့်ရမယ် …"

ကျန်းရီသည် သင်တန်းကျောင်း ဝင်ခွင့်ရရန် မြူတစ်မှုန်စာမျှပင် စိတ်ဝင်စားမှု မရှိခဲ့ပေ။ ထိုနေရာသည် သူနှင့် အလှမ်းဝေးလွန်းသည်။ သူသည် ကိုယ်ကိုလှည့်ကာ ကျန်းအိမ်တော်ရှိရာ ဦးတည်၍ လျှောက်လာ ခဲ့လိုက်သည်။ သို့သော် သူထွက်ခွာ အံ့ဆဲဆဲတွင် သူ့အာရုံသည် သိုင်းသမားလူငယ် နှစ်ယောက်၏ စကားဖြင့် ဖမ်းစားခံလိုက်ရသည်။

"တစ်နေ့ကို ခရမ်းရောင်ရွှေ တစ်တေးလ် … ခရမ်းရောင် ရွှေတစ်တေးလ်ဆို ငါဖန်းယွီဆောင် ကြာမြိုင်က အထက်တန်းစား အပျော်မယ် တစ်ယောက်ကို ငှားပြီး ဆယ်ရက်နဲ့ ဆယ်ညလုံး ပျော်ပါးလို့ရတယ် ... ငါ့ရဲ့ အရည်အချင်းက မလုံလောက်လို့သာ မဟုတ်ရင် ငါသိုင်းခန်းမကို သွားပြီး ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် အနေနဲ့ ဝင်ခွင့်ရမှာ ..."

"ဟုတ်ပါပြီ ... သိုင်းလေ့ကျင့်တဲ့ နှစ်ယောက်လုံးက လေ့ကျင့်နေတဲ့ အချိန်မှာ အတွင်းအားကို မသုံးဘူး ဆိုပေမဲ့လည်း ဒီသခင်လေးတွေ၊ သခင်မလေးတွေထဲမှာ ... ဘယ်တစ်ယောက်ကများ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပဉ္စမအဆင့် ဒါမှမဟုတ် ဆဋ္ဌမအဆင့်၊ ဒါ့ထက်ပိုမြင့်တဲ့ စွမ်းအား မရှိဘဲနေလို့လဲ ..."

"သူတို့ရဲ့ အတွင်းအားကို မသုံးရင်တောင် သူတို့ရဲ့ အမြန်နှုန်းနဲ့ သိုင်းပညာ သီးသန့်ကို သုံးပြီး မင်းကို အသာလေး ရိုက်လို့ရတယ် ... မနေ့ကဘဲ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယ အဆင့်မှာရှိတဲ့ ငါ့ဝမ်းကွဲလေး တစ်ယောက် သိုင်းလေ့ကျင့်ဖက် သွားလုပ်တယ် ... နောက်ဆုံးတော့လည်း သူအဲဒီကနေ တွားသွားပြီး ပြန်လာရတယ် ..."

"အခုတောင် အိမ်မှာ သူ့ဒဏ်ရာတွေကို ကုနေရတုန်းဘဲ ရှိသေး … ဒီသခင်လေးတွေ၊ သခင်မလေးတွေက တကယ်တိုက်ခိုက်ရင် လုံးဝ စာနာစိတ်ရှိကြတာ မဟုတ်ဘူး ... ငွေရဖို့ လုံးဝ မလွယ်ဘူး ..."

အတွင်းအား မသုံးဘဲ လေ့ကျင့်တာလား …

ကျန်းရီသည် ထိုသို့တွေးလိုက်ပြီး တစ်ခုခုကို သဘောပေါက် သွားခဲ့သည်။ နှစ်ဖက်လုံးသည် အတွင်းအားကို အသုံးမပြုရရင် အမြန်နှုန်းနှင့် သိုင်းပညာ တတ်မြောက်မှု အပေါ်တွင်သာ မူတည်တော့သည် .... သူသည် အနက်ရောင် အတွင်းအားကို သုံး၍ သူ၏ အမြင်အာရုံကို တိုးတက်စေနိုင်သည်။ သူ၏ အမြန်နှုန်းသည်လည်း အဆများစွာ သာလွန်သွားမည် ဖြစ်သည်။ သူသာ ဝင်ရောက်ရင် ရွှေအဆင့် လေ့ကျင့်ဖက် အဖြစ်နှင့် ပိုက်ဆံလည်း ရမည်ဖြစ်သည်။

အတွင်းအား မသုံးဘဲ ဒီသခင်လေးတွေ၊ သခင်မလေးတွေ အုပ်စုရဲ့ လှုပ်ရှားမှုက ဘယ်လောက်အထိ မြန်နိုင်မှာ မလို့လဲ ... သိုင်းစွမ်းရည်ကို ယှဉ်ကြည့်ရင်လည်း ဘယ်မှာများ ကြောက်စရာ လိုလို့လဲ …

တစ်နေ့ကို ခရမ်းရောင်ရွှေ တစ်တေးလ်လား … ငါရအောင်ယူမယ် ...

ကျန်းရီသည် တွေးမိလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်သည်။ ဤမျှလောက်လေးတောင် သူမလုပ်နိုင်ဘူး ဆိုရင်သူသည် တခြားသူများ၏ အနိုင်ကျင့်ခြင်းကို ငြိမ်ခံနေရုံသာ ရှိတော့မည်။

သူသည် လေပူတစ်ချက် မှုတ်ထုတ်ခဲ့လိုက်ပြီး အံကြိတ်ကာ သိုင်းခန်းမ၏ ဘေးတံခါးဆီ ဦးတည်၍ လျှောက်သွား ခဲ့လိုက်သည်။ သူသည် အနက်ရောင် သံချပ်ကာဝတ် အစောင့်နှစ်ယောက်ကို လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ပြီး ပြောခဲ့လိုက်သည် ...

"ကျွန်တော် ဒီကို သိုင်းလေ့ကျင့်ဖက် အဖြစ် စာရင်းလာသွင်းတာ …"

***

All Chapters