ဇနီး: ယောက်ျား၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်_၅
Vol. 27 Ch. 366
နန်ပါးထျန်း၊ ဖုန်းရွှမ်!
မင်းတို့နှစ်ယောက် မလွတ်မြောက်စေရဘူး။
ထိုသို့တွေးလိုက်ပြီး ချန်ကျဲ့ နံပါတ်၂အချက်အလက်ကို ကြည့်လိုက်သည်။ ဖုန်းရွှမ်သည် သံမဏိလက်ဝါးသိုင်းကို တတ်မြောက်နေခဲ့ပြီး ၎င်းမှာ နန်ပါးထျန်းကိုယ်တိုင် သင်ပေးထားခြင်းဖြစ်နေ၏။
စနစ်၏ သတင်းအချက်အလက်အရ ဖန်းရှစ်ကျုံး ချစ်မြတ်နိုးခဲ့သည့် ဆရာတူညီမလေးသည် နန်ပါးထျန်းကို သဘောကျခဲ့ပုံရပေသည်။ သူမသည် နန်ပါးထျန်းအား သံမဏိလက်ဝါးသိုင်းကိုပင် ခိုးယူပေးခဲ့သေး၏။ ထို့ပြင် နံပါတ်၅အချက်အလက်နှင့် ပေါင်းလိုက်သော် ဖန်းရှစ်ကျုံးသည် သူသေဆုံးရသည့် အချိန်တွင်သော်မှ ဟွားသျဲ့ကို အငြိုးအတေးမထားခဲ့ပေ။ ၎င်းမှာ သူ၏စိတ်ခံစားချက်နက်ရှိုင်းမှုများကို ပြသနေပေသည်။
သေချာပေါက်ပင် ထိုနက်ရှိုင်းသည့် စိတ်ခံစားချက်များသည် ဟွားသျဲ့အတွက် မဟုတ်ပါချေ။ ဆရာတူညီမလေးအတွက်သာ ဖြစ်ဟန်ရ၏။ ဟွားသျဲ့သည် အစားထိုးမျှသာ ဖြစ်လိမ့်မည်။
ကြည့်ရသည်မှာ ဖန်းရှစ်ကျုံးသည် ဤစိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွင် ချစ်ဒုက္ခရောက်နေသော အချစ်ရူးဇာတ်ကောင်ကို သရုပ်ဖော်နေခြင်းပင်။
ဖန်းရှစ်ကျုံးသည် သူ၏ဆရာတူညီမလေးကို ချစ်မြတ်နိုးမိခဲ့ပြီး ဆရာမှ အမွေပေးခဲ့သည့် သိုင်းပညာကိုပင် သင်ကြားပေးခဲ့သေးသည်။ ထို့နောက်တွင် သူ၏ ဆရာတူညီမလေးသည် ဖန်းရှစ်ကျုံးကို ကျောခိုင်း၍ နန်ပါးထျန်းထံ သိုင်းပညာကို တစ်ဆင့်ပြန်သင်ပေးခဲ့သည်…
အင်း လူကြီးတွေရဲ့ အရေးကိစ္စတွေကိုတော့ မှတ်ချက်မပေးတာပဲ ကောင်းလိမ့်မယ်။
ထို့ပြင် နံပါတ်၄အချက်လည်း ရှိသေးသည်။ နံပါတ်၄အချက်သည် အလွန်အရေးကြီး၏။
ချန်ကျဲ့သည် ကနဦးတွင် မြို့ထဲတွင်သာ ဆက်နေရစ်၍ ဖုန်းရွှမ်ကို သတ်ကာ မွေးစားအဖေအတွက် လက်စားချေနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းလိုခြင်းဖြစ်သည်။ သို့သော် စိတ်လိုက်မာန်ပါ မလုပ်ခဲ့သဖြင့် ချန်ကျဲ့ ကံကောင်းသွားခဲ့သည်။ ဖုန်းရွှမ်သည် အတော်လေး ဉာဏ်နီဉာဏ်နက်များ၏။ ဖုန်းရွှမ်သည် စွမ်းအင်ပြောင်းလဲအဆင့်သို့ တိတ်တဆိတ် တက်လှမ်းသွားခဲ့လေပြီ။ အကယ်၍ ချန်ကျဲ့မှ ဖုန်းရွှမ်ကို စိတ်လိုက်မာန်ပါဖြင့် တိုက်ခိုက်ခဲ့ပါက ချန်ကျဲ့သည် ဖုန်းရွှမ်၏လက်ချက်ဖြင့် သေဆုံးပြီးဖြစ်လောက်ပေမည်။
တိုက်ခိုက်သာ တိုက်ခိုက်ခဲ့မိရင် ငါတော့ အရမ်းအန္တရာယ်များခဲ့မှာပဲ။
သို့ဖြစ်ရာ ချန်ကျဲ့ သွားနိုင်သည့်လမ်းကြောင်းဟူ၍ တစ်ခုသာ ရှိပေတော့သည်။ လက်ရှိအချိန်တွင် သူ့အတွက် အရေးအကြီးဆုံးမှာ အင်အားတိုးတက်စေရန် ဖြစ်သည်။ သူ၏အင်အားကို စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းစေမှသာ သူ့တွင် ဖုန်းရွှမ်နှင့် ယှဉ်တိုက်နိုင်သည့်အရည်အချင်း ရှိလာပေလိမ့်မည်။
သို့မဟုတ်ပါက သူသည် ဖုန်းရွှမ်၏ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ အစီအစဉ်ချမှတ်တွက်ချက်ကြည့်သည်။
အရင်ဆုံး အင်အားတိုးတက်အောင် လုပ်ရမယ်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို သေချာပေါက် တက်လှမ်းမှဖြစ်မယ်။ အဲဒီလိုမှ မဟုတ်ရင် ငါ လက်စားချေနိုင်မှာ မဟုတ်ဘူး။
ဒုတိယအနေနဲ့ ဖုန်းရွှမ်က မွေးစားအဖေကို သတ်ခဲ့ပါတယ်ဆိုတဲ့ သက်သေကိုရှာပြီးတော့ ဖုန်းရွှမ်ကို ဆွဲချရမယ်။
ဤနှစ်ချက်တွင် အင်အားတိုးတက်ရန်မှာ ဦးစားပေးဖြစ်ပါ၏။
စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ လျင်မြန်စွာ တက်လှမ်းရန်အတွက် နည်းလမ်းတစ်ခုသာ ရှိ၏။
စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးဖော်စပ်ဖို့ နည်းလမ်းရှာရမယ်!
ယခုတွင် စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးဖော်စပ်ရန်အတွက် အဓိကပါဝင်ပစ္စည်းနှစ်မျိုးသာ လိုအပ်နေခြင်းဖြစ်၏။
စိတ်ဝိဉာဉ်ပြောင်းလဲမြက်၊ နှစ်၅၀၀သက်တမ်းရှိသော သွေးလင်ဇီး။
စိတ်ဝိဉာဉ်ပြောင်းလဲမြက်ကို ရရှိရန်အတွက်မူ ချန်ကျဲ့တွင် နည်းလမ်းရှိထားပြီး ဖြစ်ပါ၏။ ဟွမ်ဝမ်အာနှင့် ချိန်းဆိုထားသည့် အချိန်ပြည့်ရန် တစ်ရက်သာ ကျန်ရစ်တော့သည်ဖြစ်ရာ ဆိုလိုသည်မှာ ဒီနေ့ညသည် သူတို့၏ ခုနစ်ရက်ချိန်းဆိုမှု ရက်ပြည့်ခြင်း ဖြစ်ပေသည်။ ဒီနေ့ညတွင် ချန်ကျဲ့သည် သခင်မဟွမ်ဆီသို့ သွား၍ စိတ်ဝိဉာဉ်ပြောင်းလဲမြက်ကို ရယူရန်အတွက် သဘောတူညီချက်အတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။
မျှတသည့် အပေးအယူဖြစ်ပြီး မည်သူက မည်သူ့ကိုမျှ လှည့်ဖျားအမြတ်ထုတ်ခြင်း မရှိပါချေ။
ဒါပေမဲ့ နှစ်၅၀၀သက်တမ်း သွေးလင်ဇီးကို ဘယ်မှာသွားရှာရပါ့မလဲ။
ခေါင်းကိုက်စရာပဲ။ လောလောဆယ်တော့ မနက်ဖြန်ညရမယ့် စနစ်ရဲ့ သတင်းအချက်အလက်အသစ်ကို စောင့်ပြီးတော့ပဲ နှစ်၅၀၀သက်တမ်း သွေးလင်ဇီးအတွက် အစီအစဉ်ဆွဲရတော့မှာပဲ။
သို့ဖြင့် ချန်ကျဲ့ ဆက်လုပ်မည့် အစီအစဉ်များမှာ အလွန်ရှင်းလင်းတိကျသွားခဲ့သည်။ ကျီရှန်းဘုရားကျောင်းသို့ သွားပြီး သခင်မဟွမ်နှင့် ဗုဒ္ဓကျမ်းစာများအကြောင်း ဆွေးနွေးရပေမည်။
ဒါပေမဲ့ အဲဒါမတိုင်ခင်မှာ ယွင်ကျင်း အဆင်ပြေနေရဲ့လားဆိုတာ သေချာအောင် စုံစမ်းရမယ်။
တတိယသခင်မလေးဟွားထံ ကြိုတင်၍ အကူအညီတောင်းခံထားခဲ့ပြီး တတိယသခင်မလေးဟွား၏ အင်အားအရ သူ၏မိသားစုကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးရန်အတွက် ပြဿနာမရှိနိုင်သော်ငြား ချန်ကျဲ့သည် ဖြစ်နိုင်ခြေရှိသည့် ပြဿနာအားလုံးအတွက် စိုးရိမ်ပူပန်နေမိဆဲ ဖြစ်သည်။
ချန်ကျဲ့သည် မကြာသေးမီက ထွက်ပြေးလွတ်မြောက်နိုင်ရန် အလျင်လိုနေခဲ့သောကြောင့် အိမ်၏အခြေအနေကို မကြည့်ခဲ့ရပေ။ ယခုမှ စဉ်းစားလိုက်မိသည်တွင် ချန်ကျဲ့သည် အနည်းငယ် စိုးရိမ်ပူပန်လာခဲ့သည်။
အကုန်လုံးအဆင်ပြေနေဖို့ မျှော်လင့်ပါတယ်။
ထိုသို့အတွေးများဖြင့် ချန်ကျဲ့ ယီးဟုန်ဂေဟာမှ ထွက်လာခဲ့သည်။ ချန်ကျဲ့ ထိုနေရာမှ ထွက်ခွာလိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်တုံးတစ်တုံး ပေါက်ကွဲသွားကာ ချီမန်သွမ့်ကျားအစီအရင် ပျက်စီသွားသည့်မြင်ကွင်းအား မြင်တွေ့လိုက်ရပေသည်။ ၎င်းမှာ အတော်လေး အံ့ဩဖွယ်ကောင်းလှပါ၏။
ချန်ကျဲ့ ကိုယ်ဖော့သိုင်းကို အသုံးပြုလို့ အမြန်ထွက်ခွာလာခဲ့သည်။
နောက်မှလိုက်ဖမ်းနေသည့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင် တစ်ယောက်မျှမရှိတော့လေရာ သူ၏သံမဏိအရိုးအဆင့်အင်အားသည် မျန့်ရွှေစီရင်စုမြို့ကို ဖြတ်သန်းသွားလာရာတွင် အထူးတလည် ပြဿနာမရှိချေ။
ချန်ကျဲ့ အရင်ဆုံး ချန်အိမ်တော်သို့ ပြန်သွားကြည့်ခဲ့သည်။ အိမ်တော်တံခါးအားလုံး ပိတ်ဆို့ထားပြီး အိမ်တော်တစ်ခုလုံး မှောင်မဲနေသည်ကို မြင်လိုက်ရသည်တွင် ချန်ကျဲ့၏စိတ်ထဲ နိမိတ်မကောင်းသည့်ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။ ချန်ကျဲ့ ချန်အိမ်တော်ထဲသို့ ဝင်မသွားရဲပေ။ ထို့ကြောင့် တတိယသခင်မလေးဟွား၏ ဆိုင်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ချန်ကျဲ့ ဆိုင်ထဲသို့ တိုက်ရိုက်ကြီး ဝင်မသွားရဲပေ။
ထိုအစား အဝေးမှနေ၍ အကဲခတ်ကြည့်ခဲ့သည်။
တို့ဟူးဆိုင်သည် အလင်းရောင်များ တောက်ပစွာ ထွန်းညှိထားပြီး လူများ စည်ကားသက်ဝင်နေသည်။
ချန်ကျဲ့ နေထိုင်လေ့ရှိခဲ့သည့် ခြံဝင်းလေးတွင်လည်း မီးရောင်များ လင်းထိန်နေသည်။ ချန်ကျဲ့ ဆိုင်အနီးတစ်နေရာရှိ ခေါင်မိုးပေါ်တွင် ကိုယ်ကို လှဲလိုက်သည်။
ချန်ကျဲ့စောင့်ကြည့်နေစဉ် ခြံဝင်းထဲ အကြိမ်ကြိမ်ဝင်ထွက်သွားလာနေသည့် သမားတော်များကို မြင်တွေ့နေရပြီး ရှောင်ဟူနှင့် အခြားသူများ၏ အရိပ်အယောင်ကို လုံးဝ မမြင်ရပေ။
သို့သော် ထိုအခိုက်အတန့်၌ ချန်ကျဲ့ စူးယွင်ကျင်း၏ ပုံရိပ်လေးကို မြင်တွေ့လိုက်ရသည်။
စူးယွင်ကျင်းသည် ခြံဝင်းထဲတွင် ရပ်၍ ညကောင်းကင်ကို ငေးမောကြည့်နေသည်။ သူမ၏ ဖြူဖျော့ဖျော့လည်တိုင်ထက်တွင် သွေးစွန်းထင်းနေသည့် ပိုးထည်စတစ်စ နေရာယူထား၏။
ထိုမြင်ကွင်းကြောင့် ချန်ကျဲ့၏နှလုံးအိမ် နာကျင်သွားရသည်။
ရှင်မက ဘယ်လိုဖြစ်ပြီး ဒဏ်ရာရသွားရတာလဲ!
အဲဒီလို မဖြစ်သင့်ဘူးလေ။ တတိယသခင်မလေးဟွားက အချိန်ကိုက် လာမကယ်နိုင်ခဲ့ရင်တောင်မှ၊ ယွင်ကျင်းကို ဖုန်းရွှမ်နဲ့ သူ့လူတွေ ဖမ်းမိသွားခဲ့ရင်တောင်မှ ဖုန်းရွှမ်က ယွင်ကျင်းအပေါ် ပေါ်တင်ကြီး အကြမ်းဖက်နည်းလမ်းတွေ အသုံးပြုလိမ့်မှာ မဟုတ်ဘူးလေ!
အဲဒါကို ယွင်ကျင်းက ဘာလို့ ဒဏ်ရာရထားရတာလဲ!
ချန်ကျဲ့ လက်သီးတင်းတင်းဆုပ်ထား၏။ ဒီနေ့ညမှာ စူးယွင်ကျင်းအတွက် မည်မျှခက်ခဲပင်ပန်းခဲ့မည်ကို သူ စိတ်ကူးမှန်းဆကြည့်လို့ မရနိုင်ပါချေ။
အကျဉ်းသား… ဓားစာခံအကျဉ်းသားရှိလို့ မဖြစ်ဘူး။ သူ သူ စူးယွင်ကျင်းကတော့ သေလို့ရပေမဲ့ သေချာပေါက် သူ့ခင်ပွန်း ငါ့ကို အခက်တွေ့စေမှာ မဟုတ်ဘူး၊ သူက ငါ့အတွက် နည်းနည်းလေးတောင်မှ အခက်တွေ့စေမယ့်သူ မဟုတ်ဘူး။
ချန်ကျဲ့သည် ဇနီးဖြစ်သူ စူးယွင်ကျင်းအတွက် စိတ်မကောင်းခြင်းကြီးစွာ ခံစားလိုက်ရပြီး ခေါင်မိုးပေါ်မှ ဆင်းကာ စူးယွင်ကျင်းကို သွားတွေ့တော့မည်တွင် အနီးရှိ ဖက်ထုပ်ဆိုင်ဘေးအရိပ်ထဲမှ လူနှစ်ယောက်ကို သတိထားမိလိုက်သည်။ အခန်းထဲတွင်လည်း အခြားသူများ ရှိနေသေး၏။
ထိုလူများထဲတွင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင် မပါဝင်ပါက ချန်ကျဲ့ စွန့်စားရဲပါ၏။ သို့သော် ယခုမှာ အချိန်ကောင်း မဟုတ်သေးပေ။
ခဏမျှစဉ်းစားပြီးနောက် ချန်ကျဲ့သည် ကူကယ်ရာမဲ့စွာဖြင့် နောက်ပြန်လှည့်ထွက်ခဲ့ရသည်။ ထို့နောက် လမ်းအချို့ကို ဖြတ်သန်းခဲ့ပြီး သီးသန့်ကျောင်းတော်ထဲသို့ တွယ်တက်သွားခဲ့သည်။ ကျောင်းတော်ထဲတွင် စုတ်တံနှင့် စာရွက်တစ်ရွက်ကို ရှာဖွေကာ စာအချို့ချရေးပြီးနောက် ပြန်ထွက်လာခဲ့သည်။
ဂျွတ်!
ချန်ကျဲ့သည် ခေါင်မိုး၏ အုတ်ကြွပ်တစ်ချပ်ကို ခွဲယူလိုက်ပြီး ခုနက ရေးလာသည့်စာကို အုပ်ကြွပ်တွင် ထုပ်ပိုးလိုက်သည်။ ထို့နောက် အားပြင်းပြင်းဖြင့် ခြံဝင်းထဲသို့ ပစ်သွင်းလိုက်သည်။
ခြံဝင်းထဲ၌ စူးယွင်ကျင်းသည် မှောင်မိုက်ဝေဝါးနေသည့် ညကောင်းကင်ကို ရပ်ကြည့်နေသည်။ သူမ၏စိတ်နှလုံးတွင် ချန်ကျဲ့အကြောင်း အတွေးများဖြင့်သာ ပြည့်နှက်နေခဲ့၏။
သူမ၏ခင်ပွန်းသည် အခုအချိန်တွင် အဘယ်အရပ်မှာ ရှိနေလိမ့်မည်နည်း။ ထိခိုက်ထားသေးသလော။ ဤအေးစက်သည့် ညအချိန်တွင် နွေးထွေးသည့် သောက်စရာတစ်ခုခု ရှိနေပါ၏လော။
ထိုအခိုက်အတန့်၌ တတိယသခင်မလေးဟွားသည် အပြင်ထွက်လာခဲ့၏။
“ညီမလေးယွင်ကျင်း မင်းဘာလို့ အပြင်ထွက်နေတာလဲ။ မင်းရဲ့လည်ပင်းဒဏ်ရာက အနားယူဖို့လိုသေးတယ်”