ဇနီး: ယောက်ျား၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်_၆
Vol. 27 Ch. 367
စူးယွင်ကျင်းမှ ပြောသည်။
“ကျေးဇူးတင်ပါတယ် အစ်မဟွား။ ကျွန်မ အိပ်မပျော်လို့ လေညှင်းခံဖို့ လမ်းလျှောက်ထွက်လာတာပါ။ ဒါနဲ့ ရှောင်ဟူနဲ့ တခြားသူတွေ ဘယ်လိုနေသေးလဲ”
“အာ တစ်ယောက်တော့ ဆုံးသွားတယ်။ ဒါပေမဲ့ တခြားသူတွေတော့ အန္တာရာယ်ကင်းပါတယ်။ ရှောင်ဟူလည်း အဆင်ပြေတယ်”
ထိုအခါ စူးယွင်ကျင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက်မှ ပြောသည်။
“အစ်မဟွား၊ ကျွန်မကို ငွေတုံးတစ်ရာလောက် ချေးပေးလို့ရမလား”
တတိယသခင်မလေးဟွားမှ မေးသည်။
“ဘာအတွက်လဲ”
“အစ်မဟွား ကျေးဇူးပြုပြီး အဲဒီဆုံးပါးသွားတဲ့အစ်ကိုရဲ့ မိသားစုကိုရှာပြီး ဒီငွေတွေကို ပေးပေးပါ။ ပြီးတော့ ကျွန်မတို့ ချန်မိသားစုက သူတို့အပေါ် ကျေးဇူးကြွေးတင်နေတာမို့လို့ အနာဂတ်မှာ အခက်အခဲတစ်ခုခုရှိခဲ့ရင် ကျွန်မကို လာရှာနိုင်ပါတယ်လို့။ ကျွန်မက အကောင်းဆုံးကြိုးစားပြီး ပြန်ပေးဆပ်သွားပါ့မယ်လို့ ပြောပေးပါ”
တတိယသခင်မလေးဟွားမှ ပြောသည်။
“တကယ်တော့ မင်းအဲဒီလိုလုပ်ဖို့ မလိုပါဘူး”
မျန့်ရွှေစီရင်စုတွင် အဖွဲ့အစည်းများကြား တိုက်ခိုက်ကြရင်း သေဆုံးခြင်းဟူသည် ပုံမှန်ဖြစ်သည်။ ပုံမှန်အားဖြင့် ငွေဆယ်တုံး ပေးလျော်လိုက်ရုံဖြင့် လုံလောက်၏။ စူးယွင်ကျင်း၏ ကမ်းလှမ်းချက်သည် ပုံမှန်ထက် ကျော်လွန်နေခဲ့ပြီး ဖြစ်သည်။
စူးယွင်ကျင်းမှ ပြောသည်။
“သူတို့က ကျွန်မရဲ့ယောက်ျားအပေါ် သစ္စာရှိကြတယ်။ သူတို့ ကျွန်မရဲ့ယောက်ျားအပေါ် သစ္စာစောင့်သိသ၍ တစ်ခုခုဖြစ်ခဲ့ရင်တောင်မှ ကျွန်မက သူတို့ရဲ့ဇနီးမယားတွေနဲ့ မိသားစုတွေကို စောင့်ရှောက်ပေးသွားမယ်ဆိုတာကို သိစေချင်တာပါ!”
တတိယသခင်မလေးဟွားသည် စူးယွင်ကျင်းကို ကြည့်လိုက်ပြီး ပြန်ပြောသည်။
“မင်းမှာ အဲဒီလို ကြင်နာလွန်းတဲ့နှလုံးသားမျိုး ရှိလိမ့်မယ်လို့ မထင်ထားမိဘူးပဲ။ အင်း မင်း ချေးဖို့ မလိုပါဘူး။ ကျိုစစ် ငါ့ကို ငွေတုံးတစ်သောင်းပေးထားတာ ရှိတယ်။ ငါ မသုံးရသေးဘူး။ အဲဒီအထဲက နည်းနည်းယူလိုက်ပေါ့”
“အဲဒီမှာဘယ်သူလဲ”
သူတို့နှစ်ဦး စကားပြောနေရင်း တတိယသခင်မလေးဟွားသည် ရုတ်တရက် သတိနိုးကြားသွား၏။
လျှို့ဝှက်လက်နက်ရှိနေတယ်!
တတိယသခင်မလေးဟွားသည် လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်ပြီး အုပ်ကြွပ်ပိုင်းဖြင့် ထုပ်ပိုးထားသည့် စာကို ဖမ်းယူလိုက်သည်။
တတိယသခင်မလေးဟွားနှင့် စူးယွင်ကျင်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ စူးယွင်ကျင်းသည် ရုတ်ချည်း စိတ်လှုပ်ရှားမှုကြောင့် တောင့်ခဲသွားခဲ့သည်။
“အစ်မဟွား!”
တတိယသခင်မလေးဟွားသည် စာကို ဖြန့်လိုက်သည်။
[ရှင်မ၊ အစ်မဟွား၊ ကျွန်တော် မျက်နှာချင်းဆိုင်က ခေါင်မိုးပေါ်မှာ ရှိနေတယ်]
ဟင်!
ထိုအခိုက်တွင် သူတို့နှစ်ဦးစလုံး မျက်နှာချင်းဆိုင်သို့ မော့ကြည့်လိုက်ကြသည်။ ချန်ကျဲ့သည် ခါးထက်မှ ဆောင်းဦးပုစဉ်းဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ လရောင်အောက်၌ ဓားမြှောင်သည် ခဏမျှ ခပ်ဖျော့ဖျော့လက်သွား၏။ ထို့နောက် ဓားမြှောင်ကို ပြန်သိမ်းလိုက်သည်။
[အပြင်မှာ ကျွန်တော့်ကိုဖမ်းဖို့ စောင့်နေတဲ့သူတွေ ရှိနေတယ်။ အောက်ဆင်းလာမတွေ့နိုင်လို့ ခွင့်လွှတ်ပါ]
[ဒီနေ့ဖြစ်သွားတဲ့ ရုတ်တရက်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြားထဲမှာ လက်ကမ်းပေးခဲ့တဲ့အတွက် အစ်မဟွားကို ကျေးဇူးတင်ပါတယ်။ ကျိုစစ် ဒီကျေးဇူးကို သေတဲ့အထိ မမေ့ပါဘူး]
“အဲဒီကောင်စုတ်လေးက အမြဲ အပြောချိုပြီး ဘာမှဟုတ်တာမဟုတ်ဘူး။ ငါ့ကို ငွေတုံးရှစ်ထောင်လောက် သုံးဖို့ပေးတာမှ ကောင်းဦးမယ်!”
တတိယသခင်မလေးဟွားသည် မကျေမနပ်ပြော၏။ သို့သော် သူမ၏မျက်နှာသည်တော့ အတော်လေး ကျေနပ်ပီတိဖြစ်နေခဲ့သည်။
[ရှင်မ၊ မင်းကို ထိတ်လန့်စေမိတဲ့အတွက် ကိုယ်တောင်းပန်ပါတယ်။ မင်းလည်ပင်းမှာ ဒဏ်ရာရထားတာ ကိုယ်တွေ့တယ်။ မင်း ထပ်ပြီးတော့ ရူးမိုက်တဲ့လုပ်ရပ်တွေ လုပ်ပြန်ပြီလား]
စာကိုဖတ်နေရင်း စူးယွင်ကျင်းသည် သူမ၏လည်ပင်းမှ ဒဏ်ရာကို ပျာပျာသလဲ ဖုံးကွယ်လိုက်သည်။ သူမသည် ချန်ကျဲ့မှ သူမ၏ဒဏ်ရာကို မြင်တွေ့သွားမည်အား မလိုလားပါချေ။ သို့မဟုတ်ပါက ချန်ကျဲ့ သူမကို စိတ်ပူနေလိမ့်မည်။
[မင်းက အမြဲဒီလိုပဲ။ ဒီနေ့ကိစ္စက ကိုယ့်အမှားလည်း ပါပါတယ်။ ဒါပေမဲ့ ရှင်မ၊ မင်း ထပ်ပြီးတော့ ရူးမိုက်တဲ့လုပ်ရပ်တွေ မလုပ်နဲ့တော့။ ပြီးတော့ အစ်မဟွားနဲ့ နောက်ထပ်ရက်နည်းနည်းလောက် နေလိုက်ဦး။ အစ်မဟွားနဲ့ စကားလေးဘာလေးပြောနေပေါ့။ အပြင်က ကောလာဟလတွေကို နားမထောင်နဲ့။ ဒီကိစ္စတွေကို ကိုယ် ကိုင်တွယ်နိုင်ပါတယ်]
[ကိုယ့်အတွက် စိတ်မပူပါနဲ့]
[ပြီးတော့ ကိုယ် မျန့်ရွှေစီရင်စုမြို့ကနေ ရက်နည်းနည်းလောက် ထွက်သွားရမယ်။ ရက်တိုရင် သုံးရက်ကနေ ငါးရက်၊ ကြာရင်တော့ တစ်လ၊နှစ်လကြာလိမ့်မယ်။ အဲဒါကြောင့် အရမ်းစိုးရိမ်ပူပန်မနေဘဲ အပြင်က ပြောစကားတွေကိုလည်း မယုံကြည်ပါနဲ့။ အစ်မဟွား၊ သူတို့ ကျွန်တော့်ကို ဖမ်းဆီးဖို့ဆိုရင် ကျင်းအာက ကျွန်တော့်ရဲ့အားနည်းချက်ဆိုတာကို အစ်မ သိပါတယ်။ ကျေးဇူးပြုပြီး အစ်မဟွား၊ ယွင်ကျင်းကို သေချာလေးစောင့်ရှောက်ထားပေးပါဦး]
စာဖတ်ပြီးနောက် တတိယသခင်မလေးဟွားမှ မှတ်ချက်ပြုသည်။
“အဲဒီကောင်စုတ်လေးက လူကို ဘယ်လိုအမိန့်ပေးရမလဲ ကောင်းကောင်းသိတာပဲ!”
“မင်းတွေ့တယ်နော် ယွင်ကျင်း၊ အခုကစပြီး အစ်မ စကားကို နားထောင်ရမယ်”
စူးယွင်ကျင်းသည် ဘာမျှမပြောဘဲ စာကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။
ချန်ကျဲ့မှ ရေးထား၏:
[အင်း ရှင်မ၊ မင်းကို ထိတ်လန့်အောင်လုပ်မိတာအတွက်ရော စိုးရိမ်ပူပန်စေမိတဲ့အတွက်ရော ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပြီး ကိုယ်ပြန်လာတာကို စောင့်နေပေးပါ]
စာသည် ထိုသို့ အဆုံးသတ်သွားခဲ့၏။
စူးယွင်ကျင်းသည် စာကို ဆုပ်ကိုင်ထားလျက် မျက်လုံးအစုံမှာ မျက်ရည်များ ရစ်ဝဲနေသည်။ သူမသည် အဝေးရှိ ခေါင်မိုးကို ကြည့်နေခဲ့သော်လည်း လူအရိပ်ကိုပင် မမြင်နိုင်ပါချေ။
ထိုအခိုက်အတန့်၌ ချန်ကျဲ့သည်လည်း စူးယွင်ကျင်းကို ကြည့်နေခဲ့သည်။
သူတို့နှစ်ဦး အကြည့်ဆုံသွားချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသည့်အလားပင်။
စူးယွင်ကျင်းသည် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ချန်ကျဲ့ကို ဤသို့ အလွန်ပြောချင်လှသည်။
အပြင်ရောက်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အအေးမမိစေနဲ့၊ ဗိုက်အဆာမခံနဲ့။ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်။
ဟူ၍။
ချန်ကျဲ့သည် စူးယွင်ကျင်း၏ စိတ်ထဲမှ စကားသံများကို မကြားနိုင်သည့်တိုင် သူမ၏ မျက်လုံးအကြည့်များမှတစ်ဆင့် သူမ၏ဆုတောင်းဆန္ဒများကို သိရှိနိုင်ပေသည်။
ချန်ကျဲ့ တီးတိုးရေရွတ်လိုက်သည်။
“ရှင်မ ကိုယ့်ကိုစောင့်နေပါ”
ထိုသို့ပြောလျက် ချန်ကျဲ့သည် အချိန်ဆွဲမနေတော့ဘဲ ထွက်ခွာခဲ့သည်။
ထို့နောက်တွင် အောက်ဘက်ရှိ စောင့်ကြည့်နေသူတစ်ဦးမှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“ဟေး ငါ ဟိုနားမှာ အရိပ်တစ်ခု မြင်လိုက်သလိုပဲ”
“အဲဒီမှာ တစ်ယောက်ယောက်ရှိနေလား”
ပြောရင်းဆိုရင်း လူနှစ်ဦးသည် ခေါင်မိုးပေါ်သို့ ရုတ်ချည်း တက်သွားကြသည်။ ထိုလူနှစ်ဦးသည် အတော်လေး အရည်အချင်းရှိကြ၏။ သူတို့သည် သံမဏိအရိုးအဆင့်ရှိသော လင်းယုန်ခန်းမ၏ ဦးစီးမှူးများဖြစ်ကြသည်။
သူတို့ ခေါင်မိုးပေါ် တက်လာချိန်တွင် မည်သူမျှ ရှိမနေပေ။
သို့သော် ခေါင်းလှည့်လိုက်သည်တွင် ဤနေရာသည် ချန်မိသားစုနေထိုင်သည့် ခြံဝင်းနှင့် တန်းတန်းမတ်မတ်ဖြစ်နေကြောင်း သတိထားမိလိုက်ကြသည်။
ထို့နောက် တစ်ဦးမှ ပြောသည်။
“ဟေး ဒီအုပ်ကြွပ်တွေကို ကြည့်လိုက်စမ်း။ မကြာသေးခင်ကမှ ကျိုးပဲ့ထားတာလိုပဲ”
နှစ်ဦးသား အကြည့်ဖလှယ်လိုက်ကြသည်။
“ဒီနေရာမှာ တစ်ယောက်ယောက်ရှိနေခဲ့တယ်။ ရှာကြစမ်း!”.
ဝှစ် ဝှစ် ဝှစ်…
သူတို့သည် ချက်ချင်း လူစုခွဲကာ စတင်ရှာဖွေကြတော့သည်။
ထိုအချိန်၌ ချန်ကျဲ့သည် မြို့တံခါးသို့ ရောက်နေခဲ့လေပြီ။
သို့သော် မြို့တံခါးကို စေ့ပိတ်ထားပြီး ငါးဖမ်းကုန်သည်အဖွဲ့သားများမှ တင်းကြပ်စွာ စောင့်ကြပ်နေကြသည်။
ချန်ကျဲ့မှာ ရွေးချယ်စရာမရှိပေ။ အချို့သော ငါးဖမ်းကုန်သည်အဖွဲ့သားများသည် သူ၏ပုံတူများကို ကိုင်ထားကြပြီး အချို့ပုံတူပန်းချီများကို မျှော်စင်များတွင် ချိတ်ဆွဲထားသည်။
ချန်ကျဲ့ အဝေးမှ အာရုံစူးစိုက်ကြည့်လိုက်သည်။
သိုင်းလောကသတ်ဖြတ်ခြင်းအမိန့်တော်ပဲ!
[ချန်ကျိုစစ်၊ အသက်၁၈နှစ်၊ ကျားဖြူခန်းမ အဖွဲ့သား၊ မွေးစားအဖေအား သတ်ဖြတ်မှုကို ကျူးလွန်ထားသူဖြစ်ပြီး လူ့ကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့သူဖြစ်တယ်။ အဆိုးရွားဆုံးသော ရာဇဝတ်သားတစ်ဦးဖြစ်တယ်။ ဤရာဇဝတ်သားအား အသက်ရှင်လျက်ဖြစ်စေ၊ သေဆုံးလျက်ဖြစ်စေ ဖမ်းဆီးနိုင်ခြင်းအတွက် ငွေတုံးတစ်သောင်း၊ သတင်းပေးခြင်းအတွက် ငွေတုံးငါးဆယ်မှ ငွေတုံးငါးရာအတွင်း ချီးမြှင့်မည်ဟု ထုတ်ပြန်လိုက်သည်။ သိုင်းလောကသတ်ဖြတ်ခြင်းအမိန့်တော်!]
[လူပုံတူပန်းချီ!]
ချန်ကျဲ့ တွေးမိ၏။
ငါးဖမ်းကုန်သည်အဖွဲ့က လှုပ်ရှားတာ မြန်နေရောပဲ။ ငါလွတ်မြောက်နိုင်ပါ့မလား။
အခုဆို မြို့တံခါးလေးခုစလုံးကို ပိတ်ထားလောက်ပြီ။ ထွက်ဖို့ မလွယ်လောက်ဘူး။
ဂျောက်!
ချန်ကျဲ့ အနည်းငယ် အာရုံပျံ့လွင့်နေစဉ် သူ၏ပခုံးထက်သို့ လက်တစ်ဖက် ရုတ်တရက် ကျရောက်လာ၏။ ချန်ကျဲ့သည် သံမဏိလက်ဝါးသိုင်းဖြင့် ပြန်လည်တုံ့ပြန်မိလုနီး ဖြစ်သွားခဲ့သည်။ သို့သော် တစ်ဖက်လူသည် တုန်လှုပ်ခြင်းမရှိ အရိုးအဆစ်လွဲလက်ကွက်သိုင်းဖြင့် တန်ပြန်တိုက်ခိုက်လာသည်။
ဖြန်းခနဲအသံနှင့်အတူ သူတို့၏လက်များ ရိုက်ခတ်မိသွားပြီး နှစ်ဖက်စလုံး မည်သူမျှ အသာစီးမရပါဘဲ ခြေလှမ်းနောက်ဆုတ်သွားကြသည်။
“ငါပါကွ!”
“အစ်ကိုဟုန်!”
“ရှူး! ငါ့နောက်လိုက်ခဲ့”
ချန်ကျဲ့လှည့်ကြည့်လိုက်ရာ တစ်ဖက်လူမှာ ဝူဟုန်ဖြစ်နေခဲ့သည်။ ဝူဟုန်သည် သူ့ကို လမ်းကြားတစ်ခုထဲ လိုက်ခဲ့ရန် လက်ဟန်ပြကာ တံတိုင်းတစ်နေရာဆီသို့ အလျင်စလို ဦးဆောင်ခေါ်သွားခဲ့သည်။
ဝူဟုန်သည် ချန်ကျဲ့ကို ကြည့်လာပြီး မေး၏။
“ကျိုစစ်၊ မင်းငါ့ကို အမှန်အတိုင်းဖြေ၊ မင်း ဖန်းရှစ်ကျုံးကို သတ်ခဲ့လား”
“မသတ်ခဲ့ဘူး!”
ချန်ကျဲ့မှ တည်ကြည်လေးနက်စွာ ပြန်ဖြေသည်။ ဝူဟုန်မှ ပြောသည်။
“ဒါဆိုကောင်းပြီ”
“အစ်ကိုဟုန် ကျွန်တော့်ကိုယုံလား”
“မင်းက မသတ်ခဲ့ဘူးလို့ပြောမှတော့ ငါမင်းကို ယုံတယ်။ ကောင်းပြီ၊ ငါမင်းကို မြို့ထဲက ထွက်လို့ရအောင် ကူညီပေးမယ်!”
ထိုသို့ပြောလျက် ဝူဟုန်သည် သူ၏ရတနာရာချီအိတ်ထဲမှ လုံးထွေးနေသည့်ချိတ်ကို ဆွဲထုတ်ပြီး လွှဲရမ်းလိုက်သည်။ ထို့နောက် ချိတ်သည် မြို့တံတိုင်းကို မြဲမြံစွာ ချိတ်သွားခဲ့သည်။
“လတ်တလော ဒီနေရာကို ဘယ်သူမှ စောင့်ကြပ်မနေဘူး။ မြန်မြန် သွားတော့!”
ချန်ကျဲ့သည် မြို့တံတိုင်းမှ ချိတ်ကို ကြည့်လိုက်ပြီးနောက် ဝူဟုန်ကို အရိုအသေပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုဟုန်”
ဝူဟုန်မှ ပြောသည်။
“ကဲပါ၊ အချိန်တစ်ခုလောက်တော့ သိုသိုသိပ်သိပ်နေလိုက်ဦး။ ယွင်ကျင်းနဲ့ တခြားသူတွေကို ငါဂရုစိုက်ပေးထားမယ်။ ဘာမှစိတ်မပူနဲ့”
“ဟုတ်ကဲ့ပါ။ ဒါဆို ကျွန်တော်သွားပြီ”
နှုတ်ဆက်စကားဆိုပြီးနောက် ချန်ကျဲ့သည် ချိတ်ကြိုးကို ဆွဲကိုင်၍ နံရံတက်သိုင်းကွက်ကို အသုံးပြုကာ မြို့တံတိုင်းကို လျင်မြန်စွာ ကျော်တက်ခဲ့ပြီး မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း ပျောက်ကွယ်သွားတော့သည်…