ဟွမ်ဝမ်အာ : သခင်ကြီးချန်၊ ရှင် စိတ်လှုပ်ရှားဖို့ကောင်းတာလေး စမ်းမကြည့်ချင်ဘူးလား?
Vol. 27 Ch. 368
မြို့တံတိုင်းကို ချိတ်ဖြင့် ချိတ်တွယ်၍ ချန်ကျဲ့သည် မျန့်ရွှေစီရင်စုမြို့မှ ညတွင်းချင်း ထွက်ခွာလာခဲ့သည်။
မျန့်ရွှေစီရင်စုမှ ထွက်ခွာလာပြီးနောက်တွင် ချန်ကျဲ့သည် ဟွမ်ဝမ်အာကို အရင်သွားတွေ့ပြီး စိတ်ဝိဉာဉ်ပြောင်းလဲမြက်ကို ရယူရန် ဆုံးဖြတ်ခဲ့သည်။
သို့ဖြင့် ကျီရှန်းဘုရားကျောင်းသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ကျီရှန်းဘုရားကျောင်းသည် မြို့နှင့် မိုင်၃၀ကွာဝေး၏။ သာမန်လူများအတွက်မူ တိုတောင်းသည့် အကွာအဝေး မဟုတ်ပေ။ သို့သော် ချန်ကျဲ့အတွက်မူ တိုတောင်းသည့် အကွာအဝေး ဖြစ်၏။
ချန်ကျဲ့သည် ကိုယ်ဖော့သိုင်းပညာကို အသုံးပြု၍ ကျီရှန်းဘုရားကျောင်းသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
မနက်၃နာရီခန့်တွင် ကျီရှန်းဘုရားကျောင်းသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်၌ ဟွမ်ဝမ်အာ၏ အခန်းတွင် မှိန်ပျပျလင်းလက်နေသည့် အလင်းတစ်စမှအပ ဘုရားကျောင်းတစ်ခုလုံးမှာ တိတ်ဆိတ်နေသည်။
ချန်ကျဲ့သည် ဘုရားကျောင်းနံရံကို ကျော်တက်လိုက်ပြီးနောက် ဟွမ်ဝမ်အာ နေထိုင်ရာ အခန်းတစ်၏ ခေါင်မိုးပေါ်သို့ အမြန်သွားလိုက်သည်။
ခေါင်မိုးပေါ်မှတစ်ဆင့် ချန်ကျဲ့ အခန်းထဲကို ကြည့်လိုက်သည်။ ဟွမ်ဝမ်အာသည် အပြာရောင် သီလရှင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အခန်းထဲတွင် ဆီမီးအိမ်တစ်လုံးကို ထွန်းညှိထားသည်။ သူမသည် ထိုအလင်းရောင်ဖြင့် စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့ကာ သူမ၏မျက်နှာမှာ အလင်းရောင်ပြန်ဟပ်၍ မျက်လုံးများသည် နွေဦးအလား တောက်ပနေခဲ့သည်။
သူမ၏ အကျင့်စရိုက်မှာ ထူးဆန်းသည်ဟု ချန်ကျဲ့ တွေးလိုက်သည်။
ဒီလောက်တောင် စိတ်အားထက်သန်နေရအောင် သူက ဘယ်လိုကျမ်းစာအုပ်မျိုးကို ဖတ်နေတာမို့လို့လဲ။
ခေါင်မိုးအုပ်ကြွပ်ဖယ်ထားသည့် နေရာမှတစ်ဆင့် ချန်ကျဲ့ သေချာအားစိုက်ကြည့်လိုက်သည်။ ကျမ်းစာအုပ်သည် သင်္သကရိုက်ပါဠိဘာသာဖြင့် ရေးထိုးထားပြီး ဘာသာပြန်ပါရှိ၏။ ထို့ပြင် ကျမ်းစာအုပ်၏ နောက်ဘက်၌ ရုပ်ပုံများလည်း ပါရှိသည်။
'ဗောဓိသတ္တကွမ်ရင်' ကြာပန်းပလ္လင်ထက်တွင် ဝံ့ကြွားစွာ ထိုင်နေသည့်ရုပ်ပုံကို ကသိကအောက်ဖြစ်ဖွယ် ပန်းချီဖြင့် ဖော်ပြထား၏။
'ရွှေအဆင်းရှိ ရဟန္တာ'မှ ရဲရင့်တည်ကြည်စွာသော ဟန်ပန်ဖြင့် ခေါင်းလောင်းတီးခတ်နေသည့် ရုပ်ပုံပန်းချီလည်း ပါရှိသည်။
…
ခေါင်မိုးထက်၌ ချန်ကျဲ့သည် ကျမ်းစာအုပ်တွင် ပါဝင်သည့်အရာများကို ကြည့်ရှုနေခဲ့သည်။ နောက်ပိုင်းအချိန်ကာလများတွင် သတင်းအချက်အလက်များ ကျယ်ပြန့်ပေါက်ကွဲလာမှုနှင့် ကြုံတွေ့ပြီးပါက ၎င်းသည် ကိစ္စကြီးကြီးမားမား မဖြစ်နိုင်တော့သော်ငြား ဤလက်ရှိခေတ်တွင်တော့ ထိုသို့စာအုပ်များကို ဖတ်ရှုခြင်းသည် ရိုးရာအစဉ်အဆက် ယုံကြည်သက်ဝင်မှုနှင့် ဆန့်ကျင်နေကာ တားမြစ်ထားသည့်အရာ ဖြစ်သည်။
ဒီရူးနှမ်းနေတဲ့မိန်းမက အဲဒီစာအုပ်တွေကို ဘယ်ကနေ ရလာတာများလဲ။
စာမျက်နှာအနည်းငယ်ကို ဖတ်ပြီးနောက်တွင် ဟွမ်ဝမ်အာသည် နှလုံးခုန်မြန်လာပြီး ခန္ဓာကိုယ် မသက်မသာဖြစ်လာ၏။ ထို့ကြောင့် စာအုပ်ကို မြန်မြန်ပိတ်၍ လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။
“အောမီထောဖူ”
ဒီနေ့ညနေက ဟွမ်ဝမ်အာသည် ကျီရှန်းဘုရားကျောင်း၏ ပစ္စည်းသိုလောင်ခန်းသို့ သွား၍ ကျမ်းစာအုပ်များကို ကြည့်ရှုစဉ် အောက်ခြေတစ်နေရာတွင် ဝှက်ထားသည့် ဤအဝါရောင်သားရေဖုံးစာအုပ်ကို မမျှော်လင့်စွာဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ စူးစမ်းသိလိုစိတ်၏ လွှမ်းမိုးမှုကြောင့် သူမသည် ဤစာအုပ်ကို အခန်းသို့ ယူဆောင်လာခဲ့သည်။
စာအုပ်ကို တစ်ချက်မျှ ဖတ်ကြည့်ပြီးနောက်တွင် သူမ၏ လောကကြီးအပေါ် ကြည့်ရှုပုံမှာ တိမ်းစောင်းနေသည်ဟု ခံစားလိုက်ရ၏။ ဤသို့အကြောင်းအရာများကိုလည်း စာအုပ်ထဲတွင် မှတ်တမ်းတင်ထားနိုင်ပါ၏လော။
ရှက်ဖို့ကောင်းတယ် မဟုတ်ဘူးလား။
ပြီးတော့လည်း ဗောဓိသတ္တကွမ်ရင်က စင်ကြယ်တဲ့ စံနမူနာတစ်ပါးလေ။ ဘယ်လိုလုပ်ပြီး အရမ်းရှက်ဖို့ကောင်းအောင် ရေးဆွဲထားရတာလဲ။
ဟွမ်ဝမ်အာသည် ပျိုဖော်ဝင်စ မိန်းမငယ်လေးကဲ့သို့ တားမြစ်စာအုပ်ကို တစ်ချက်မျှ ချောင်းကြည့်လိုက်ရင်းဖြင့် အံ့ဩဖွယ်သော ကမ္ဘာအသစ်ကို ဖွင့်လှစ်မိခဲ့လေသည်။
သူမသည် နှလုံးခုန်မြန်နေကာ နှုတ်ခမ်းနှင့် လျှာများ ခြောက်သွေ့နေခဲ့သည်။ သူမသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်သည့်တိုင် ခုန်လှုပ်နေသည့် နှလုံးသားကို အချိန်အတော်ကြာ မတည်ငြိမ်စေနိုင်ဘဲ ဖြစ်နေခဲ့သည်။ သူမသည် ခုနက အကြောင်းအရာ မြင်ကွင်းများကိုသာ ပြန်တွေးမိနေခဲ့၏။
၇ရက်၊ ဒီနေ့၇ရက်ပြည့်ပြီ မဟုတ်လား။
အချိန်တွေကုန်တာ နှေးကွေးလိုက်တာ။
ထိုသို့တွေးနေရင်း ဟွမ်ဝမ်အာသည် ခေါင်းမော့လိုက်ရာ အုပ်ကြွပ်ဖယ်ရှားခံထားရသည့် ခေါင်မိုးအပေါက်ကို မြင်တွေ့လိုက်သဖြင် အံ့ဩသွားခဲ့သည်။
သူမသည် စာအုပ်ကို စားပွဲအောက်ရှိ စောင်ခေါက်အောက်သို့ ထိုးဖွက်လိုက်ပြီးနောက် ပြော၏။
“ကျွန်မရဲ့ခေါင်မိုးပေါ်ရောက်နေတဲ့ ပုဂ္ဂိုလ်ရှင့်။ ရှင်က ဘယ်သူဖြစ်ဖြစ် ဒုက္ခမရောက်ချင်ဘူးဆိုရင် ကျေးဇူးပြုပြီး အခုချက်ချင်း ထွက်လာခဲ့လိုက်ပါ”
ချန်ကျဲ့သည် သူမ၏စကားကို ကြားသော်ငြား ဘာမျှမတုံ့ပြန်ဘဲ ခေါင်မိုးတွင်သာ ဆက်နေသည်။
“အို ကြည့်ရတာ ရှင်က ထွက်မလာချင်ဘူးပဲ။ အဲဒီလိုဆိုရင်တော့ ကျွန်မ လူတွေခေါ်လိုက်တော့မယ်နော်”
ဟွမ်ဝမ်အာမှ တည်ငြိမ်အေးဆေးစွာ ပြောသည်။
လူအော်ခေါ်တော့မည့် ဟွမ်ဝမ်အာကို မြင်သောအခါ ချန်ကျဲ့ ပြောလိုက်သည်။
“မအော်ပါနဲ့။ ကျွန်တော်ပါ၊ ခင်ဗျားရဲ့သခင်ကြီး”
“အင်း သခင်ကြီးချန်”
ဟွမ်ဝမ်အာ၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း ပြတင်းပေါက်သို့ လျှောက်လာသည်။
“သခင်ကြီးချန် မြန်မြန် ဒီဘက်ကိုဆင်းလာခဲ့လိုက်။ ဒီမှာဘယ်သူမှမရှိဘူး”
ထိုအခါ ချန်ကျဲ့သည် ခေါင်မိုးအုပ်ကြွပ်ကို ပြန်တပ်ပေးလိုက်ပြီး ပြတင်းပေါက်မှ ချက်ချင်း ဝင်သွားလိုက်သည်။
နှစ်ဦးသား အပြန်အလှန်မြင်တွေ့လိုက်ရသည်တွင် ဟွမ်ဝမ်အာမှ ပြုံးလိုက်ပြီး ပြောသည်။
“သခင်ကြီးချန်က ယုံကြည်ရတဲ့သူပဲ။ ဒီလိုအချိန်မျိုးမှာ ကျွန်မကို လာရှာတာ ကျွန်မကို လွမ်းလို့လား ဒါမှမဟုတ် စိတ်ဝိဉာဉ်ပြောင်းလဲမြက်ကို လွမ်းလို့လား”
“နှစ်ခုစလုံးပါပဲ”
ချန်ကျဲ့မှ ပြောသည်။
“ဪ?”
ဟွမ်ဝမ်အာသည် ကျီစယ်နောက်ပြောင်ဟန် ပြုံးရယ်နေ၏။ ချန်ကျဲ့သည်တော့ အမှန်ပြောနေခြင်း ဖြစ်သည်။ ထိုနေ့ညတွင် သူသည် နန်ပါးထျန်း၏ လှည့်ဖျားခံခဲ့ရပြီး ဖုန်းရွှမ်၏ ဒေါသတကြီးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ချန်ကျဲ့အနေဖြင့် ဖုန်းရွှမ်ကို လက်တုံ့ပြန်ရန် နည်းလမ်းရှာဖွေနိုင်မည်ဖြစ်သည့်တိုင် နန်ပါးထျန်းကို လက်စားချေရန်အတွက်မူ ခက်ခဲ၏။ ရွေးချယ်စရာ မရှိသည်ဖြစ်ရာ ချန်ကျဲ့သည် နန်ပါးထျန်းအတွက် အရေးအကြီးဆုံးသော ဇနီးလေး၏ အိပ်ရာသို့သာ လာရောက်ခဲ့လိုက်သည်။
ခင်ဗျားက ကျုပ်ကို ထောင်ချောက်ဆင်ရဲမှတော့ ကျုပ်က ခင်ဗျားရဲ့ဇနီးလေးနဲ့ အိပ်ပစ်မယ်။ ခင်ဗျားရဲ့ဇနီးက ကျုပ်ကို အဖိုးထိုက်ရတနာတွေ ပေးအပ်လိမ့်မယ်။
ခင်ဗျားကို အစိမ်းရောင်ခေါင်းနဲ့လိပ်ဖြစ်အောင် လုပ်ပစ်မယ်လေ ဘယ်လိုလဲ။
ချန်ကျဲ့တွင် ခုံးယီကျီး၏စိတ်ဝိဉာဉ်မျိုး အနည်းငယ်ရှိသည်ဟု ဆိုနိုင်ပေသည်။
တစ်ခါတလေကျ လူတစ်ယောက်တွင် ခုံးယီကျီး၏စိတ်ဝိဉာဉ်မျိုးရှိရန် လိုအပ်၏။
ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို အထက်အောက်ကြည့်ရှုပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“သခင်ကြီးချန် ရှင်ဘာဖြစ်လာတာလဲ”
“ဘာမှမဖြစ်ပါဘူး”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်မကို လိမ်မပြောနဲ့။ ရှင့်တစ်ကိုယ်လုံး ချွေးတွေ၊ သဲတွေ ပေကျံနေတာ။ အဝတ်တွေမှာလည်း ရွှံ့တွေ ပေကျံနေတုန်းပဲ။ ရှင် ဒီကိုအပြေးအလွှားရောက်လာခဲ့တာပဲ။ ရှင့်ရဲ့မြင်းရော ဘယ်မှာလဲ”
“ပြီးတော့ ဒီအချိန်က မြို့တံခါးတွေ မဖွင့်သေးဘူး။ ဒါပေမဲ့ ရှင်က ဒီကိုရောက်လာတယ်ဆိုတော့ အရေးပေါ်အခြေအနေတစ်ခုခုကြောင့်ပဲ ဖြစ်လိမ့်မယ်။ ရှင်က တစ်ယောက်ယောက်ကို လိုက်ဖမ်းနေတာဆိုရင် မြင်းယူလာခဲ့မှာပဲ။ ဒါပေမဲ့ ရှင်က အခု မြင်းပါမလာဘူးဆိုတော့ အခြေအနေက မြင်းစောင့်စီးနိုင်တဲ့ အချိန်မရလောက်အောင် ပြင်းထန်နေတယ်လို့ ဆိုလိုတာပဲ။ ပြီးတော့ ရှင်က လိုက်ဖမ်းခံနေရတဲ့သူတောင် ဖြစ်နိုင်သေးတယ်။ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ”
ဟွမ်ဝမ်အာ၏ ခွဲခြမ်းစိတ်ဖြာမှုတွင် ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။
“ကျွန်တော့်ရဲ့သခင်မက တကယ့်ကို အသိအမြင်စူးရှပါပေတယ်။ ဒါတွေအားလုံးကိုတောင် သတိထားမိနိုင်တယ်”
ဟွမ်ဝမ်အာမှ ပြန်ပြောသည်။
“အဲဒီတော့ ကျွန်မပြောတာ မှန်တယ်ပေါ့။ လာပါ၊ ရှင် ကျွန်မကို ဖုံးကွယ်နေဖို့ မလိုပါဘူး။ တခြားကိစ္စတွေ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ရှင်နဲ့ နန်ပါးထျန်းရဲ့ဇနီးနဲ့ အတူအိပ်တဲ့ကိစ္စလောက် ပြင်းထန်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ပြောလိုက်စမ်းပါ”
ဟွမ်ဝမ်အာ ပြောသည့်စကားမှာ မှန်ကန်ပါသည်။
ချန်ကျဲ့မှ ဖန်းရှစ်ကျုံးကို တကယ်သတ်ခဲ့ပြီး နန်ပါးထျန်း၏ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရလျှင်သော်မှ ၎င်းသည် သူနှင့် နန်ပါးထျန်း၏ဇနီးနှင့် အတူအိပ်ခဲ့သည့်ကိစ္စလောက် အရေးပါလိမ့်မည် မဟုတ်ပေ။
ခြုံငုံလိုက်သော် လွန်လေပြီးသော လုပ်ဆောင််ချက်များသည် နန်ပါးထျန်းအတွက်မူ ဟန်ဆောင်ပန်ဆောင်လုပ်ပြရုံမျှ ဖြစ်သည်။
ချန်ကျဲ့၏ သေခြင်းရှင်ခြင်းသည် နန်ပါးထျန်းအတွက် ကြီးကြီးမားမား သက်ရောက်မှုမရှိပေ။ ဖန်းရှစ်ကျုံး သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် နန်ပါးထျန်း၏ ရည်ရွယ်ချက်မှာ ပြည့်မြောက်အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
နောက်ပိုင်းကိစ္စတွင်မူ နန်ပါးထျန်းကိုယ်တိုင် ပါဝင်လာလိမ့်မည်။ သူ၏ဇနီးနှင့် အရေးကိစ္စကို သိသွားခဲ့ပါက သေချာပေါက် မည်သည့်လုပ်ရပ်ကိုမဆို လုပ်ဆောင်ကာ ချန်ကျဲ့အား အသေသတ်လိမ့်မည် ဖြစ်သည်။
ယခုကဲ့သို့ ချင်းယင်တစ်ဦးတည်းသာ ဖုန်းရွှမ်ကို ကူညီပြီး ချန်ကျဲ့ကို လိုက်ဖမ်းနေခြင်းမျိုး မဖြစ်နိုင်တော့ပေ။