← Chapters

ဟွမ်ဝမ်အာ : သခင်ကြီးချန်၊ ရှင် စိတ်လှုပ်ရှားဖို့ကောင်းတာလေး စမ်းမကြည့်ချင်ဘူးလား?_၂

Vol. 27 Ch. 369

ဟွမ်ဝမ်အာ : သခင်ကြီးချန်၊ ရှင် စိတ်လှုပ်ရှားဖို့ကောင်းတာလေး စမ်းမကြည့်ချင်ဘူးလား?_၂

Vol. 27 Ch. 369

နန်ပါးထျန်းသည် ဖန်းရှစ်ကျုံး၏သေဆုံးမှုအတွက်နှင့် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို အပြစ်ပြုရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ချန်ကျဲ့နှင့် ဟွမ်ဝမ်အာတို့ အတူအိပ်ခဲ့သည်ကို နန်ပါးထျန်းသာ သိသွားခဲ့ပါက နန်ပါးထျန်းသည် လုံးဝ ရူးသွပ်သွားပေလိမ့်မည်။ ရူးသွပ်နေသည့် နန်ပါးထျန်းသည် ဘာမဆိုလုပ်နိုင်လိမ့်မည် ဖြစ်၏။ သို့မှသာ အမှန်စင်စစ်သော ကပ်ဘေးကြီး ဖြစ်ပေလိမ့်မည်။

သို့ဖြစ်ရာ ဖန်းရှစ်ကျုံးသေဆုံးမှုသည် ဟွမ်ဝမ်အာနှင့်အရေးကိစ္စလောက် အရေးမပါပေ။

ချန်ကျဲ့မှ ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြသောအခါ ဟွမ်ဝမ်အာသည် နားလည်သည့်အမူအရာသို့ ချက်ချင်းပြောင်းသွား၏။

“ဟားဟား… အဲဒါက နန်ပါးထျန်းလုပ်တာဖြစ်လိမ့်မယ်။ အဲဒီဟွားသျဲ့ကို ကျွန်မသိတယ်”

“သခင်မက ဟွားသျဲ့ကို သိတယ်လား”

ချန်ကျဲ့ ဟွမ်ဝမ်အာကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဟွမ်ဝမ်အာမှ ပြောသည်။

“ဟားဟား… သူ့နာမည်က ဟွားသျဲ့ မဟုတ်ဘူး။ သူ့နာမည်အစစ်က ချန်းရှောင်အယ်၊ ကျွန်မ သူ့ကိုတွေ့ဖူးတယ်”

“သူ့နဲ့တွေ့ဖူးတယ်လား”

ချန်ကျဲ့သည် ပို၍ပင် အံ့ဩသွား၏။ ဟွမ်ဝမ်အာမှ ဆက်ပြောသည်။

“အင်း၊ ကျွန်မ နန်ပါးထျန်းနဲ့ လက်ထပ်ပြီး မကြာခင်မှာ နန်ပါးထျန်းက ကျွန်မကို ပြဇာတ်သင်ယူဖို့နဲ့ အမျိုးသမီးတစ်ယောက်လို ပြုမူလမ်းလျှောက်နည်းသင်ယူဖို့ ခေါ်သွားခဲ့တယ်လေ။ ကျွန်မ စသင်ပြီး သိပ်မကြာခင်မှာပဲ ချန်းရှောင်အယ်ရောက်လာတယ်။ အဲဒီနောက်တော့ ကျွန်မကို ဆက်သင်ခွင့်မပြုတော့ဘူး”

“အဲဒီချန်းရှောင်အယ်လည်း သနားဖို့ကောင်းတယ်။ ကျွန်မ သူနဲ့ ခဏစကားပြောဖူးတယ်။ နောက်တော့ သူ့နာမည်ကို ဟွားသျဲ့လို့ ပြောင်းလိုက်ပြီလို့ ကျွန်မကို ပြောလာတယ်လေ”

“အဲဒီတုန်းက ကျွန်မနဲ့ သူနဲ့က ဆက်ဆံရေးကောင်းတော့ ကျွန်မ သူ့ကို ‘အဲဒီတော့ နင်က ပိုးတုံးလုံးကနေ လိပ်ပြာအဖြစ် ပြောင်းသွားပြီပေါ့’လို့ နောက်လိုက်သေးတယ်။ ဒါပေမဲ့ သူကတော့ ကျွန်မ မသိပါဘူးလို့ပဲ ပြန်ပြောတယ်လေ”

ချန်ကျဲ့သည် ဟွမ်ဝမ်အာကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်မိသည်။ ထိုအခါ အံ့အားသင့်ဖွယ်ကောင်းစွာပင် ဟွမ်ဝမ်အာသည် ဟွားသျဲ့နှင့် အတော်လေးဆင်တူကြောင်း ချန်ကျဲ့ သတိထားမိလိုက်၏။

သို့သော် ဟွမ်ဝမ်အာသည် ပို၍ လှပကာ ဟွားသျဲ့သည်တော့ ပို၍ သာမန်ဆန်သည်။

သူတို့နှစ်ဦး၏ ကွာခြားချက်သည် အလှပြင်ပရိုဂရမ် (beauty filter) ပါရှိသည့် အမျိုးသမီးနှင့် မပါသည့် အမျိုးသမီးကဲ့သို့ ဖြစ်၏။

ဟွမ်ဝမ်အာသည် အလှပြင်ပရိုဂရမ်ကို ဖွင့်ထားသဖြင့် အသားဖြူဖွေးကာ အသားအရေနူးညံ့ပြီး မျက်လုံးထောင့်စွန်းလေးများသည်လည်း အထက်သို့ ကော့ညွှတ်နေဟန်မျိုး ဖြစ်သည်။

ဟွားသျဲ့သည်တော့ သဘာဝအတိုင်းထားရှိသည့် အမျိုးသမီးတစ်ယောက်ကဲ့သို့ ဖြစ်သည်။

သူတို့နှစ်ယောက်က တကယ် ဆင်တူတာပဲ။

ဟွမ်ဝမ်အာ၏စကားများနှင့် ပေါင်းလိုက်သော် ချန်ကျဲ့ တစ်စုံတစ်ရာကို နားလည်သွားခဲ့သည်။

ကနဦးတွင် နန်ပါးထျန်းသည် ဖန်းရှစ်ကျုံးကို ထောင်ချောက်ဆင်ရန် စီစဉ်နေခြင်း ဖြစ်ခဲ့လိမ့်မည်။ မိန်းမလှထောင်ချောက်ကို ပြင်ဆင်ရန်အတွက် ငွေကုန်ကြေးကျခံ၍ အမျိုးသမီးတစ်စုကို စုဝေးခဲ့သည်။

သူတို့၏ ဆရာတူညီမလေးနှင့် ဆင်တူသည့် အမျိုးသမီးများကို စုဝေးခြင်းဖြစ်၏။

ထိုအမျိုးသမီးများထဲတွင် ဟွမ်ဝမ်အာလည်း တစ်ဦးအပါအဝင် ဖြစ်သည်။

ထို့ကြောင့်ပင် နန်ပါးထျန်းသည် သူရယူနိုင်သည့် အမျိုးသမီးများစွာ ရှိပါလျက်နှင့် ဟွမ်မိသားစု၏ သမီးပျိုကို အတင်းရယူခဲ့ခြင်းဖြစ်သည်။

ကနဦး၌ ဟွမ်ဝမ်အာသည်လည်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့လိမ့်မည်။ သို့သော် အနာဂတ်အတွက် ပြင်ဆင်နေစဉ်တွင် နန်ပါးထျန်းသည် ဖန်းရှစ်ကျုံးအား ဤသို့ကောင်းမွန်သည့် အမျိုးသမီးကို ပေးလိုက်ခြင်းသည် သူ့အတွက် ဆုံးရှုံးရသည်ဟု ရုတ်တရက် အတွေးဝင်ခဲ့လိမ့်မည်။

သို့ဖြင့် နန်ပါးထျန်းသည် ချန်းရှောင်အယ် တဖြစ်လည်း ဟွားသျဲ့ကို ရှာလာခဲ့သည်။

ထို့နောက် ဟွမ်ဝမ်အာကို အစီအစဉ်မှ ဖယ်ထုတ်လိုက်ပြီး‌ ချန်းရှောင်အယ်ကို စေလွှတ်၍ မိန်းမလှထောင်ချောက်ကို ပြင်ဆင်စေသည်။

နန်ပါးထျန်းသည် အတော်လေး အကြံကြီးသည်ဟု သတ်မှတ်နိုင်ပါ၏။

သေချာပေါက်ပင် ဤသည်မှာ ချန်ကျဲ့၏ခန့်မှန်းချက်သာ ဖြစ်ပါသည်။ အခြေအနေအမှန်ကိုမူ ချန်ကျဲ့လည်း မသိသေးပေ။

ထို့ကြောင့် ချန်ကျဲ့သည် ဟွမ်ဝမ်အာကို ချန်းရှောင်အယ်နှင့်ပတ်သက်သည့် အချက်အလက်များကို ထပ်မံမေးမြန်းခဲ့သည်။

ဟွမ်ဝမ်အာမှ ပြောသည်။

“ချန်းရှောင်အယ်က မျန့်ရွှေစီရင်စုက မဟုတ်ဘူး။ သူက လင်းစီရင်စုရဲ့ ဝမ်ကျားရွာသူတစ်ယောက်ပဲ။ နောက်ပိုင်းကျ ငတ်မွတ်ခေါင်းပါးမှုကြောင့် သူ့ရဲ့မိသားစုက မျန့်ရွှေစီရင်စုမှာ ခိုလှုံဖို့ထွက်လာခဲ့ပြီး ချန်းရှောင်အယ်က နန်ပါးထျန်းရဲ့ ငွေနဲ့ဝယ်ယူခြင်း ခံခဲ့ရတယ်…”

ချန်ကျဲ့ နားထောင်ပြီးနောက် ခေါင်းညိတ်သည်။

ဟွမ်ဝမ်အာသည် စကားအဆုံး၌ အတွေးထဲနစ်မြုပ်နေသည့် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ ထို့နောက် တွေးမိသွား၏။

“သခင်ကြီးချန်”

“ဟမ်”

“ရှင် စိတ်လှုပ်ရှားဖို့ကောင်းတာတစ်ခုခု စမ်းမကြည့်ချင်ဘူးလား”

ချန်ကျဲ့ ထိတ်လန့်သွား၏။

“ဘယ်လိုစိတ်လှုပ်ရှားမှုမျိုးလဲ

ဟွမ်ဝမ်အာမှ ပြောသည်။

“ရှင်ပြောတာကို နားထောင်ပြီးတော့ ကျွန်မ နားလည်လိုက်တယ်။ ကျွန်မက နန်ပါးထျန်းရဲ့နှလုံးသားထဲက အဲဒီဆရာတူညီမလေးအတွက် အစားထိုးလူဖြစ်လိမ့်မယ်”

ချန်ကျဲ့မှ ပြောသည်။

“အင်း ဖြစ်နိုင်ပါတယ်။ အဲဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျွန်တော်မသိပေမဲ့ ကြည့်ရတာတော့ ဖန်းရှစ်ကျုံးနဲ့ နန်ပါးထျန်း.. သူတို့နှစ်ယောက်စလုံးက အဲဒီဆရာတူညီမလေးကို မေတ္တာသက်ဝင်ခဲ့ကြတယ် ထင်တယ်”

ဟွမ်ဝမ်အာမှ ပြောသည်။

“သူ ရှင့်ကို ဒီလောက်ဆိုးဆိုးရွားရွား ဒုက္ခပေးခဲ့တာကို ရှင်သူ့ကို လက်စားမချေချင်ဘူးလား”

ချန်ကျဲ့မှ ပြောသည်။

“အဆင်အခြင်မဲ့ မလုပ်နဲ့!”

ချန်ကျဲ့ ဟွမ်ဝမ်အာကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ဤရူးနှမ်းနေသည့် အမျိုးသမီးသည် ထပ်မံ၍ စည်းဘောင်ကျော်လွန်ကာ ပြဿနာမွှေနှောက်လိမ့်မည်အား ချန်ကျဲ့ တွေးကြောက်နေခဲ့၏။

“အဆင်အခြင်မဲ့ မလုပ်ပါဘူး၊ လုံးဝ မလုပ်ဘူး ဟားဟား။ ယောကျာ်းတစ်ယောက်ကို သတ်ချင်ရင် သူ့နှလုံးသားကို ချေမွပစ်ရမယ်တဲ့။ ရှင် သူ့ကို လက်စားမချေချင်ဘူးလား။ ဒီလိုမျိုးလေကွာ ရှင်ကျွန်မကို အဓမ္မကျင့်ပြီး သတ်ပစ်လိုက်တာမျိုးပေါ့၊ ကျွန်မအလောင်းကို ကျီရှန်းဘုရားကျောင်းဝင်ပေါက်မှာ ချိတ်ထားလိုက်၊ မဟုတ်ဘူး မျန့်ရွှေစီရင်စုမြို့ဝင်ပေါက်မှာ ချိတ်ထားလိုက်။ ပြီးရင် [နန်ပါးထျန်း၊ ငါ့ကို အပြစ်ပြုတဲ့လူ‌တွေက ဒီလိုပဲ အဆုံးသတ်ရလိမ့်မယ်]လို့ စာလုံးကြီးကြီးနဲ့ ရေးချိတ်ထားလိုက်ပေါ့”

“ကျွန်မအထင်တော့ သူသေချာပေါက် ရူးလောက်အောင် ဒေါသထွက်သွားလိမ့်မယ်။ အသိစိတ်တောင် ပျောက်သွားနိုင်လောက်တယ်။ ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးက ဒီလိုမျိုးအကြမ်းဖက်ခံရပြီး အသတ်ခံလိုက်ရတယ်ဆိုရင် သူ့ဂုဏ်သိက္ခာဘာဖြစ်သွားမလဲ။ သေချာပေါက် မျန့်ရွှေစီရင်စုတစ်ခုလုံးရဲ့ ဟာသပြက်လုံးကြီး ဖြစ်သွားမှာပဲ ဟားဟား… ကျွန်‌မတော့ စဉ်းစားရင်းနဲ့ကို ပို ပိုပြီး စိတ်လှုပ်ရှားလာ‌တာပဲ!”

ဟွမ်ဝမ်အာမှ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြောသည်။ သူမသည် နန်ပါးထျန်းကို ဆန့်ကျင်ရန်အတွက် အမြဲ စိတ်အားထက်သန်ပေသည်။

ချန်ကျဲ့မှ ဟွမ်ဝမ်အာကို ကြည့်၍ မေးသည်။

“အဲဒီလိုလုပ်တာ ထိုက်တန်လို့လား”

“ဟမ် ဘာကိုလဲ?”

“ကျွန်တော်ဆိုလိုတာက နန်ပါးထျန်းရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေဖို့အတွက်နဲ့ မင်းအသက်ကို စတေးတာ ထိုက်တန်ရဲ့လားလို့”

“လုံးဝ ထိုက်တန်တယ် ဟားဟား… အရမ်းထိုက်တန်တယ်။ ဘဝဆိုတာ ခဏအတွင်း ပျောက်ဆုံးသွားမယ့် အလှတရားပါပဲ။ အဲဒီဘဝကို ကောင်းမွန်တဲ့ကိစ္စအတွက် အသုံးပြုနိုင်မယ်ဆိုရင် ထိုက်တန်တာပဲ မဟုတ်လား”

“ကျွန်မရဲ့ကမ်းလှမ်းချက်ကို ရှင်ဘယ်လိုသဘောရလဲ”

ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို အကြည့်မလွှဲတမ်း ကြည့်နေလျက် သူမ၏နည်းဗျူဟာအား သဘောတူညီခြင်းကို စောင့်‌ဆိုင်းနေသည်။

ချန်ကျဲ့ သူမကို ပြောလိုက်သည်။

“မကောင်းဘူး”

“ဘာလို့လဲ”

ဟွမ်ဝမ်အာ မကျေနပ်ပေ။

ချန်ကျဲ့မှ ပြောသည်။

“ဘာလို့ဆို ကျွန်တော် မလုပ်ချင်လို့”

“ရှင်က ဘာလို့ မလုပ်ချင်ရတာလဲ”

ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို မျက်လုံးပြူးကြီများဖြင့် စိုက်ကြည့်နေခဲ့သည်။

ချန်ကျဲ့မှ ပြောသည်။

“ဟွမ်ဝမ်အာ၊ ခင်ဗျား အရူးထချင်ရင်လည်း ကျွန်တော့်ကို ဆွဲမထည့်ပါနဲ့။ ကျွန်တော်သာ အဲဒီလိုလုပ်လိုက်ရင် နန်ပါးထျန်း စိတ်ရူးဖောက်ပြီး ကျွန်တော့်ကို သတ်လိမ့်မယ်။ ကျွန်တော် မသေချင်သေးဘူး!”

ဟွမ်ဝမ်အာသည် ချန်ကျဲ့ကို ကြည့်နေမြဲဖြင့် ပြောသည်။

“ဒါပေမဲ့ အဲဒါက အရမ်းစိတ်ကျေနပ်ဖို့ကောင်းမှာလေ”

ချန်ကျဲ့မှ ပြောသည်။

“စိတ်ကျေနပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တာက အသက်ရှင်နေဖို့ပဲ။ ခင်ဗျားသေသွားရင် ခင်ဗျားကြောင့် သူ ဒေါသထွက်ပြီး အရူးတစ်ပိုင်းဖြစ်‌နေတာကို ခင်ဗျားမြင်နိုင်ပါတော့မလား”

“မမြင်နိုင်ဘူး”

“အမှန်ပဲ။ လူသေသွားတာနဲ့ အရာအားလုံး အဆုံးသတ်ပြီပဲ။ ခင်ဗျားသေသွားရင် သူစိတ်ရူးဖောက်တာကို မြင်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် သခင်မ၊ ကျေးဇူးပြုပြီး တစ်ချိန်လုံး သေဖို့စဉ်းစားနေတာကို ရပ်ပြီး အသက်ရှင်ဖို့ စဉ်းစားကြည့်ပါလား။ ဘဝက အရမ်းစိတ်ဝင်စားဖို့ကောင်းလာနိုင်ပါတယ်၊ မဟုတ်ဘူးလား”

“အသက်ရှင်တာက… စိတ်ဝင်စားဖို့ကောင်းလို့လား”

ချန်ကျဲ့မှ ပြောသည်။

“ကောင်းတာပေါ့။ သခင်မလည်း ခုနကပဲ စာဖတ်ရင်းနဲ့ အရမ်းပျော်နေခဲ့တယ် မဟုတ်ဘူးလား”

“စာအုပ်တွေ?”

“ဒီတစ်အုပ်လား”

ဟွမ်ဝမ်အာသည် သူမ၏စောင်အောက်မှ တစ်မူထူးခြားသည့် ကျမ်းစာအုပ်ကို ထုတ်ယူလိုက်သည်။ ချန်ကျဲ့သည် စာအုပ်အဖုံးထက်မှ စာလုံးကြီးလေးလုံးကို မြင်နေရ၏။ [ပျော်ရွှင်ဖွယ်ဗုဒ္ဓကျမ်း]

ဟွမ်ဝမ်အာသည် ကျမ်းစာအုပ်ကို လှန်လိုက်သည်။ ထို့နောက် ပြုံးရယ်လျက် ပြောသည်။

“ရှင်ပြောတာမှန်တယ်။ အသက်ရှင်နေမှ သူ့ရဲ့ စိတ်ပျက်လက်ပျက်နဲ့ ဒေါသထွက်နေတဲ့ပုံစံကို မြင်တွေ့နိုင်မှာ”

All Chapters