← Chapters

အခန်း (၃၇၃)

Vol. 27 Ch. 373

အခန်း (၃၇၃)

Vol. 27 Ch. 373

စွင်းပုအာ၏ အကြီးဆုံးသားသည် ကနဦးတွင် ကြောင်အနေခဲ့ပြီးနောက် ချက်ချင်း ထရပ်၍ လိုက်လံဖမ်းဆီးသည်။

“ချောင်ကုန်သည်အဖွဲ့ဦးစီးမှူးကို ဘယ်ကောင်တိုက်ခိုက်ရဲတာလဲ”

ကျန်လူများလည်း နောက်မှ လိုက်ကြသည်။

ခဏကြာပြီးနောက် ကျန်လူများသည် နောက်တွင် ကျန်ခဲ့ကြ၏။ ထို့နောက် စွင်းပုအာ၏ အကြီးဆုံးသားသည် လမ်းကြားတစ်ခုအရောက်တွင် ချန်ကျဲ့ကို လိုက်မီသွားခဲ့သည်။

“မင်းဘယ်သူလဲ”

ချန်ကျဲ့ ဝါးခမောက်ကို ချွတ်၍ လက်သီးယှက်အရိုအသေပြုလိုက်သည်။

“ညီနောင်စွင်း”

စွင်းပုအာ၏ အကြီးဆုံးသားသည် တွန့်ဆုတ်သွားပြီး မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။

“ချန်ကျိုစစ် မင်း မင်းဘာလုပ်တာလဲ”

သူ ချန်ကျဲ့ကို မှတ်မိသွား၏။ ခြုံငုံလိုက်သော် ချန်ကျဲ့သည် သူ၏ယောက်ဖနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသဖြင့် သူလည်း အတော်‌လေး ဂရုထားခဲ့သည်။ သို့သော် စွင်းပုအာ၏ အကြီးဆုံးသားသည် ချန်ကျဲ့တွင် ဖြစ်ပျက်နေသည့် ကိစ္စများကို မသိသေးပေ။

ထိုစဉ် ချန်ကျဲ့မှ ပြောသည်။

“ညီနောင်စွင်း ကျွန်တော် မင်းကို အကူအညီတောင်းချင်လို့ပါ”

“ဟမ် ငါ့ကို အကူအညီတောင်းမယ်?”

ချန်ကျဲ့ အခြေအနေကို အကျဉ်းချုံးရှင်းပြလိုက်သည်။

“ဘာ! မင်း မင်းက ဖန်းရှစ်ကျုံးကို သတ်ခဲ့တာလား!”

ချန်ကျဲ့သည် စွင်းပုအာ၏ အကြီးဆုံးသားကို သေချာကြည့်လိုက်ပြီး ပြောသည်။

“ကျွန်တော် ချောက်ချခံရတာပါ”

စွင်းပုအာ၏ အကြီးဆုံးသားမှ ပြောသည်။

“အဲဒါက အရေးကြီးတာ မဟုတ်ဘူး။ အခု ဖန်းရှစ်ကျုံးသေသွားတော့ မျန့်ရွှေစီရင်စုရဲ့ ဟန်ချက်ညီမှုက သိသိသာသာ‌ပြောင်းလဲသွားမှာပဲ။ မင်းကတော့ တကယ်ကြီး မုန်တိုင်းမွှေလိုက်တာပဲ”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော်လုပ်ခဲ့တာ မဟုတ်ဘူး”

စွင်းပုအာ၏ အကြီးဆုံးသားမှ ပြောသည်။

“မင်းလုပ်ခဲ့တာ မလုပ်ခဲ့တာက ငါ့အတွက် အရေးမကြီးဘူး။ ငါက ချောင်ကုန်သည်အဖွဲ့သားပဲ။ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ခန်းမအရှင်သခင်တစ်ယောက် သေသွားတဲ့ကိစ္စမှာ ငါက မင်းကိုကူညီပြီး သူခိုးဖမ်းပေးစရာအကြောင်းမရှိဘူး”

ချန်ကျဲ့မှ ပြောသည်။

“အဲဒါကြောင့်ပဲ ကျွန်တော်က ညီနောင်စွင်းရဲ့ အကူအညီကို လိုအပ်တာပါ”

စွင်းပုအာ၏ အကြီးဆုံးသားမှ ပြောသည်။

“ငါက မင်းကို ဘာလို့ကူညီရမှာလဲ”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော် ကျရှုံးသွားရင် ကျိုးချူလည်း ကျရှုံးရလိမ့်မယ်။ သူက ညီနောင်စွင်းရဲ့ ယောက်ဖလေ၊ ကျိုးချူ ဒုက္ခရောက်ရမှာကို ညီနောင်စွင်းက ဒီတိုင်းရပ်ကြည့်နေမှာတော့ မဟုတ်ဘူးမလား”

“အဲဒီကောင်က ငါ့ညီမရဲ့နောက်ကွယ်မှာ ယီးဟုန်ဂေဟာကို ခိုးသွားခဲ့တယ်။ ငါက ဘာလို့ သူ့ရဲ့သေခြင်းရှင်ခြင်းကို ဂရုစိုက်နေရမှာလဲ”

ချန်ကျဲ့မှ ပြောသည်။

“ဒါပေမဲ့ ကျိုးချူတစ်ခုခုဖြစ်သွားခဲ့ရင် ညီနောင်စွင်းရဲ့ညီမလည်း ပျော်ရွှင်နိုင်မှာ မဟုတ်‌ဘူးလေ။ အဲဒီအတွက်လည်း စဉ်းစားပါဦး”

ခဏကြာပြီးနောက် စွင်းပုအာ၏ အကြီးဆုံးသားမှ ပြောသည်။

“ငါမင်းကို ဘယ်လိုကူညီရမလဲ”

ချန်ကျဲ့မှ ပြောသည်။

“အရမ်းရိုးရှင်းပါတယ်။ ဒီစာလေးကို အစိုးရရုံးတော်က ဝူဟုန်ရဲ့လက်ထဲကို ပို့ပေးရုံပါပဲ”

“စာပို့ပေးရုံပဲလား”

“စာပို့ပေးရုံပါပဲ”

စွင်းပုအာ၏ အကြီးဆုံးသားမှ ပြောသည်။

“ကောင်းပြီ”

ချန်ကျဲ့ စာကို စွင်းပုအာ၏ အကြီးဆုံးသားထံ ပေးလိုက်သည်။ စွင်းပုအာ၏ အကြီးဆုံးသားသည် စာကို 'ဒါက ဘယ်လို သရဲတစ္ဆေအဆောင်မျိုးလဲ'ဟူသော စိတ်ရှုပ်ထွေးဟန်မျိုးဖြင့် ကြည့်နေခဲ့သည်။

“အာ ဒါနဲ့ ကျွန်တော့်အတွက် ဝူဟုန်ကို စကားတစ်ခွန်းပါးပေးပါဦး။ ဒီစာကို ကျွန်တော့်ဇနီးဆီ ပို့ပေးပါလို့၊ စာကို ကျွန်တော့်ဇနီး ဖတ်ပါစေ”

စွင်းပုအာ၏ အကြီးဆုံးသားထံ ချန်ကျဲ့ပေးလိုက်သည့်စာတွင် ရေးထားသည်မှာ:

(ကိုယ်ပြင်ဆင်ထားတဲ့ ဆေးတွေကို ရှန်းထောင်ရွာဆီ ဝူဟုန်ကို ပို့ခိုင်းပေးပါ)

၎င်းစာကို Pinyin ဖြင့် ရေးထားခြင်းဖြစ်သည်။ ချန်ကျဲ့သည် စူးယွင်ကျင်းကို Pinyin သင်ပေးခဲ့ဖူးသည်။ ဤကမ္ဘာတွင် ၂၁ရာစု၏ တရုတ်Pinyin စာလုံးများကို စူးယွင်ကျင်းနှင့် ရွေ့ရွေ့သာလျှင် နားလည်နိုင်လောက်ပေမည်။

ခြုံငုံလိုက်သော် ချန်ကျဲ့မှ စူးယွင်ကျင်းကို သင်ပေးခဲ့ခြင်းဖြစ်ပြီး စူးယွင်ကျင်းမှ ရွေ့ရွေ့ကို စာလုံးများကို မှတ်မိစေရန် ပြန်သင်ပေးခြင်းဖြစ်သည်။

“အင်း သိပြီ”

စွင်းပုအာ၏ အကြီးဆုံးသားမှ ခေါင်းညိတ်သည်။ ချန်ကျဲ့ ပြော၏။

“ကျေးဇူးတင်ပါတယ် ညီနောင်စွင်း။ ကျေးဇူးကြွေးတင်မိပါပြီ”

စွင်းပုအာ၏ အကြီးဆုံးသားမှ ပြောသည်။

“အဲဒါလည်း ကောင်းတာပါပဲ။ မင်း ချန်ကျိုစစ် တစ်ချိန်ချိန်မှာ အမြင့်ကိုပြန်တက်နိုင်ခဲ့ရင် ငါ့အတွက် အကျိုးအမြတ်ကြီးပဲပေါ့”

ချန်ကျဲ့မှ ပြောသည်။

“ညီနောင်စွင်း စိတ်ချပါ။ ကျွန်တော် ချန်ကျိုစစ်က ကျေးဇူးတရားနဲ့ ရန်ငြိုးကို သေချာခွဲခြားမှတ်သားတတ်ပါတယ်”

စွင်းပုအာ၏ အကြီးဆုံးသားသည် လက်သီးယှက်အရိုအသေပြု၏။

“ကောင်းပါပြီ၊ ငါမင်းကို မိတ်ဆွေတစ်ယောက်အဖြစ် လက်ခံပါတယ်။ ဒါနဲ့ ငါ့ရဲ့နာမည်က စွင်းယဲ့လို့ ခေါ်တယ်”

စကားအဆုံး၌ စွင်းယဲ့သည် လှည့်ထွက်သွားခဲ့သည်။ ချန်ကျဲ့လည်း ‌ခပ်ဖျော့ဖျော့ခေါင်းညိတ်လိုက်ပြီး ဝါးခမောက်ကို ပြန်ဆောင်းလိုက်သည်။

သူဒီနေ့ ရှန်းထောင်ရွာသို့ ပြန်ရန် စီစဉ်ထား၏။

“ဦးစီးမှူးစွင်း ခုနက သူခိုးက ဘယ်ကလဲ”

ထိုစဉ် ချောင်ကုန်သည်အဖွဲ့သားများ အပြေးရောက်လာပြီး စွင်းယဲ့ကို မေးကြသည်။ စွင်းယဲ့မှ ပြောသည်။

“အာ ငါလည်း မသိဘူး။ သူတို့ထွက်ပြေးသွားကြပြီ”

သို့ဖြင့် စွင်းယဲ့နှင့် ချောင်ကုန်သည်အဖွဲ့သားများသည် ထွက်ခွာခဲ့ကြသည်။

ထိုအချိန်၌ ချန်ကျဲ့သည်လည်း သူ၏အထုပ်အပိုးကို သယ်၍ ရှန်းထောင်ရွာသို့ ဦးတည်ခရီးနှင်ခဲ့သည်။

သူ အိမ်မပြန်ဖြစ်သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ အိမ်တွင် မည်သို့မည်ပုံ အခြေအနေရှိသည်ကိုလည်း သိချင်လှသည်။

ရှန်းထောင်ရွာ

ညနေခင်း၌ ဝူကျုံးသည် စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် အိမ်ပြန်ရောက်လာသည်။

သခင်မပိုင်လည်း စိုးရိမ်သဖြင့် ပြော၏။

“ယောက်ျား ဘာဖြစ်လို့လဲ။ ဘာလို့ ငါးဖမ်းကုန်သည်အဖွဲ့သားတွေအများကြီးက ကျွန်မတို့အိမ်တံခါးမှာ စောင့်ကြပ်နေကြတာလဲ”

ဝူကျုံးသည် စိတ်သောကရောက်နေသည့် မျက်နှာအမူအရာဖြင့် ထိုင်ချလိုက်သည်။

သမားတော်ပိုင်မှလည်း မေးမြန်းလာသည်။

“ဘာဖြစ်ခဲ့လို့လဲ”

ဝူကျုံးမှ ပြောသည်။

“အဖေ ကိစ္စကြီးတော့ ဖြစ်နေပြီ။ ကျိုစစ်ကို ဝရမ်းပြေးစာရင်း ကြေညာထားတယ်”

“ကျိုစစ်ကိုလား? ဘာတွေဖြစ်ခဲ့တာလဲ။ ငါတို့ကို မြန်မြန်ပြောပြစမ်း!”

ဝူကျုံး၏ ထိုစကားတွင် သမားတော်ပိုင်ဝမ်ကျင်းသည် မတည်ငြိမ်‌နိုင်တော့ပေ။ ချန်ကျဲ့သည် သူတစ်ချိန်က သားတစ်ယောက်လို ဆက်ဆံပေးခဲ့သည့် သူ၏ နောက်ဆုံးတပည့်ဖြစ်သည်။

ပိုင်ဝမ်ကျင်းသည် ချန်ကျဲ့ကို မြေးတစ်ယောက်အဖြစ် သဘောထားပါ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ဝူကျုံးပြန်ရောက်လာပြီး ကျိုစစ် အောင်မြင်နေပြီဖြစ်ကြောင်း၊ ယခုတွင် ကျားဖြူခန်းမကို တာဝန်ယူနေရကြောင်း ပြောခဲ့သေးသည်။ ထိုသို့ကြားသိရသည်တွင် သမားတော်ပိုင်သည် အလွန်ဝမ်းမြောက်ခဲ့ပြီး စိတ်တက်ကြွစွာဖြင့် သေရည်တစ်အိုးသောက်သုံးခဲ့သည့်တိုင် မယစ်မူးခဲ့ပေ။

သမားတော်ပိုင်သည် ထုတ်မပြောသော်ငြား ချန်ကျဲ့အတွက် ဝမ်းသာပီတိဖြစ်မှုကို မဖုံးကွယ်နိုင်ပါချေ။

သို့သော် ဤမျှရက်အနည်းငယ်လေးအတွင်းတွင် အဘယ်သို့များ ဤသို့ပြောင်းလဲသွားရသနည်း။

သခင်မပိုင်လည်း စိုးရိမ်နေခဲ့သည်။ သူမနှင့် ချန်ကျဲ့တို့ဇနီးမောင်နှံ၏ ဆက်ဆံရေးမှာလည်း အလွန်ကောင်းမွန်ခဲ့သည် မဟုတ်ပါလော။ ချန်ကျဲ့ ဒုက္ခရောက်နေသည်ကို ကြားသောအခါ သခင်မပိုင်မှ မထိန်းချုပ်နိုင်စွာ မေးမြန်းသည်။

“ယောက်ျား တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ”

ဝူကျုံးမှ ပြောသည်။

“ခန်းမအရှင်သခင်ဖန်း အသတ်ခံလိုက်ရတယ်။ ကျိုစစ်က လူသတ်တရားခံအဖြစ် သံသယရှိသူပဲ!”

“ဘာ! မဖြစ်နိုင်တာ၊ ကျိုစစ်က ဘယ်တော့မှ အဲဒီလိုလုပ်ရပ်မျိုး လုပ်မှာမဟုတ်ဘူး!”

ထိုအခါ သမားတော်ပိုင်မှ ပြောသည်။

“ကျိုစစ်ရဲ့အကျင့်စရိုက်ကို ငါသိတယ်။ ကျိုစစ်က အဲဒီလိုဆိုးယုတ်တဲ့လုပ်ရပ်ကို လုပ်မယ့်သူမဟုတ်ဘူး”

သခင်မပိုင်မှလည်း ပြောသည်။

“ဟုတ်တယ် ယောက်ျား။ တစ်ခုခုများ အထင်လွဲနေကြတာလား။ ကျိုစစ်တော့ မဖြစ်နိုင်လောက်ဘူး!”

ဝူကျုံးမှ ပြောသည်။

“ငါလည်း ကျိုစစ် မဖြစ်နိုင်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ အခုက ကုန်သည်အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အမိန့်ချထားတာ။ အခု မျန့်ရွှေစီရင်စုတစ်ခုလုံးက ကျိုစစ်ကို ဖမ်းဆီးချင်နေကြပြီး သိုင်းလောကသတ်ဖြတ်ခြင်းအမိန့်တော်ကိုလည်း ထုတ်ပြန်ထားပြီးပြီ။ ကျိုစစ်ကို သတ်နိုင်တဲ့သူက ငွေတုံးတစ်သောင်း ဆုကြေးရမယ်၊ သတင်းပေးတဲ့သူက ငွေတုံးငါးဆယ်ကနေ ငါးရာအထိ ဆုကြေးရမယ်တဲ့။ ကျိုစစ်က အခု လမ်းတွေထဲ ပတ်ပြေးနေတဲ့ ကြွက်တစ်ကောင်လိုဖြစ်နေပြီ!”

“အာ!”

ထိုစကားတွင် သခင်မပိုင်မှ အာမေဍိတ်သံပြု၏။ သမားတော်ပိုင်လည်း အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားခဲ့သည်။

သမားတော်ပိုင်မှ ပြောသည်။

“ဘာလို့ ဒီလိုဖြစ်ရတာလဲ! ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ!”

သခင်မပိုင်လည်း စိတ်မကောင်းဖြစ်စွာဖြင့် သက်ပြင်းချသည်။

“ကျိုစစ် ဒီလိုဒုက္ခရောက်နေတာ ကောင်မလေးယွင်ကျင်းတော့ ဘယ်လိုရှင်သန်ပါ့မလဲ! အဲဒီကောင်မလေးက ခက်ခဲပင်ပန်းတဲ့ဘဝကို ဖြတ်သန်းခဲ့ရတာ အခုမှ ကောင်းမွန်တဲ့ဘဝလေးကို စပြီး ဖြတ်သန်းရရုံရှိသေးတာကို အခုလိုဖြစ်သွားရတယ်။ ယောက်ျား ရှင်မနက်ဖြန်ကျ မြို့ကိုသွားလိုက်။ ယွင်ကျင်းကို ပြန်ခေါ်လာဖို့ နည်းလမ်းရှာကြည့်လိုက်ပါ။ သူအခု မြို့မှာ တစ်ယောက်တည်း ဘယ်လိုနေနိုင်ပါ့မလဲ!”

ဝူကျုံးမှ ပြောသည်။

“အင်း ငါ မနက်ဖြန် မြို့ကိုသွားလိုက်မယ်”

“ငါမင်းနဲ့ အတူသွားမယ်”

သမားတော်ပိုင်မှ ရုတ်တရက် ပြောလာ၏။

“အဖေ၊ အဖေက ဘာလို့သွားမှာလဲ”

သမားတော်ပိုင်မှ ပြောသည်။

“ဒီလူအိုကြီးရဲ့မျက်နှာက နည်းနည်းလောက်ဖြစ်ဖြစ် မျက်နှာသာရနိုင်ဖို့ မျှော်လင့်တာပါပဲ။ ငါ မြို့ကိုလိုက်ပြီး လူတချို့ကို တောင်းဆိုကြည့်မယ်။ ကျိုစစ်အတွက် အခွင့်အရေးတစ်ခုခု ရှာပေးနိုင်မလား ကြည့်ကြတာပေါ့”

“အဖေ၊ အဖေ အတွင်းခန်းမကနေ ထွက်လာပြီးကတည်းက ဘယ်တော့မှ မြို့ကိုပြန်သွားပြီး အဲဒီလူတွေကို ဦးမညွှတ်တော့ဘူး မဟုတ်ဘူးလား”

“အဲဒါတွေက အခုအချိန်မှာ အရေးမကြီးဘူး။ ငါလူအိုကြီးရဲ့မျက်နှာက ဘယ်လောက်တန်နိုင်မလဲ။ ငါ ကျိုစစ်အတွက် လမ်းကြောင်းတစ်ခုလောက် တောင်းဆိုလို့ရနိုင်မယ်ဆိုရင် ငါသေတဲ့အထိ အဲဒီမှာဒူးထောက်ဖို့လည်း ဆန္ဒရှိတယ်။ ပစ္စည်းတွေ ထုပ်ပိုးလိုက်၊ မနက်ဖြန် မြို့ကိုသွားကြမယ်”

“ဟုတ်ကဲ့”

ဝူကျုံး သဘောတူလိုက်သည်။ သခင်မပိုင်မှ ပြောသည်။

“နေဦး ကျွန်မ ငွေကြေးတချို့တလေ ပြင်ဆင်ပေးလိုက်မယ်။ အသုံးဝင်လို့ဝင်ငြားပေါ့”

သို့ဖြင့် မိသားစုသုံးဦးသည် ကိုယ်စီ အလုပ်များနေတော့သည်။ ထိုစဉ် ခြံဝင်းထဲသို့ အရိပ်တစ်ခု ပျံသန်းဝင်ရောက်လာ၏။

ပိုင်မိသားစုသည် တွန့်ဆုတ်သွားပြီး ထိုအရိပ်ကို သတိတကြီး ကြည့်ရှုလိုက်သည်။ ထိုအခါ ဖျင်ကြမ်းအဝတ်ကို ဝတ်ဆင်ထားကာ ဝါးခမောက်ဆောင်းထားသည့် လူတစ်ဦးကို မြင်တွေ့လိုက်ရ၏။

ဝူကျုံးသည် သမားတော်ပိုင်နှင့် သခင်မပိုင်တို့ကို ကာကွယ်‌ရန် ရှေ့မှ ကာရပ်လိုက်ပြီး ပြောသည်။

“ဒီလိုညအချိန်ကြီး ကျုပ်ခြံဝင်းထဲ ရောက်လာတာ မင်းဘယ်သူလဲ”

ထိုအခါ အရိပ်လူမှ ဝါးခမောက်ကို ပင့်တင်လိုက်ရာ ရင်းနှီးနေသည့်မျက်နှာ ထွက်ပေါ်လာခဲ့သည်။

“ဦးလေးကျုံး!”

ချန်ကျဲ့သည် သူ၏ရှေ့ရှိ မိသားစုသုံးဦးကို ဝမ်းသာရွှင်ပျစွာ ပြုံးရယ်ပြနေခဲ့သည်။

“ကျို… စစ်!”

All Chapters