အခန်း (၃၇၄)
Vol. 27 Ch. 374
“ကျိုစစ်!”
ထိုအခိုက်အတန့်တွင် သမားတော်ပိုင်၏ မျက်လုံးများ တောက်ပသွားကာ ခေါ်လိုက်၏။ ဝူကျုံးမှ ချက်ချင်း ရှေ့တိုးသွားရင်း ပြောသည်။
“ရှူး အဖေ နံရံတွေမှာ နားရှိတယ်!”
သမားတော်ပိုင်သည် သူ၏အမှားကို ချက်ချင်း နားလည်လိုက်သည်။ ဝူကျုံးမှ ပြောသည်။
“အဖေ အရင်သွားပြီး စကားပြောနှင့်။ ကျွန်တော် သွား…”
အဟမ်း!
သမားတော်ပိုင်မှ ခေါင်းညိတ်သည်။ ဝူကျုံးသည် ခြံဝင်းတံခါးအနီးသို့ တိတ်တဆိတ်ချဉ်းကပ်သွားနေသည်။
ထိုစဉ် ချန်ကျဲ့သည် ရှေ့တိုးလျက် သမားတော်ပိုင်၏လက်ကို ဆုပ်ကိုင်ကာ ပြောသည်။
“ဆရာ နေကောင်းကျန်းမာရဲ့လား”
“ဆရာ”ဟူသည့် စကားသံတွင် သမားတော်ပိုင်သည် မျက်ရည်ကျလုမတတ်ဖြစ်သွားရ၏။
“ကျိုစစ် မင်းမှားယွင်းစွပ်စွဲခံထားရတယ်!”
ချန်ကျဲ့မှ ပြောသည်။
“ဆရာ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်မှာ မှားယွင်းစွပ်စွဲခံရလို့လဲ။ ကျွန်တော် အားလုံးအဆင်ပြေပါတယ်”
သမားတော်ပိုင်မှ ပြောသည်။
“ငါ့ကို နှစ်သိမ့်ဖို့ကြိုးစားမနေနဲ့တော့။ မင်း ဖန်းရှစ်ကျုံးကို လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့သတင်းကို ငါကြားပြီးပြီ”
“အဲဒါက လုံးဝ အဓိပ္ပာယ်မရှိတာပဲ မဟုတ်လား။ ငါ့တပည့်ကျိုစစ်က အဖြောင့်မတ်ဆုံးနဲ့ သစ္စာအရှိဆုံးပဲ။ ဘယ်လိုလုပ်ပြီး ကိုယ့်ရဲ့မွေးစားအဖေကို ပြန်သတ်မှာတဲ့လဲ။ ကလေး ဒီည ဒီမှာပဲနေလိုက်။ မနက်ဖြန်ကျရင် ငါ မြို့တက်ပြီး ငါ့ဂုဏ်သိက္ခာကို အသုံးချပြီး ခေါင်းဆောင်ကို မင်းရဲ့အပြစ်ကင်းစင်မှုကို ကြေညာစေမယ်။ အမှုကို သေချာစစ်ဆေးပြီး မင်းနာမည်ကို ရှင်းလင်းစေမယ်”
သမားတော်ပိုင်မှ ပြောသည်။
ထိုအခါ ချန်ကျဲ့သည် သမားတော်ပိုင်ကို ဖျန်ဖြေ၏။
“ဆရာ ကျေးဇူးပြုပြီး ဒီကိစ္စမှာ ဝင်မပတ်သက်ပါနဲ့။ ပြီးတော့ မြို့ကိုလည်း မသွားပါနဲ့။ အကယ်၍များ ကျွန်တော့်ကို ချောက်ချတာမှာ ခေါင်းဆောင်လည်း ပါဝင်ပတ်သက်နေခဲ့ရင် ဆရာက ထောင်ချောက်ထဲ လမ်းလျှောက်ဝင်သွားသလို ဖြစ်မှာစိုးရပါတယ်”
“အာ ဘာ ဘာပြောလိုက်တယ်…”
သမားတော်ပိုင်သည် ခေါင်းဆောင်နန်လည်း ပါဝင်ပတ်သက်နေလိမ့်မည်ဟု မထင်မှတ်ထားရာ မျက်လုံးအပြူးသားဖြစ်သွားရသည်။
ထိုစဉ် ဝူကျုံး ပြန်ရောက်လာသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့အိမ်ကို စောင့်ကြပ်နေသူများသည် ခြံဝင်းနှင့် အတော်ဝေးဝေးတွင် စောင့်ကြပ်နေကြပေသည်။
ဝူကျုံးမှ ပြောသည်။
“ကျိုစစ် တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ခေါင်းဆောင်က ဘာလို့ မင်းကို ချောက်ချချင်ရတာလဲ”
ချန်ကျဲ့ ခဏမျှ စဉ်းစားလိုက်ပြီး ပြောသည်။
“ဆရာ၊ ဦးလေးကျုံး၊ ကျေးဇူးပြုပြီး ဒီကိစ္စမှာ ကြားမဝင်ပါနဲ့။ ရက်နည်းနည်းလောက်ပဲ ဒီတိုင်း စောင့်နေပေးပါ။ အပြင်ဘက်မှာ ဘာတွေပဲဖြစ်နေပါစေ အာရုံမစိုက်ပါနဲ့။ ပြီးတော့ ကုန်သည်အဖွဲ့က လုပ်ခိုင်းတဲ့ကိစ္စတွေကို ဘာဖြစ်ဖြစ် မငြင်းဆန်ဘဲ လုပ်ပေးလိုက်ပါ။ ကျွန်တော့်မှာ အားလုံးအတွက် အစီအစဉ်ရှိပါတယ်”
“ဒီကိစ္စအတွက်က ဒီလိုပါ…”
ချန်ကျဲ့သည် ဖန်းရှစ်ကျုံး၏ အဖြစ်အပျက်အပါအဝင် နန်ပါးထျန်းနှင့် ဖုန်းရွှမ်တို့မှ သူ့အား ထောင်ချောက်ဆင်မှုတို့ကို ပြန်ပြောပြခဲ့သည်။ အရာအားလုံး မခြွင်းမချန်ပြောပြခဲ့သည်။
နားထောင်ပြီးနောက် သမားတော်ပိုင်မှ ပြောသည်။
“အဲဒီလိုတွေဖြစ်ပျက်ခဲ့တာပေါ့။ ဒါက တခြားပုံပြင်ဟောင်းတစ်ပုဒ်ကို တွေးမိစေတာပဲ”
ထိုစကားတွင် ချန်ကျဲ့ သမားတော်ပိုင်ကို ကြည့်လိုက်သည်။ သမားတော်ပိုင်မှ ဆက်ပြောသည်။
“ငါ သူတို့ရဲ့ အကြောင်းကိစ္စကို သိတယ်။ ကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်းမှာ အကြီးဆုံးတပည့် ဖန်းရှစ်ကျုံး၊ ဒုတိယတပည့် နန်ပါးထျန်းနဲ့ တတိယတပည့် ရွှီနျန်ကျောင်းဆိုပြီး တပည့်သုံးယောက်ရှိခဲ့တယ်”
“တပည့်သုံးယောက်က ငယ်စဉ်ကတည်းက အတူကြီးပြင်းလာခဲ့ကြတာ။ သူတို့ရဲ့ ဆရာတူညီမလေးအပေါ် ဆရာတူအစ်ကိုနှစ်ယောက်စလုံး ခံစားချက်ရှိနေတာ ငါမြင်နိုင်တယ်။ နောက်တော့ အကြောင်းအရင်းတချို့ကြောင့် နန်ပါးထျန်းက ကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်။ နန်ပါးထျန်းပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အကြောင်းရင်းကတော့ နတ်ဆိုးမိစ္ဆာတစ်ယောက်ဆီမှာ တပည့်ခံပြီး ကုန်သည်အဖွဲ့သားတွေကို အန္တရာယ်ပြုခဲ့တယ်။ အဲဒါကြောင့် ‘ဓားသုံးချက် အပေါက်ခြောက်ပေါက်’အပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတယ်”
“ပြစ်ဒဏ်မစီရင်ခင် ညမှာ နန်ပါးထျန်းအတွက် အသနားခံပေးလို့မရလို့ ရွှီနျန်ကျောင်းက ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့တယ်။ ပြီးတော့ ပြစ်ဒဏ်စီရင်တဲ့နေ့မှာ ကုန်သည်ခေါင်းဆောင်ဟောင်းက အရင်အချိန်တွေကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ နောက်ဆုံးဓားချက်မှာ နှလုံးကို ရှောင်ပေးခဲ့တယ်။ အဲဒီလိုနဲ့ နန်ပါးထျန်းက အသက်အန္တရာယ်ကနေ ခက်ခက်ခဲခဲလွတ်မြောက်ခဲ့တယ်…”
သမားတော်ပိုင်သည် ငါးဖမ်းကုန်သည်အဖွဲ့၏ အကြီးအကဲတစ်ဦးဖြစ်ခဲ့ရာ နန်ပါးထျန်း၏အတိတ်အကြောင်းကို များစွာ သိရှိထားသည်။
“အဲဒီတော့ နန်ပါးထျန်း နတ်ဆိုးမိစ္ဆာကျင့်ကြံသူတစ်ယောက်ဆီမှာ တပည့်ခံတဲ့အကြောင်းကို တိုင်ကြားခဲ့သူက ဖန်းရှစ်ကျုံးဖြစ်ပြီးတော့ ရွှီနျန်ကျောင်းရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလည်း ဖြစ်ပွားစေခဲ့တယ်။ အဲဒါကြောင့် နန်ပါးထျန်းက ဖန်းရှစ်ကျုံးကို အငြိုးအတေးထားပြီး နောက်ဆုံးမှာတော့ ဒီနေ့အဖြစ်အပျက်ကို ဖြစ်ပွားစေခဲ့တယ်။ အဲဒီလိုပေါ့?”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဆရာပြောတာ မှန်ပါတယ်”
သမားတော်ပိုင်မှ ပြောသည်။
“ကျိုစစ် မင်းပြောသလိုဆို ဒီအမှုရဲ့အခြေအနေကို ပြောင်းပြန်လှန်ဖို့က မင်းအတွက် အရမ်းခက်ခဲလိမ့်မယ်။ မင်းရဲ့ဆရာ ငါလည်း အကူအညီမဖြစ်နိုင်လောက်ဘူး။ မင်း အခု ဘာဆက်လုပ်မယ် စဉ်းစားထားလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဆရာ ကျွန်တော် အစီအစဉ်ဆွဲထားပြီးပါပြီ။ ဒါပေမဲ့ အစီအစဉ်ကို အကောင်အထည်မဖော်ခင်မှာ အရင်ဆုံး ကျွန်တော့်ရဲ့ကျင့်ကြံဆင့်ကို တိုးတက်စေဖို့လိုပါတယ်”
“ကျွန်တော် အခု သံမဏိအရိုးအဆင့်မှာပါ။ လက်ရှိအခြေအနေကို ဖြေရှင်းဖို့ဆို စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်အခု စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းစေနိုင်မယ့် စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို သန့်စင်ဖို့ကြိုးစားနေတာပါ”
“စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံး!”
ထိုအခါ သမားတော်ပိုင်မှ အံ့အားသင့်စွာပြောသည်။
“အဲဒီလိုရတနာဆေးလုံးမျိုးက ရဖို့ခက်ခဲတယ်! အဲဒါကို သန့်စင်ဖို့ဆိုရင် ကောင်းကင်ရတနာ၊မြေရတနာတွေ အများကြီးလိုအပ်လိမ့်မယ်!”
ချန်ကျဲ့မှ ပြောသည်။
“ဆရာပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီဆေးလုံးကို သန့်စင်ဖို့အတွက် လိုအပ်တဲ့ဆေးပင်၃၆မျိုးကို စုဆောင်းထားပြီးပါပြီ။ ပြီးတော့ အဓိကပါဝင်ပစ္စည်းသုံးမျိုးထဲက နှစ်မျိုးကိုလည်း ရထားပြီးပါပြီ။ အခု တစ်မျိုးပဲ လိုတော့တာပါ။ အဲဒါကြောင့် ကျွန်တော် ဦးလေးကျုံးကို လာမေးတာပါ”
“ငါ့ကိုမေးမလို့?”
ဝူကျုံး စိတ်ရှုပ်ထွေးသွား၏။ ချန်ကျဲ့မှ ဆက်ပြောသည်။
“ဟုတ်ပါတယ် ဦးလေးကျုံး၊ ဒီလိုပါ။ ကျွန်တော်လိုအပ်တဲ့ နောက်ဆုံးပါဝင်ပစ္စည်းက နှစ်ငါးရာသက်တမ်းသွေးလင်ဇီးပါ”
“သွေးလင်ဇီး!”
ထိုအခါ ဝူကျုံးသည် ချန်ကျဲ့ကို အံ့အားသင့်စွာကြည့်၍ ပြောသည်။
“ကျိုစစ် မင်း မြူခိုးထုတောထဲ ဝင်ဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အဟုတ်ပါပဲ။ ကျွန်တော် ဦးလေးကျုံးကို မေးချင်တာက မြူခိုးထုတောထဲမှာ သွေးလင်ဇီးရဲ့အရိပ်အယောင်များ ထပ်ရှိသေးလားလို့ပါ”
ထိုအခါ ဝူကျုံး မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ကျိုစစ် မြူခိုးထုတောက အရမ်းအန္တရာယ်များတယ်။ အစွန်အဖျားလေးမှာ လျှောက်သွားကြည့်ရုံတောင်မှ ငါအသက်သေတော့မလို့။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ ဖန်းရှစ်ကျုံး၊ ကုချင်းဖုန်း၊ ကျန်းလီယဲ့နဲ့ ဟန်ကျိုးစီရင်စုက အရာရှိတောင်မှ မြူခိုးထုတောထဲကို နက်နက်ရှိုင်းရှိုင်း မရှာဖွေရဲကြဘူး။ အရမ်းအန္တရာယ်များလွန်းတယ်!”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဦးလေးကျုံး အန္တရာယ်ရှိတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အခု ပါဝင်ပစ္စည်းတွေကို တကယ်လိုအပ်နေလို့ပါ။ အထဲမှာ သွေးလင်ဇီးရှိနိုင်သေးလားဆိုတာပဲ ကျွန်တော့်ကို ပြောပြပေးပါ”
“သေချာပေါက်ရှိတာပေါ့။ ငါ နှစ်တစ်ရာသက်တမ်းသွေးလင်ဇီးကို ခူးခဲ့တဲ့နေ့တုန်းက ငါ ဝေးဝေးကို ကြည့်ခဲ့သေးတယ်။ အဲဒီမှာ သွေးလင်ဇီးတွေ နည်းနည်းထပ်ရှိသေးသလိုပဲ။ တချို့က နှစ်ငါးရာသက်တမ်းရှိလောက်မယ်”
ချန်ကျဲ့မှ ပြောသည်။
“အရမ်းကောင်းတယ်။ ကျွန်တော် သိချင်တာ အဲဒါပါပဲ”
ထိုစဉ် သမားတော်ပိုင်မှ ကြားဝင်ပြော၏။
“ကျိုစစ် အလျင်မလိုနဲ့ဦး။ အဲဒီမြူခိုးထုတောက ပေါ့ပေါ့တန်တန်သဘောထားပြီး ဝင်ချင်တိုင်းဝင်လို့ရတဲ့နေရာ မဟုတ်ဘူး”
ချန်ကျဲ့မှ စိတ်ချစေရန် ဖျန်ဖြေပြောဆိုသည်။
“ဆရာ မစိုးရိမ်ပါနဲ့။ ကျွန်တော် မဝင်ခင်မှာ သေချာပြင်ဆင်သွားမှာပါ။ ပြီးတော့ ကျွန်တော်က အခု အတော်လေး အင်အားသန်မာနေပါပြီ။ သံမဏိအရိုးအဆင့်ချင်း ယှဉ်မယ်ဆိုရင် ကျွန်တော်က အရည်အချင်းပြည့်ဝတဲ့ သိုင်းပညာရှင်လို့ သတ်မှတ်လို့ရနိုင်တယ်ဗျ”
ထိုအခါမှ သမားတော်ပိုင်သည် စိတ်သက်သာရသွားခဲ့သည်။
“အင်း အင်း ငါသိပါတယ်။ အားကျုံးပြန်ရောက်တော့ ငါ့ကိုပြောပြတယ်။ မင်း ရွှေဓားဖုန်းစန်းကို စိန်ခေါ်ခဲ့ပြီး ပြိုင်ပွဲမှာ ပုံရိပ်ကောင်းရယူနိုင်ခဲ့တယ်တဲ့။ မျန့်ရွှေစီရင်စုမြို့သားတွေက မင်းကို သခင်၅ ချန်၊ ဝိဉာဉ်ဖမ်းလှံရှင်လို့ ခေါ်ကြတယ်ဆို၊ ဟုတ်သလား”