အခန်း (၃၇၅)
Vol. 27 Ch. 375
“ဆရာကတော့ နောက်နေပါပြီ”
ချန်ကျဲ့သည် သမားတော်ပိုင်၏စကားတွင် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သမားတော်ပိုင်မှ ပြောသည်။
“အဲဒါ ဘာရှက်စရာရှိလို့လဲ။ သိုင်းလောကမှာ ဂုဏ်သတင်းတည်ဆောက်နိုင်တယ်ဆိုတာ ကောင်းတဲ့အရာပဲ။ ဆရာ မင်းအတွက် ဝမ်းသာပါတယ်!”
သမားတော်ပိုင်နှင့် ဝူကျုံးတို့သည် ချန်ကျဲ့နှင့် စကားလက်ဆုံကျနေကြသည်။
သူမသည် စကားဝိုင်းတွင် ဝင်မပါနိုင်ရာ သခင်မပိုင်မှ ပြောသည်။
“ကျိုစစ် မင်းတို့စကားပြောနှင့်ကြဦး။ ငါ အိပ်ရာသွားပြင်လိုက်မယ်”
သမားတော်ပိုင်မှ ပြောသည်။
“ငါ့အခန်းမှာ ပြင်လိုက်။ ငါ ငါ့တပည့်လေးနဲ့ ဒီနေ့ည စကားတွေအများကြီး ပြောချင်သေးတယ်။ စီရင်စုမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေကိုလည်း ဆွေးနွေးချင်တယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဆရာ ကျွန်တော်တို့ နောက်တစ်ခေါက်မှ စကားပြောကြရအောင်ပါ။ ကျွန်တော် ဒီနေ့ည ဒီမှာ တစ်ညလုံး မနေနိုင်ဘူး”
“အာ ဘာလို့လဲ”
သမားတော်ပိုင်မှ မေးသည်။
“ဆရာ ကျွန်တော်က အခု ဝရမ်းပြေးတစ်ယောက်ပါ။ ကျွန်တော် ဒီမှာနေတာက ကပ်ဘေးကို သယ်ဆောင်လာပါလိမ့်မယ်”
“ဘာကပ်ဘေးတုန်း? ငါမကြောက်ဘူး။ ဒီနေ့ည ဒီမှာပဲနေလိုက်ပါ။ ဘာမှမဖြစ်နိုင်ပါဘူး”
သမားတော်ပိုင်သည် မကျေနပ်ပေ။
အိမ်ပြန်လာတာကို တစ်ညတောင် အိပ်မသွားဘူးဆိုတာ ဖြစ်သင့်ရဲ့လား?
ထိုအခါ ချန်ကျဲ့သည် သမားတော်ပိုင်အား စိတ်ချစေရန် အမြန်ဖျန်ဖြေသည်။
“ဆရာ ဆရာ ကျွန်တော်ပြောတာ နားထောင်ပါဦး။ ကျွန်တော် ဆရာနဲ့ ဦးလေးကျုံးကို အရေးကြီးတဲ့ကိစ္စတစ်ခု အကူအညီတောင်းစရာရှိပါတယ်။ ကျွန်တော့်မှာ ဆေးပင်၃၆မျိုးရှိတယ်။ ကျွန်တော်က အဲဒီဆေးပင်တွေကို အစ်ကိုဟုန်က သွားယူပြီး ရှန်းထောင်ရွာဆီ ပို့ပေးစေချင်တာ။ အဲဒီအခါကျ ကျေးဇူးပြုပြီး ဦးလေးကျုံးက အဲဒီဆေးပင်တွေကို နည်းလမ်းရှာပြီး ဝှက်ထားပေးပါ။ ကျွန်တော် သွေးလင်ဇီးကို ရှာတွေ့တာနဲ့ ကျွန်တော်တို့အတူတူ စိတ်ဝိဉာဉ်ပြောင်းလဲဆေးကို ဖော်စပ်လို့ရပြီ”
ဝူကျုံးမှ ပြောသည်။
“မင်းစိတ်ချပါ။ အဲဒီဆေးတွေ ရှန်းထောင်ရွာထဲ ဝင်လာတာနဲ့ ဘယ်သူမှ ရှာမတွေ့စေရဘူး”
ချန်ကျဲ့ ထိုစကားကို ယုံကြည်ပါသည်။ ရှန်းထောင်ရွာ၏ ဩဇာရှိသည့် ဒေသခံတစ်ဦးဖြစ်သော ဝူကျုံးအတွက် တစ်စုံတစ်ရာကို သိုဝှက်ခြင်းငှာ လွယ်ကူပေသည်။ ငါးဖမ်းကုန်သည်အဖွဲ့မှ လူလွှတ်ထားလျှင်သော်မှ ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။
ထိုစဉ် ချန်ကျဲ့မှ ပြောသည်။
“ဟုတ်ကဲ့ပါ။ ဒါဆို ဆရာ၊ ဦးလေးကျုံး၊ ဒေါ်လေးပိုင် ကျွန်တော် သွားလိုက်ပါဦးမယ်”
“အာ ညသန်းခေါင်ကြီး ဘယ်သွားမလို့လဲ ကျိုစစ်ရဲ့”
သခင်မပိုင်မှ စိုးရိမ်ကြီးစွာ မေးမြန်းသည်။ ချန်ကျဲ့မှ ပြန်ပြောသည်။
“ဟားဟား ဒေါ်လေး၊ မစိုးရိမ်ပါနဲ့။ ကျွန်တော် သွားစရာနေရာရှိပါတယ်”
သို့ပြောလျက် ချန်ကျဲ့သည် ခြံဝင်းနံရံကို ခုန်ကျော်ထွက်ခွာသွားခဲ့ပြီး ညအမှောင်ထဲ ပျောက်ကွယ်သွားခဲ့သည်။ သူ၏သံမဏိအရိုးအဆင့်စွမ်းအင်သည် မျန့်ရွှေစီရင်စုတွင် ထူးခြားပြောင်မြောက်သည်ဟု ယူဆမရနိုင်သည့်တိုင် ရှန်းထောင်ရွာတွင်တော့ ထိုသို့မဟုတ်တော့ပေ။ ဤကျေးလက်ဒေသလေးတွင် အင်အားအကြီးဆုံးမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သာ ဖြစ်သည်။
သံမဏိအရိုးအဆင့်ဟူသည် တက်လှမ်းရန် အလွန်ခက်ခဲသည့် အမြင့်နေရာဖြစ်၏။
ချန်ကျဲ့သည် လေထုအလယ်ပျံသန်းကာ တောအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ချန်ကျဲ့ ဘယ်သွားသနည်း။
တောထဲတွင် ဒီအတိုင်းကြီး တစ်ညတာကုန်ဆုံးရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ချန်ကျဲ့သည် အိပ်စက်မည့်နေရာကို ဆုံးဖြတ်ထားပြီးဖြစ်သည်။
ချန်ကျဲ့သည် ရှန်းထောင်မြို့သို့ ဦးတည်ထွက်ခွာခဲ့ပြီး ယွီပင်း၏အိမ်တော်ဟောင်းကို အမြန်ရှာဖွေသည်။ ၎င်းသည် ယခုတွင် ရှန်းထောင်မြို့ ချောင်ကုန်သည်အဖွဲ့၏ရုံးတော် ဖြစ်နေခဲ့လေပြီ။
ချန်ကျဲ့ ခြံဝင်းထဲသို့ တိတ်တဆိတ်ဝင်ရောက်ပြီး ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သည်။ မကြာမီ အခန်းလွတ်တစ်ခုကို ရှာတွေ့သွား၏။
ချန်ကျဲ့ အခန်းထဲဝင်လိုက်ပြီးနောက် တံခါးမင်းတုံးချ၍ အိပ်ရာပေါ် လဲလျောင်းကာ အနားယူလိုက်သည်။
ချန်ကျဲ့သည် သူ၏ရန်သူတော်ဟောင်းကြီးအိမ်တွင် အိပ်စက်လိမ့်မည်ဟု မည်သူမျှ တွေးထင်လိမ့်မည် မဟုတ်ပေ။ ဤအိမ်တော်၏ ပိုင်ရှင်လည်း ပြောင်းလဲသွားခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။ လက်ရှိပိုင်ရှင်မှာ ကုန်သည်အဖွဲ့အတွင်း၌ ပိုင်မော့ရှန်း၏လမ်းစဉ်နောက်လိုက်သည့် ကျန်းမျိုးရိုးဖြစ်သည်။
သို့သော် ထိုအရာအားလုံးသည် ချန်ကျဲ့အတွက် အရေးမပါ,ပါချေ။ ‘ဘုရင်အသစ်၊ နန်းဆောင်အသစ်'ဟူသည့်အတိုင်းပင် ဖြစ်၏။ ယွီပင်းသေဆုံးပြီးနောက် ရှန်းထောင်မြို့သည် လုံးဝသစ်လွင်သည့် ရှုမျှော်ခင်းကို ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။
ရှည်လျား၍ မောပန်းနွမ်းနယ်ဖွယ်သော တစ်နေ့တာအဆုံး၌ ချန်ကျဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
ညသန်းခေါင်တွင် စနစ်၏အချက်ပေးသံ မြည်လာချိန်မှသာ ချန်ကျဲ့ နိုးလာခဲ့သည်။
[ဒီနေ့အတွက် သတင်းအချက်အလက်များကို မြှင့်တင်ပြီးပါပြီ (အဆင့်၂)]
[၁၊ သင်ဒီနေ့ ဟွမ်ဝမ်အာနဲ့ ရင်းနှီးစွာ ထိတွေ့ဆက်ဆံခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ နှစ်ကြိမ်တိုင် ပြင်းပြထက်သန်တဲ့ ထိတွေ့ဆက်ဆံမှုအပြီးမှာ ဟွမ်ဝမ်အာက သင့်အပေါ်မှာ ထူးခြားတဲ့ခံစားချက်အချို့ ဖြစ်ပေါ်လာခဲ့ပါတယ်]
[၂၊ သင်ဒီနေ့ ဝိဉာဉ်ပြောင်းလဲမြက်ကို ရရှိခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ စိတ်ဝိဉာဉ်ပြောင်းလဲမြက်က စိတ်ဝိဉာဉ်ပြောင်းလဲဆေးဖော်စပ်ဖို့အတွက် အရေးအကြီးဆုံးပါဝင်ပစ္စည်းဖြစ်ပြီး သိုင်းပညာရှင်တွေအတွက် သူတို့ကျင့်ကြံအားထုတ်ထားတဲ့ အတွင်းအားတွေကို ပင်ကိုချီစွမ်းအင်အဖြစ် ပြောင်းလဲဖို့အတွက်လည်း အရေးပါပါတယ်]
[၃၊ သင်ဒီနေ့ စွမ်းအင်ပြောင်းလဲခြင်းအကြောင်း ပြောခဲ့တာကြောင့် ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ သိုင်းပညာမှာ အပြင်ပိုင်းစွမ်းအင်၊ အမှောင်စွမ်းအင်၊ စွမ်းအင်ပြောင်းလဲခြင်းတို့ တည်ရှိပြီး အသွေးအသားသော အပြင်ပိုင်းစွမ်းအင်၊ အရိုးအရွတ်သော အမှောင်စွမ်းအင်၊ သွေးခြင်ဆီသော စွမ်းအင်ပြောင်းလဲခြင်းတို့ ဖြစ်ပါတယ်။ ကျင့်ကြံသူတစ်ဦးဟာ “ဆီးနှင်းအလား ခြင်ဆီသန့်စင်ခြင်း”နဲ့ “အလွန်ပြောင်းလဲမြန်သော သွေး”အဆင့်တွေကို အောင်မြင်ပြီးသွားရင် စွမ်းအင်ပြောင်းလဲခြင်းအထွတ်အထိပ်အဆင့်ကို တက်လှမ်းပြီးဖြစ်လိမ့်မယ်။ အဲဒီအခါ ချီသွေးမှ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးပမ်းနိုင်ပါလိမ့်မယ်]
[၄၊ သင်ဒီနေ့ ယန်ကျားမြို့ကို ဖြတ်သွားရာမှ ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ငါးဖမ်းကုန်သည်အဖွဲ့သားတွေက သင့်ကို တွေ့ရှိမှတ်မိသွားခဲ့တာကြောင့် မျန့်ရွှေစီရင်စုမြို့ဆီ သတင်းရောက်သွားပါပြီ။ ဖုန်းရွှမ်တို့က သင် မြို့ထဲက ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်း သိသွားကြပြီမို့ မြို့ပြင်မှာ သင့်ကိုဖမ်းဆီးဖို့အတွက် လုရုံ၊ ဖန့်ဖူနဲ့ လင်းယုန်အစောင့်အရှောက်၁၂ဦးအပါအဝင် ကုန်သည်အဖွဲ့သားအများအပြားကို စေလွှတ်ထားပါတယ်]
[၅၊ သင်ဒီနေ့ သွေးလင်ဇီအကြောင်း အချက်အလက်များကို ဖွင့်လှစ်ခဲ့ပါတယ်။ သတင်းအချက်အလက်အရ နှစ်ငါးရာသက်တမ်းသွေးလင်ဇီးက မြူခိုးထူတောထဲမှာ ရှိနေကြောင်း သေချာပါတယ်။ ဒါပေမဲ့ အလွန်အန္တရာယ်များပါတယ်။ ညအချိန်ဟာ အန္တရာယ်အများဆုံးဖြစ်ပြီးတော့ နေ့အချိန်ကတော့ ညအချိန်နဲ့ နှိုင်းစာရင် ပိုပြီး လုံခြုံနိုင်ပါလိမ့်မယ်]
ချန်ကျဲ့သည် မျက်လုံးရှေ့ရှိ အချက်အလက်များကို ဖတ်ရှုရင်း ခွဲခြမ်းစိတ်ဖြာနေသည်။
နံပါတစ်အချက်သည် ဟွမ်ဝမ်အာနှင့်ပတ်သက်သည့် အချက်အလက်ဖြစ်သည်။
ဟွမ်ဝမ်အာက ငါ့အပေါ်မှာ ချစ်ရေးချစ်ရာခံစားချက်တွေ ဖြစ်တည်လာနေတာလား။
မဟုတ်လောက်ဘူး– ဒီတိုင်း အဓိပ္ပာယ်သတ်မှတ်ဖို့ ခက်ခဲတဲ့ ထူးခြားတဲ့ နှစ်ခြိုက်မှုတစ်မျိုးပဲ ဖြစ်လိမ့်မယ်။ ခြုံငုံလိုက်ရင် သူ့ရဲ့ နန်ပါးထျန်းအပေါ်ထားတဲ့ အမုန်းတရားကိုလည်း ထူးခြားတဲ့ခံစားချက်တစ်မျိုးလို့ သတ်မှတ်ရတာပဲ မဟုတ်လား။
ပြီးတော့ အဲဒီအမျိုးသမီး ရူးနှမ်းနေတာ။ ကိုယ့်ကိုယ်ကိုယ် ပြဿနာဖြစ်အောင် လုပ်မိမှာစိုးလို့ ငါတော့ သူ့ကို လွယ်လွယ်သွားပြီး အပြစ်မပြုရဲပါဘူး။
သို့သော် ချန်ကျဲ့သည် သူ့အား ထူးခြားသည့် အတွေ့အကြုံများစွာ ပေးအပ်ခဲ့သည့် ထိုအမျိုးသမီး၏ ရူးနှမ်းမှုနှင့် ပွင့်လင်းမှုများကို တွေးမိနေခဲ့၏။
သို့ဖြစ်ရာ ချန်ကျဲ့သည်လည်း သူမအပေါ် ထူးခြားသည့်ခံစားချက်အချို့ ဖြစ်တည်နေခဲ့ပါသည်။ 'ရင်းနှီးကျွမ်းဝင်မှုသည် နှစ်သက်မြတ်နိုးမှုကို ပေါက်ဖွားစေသည်'ဟူသည့် အယူအဆသည် အခြေအမြစ်မရှိဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ အမျိုးသမီးတစ်ယောက်နှင့် အကြိမ်ရေတချို့အိပ်စက်ခဲ့ရာ ဖော်ပြ၍မရနိုင်သည့် ခံစားချက်များ ဝင်ရောက်လာခြင်းအား ရှောင်လွှဲမရနိုင်ပါချေ။
ထို့နောက် နံပါတ်၂အချက်သည် စိတ်ဝိဉာဉ်ပြောင်းလဲမြက်အကြောင်း ဖြစ်သည်။
ချန်ကျဲ့သည် ထိုမြက်ကို ကြည့်ခဲ့ပြီးဖြစ်သည်။ ၎င်းသည် ထူးဆန်းလှစွာ သစ်သီးအများအပြား၏ ရနံ့မျိုးရှိသည့် ခရမ်းရောင်အပင်ငယ်တစ်ပင် ဖြစ်သည်။ အလွန်တရာ အံ့ဩဖွယ်ကောင်း၏။
ထို့ပြင် သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့သည် ဟောသွန်းသစ်သီးနှင့် ဆင်တူသည်။
သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့၏ အဓိကလုပ်ဆောင်ချက်မှာ အတွင်းအားကို ချီစွမ်းအင်အဖြစ် ပြောင်းလဲရန်ဖြစ်သည်။
အတွင်းအားသည် အသွေးအသားအတွင်းသာ တည်ရှိနိုင်သည့် စွမ်းအင်တစ်မျိုးဖြစ်သည်။ ဥပမာဆိုရသော် ချန်ကျဲ့၏ ယန်ချွမ်ကျင့်စဉ်သည် ခန္ဓာကိုယ်ကို မူမမှန်မှုတစ်စုံတစ်ရာ မဖြစ်ပေါ်စေပေ။
သို့သော် ချီစွမ်းအင်သည်တော့ ကွာခြားပါ၏– ၎င်းသည် ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်အသုံးပြုနိုင်သည့် စွမ်းအင်တစ်မျိုးဖြစ်ပေသည်။