အခန်း (၃၇၆)
Vol. 27 Ch. 376
စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဟူသည် ကျင့်ကြံသူ၏ချီစွမ်းအင်သည် လက်ဖဝါးထက် ကပ်တွယ်နိုင်ခြင်းဖြစ်သည်။ ချန်ကျဲ့သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များ သိုင်းကွက်စွမ်းအင်ထုတ်သုံးခြင်းကို မြင်တွေ့ဖူးပါ၏။
တိုက်ကွက်ထုတ်သုံးချိန်တွင် သူတို့၏လက်ဖဝါးများ၌ မှိန်ဖျော့ဖျော့တောက်ပမှုလေး ထွက်ရှိနေခဲ့၏။ ၎င်းသည် ချီစွမ်းအင်ဖြစ်သည်။
အတွင်းအားနှင့် ဆင်တူသော်ငြား ကွာခြားသည့်စွမ်းအင်ဖြစ်ပြီး ထိုနှစ်မျိုးကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်အသုံးပြုနိုင်ခြင်းဖြင့် ခွဲခြားသိနိုင်သည်။
စွမ်းအင်ပြောင်းလဲခြင်းအဆင့်သည် ခန္ဓာကိုယ်တွင် ချီစွမ်းအင်များကို အောင်မြင်စွာ ကပ်တွယ်စေနိုင်ခြင်း ဖြစ်သည်။ ဥပမာ လက်ဖဝါးတွင် ချီစွမ်းအင်ကပ်တွယ်ထားရှိခြင်းဖြင့် ဓားချက်၊လှံချက်များ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည်။
သေချာပေါက်ပင် ချီစွမ်းအင်အားကောင်းသည့် ကျင့်ကြံသူဖြစ်ပါက မိမိ၏ဓားလှံလက်နက်တို့ကို ချီစွမ်းအင်ဖြင့် ဝန်းရံကာကွယ်ထားနိုင်ပေလိမ့်မည်။
ဓားလက်နက်ထက်တွင် အကာအကွယ်အလွှာတစ်ခု ဖန်တီးထားနိုင်ပြီး ၎င်းချီစွမ်းအင်သည် ကျင့်ကြံသူ၏ ကျင့်ကြံသည့်ကျင့်စဉ်အလိုက် ကွဲပြားသွားနိုင်သည်။
ဤသည်မှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်၏ အံ့ချီးဖွယ်သော ကဏ္ဍဖြစ်သည်။
နံပါတ်၃အချက်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်အလွန်ရှိ ကျင့်ကြံဆင့်အကြောင်း ပြောပြထားခြင်းဖြစ်သည်။
စွမ်းအင်ပြောင်းလဲခြင်းအဆင့်၏ အထက်အဆင့်မှာ ချီသွေးမှ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ဖြစ်သည်။
သိုင်းပညာများသည် အခြေခံအားဖြင့် အမတကျင့်စဉ်နှင့် မှော်စွမ်းအင်ကျင့်စဉ်အလိုက် ကွဲပြားကြသည်။
အမတကျင့်စဉ်သည် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏ သဘာဝစွမ်းအင်များကို ထိန်းချုပ်အသုံးချသည်။ သိုင်းပညာသည်တော့ အသွေးအသားကို ကျင့်ကြံခြင်းဖြစ်သည်။
ကျင့်ကြံသူများကို မှော်ပညာရှင်များနှင့် ဆင်တူသည်ဟု သတ်မှတ်ပါက သိုင်းပညာရှင်များ၏ ကျင့်ကြံမှုသည် စစ်သည်တော်များကဲ့သို့ ဖြစ်လိမ့်မည်။
အသက်စွမ်းအင်ကို ကျင့်ကြံခြင်းဖြစ်၏။
အရေပြားသန့်စင်ခြင်းအဆင့်သည် အသားအကာအကွယ်ကို ပျိုးထောင်သည်။ အမှောင်စွမ်းအင်အဆင့်သည် အရိုးအကာအကွယ်ကို ပျိုးထောင်သည်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သည် သွေးခြင်ဆီအကာအကွယ်ကို ပျိုးထောင်သည်။
၎င်းကို ကြည့်ရှုခြင်းအားဖြင့် သိုင်းပညာသည် အပြင်ပိုင်းမှ အတွင်းထဲသို့ ကျင့်ကြံပျိုးထောင်ရခြင်းဖြစ်ကြောင်း သိရှိနိုင်ပေသည်။
အသွေးအသား၊ အရိုးအရွတ်နှင့် သွေးခြင်ဆီ။
ထိုအရာအားလုံးကို လူတစ်ယောက်တွင် ဖွဲ့စည်းဖြစ်တည်စေသည်။ သိုင်းပညာရှင်တစ်ဦးသည် အရေပြားအား နွားသားရေကဲ့သို့၊ အသားအား ကြံ့ခိုင်သည့် သံထည်ကဲ့သို့၊ အရိုးအရွတ်များအား သန့်စင်သည့် သံမဏိကဲ့သို့၊ ခြင်ဆီအား အေးစက်သည့် ဆီးနှင်းကဲ့သို့၊ သွေးအား ပြဒါးကဲ့သို့၊ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ကျင့်ကြံအောင်မြင်ပြီးပါက ခန္ဓာကိုယ်၏ ဆဲလ်အမှုန်အမွှားတစ်ခုချင်စီတိုင်း နိုးထသွားခဲ့ပြီဟု ဆိုလိုသည်။
ထို့နောက်တွင် ကျင့်ကြံသူသည် နောက်တစ်ဆင့်ဖြစ်သော သွေးချီမှ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းဝင်ရောက်ခြင်းဖြင့် ခန္ဓာကိုယ်၏ အသွေးအသားတို့ကို နောက်တစ်ကြိမ် ထပ်မံ၍ အင်အားတိုးမြှင့်နိုင်သည်။
အခြားသော ကမ္ဘာလောကတစ်ခုသို့ ဝင်ရောက်သွားသည့်အလား နယ်ပယ်အဆင့်အသစ်တစ်ခုသို့ တိုးတက်သွားလိမ့်မည်။
ဤသည်မှာ လူတစ်ယောက်၏ ကိုယ်ပိုင်စွမ်းအားကို သဘာဝလွန်စွမ်းအင်များ ရရှိပိုင်ဆိုင်ရန် ကျင့်ကြံပျိုးထောင်နိုင်စွမ်းသည့် သိုင်းပညာဖြစ်သည်။
ချန်ကျဲ့သည် အချက်အလက်ကို ဖတ်ပြီးနောက် စိတ်ထဲမှ တွေးလိုက်သည်။
အစ်ကိုကြီးနီဝမ်ကျွင့်က သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်မှာလား အဲဒီအဆင့်အထက်မှာလားပဲ။
ချန်ကျဲ့ သေချာမသိပေ။ သို့သော် အနည်းဆုံးတော့ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဖြစ်လိမ့်မည်။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ နံပါတ်၄အချက်ကို ဆက်ဖတ်သည်။
ယန်ကျားမြို့? အဲဒါက ငါ ရေဝင်ချိုးခဲ့တဲ့မြို့မဟုတ်လား? ငါ့ကို မြင်သွားကြမယ်လို့ မျှော်လင့်မထားမိဘူးပဲ။ ငါ့ကို ငါးဖမ်းကုန်သည်အဖွဲ့က နေရာအနှံ့ကို သက်ရောက်မှုကြီးမားကြောင်း သက်သေပြလိုက်တာပဲ။
အနာဂတ်တွင် ပို၍သတိထားရန်လိုအပ်ကြောင်း ချန်ကျဲ့ သတိကပ်လိုက်သည်။
သို့သော် ၎င်းသည် မကောင်းတာချည်းပဲတော့ မဟုတ်ပါချေ။ အနည်းဆုံးတော့ မြို့အတွင်း အာရုံစိုက်မှုကို လျှော့ချနိုင်ခဲ့၏။ သို့ဖြင့် စူးယွင်ကျင်းနှင့် အစ်မဟွားတို့၏ဖိအားကို လျှော့ချပေးနိုင်လိမ့်မည်။
ထို့နောက် ချန်ကျဲ့ နောက်ဆုံးအချက်ဖြစ်သည့် နံပါတ်၅အချက်အလက်ကို ကြည့်လိုက်သည်။
မြူခိုးထုတောထဲမှာ နှစ်ငါးရာသက်တမ်းသွေးလင်ဇီးရှိတာ သေချာတယ်ဆိုတော့ တကယ့်ကို သတင်းကောင်းပဲ။
ဝူကျုံးပြောခဲ့စဉ်က ဖြစ်နိုင်ခြေသာ ရှိခဲ့ပြီး အာမခံချက်မရှိခဲ့ပေ။ သို့သော် ယခုတွင်မူ စနစ်၏အတည်ပြုချက်ရှိသွားပြီဖြစ်ရာ ချန်ကျဲ့မှာ ပို၍ စိတ်အေးသွားခဲ့သည်။ သွေးလင်ဇီးသည် မြူခိုးထုတောအတွင်း ရှိနေကြောင်း သေချာသွားပြီဖြစ်ရာ မြူခိုးထုတောသို့ မလွဲမသွေ ခရီးနှင်ရပေတော့မည်။
သို့တိုင် မြူခိုးထုတောသည် ချန်ကျဲ့အား ဖိအားခံစားရစေသည်။ အထဲတွင် တည်ရှိနေသည်မှာ နတ်ဘုရားနယ်မြေမဟုတ်ကြောင်း ခံစားမိနေခဲ့၏။
သို့သော်ငြားလည်း ချန်ကျဲ့ မြူခိုးထုတောသို့ ဝင်ရောက်ရပေမည်။ သူ၏ဘဝကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေးသည် ဤမြူခိုးထုတောသို့ ခရီးစဉ်အပေါ်တွင် မူတည်နေပေသည်။
မြူခိုးထုတောသည် နေ့ဘက်ထက် ညဘက်က ပို၍အန္တရာယ်များသည်ဟု စနစ်မှ သတိပေးထားသည်။ ထို့ကြောင့် ချန်ကျဲ့သည် မြူခိုးထုတောထဲသို့ နောက်တစ်နေ့ နေ့လယ်ခင်းတွင် ဝင်ရောက်မည်ဖြစ်သည်။
ထိုသို့တွေးတော၍ ချန်ကျဲ့ မျက်လုံးပိတ်ကာ တစ်ဖန်ပြန်၍ အနားယူတော့သည်။ ဝရမ်းပြေးဘဝ၏ အရေးအကြီးကဏ္ဍမှာ အနားယူရန်၊ အားအင်ပြန်လည်ဖြည့်တင်းရန်နှင့် အင်အားစုဆောင်းရန်တို့ ဖြစ်သည်။ ပုံမှန်နေ့များတွင် ကြက်တွန်သံနှင့်အတူ နိုးထလာနိုင်သော်ငြား ထွက်ပြေးတိမ်းရှောင်နေချိန်တွင်တော့ တိုက်ခိုက်ဖို့ အမြဲအသင့်ဖြစ်နေစေရန် ခန္ဓာကိုယ်ခွန်အားကို ထိန်းသိမ်းရပေမည်။
အချိန်ခဏမျှ အိပ်စက်ပြီးနောက် အရုဏ်တက်ချိန်နီးကပ်လာကြောင်း ခံစားမိသည်တွင် ချန်ကျဲ့သည် ချောင်ကုန်သည်အဖွဲ့ရုံးတော်မှ ထွက်ခွာလာခဲ့သည်။
လမ်းဘေးဈေးသည်များသည် အပြင်ဘက်တွင် မနက်စာဆိုင်များ ခင်းကျင်းထားကြလေပြီ။ ချန်ကျဲ့သည် ဖက်ထုပ်တစ်ပွဲနှင့် ပေါက်စီနှစ်ခြင်းဝယ်ယူကာ စားသောက်သည်။
ဗိုက်ပြည့်သွားသောအခါ အစာခြောက်များ ဝယ်ယူသည်။ ရေဘူးရေဖြည့်ကာ ဆေးခြင်းတောင်းကိုလည်း သယ်ယူသည်။ ထို့နောက် လိုအပ်သည့်ပစ္စည်းများနှင့် သင့်လျော်သည့် အနီရောင်းပန်းဖွားလှံတစ်ချောင်းကို ယူဆောင်သည်။ ထို့နောက် ရေဘူးသီးခြောက်ကို လှံတွင် ကြိုးဖြင့်တွဲလောင်းဆွဲ၍ တောင်ဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။
ရှန်းထောင်မြို့အနီးရှိ တောင်ကို သာ့ဟေးတောင်တန်းဟု ခေါ်သည်။ မီးခိုးရောင်မြူခိုးများသည် တောင်တစ်ဝက်ခန့်အထိ ဖုံးအုပ်ထား၏။
ချန်ကျဲ့သည် တောင်တစ်ဝက်ခန့်အထိ တက်ပြီးနောက် နေရောင်အားကောင်းသည်အထိ စောင့်ဆိုင်းနေလိုက်သည်။ ထို့နောက်တွင်မှ မြူခိုးထုထဲသို့ ဝင်သွားခဲ့သည်။
မြူခိုးထုသည် ထူထဲသိပ်သည်း၏။ အနည်းဆုံး ၅မီတာခန့် ထူထပ်သိပ်သည်းမည်ဟု ချန်ကျဲ့ ခန့်မှန်းမိသည်။ မြူခိုးထူထပ်သည့်နေရာကို ဖြတ်သန်းသွားပြီးနောက်၌ ချန်ကျဲ့မှာ ကမ္ဘာအသစ်တစ်ခုသို့ ရုတ်ချည်း ရောက်ရှိသွားသည့်အလား ခံစားလိုက်ရပေသည်။
သူ၏မျက်စိရှေ့တွင် မြင့်သွန်းသော သစ်ပင်ကြီးများနှင့် ခမ်းနားထည်ဝါသော တောအုပ်ကြီး တည်ရှိနေသည်။ လူတို့ စိတ်ကူးထားသကဲ့သို့ မှုန်မှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် နေရာကြီး မဟုတ်နေပါချေ။
“ဒါက မြူခိုးထုတောထဲမှာလား”
ချန်ကျဲ့ သင်္ကာမကင်း ရေရွတ်လိုက်သည်။ ထို့နောက် အနီးဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ရှင်းလင်းသည့်လမ်းမရှိကြောင်း သတိထားမိလိုက်၏။ ချန်ကျဲ့ ဤကမ္ဘာဦးတောအုပ်ထဲသို့ ဆက်လက်၍ လျှောက်သွားခဲ့သည်။
၁၀မိနစ်ခန့် လျှောက်သွားပြီးနောက် မနီးမဝေး ရှေ့နား၌ ပေါင်းပင်မြက်ပင်များကြား မြှုပ်နှံတည်ရှိနေသည့် သက်တမ်းရင့်ဂျင်ဆင်းတစ်ပင်ကို တွေ့လိုက်ရသည်။
“သောက်ကျိုးနဲဟ!”
ခြေလှမ်းနည်းနည်း လျှောက်ရသေးတယ် ငါက ရတနာရှာတွေ့နေပြီလား?
ချန်ကျဲ့ ကိုယ်ကိုကိုင်းလိုက်ပြီး ဆောင်းဦးပုစဉ်းဓားမြှောင်ကို ထုတ်ယူ၍ ဂျင်ဆင်းကို စတင်တူးထုတ်သည်။ ဂျင်ဆင်းသည် သုံးဆယ့်လေးနှစ်ခန့် သက်တမ်းရှိပုံရ၏။ ရောင်းချပါက ငွေတုံးတစ်ရာ၊နှစ်ရာခန့် အလွယ်တကူ ရနိုင်ပေလိမ့်မည်။
ချန်ကျဲ့ မြေမှုန်များကို ခါထုတ်ပြီး ဝယ်ယူလာသည့် ဆေးခြင်းတောင်းထဲသို့ အေးအေးလူလူပင် ပစ်ထည့်လိုက်သည်။
ချန်ကျဲ့ ရှေ့ဆက်သွားသည်။
သစ်ပင်တစ်အုပ်ကို ဖြတ်သွားအပြီးတွင် ချန်ကျဲ့ ခေါင်းငုံ့လိုက်စဉ် ဘေးဘက်မှ လေပြင်းတစ်ဝှေ့ကို ခံစားလိုက်ရ၏။ ချန်ကျဲ့ ကိုယ်ကို တစ်ပတ်လှည့်၍ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ဂျွတ်…
ဦးခေါင်းထိပ်တွင် အနီရောင်ကြက်မောက်ဖြင့် မြွေစိမ်းတစ်ကောင်သည် ချန်ကျဲ့၏ဓားချက်ကြောင့် နှစ်ခြမ်းပြတ်သွားရကာ မြေပြင်သို့ ပြုတ်ကျသွား၏။ ၎င်းမြွေသည် သေဆုံးသည့်အချိန်အထိ ချောက်ချားဖွယ်ကောင်းလောက်အောင် ရှူးရှူးရှားရှားမြည်တွန်နေခဲ့သည်။
ကြက်မောက်မြွေ!
၎င်းသည် အလွန်အဆိပ်ပြင်းသည့် ဤမြွေ၏ အမည်ဖြစ်သည်။ မီတာဝက်ခန့်မှ တစ်ချက်ကိုက်လိုက်လျှင်ပင် အရေပြားသန့်စင်ခြင်းအဆင့်ကျင့်ကြံသူကို နေရာတွင် ပွဲချင်းပြီးသေဆုံးစေနိုင်၏။
ဒီနေရာက တကယ်ကြီး အန္တရာယ်များတာပဲ။