ကြီးမြတ်သောတပည့်ခေါင်းဆောင်ခုနစ်ဦး
Vol. 35 Ch. 480
အပိုင်း (၄၈၀) : ကြီးမြတ်သောတပည့်ခေါင်းဆောင်ခုနစ်ဦး
ကလန်ခေါင်းဆောင်ချင်းယန်၏အသံမှာ မိုးကောင်းကင်တစ်ခွင်လုံးသို့ လွှမ်းခြုံပျ့ံနှ့ံသွားလေသည်။
ကျောက်ပလ္လင်ထက်တွင်ရှိနေသော ဇူယွမ်မှာ တပည့်များစွာ၏ ဂုဏ်ပြုသံများအား ကြားလိုက်ရသောအခါ ၌ အလွန်ပင် ပျော်ရွှင်နေမိ၏။ ဇူယွမ်မှာ ေကျာက်ပလ္လင်အား ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ခံစားချက်များအား ထိန်းချုပ်နေရသည်။
ကန်ရွှမ်းကလန်သို့ ဇူယွမ်ရောက်ရှိလာရခြင်းမှာ ဝူဘုရင်အား ရင်ဆိုင်တိုက်ခိုက်နိုင်သည်အထိ သန်မာလာစေရန် ဖြစ်၏။ ယခုမူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိနိုင်ခ့ဲခြင်းမှာ ဇူယွမ်၏ ပထမခြေလှမ်းပင် ဖြစ်သည်။
မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိနိုင်ခ့ဲပြီဖြစ်သောကြောင့် ဇူယွမ်မှာ ချိတ်ပိတ်ထားသော အဓိကတောင်ထွတ်အတွင်းသို့ဝင်၍ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ထားရစ်ခ့ဲသော ဒုတိယမြောက် သူတော်စင်မှော်စာလုံးအား ရှာဖွေနိုင်တော့မည်ပင် ဖြစ်၏။
ဇူယွမ်မှာ ထိုသူတော်စင်မှော်စာလုံးအား ရှာဖွေခွင့်ရနိုင်အတွက် ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိလာသော အချိန်မှစ၍ အနည်းငယ်မျှပင် မခိုကပ်ပဲ အကန့်အသတ်သို့ ေရာက်သည်အထိ များစွာကြိုးစားခ့ဲရသည်။ ဇူယွမ်၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုများကြောင့် ယခုအချိန်တွင် အသီးအပွင့်များကို စတင်ခံစားခ့ဲရပြီ ဖြစ်၏။
ဇူယွမ်မှာ ခံစားချက်များအား ထိန်းချုပ်လျက် အသက်ပြင်းပြင်းတစ်ချက် ရှ္ူထုတ်လိုက်ပြီးနောက် အဝေးတစ်နေရာရှိ ကျောက်ဖျာချပ်ပေါ်တွင်ထိုင်နေသော လှပတင့်တယ်လှသည့် ယောင်ယောင်၏ပုံရိပ်လေးအား ငေးမောကြည့်ရှုလိုက်သည်။
ယောင်ယောင်မှာ ထန်ထန်အားပွေ့ဖက်ထားရင်းဖြင့် ဇူယွမ်အား ပြန်လည်ငေးမောလိုက်၏။ ယောင်ယောင်၏ နီထွေးသောနှုတ်ခမ်းသားလေးမှာ အနည်းငယ် တွန့်ကွေးသွားလေသည်။
ယောင်ယောင်မှာ ဝိုင်အိုးအားပင့်မကာ ဇူယွမ်အား ဂုဏ်ပြုနေလိုက်၏။ ဇူယွမ်၏ ကြိုးစားအားထုတ်မှုများအားလုံးကုိ ယောင်ယောင်မှ ကောင်းစွာသိရှိနေသောကြောင့် ဂုဏ်ပြုပေးခြင်း ဖြစ်သည်။
ဇူယွမ်မှာ ယောင်ယောင်အား ပြုံးပြလိုက်ပြီးနောက် တိုက်ပွဲမပြီးဆုံးသေးသော အခြားရွေးချယ်ခြင်းတောင်ထွတ်ခြောက်ခုအား ကြည့်ရှုလိုက်၏။
မူလသူတော်စင်တောင်ထွတ်သည် အုပ်စုသုံးခုသာရှိသဖြင့် တပည့်ခေါင်းဆောင် ေရွးချယ်ခြင်းအခမ်းအနားမှာ လျင်မြန်စွာပင် ပြီးဆုံးသွားရခြင်းဖြစ်သော်ကြောင့် အခြားသောတောင်ထွတ်များမှာမူ အနည်းဆုံး အုပ်စုခုနစ်ခုမျှ ရှိကြသည်။ ထို့ကြောင့် အခြားတောင်ထွတ်များ၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲမှာ ပို၍ကြာမြင့်နေရခြင်း ဖြစ်၏။
ကန်ရွှမ်ကလန်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားများ အလုံးစုံ ပြီးမြောက်သွားလျှင် ရွေးချယ်တင်မြှောက်ခြင်းခံရသော တပည့်ခေါင်းဆောင်များမှာ သက်ဆိုင်ရာတောင်ထွတ်များ၏ ကန်ရွှမ်းသိုင်းကျမ်းအား ကျင့်ကြံခွင့်ရမည်ပင် ဖြစ်သည်။
မူလသူတော်စင်တောင်ထွတ်မှ ရရှိမည်ဖြစ်သောသိုင်းကျမ်းမှာ ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ဖြစ်ပြီး အဆင့်မြင့်ကောင်းကင်ဘုံကျင့်စဥ်တစ်ခု ဖြစ်၏။
ဇူယွမ်မှာ အတွေးများနှင့်ပင် အလွန်စိတ်လှုပ်ရှားနေရသည်။ ယခုအချိန်ထိ ဇူယွမ်မှာ အဆင့်မြင့်ကောင်းကင်ဘုံကျင့်စဥ်အား မရရှိခ့ဲဖူးချေ။ ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်သည်ပင် ကန်ရွှမ်းကလန်၏ သိုင်းကျမ်းခုနစ်ခုမှ ခွဲထွက်လာသော ကျင့်စဥ်ငယ်လေးတစ်ခုမျှသာ ဖြစ်သည်။
ဇူယွမ်မှာ အတွေးများအား ရပ်တန့်လိုက်ပြီးနောက် ကျောက်ပလ္လင်ပေါ်တွင် ခြေချိတ်ထိုင်ကာ မျက်ဝန်းများကိုပိတ်၍ ချီစွမ်းအင်များအား ပြန်လည်ဖြည့်တင်းရန် လုပ်ဆောင်လိုက်၏။
ဤသို့ဖြင့် အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးလာပြီးနောက် အခြားသောတောင်ထွတ်ခြောက်ခုမှာလည်း ပြင်းထန်သောတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြသည်။
ကန်ရွှမ်းကလန်ထက်ရှိ နေဝန်းကြီးမှာ အနောက်အရပ်သို့ ဆင်းသက်လာပြီး ကောင်းကင်တစ်ခွင်မှာလည်း ပုစွန်ဆီရောင် ရောင်ခြည်တန်းများ ဖုံးအုပ်နေ၏။
ဒေါင်....ဒေါင်....
ကျယ်လောင်လှသော ခေါင်းလောင်းသံတစ်ခုမှာ ကန်ရွှမ်းကလန်တစ်ခုလုံးအား ပျ့ံနှ့ံသွားပြီးနောက် ကမ္ဘာမြေပြင် မြည်ဟီးမတက် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။ ထိုအချိန်မှာပင် ကလန်ခေါင်းဆောင်ချင်းယန်၏စကားသံမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွား၏။
"ကန်ရွှမ်းကလန်ရဲ့ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနား ပြီးဆုံးသွားပါပြီ။"
" ကန်ရွှမ်းတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရမယ့်သူကတော့ ထန်းမုရှင်းဖြစ်ပါတယ်။"
"နှင်းပဒုမ္မာတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရမယ့်သူကတော့ စူးယောင်ဖြစ်ပါတယ်။"
"ဟုန်ယာတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရမယ့်သူကတော့ ချန်းဇီဖြစ်ပါတယ်။"
"သူတော်စင်မှော်စာလုံးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရမယ့်သူကတော့ ကျင်ကျန်းဖြစ်ပါတယ်။"
"မိုးကြိုးအကျဥ်းထောင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရမယ့်သူကတော့ ရှဲ့ရန်ဖြစ်ပါတယ်။"
"ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရမယ့်သူကတော့ ပိုင်လီချွီးဖြစ်ပါတယ်။"
တပည့်ခေါင်းဆောင် အမည်များအား ကြေညာလိုက်ပြီးနောက် အော်ဟစ်အားပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။ လူတိုင်းမှာ သက်ဆိုင်ရာတောင်ထွတ်များ၏ တပည့်ခေါင်းဆောင်အမည်များအား အော်ဟစ်ဂုဏ်ပြုနေကြ၏။
ဇူယွမ်မှာ မျက်ဝန်းများအားဖွင့်ဟ၍ အဝေးတွင်ရှိနေသော ရွေးချယ်ခြင်းတောင်ထွတ်များအား ကြည့်ရှုလိုက်သည်။ တောင်ထွတ်များ၏ အမြင့်ဆုံးနေရာတွင် တပည့်ခေါင်းဆောင်များ အသီးသီးရှိနေကြ၏။
တပည့်ခေါင်းဆောင်နေရာမှာ ကန်ရွှမ်းကလန်တွင် ရွေးချယ်ခံဆယ်ဦးပြီးလျှင် ဒုတိယမြောက်အမြင့်ဆုံးနေရာပင် ဖြစ်သည်။
"တပည့်ခေါင်းဆောင် ခုနစ်ယောက်လုံး အရှေ့ကို ထွက်လာပေးပါ။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ညင်သာစွာ စကားဆိုလိုက်၏။ တပည့်ခေါင်းဆောင်များမှာ ရွေးချယ်ခြင်းတောင်ထွတ်ခုနစ်ခု၏ အလယ်မှ ကြီးမားသောတောင်ထွတ်ကြီးရှိရာသို့ စုဝေးပျံသန်းလာကြသည်။ ထိုကြီးမားသောတောင်ထွတ်ကြီးမှာ တပည့်ခေါင်းဆောင်များ ဆုလာဒ်လက်ခံရယူသည့်နေရာ ဖြစ်၏။
ဇူယွမ်မှ ကြီးမားသောတောင်ထွတ်ကြီးဆီသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် အခြားသောပုံရိပ်ခြောက်ခုမှာ စိတ်ဝင်စားနေဟန်ဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်ကြသည်။
"ဂျူနီယာညီတော်ဇူယွမ်က ကန်ရွှမ်းကလန်ကုိရောက်လာတာ တစ်နှစ်ပဲရှိသေးတယ်ဆိုပေမယ့် တပည့်ခေါင်းဆောင်တစ်ယောတောင် ဖြစ်နေပြီ။ ဒီလိုတိုးတက်မှုမျိုး ငါတို့ကန်ရွှမ်းကလန်မှာ မရှိခ့ဲဖူးဘူး။" ယောက်ျားလေးတပည့်တစ်ဦးမှ အသိအမှတ်ပြုဟန်ဖြင့် စကားဆိုလိုက်၏။
ထိုလူငယ်လေးမှာ ကျင်ကျန်းဖြစ်ပြီး သူတော်စင်မှော်စာလုံးတောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်ကာ သူတော်စင်မှော်စာလုံးခန်းမ၏ရှေ့တွင် ယောင်ယောင်နှင့် ယှဥ်ပြိုင်ခဲ့ဖူးသူပင် ဖြစ်သည်။
ဇူယွမ်မှာ ကျင်ကျန်း၏ စိတ်နှလုံးကောင်းအား ခံစားမိသောကြောင့် နူးည့ံညင်သာစွာ ပြုံးပြနှုတ်ဆက်လိုက်၏။
"ကျင်ကျန်း မင်းကအပိုတွေ လျှောက်ပြောနေတာပဲ။ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဖြစ်ဖို့ အရမ်းလွယ်တယ်ဆိုတာ မင်းမသိဘူးလား။" ထိုအချိန်မှာပင် ယောက်ျားလေးတပည့်တစ်ဦး၏ လှောင်ပြောင်သရော်သံတစ်ခု ထွက်ပေါ်လာသည်။
ဇူယွမ်မှာ အသံလာရာသို့ ကြည့်ရှုလိုက်သောအခါတွင် ခရမ်းပြာရောင် အဝတ်အစားများအား ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် လူငယ်တစ်ဦးအား တွေ့ရှိလိုက်ရ၏။ ထိုလူငယ်၏ အင်္ကျီလက်မောင်းပေါ်တွင် ဓားကပ်ဘေးတောင်ထွတ်၏ အမှတ်အသားတံဆိပ် ပါဝင်နေသည်။
ထိုလူငယ်လေးမှာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပိုင်လီချွီးပင် ဖြစ်၏။
ပိုင်လီချွီးမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေသည်။ ဇူယွမ်မှာ ယွမ်ဟောင်အား အနိုင်ယူ၍ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်လာသောကြောင့် ပိုင်လီချွီးမှ မုန်းတီးနေမိ၏။
အဘယ့်ကြောင့်ဆိုသော် ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းမှာ အကြီးအကဲလုဟုန်းအား မူလသူတော်စင်တောင်ထွတ်ဆီသို့ ပို့ဆောင်နိုင်ရန် များစွာကြိုးခ့ဲရသောကြောင့် ဖြစ်သည်။ သို့သော် အကြီးအကဲလုဟုန်း၏အုပ်စုမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိရန်ကျရှုံးခ့ဲသောကြောင့် တောင်ထွတ်ဆရာသခင်လင်ကျွမ်း၏ ကြိုးစားအားထုတ်ခဲ့ရမှုများမျာ ပျက်သုန်းခ့ဲရပြီပင် ဖြစ်၏။ ထို့ကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်တစ်ဦးဖြစ်သော ပိုင်လီချွီးမှာ ဇူယွမ်အား အလွန်ပင် မျက်မုန်းကျိုးနေရသည်။
"ပိုင်လီချွီးရယ် နင့်စကားတွေက တစ်ဖက်သတ်ဆန််လိုက်တာ။ မူလသူတော်စင်တောင်ထွတ်က တခြားတောင်ထွတ်တွေလောက် အခြေအနေမကောင်းပေမယ့် လုဟုန်းအုပ်စုက ယွမ်ဟောင်က ဓားကပ်ဘေးတောင်ထွတ်မှာတည်းက တပည့်ခေါင်းဆောင်နေရာအတွက် ထင်ကြေးပေးခံရတာလေ။ အခုဇူယွမ်က ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာအတွက်တောင် ထင်ကြေးပေးခံရတဲ့ ယွမ်ဟောင်ကို နိုင်လာတာဆိုတော့ တကယ်တော်လို့ပေါ့ဟ။" နူးညံ့ညင်သာသော မိန်းမငယ်လေးတစ်ဦး၏အသံ ထွက်ပေါ်လာ၏။
ဇူယွမ်မှ လှည့်ကြည့်လိုက်သောအခါတွင် လှပတင့်တယ်သော မိန်းမငယ်လေးတစ်ဦးအား တွေ့ရှိလိုက်ရသည်။ ထိုမိန်းမငယ်လေး၏ အင်္ကျီလက်မောင်းပေါ်ရှိ အမှတ်အသားအရ ကန်ရွှမ်းတောင်ထွတ်၏ တပည့်ခေါင်းဆောင်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသော ထန်းမုရှင်းပင် ဖြစ်ပေလိမ့်မည်။
ဇူယွမ်မှာ ထိုမိန်းမငယ်လေး၏ ဝင်ရောက်ပြောဆိုပေးမှုကြောင့် အနည်းငယ် အ့ံအားသင့်နေမိ၏။ ထန်းမုရှင်းမှာ ဇူယွမ်၏ အ့ံသြနေသော အမူအရာအား မြင်တွေ့လိုက်ရပြီးနောက် ပြုံးကာပြောလိုက်သည်။ "ဂျူနီယာညီမတော်ဟွမ်ချီကြောင့် နင့်နာမည်ကို ငါတို့ကန်ရွှမ်းတောင်ထွတ်တစ်ခုလုံး သိနေကြပြီလေ ဟီးဟီး..."
ဇူယွမ်မှာ ဂူဟွမ်ချီကြောင့် ထန်းမုရှင်းမှ ဝင်ရောက်ပြောဆိုပေးခြင်းဖြစ်ကြောင်း နားလည်သွားရ၏။
ကျင်ကျန်းနှင့် ထန်းမုရှင်းနှစ်ဦးလုံး ဇူယွမ်အား ဖော်ရွေစွာပြောဆိုဆက်ဆံနေကြသောကြောင့် ပိုင်လီချွီးမှာ မည်သည့်စကားမှ ထပ်၍ပြောဆိုခြင်း မပြုတော့ပေ။
အခြားသော တပည့်ခေါင်းဆောင်များမှာလည်း ဇူယွမ်အား စိတ်ဝင်စားနေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်။
ကြီးမားသောတောင်ထွတ်ကြီးပေါ်တွင် တပည့်ခေါင်းဆောင် ခုနစ်ဦးမှာ ငြိမ်သက်စွာ ရပ်နေကြ၏။
ထို့နောက် ကောင်းကင်ထက်မှ ချီကြာပွင့်ခြောက်ခုမှာ တောင်ထွတ်ကြီးထံသို့ ဖြည်းညင်းစွာ ဆင်းသက်လာကြသည်။ ဇူယွမ်နှင့် အခြားသောတပည့်ခေါင်းဆောင်မှာ နတ်ဘုရားအလား တင့်တယ်ခမ်းနားနေသည့် ပုံရိပ်များအား ကြည့်ရှုကာ အရိုအသေပြုလိုက်ကြလေတော့သည်။