← Chapters

သူတို့နဲ့ ဝေးဝေးနေပါ ... ။

Vol. 51 Ch. 603

သူတို့နဲ့ ဝေးဝေးနေပါ ... ။

Vol. 51 Ch. 603

မျက်မမြင်အဖိုးကြီး လေသံသည် အေးစက်ပြီးရှက်ရွံနေချေပြီ။ အေးစက်ခြင်းမှာ ဤအနက်ဝတ်အဖိုးအိုအပေါ် ဖြစ်ပြီး ရှက်ရွံ့ခြင်းသည် စုရီ‌ရှေ့တွင်ဖြစ်၏။

“ ဆရာစုလား ... ။ ”

အနက်ဝတ်အဖိုးအိုသည် သိသိသာသာ အံ့အားသင့်သွားသည်။ တစ်ဖက်လူသည် စုရီကို ဆရာခေါ်နေသည်လော။ စိတ်ဝင်စားစရာ ပေပင်။ ခဏမျှ စဉ်းစားပြီး အဖိုးအိုက၊

“ ခွင့်လွှတ်ပါ တာအိုမိတ်ဆွေ ... လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာက မရဏကမ္ဘာမှာ ခေါင်းတလားအဆက်အနွယ် သခင်သွေးဝူကျန့် ဆုံးပါးသွားခဲ့တယ်ဆိုတာ တကယ်လား။ ”

ဤတစ်ကြိမ်၌ မျက်မမြင်အဘိုးအို၏ အမူအရာမှာ အနည်းငယ်ပြောင်းသွားပြီးနောက် ဒေါသအရိပ်အယောင်ပေါ်လာ၏။

“ ရိုင်းလိုက်တာ ဒီမေးခွန်းကို မင်းမေးဝံ့သလား။ ”

သွေးဝူကျန့်ဟူသည် သူ့ဆရာဖြစ်ပြီး ၎င်းဆုံးပါးမှုအပေါ် ဆွေးနွေးရန် နာကျင်စရာ မည်မျှကောင်းသနည်း။

“ တောင်းပန်ပါတယ် တာအိုမိတ်ဆွေ ငါ့ကိုခွင့်လွတ်ပါ ... ငါမဆင်မခြင်ဖြစ်သွားတယ်။ ”

ထိုစဉ် နဝမမြောက်အကြီးအကဲမှ စကားဝိုင်းကိုပေါ့ပါးလာစေရန် အမြန်ဝင်ထိုင် လိုက်ပြီး၊

“ ထိုင်ပါ တာအိုစု ... ။ ”

-ဟု ပြောကြားလိုက်သည်။

စုရီမှ မျက်မမြင်အဘိုးအိုပခုံးပေါ် လက်တင်လိုက်ကာ၊ ထိုင်ရအောင်ဟု ပြောကြား လိုက်လေသည်။ လူတိုင်း ဝင်ထိုင်၏။

အနက်ဝတ်အဖိုးအိုမှ မျက်မမြင်အဘိုးအိုအပေါ် တောင်းပန်ရန် ဝိုင်များ ငှဲ့ပေးတော့သည်။

အလားတူပင် မျက်မမြင်အဘိုးအိုသည် စုရီအပေါ် အလွန်ထူးခြားသော သဘောထားမျိုး ရှိနေကြောင်းကို မြင်လိုက်ရသဖြင့် စုရီနှင့် စကားပြောရန်လည်း အစပြုလာ၏။

“ မိတ်ဆွေစု ... မင်းမရဏကမ္ဘာကို တစ်ခုခုရှာဖို့ သွားနေတယ်လို့ နဝမမြောက် အကြီးအကဲဆီကနေ ကြားတယ် ဒီအကြောင်း ဘာလို့မပြောတာလဲ ငါကူညီနိုင်ပါတယ်။ ”

“ မင်းရဲ့ကြင်နာမှုကို တန်ဖိုးထားတယ်၊ ဒါပေမယ့် ဒါက အသေးအမွှားကိစ္စပဲ မင်းအပေါ် နှောင့်ယှက်နေစရာ မလိုဘူး။ ”

စုရီသည် ထိုကိစ္စကို မဆွေးနွေးချင်မှန်းသိသဖြင့်၊

“ ဒါဆို မင်းကို အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် မိတ်ဆွေစု။ ”

-ဟု ပြောကြားလိုက်ရ၏။

“ ကောင်းပြီ ... မင်းလည်း အောင်မြင်ပါစေ။ ”

ဤတုန့်ပြန်မှုကြောင့် အနက်ဝတ်အဖိုးအိုခမျာ အံ့အားသင့်သွားပြီး မျက်ခုံးပင့် လိုက်တော့၏။ စုရီမှ ခဏမျှ စဉ်းစားကာ၊

“ စကားမစပ် မိတ်ဆွေစုဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ဘူး ... ငါတို့တွေက အခုမှ တွေ့ဆုံပြီး ... မျိုးဆက်အရလည်း ကွာခြားတယ် ... တာအိုမိတ်ဆွေလို့ခေါ်ပါ။ ”

ဤတစ်ကြိမ်၌ အနက်ဝတ်အဖိုးအိုမှာ တိတ်ဆိတ်သွားသည်။ သူ့အနားရှိ အဖြူဝတ် လူငယ်သည်ပင် စုရီထံလှမ်းကြည့်ကာ မျက်မှောင်ကြုတ်လာ၏။

နဝမအကြီးအကဲ၊ စွေ့ကျင်းယန်နှင့် ရွယ်ယီတို့မှာ အကြည့်ချင်းဖလှယ်ပြီး မျက်နှာ ပြောင်းကုန်သည်။ ဤစုရီသည် ထိုအသုံးအနှုန်း အပေါ် ဂရုစိုက်နေသည်လော။

“ တာအိုစု၊ မင်းပြောတာ မှန်ပါတယ် ငါစောစောက နည်းနည်း ယုံကြည်မှုလွန်ကဲ သွားမိတယ် ဒါကြောင့် စိတ်ထဲမထားပါနဲ့ ... ။ ”

ထို့နောက် ပြုံးရွှင်သော အသွင်ဖြင့် စုရီကို ပြန်ကြည့်ကာ၊

“ ဒါပေမယ့် ... ငါစိတ်ထဲမှာတော့ သံသယနည်းနည်းရှိနေတုန်းပါပဲ စောစောက မင်းရဲ့အောင်မြင်ပါစေ စကားအဓိပ္ပါယ်က ဘာကိုဆိုလိုတာလဲ။ ”

ထိုမေးခွန်းသည် ထူးဆန်းလွန်းသဖြင့် လူတိုင်းမှာ အံ့အားသင့်သွားကြ၏။ စုရီသာလျှင် ပြုံးလေသည်။

“ ဒါဟာ ယဉ်ကျေးတဲ့ ဆုတောင်းပါ သိပ်အလေးအနက်မထားပါနဲ့။ ”

အဖြူရောင်ဝတ်လူငယ်က သက်ပြင်းချသည်။ သူ့ဆရာသခင်အပြုအမူမှာ နည်းနည်း ပဟေဠိဆန်လွန်းနေပြီး တစ်ဖက်လူမှာ မောက်မာချေ၏။

စီနီယာတစ်ယောက်ကို စကားပြောသောအခါတွင် သူ့စကားများနှင့် အပြုအမူများသည် ရိုင်းပျနေချေပြီ။

သေချာသည်မှာ ဤစုရီသည် သူ့ဆရာ၏ ပင်ကိုယ်လက္ခဏာနှင့် ကျင့်ကြံမှုအဆင့်အပေါ် သိသော် အလွန်ထိတ်လန့်သွားမည်မှာ သေချာသည်။

ဤသည်မှာ ဆရာသခင်၏ ကြင်နာလွန်းသော အပြုအမူကြောင့် ထိုစုရီမှ မောက်မာဝံ့ခြင်းပေပင်။

များမကြာခင် အဖိုးအိုနှင့် လူငယ်မှာ နှုတ်ဆက်ပြီး အနားယူတော့၏။ နဝမမြောက် အကြီးအကဲက စုရီထံ ကြည့်ကာ၊

“ တာအိုစု ... အဲဒီစီနီယာရဲ့ ကျင့်ကြံမှုအဆင့်ကို မင်းမြင်နိုင်လား။ ”

-ဟု တိတ်တဆိတ်မေးသည်။

စွေ့ကျင်းယန်၊ ရွယ်ယီနှင့် မျက်မမြင်အဖိုးအိုက စုရီကိုပြန်ကြည့်ကြသည်။ စုရီမှ ဝိုင်ခွက်ကိုချကာ၊

“ သူ အခြားလူတွေကို ကောင်းကောင်း ဖုံးကွယ်ထားပေမယ့် ငါသူ့ကို မြင်နိုင်တုန်းပါပဲ ဒီအတွက် မင်းမှာ ဘာကိစ္စရှိလို့လဲ။ ”

-ဟု ပြန်ဖြေ၏။

နဝမမြောက် အကြီးအကဲမှ ပြုံးလျက်၊

“ တာအိုစု ... ဒါကိုမြင်နိုင်တာတောင် မင်းစိတ်မပူဘူးလား ဒီလိုဧကရာဇ်တစ်ပါးအပေါ် စော်ကားလိုက်တာက ... ဘယ်လောက်တောင် အန္တရာယ်ကြီးလိုက်သလဲ။ ”

“ ဧကရာဇ်လား။ ”

မျက်မမြင်အဘိုးအို၏ လက်ခြေများတုန်ခါလာကာ သူ့မျက်နှာတွင် အံ့ဩခြင်းများဖြင့် ပြည့်လာသည်။

တစ်ဖက်တွင် သူသည် ၎င်းကို ယခုမှသိရှိလာသည့် တစ်ဦးတည်းသောလူ ဖြစ်ကြောင်း သိရှိလာပြန်၏။

သည်လူများ ရက်စက်ချေပြီ။ ဤမျှ ယဉ်ကျေးလွန်းသော အဘိုးကြီးသည် ဧကရာဇ် ဖြစ်ကြောင်း သူ့ကို သတိမပေးကြချေ။

“ စတ်မပူနဲ့ ... သူက စိတ်ဝိညာဉ်ကို နှစ်ပိုင်းခွဲလာတာပါ အစစ်အမှန်မဟုတ်ဘူး။ ”

စုရီမှ မျက်မမြင်အဘိုးကြီးကို အရင်ဆုံးနှစ်သိမ့်ပေး၏။ မျက်မမြင်အဘိုးအိုက ခေါင်းညိတ်ကာ၊

“ ငါ မမျှော်လင့်ထားလို့ပါ ... ကြောက်လို့မဟုတ်ဘူး။ ”

-ဟု ကယောင်ကတမ်း တုန့်ပြန်သည်။

စုရီက ပြုံးပြီး နဝမမြောက်အကြီးအကဲ၏ အမေးကိုပြန်ဖြေ၏။

“ သူနဲ့ငါကြားမှာ ရန်ငြိုးမရှိပါဘူး ... ဒါဆိုဘာလို့ ငါကသူ့ကိုစော်ကားမိမှာ စိတ်ပူ နေရဦးမှာလဲ။ ”

နဝမမြောက် အကြီးအကဲခမျာ စကားမပြောနိုင်တော့ချေ။ တစ်ဖက်လူမှ မသိဘဲ မကြောက်မရွံ့ဖြစ်သော် နားလည်ပေးနိုင်၏။ ယခုမူ။

သို့သော် ဆန့်ကျင်ဘက်အနေနှင့် ဤသည်မှာ အဓိပ္ပါယ်ရှိနေသည်။ စွေ့ကျင်းယန် အထောက်အထားနှင့် နောက်ခံကို ထိုစုရီသည် ကျောက်စိမ်းဆွဲသီးတစ်လုံးဖြင့် ပြောနိုင်၏။

ကျောက်စိမ်းဆွဲသီးပိုင်ရှင် တရားစီရင်ရေးမှူး၏ အကြံအစည်နှင့် ရည်ရွယ်ချက်များကိုပင် မှန်းဆနိုင်သည်။

ထိုကဲ့သို့သော ဇာတ်ကောင်သည် ဧကရာဇ်မင်းတစ်ပါးကို ဂရုမစိုက်ဘဲ သတ္တိရှိရှိ ငြင်းဆန်နေသည်မှာ အံ့ဩစရာမရှိချေ။

“ တာအိုစု ... မင်းက ငါတွေ့ဖူးသမျှထဲမှာ အရဲရင့်ဆုံးနဲ့ မာနအရှိဆုံးလူပဲ။ ”

စွေ့ကျင်းယန်မှ အခေါ်အဝေါ် ပြောင်းသွား၏။ သို့သော် စုရီမှခေါင်းရမ်းကာ၊

“ ဒါကို မာနကြီးတယ်လို့ ခေါ်တာလား ... မင်းရဲ့ဘိုးဘေးနဲ့ ပြန်တွေ့တဲ့အခါ ငါ့လုပ်ရပ်က မောက်မာတယ်ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်ရဲ့လားလို့ မေးကြည့်ပါ။ ”

-ဟု တုန့်ပြန်၏။

စွေ့ကျင်းယန်တစ်ယောက် မျက်ခုံးပင့်လိုက်ပြီး၊

“ တာအိုစု ... နင့်ရဲ့လေသံအရ ငါ့ဘိုးဘေးကို သိနေသလိုပဲ ။ ”

“ ငါမင်းကို ပြောပြရင်တောင် ... မင်းယုံမှာမဟုတ်ဘူး ... မင်းရဲ့ဘိုးဘေးနဲ့ တွေ့ရင်သာ မေးကြည့်ပါ။ ”

ဤအခိုက်တွင် နဝမမြောက် အကြီးအကဲသည် ရုတ်တရက် သူသိချင်သည်ကို မေးမြန်းလာသည် ။

“ တာအိုစု ... ကျောက်စိမ်းဆွဲသီးနဲ့ ကျင်းယန်ကိုသိနိုင်တာကြောင့် ဒီစီနီယာရဲ့ မူလကိုလဲ မင်းသိတယ်မဟုတ်လား။ ”

စုရီ၏ လျှို့ဝှက်ဆန်းကြယ်သော အပြုအမူများကို မြင်တွေ့ခဲ့ပြီးနောက် သာမန်လူ တစ်ဦးအဖြစ် မဆက်ဆံဝံ့တော့ချေ။

ဧကရာဇ်တစ်ပါးဖြစ်ကြောင်း မြင်နိုင်သောကြောင့် ထိုသူ၏ဇာစ်မြစ်ကိုလည်း အသိအမှတ် ပြုနိုင်ပေလိမ့်မည်။

“ သူတို့ မပြောချင်ရင် မသိချင်တာ အကောင်းဆုံးပဲ သေချာတာကတော့ သူတို့ရဲ့ ကံကြမ္မာက မကောင်းနိုင်ဘူး ... မင်းသူတို့နဲ့ ဝေးဝေးနေပါ မဟုတ်ရင် ဒုက္ခရောက်မယ်။ ”

ဤသတိပေးစကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ ဆိုလိုသည်မှာ စုရီသည် ထိုဆရာနှင့် တပည့်၏ ဇစ်မြစ်ကို မြင်နိုင်နေချေ၏။

တစ်ဆက်တည်းမှာပင် တစ်ဖက်လူ၏ ဆိုးရွားသောကုသိုလ်ကံသည် မန်ပိုနန်းတော်ရှိ သားစဉ်မြေးဆက်များအပေါ် ဘေးဥပဒ် ဖြစ်စေမည်ကို စိုးရိမ်လာပြန်သည်။

“ တာအိုစု ... ကျေးဇူးပြုပြီး သူတို့နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ နည်းနည်း ထပ်ပေးနိုင်မလား ... အနည်းဆုံးတော့ သူတို့ရဲ့ မူလဇစ်မြစ်အကြောင်း။ ”

စွေ့ကျင်းယန်မှ မေးလာသည်။ သို့သော် စုရီသည် ထိုကိစ္စကို ဆွေးနွေးရန် ဆန္ဒမရှိသဖြင့် မဖြေတော့ချေ။

“ မင်းရဲ့မန်ပိုနန်းတော်က တတိယ အကြီးအကဲရဲ့သင်္ကေတနဲ့ သူတို့လာခဲ့တာ မဟုတ်လား ... ဒါဆို မရဏကမ္ဘာ ပြန်ရောက်ရင် သူ့ကိုမေးကြည့်တာ အကောင်းဆုံးပါပဲ။ ”

ထို့နောက်တွင် စကားဝိုင်းသိမ်းကာ နဝမမြောက် အကြီးအကဲသည် စုရီတို့နှစ်ဦး အနားယူရန် စီစဉ်ပေးတော့၏။

***

All Chapters