← Chapters

အတွေးများ ... ။

Vol. 51 Ch. 604

အတွေးများ ... ။

Vol. 51 Ch. 604

သူတို့သည် မနက်ဖြန် နံနက်တွင် ဤတိုက်ကြီးမှ ထွက်ခွာမည်ဖြစ်သည်။ ညသည် ညည့်သထက် ပိုညည့်နက်လာ၏။

နဝမမြောက် အကြီးအကဲ၊ ရွယ်ယီနှင့် စွေ့ကျင်းယန်သည် လျှို့ဝှက်ခန်းအတွင်း စကား ပြောဆိုရန် အတူတကွစုရုံးနေခဲ့ကြသည်။

“ စုရီနဲ့ ဆရာတပည့်နှစ်ယောက်လုံးက သံသယဖြစ်စရာ ဇစ်မြစ်ရှိတယ် မရဏကမ္ဘာ ပြန်ရောက်ပြီးရင် သူတို့နဲ့ အမြန်ဆုံး လမ်းခွဲတာ အကောင်းဆုံးပါပဲ။ ”

နဝမမြောက် အကြီးအကဲမှ သတိပေး၏။ အသံလုံဝင်္ကပါကို ခင်းကျင်းထားသည့်တိုင် သူ စိတ်မသက်မသာ ဖြစ်နေသည်။

“ ဒီဆရာနဲ့တပည့်ကို ခေါ်ယူဖို့ မန်ပိုနန်းတော်က သဘောတူတယ် စုရီလည်း ငါ့ဘိုးဘေးတောင် တန်ဖိုးထားတဲ့အတွက် လူဆိုးမဟုတ်တာ သေချာပါတယ်။ ”

စွေ့ကျင်းယန်မှ တုန့်ပြန်သည်။

“ နဝမအကြီးအကဲ ငါတို့ဒီတိုက်ကြီးကို လာရတဲ့ ရည်ရွယ်ချက်က မိုးပြာမျိုးစေ့ကိုယူဖို့ပဲ ဒါကြောင့် ငါတို့ဂိုဏ်းက စုရီအပေါ် ပစ်မှတ်မှာ ကြောက်မိတယ်။ ”

ရွယ်ယီမှ တွန့်ဆုတ်စွာပြောသည်။ နဝမမြောက် အကြီးအကဲ၏ မျက်ဝန်းများ မှေးစင်းသွားတော့၏။

မန်ပိုနန်းတော်ရှိ အကြီးအကဲအချို့သည် မိုးပြာမျိုးစေ့ရရှိရန် စိတ်အားထက်သန်နေပုံကို သဘာဝအတိုင်း သူ သိရှိထားသည်။

ထို့ပြင် ယခုတစ်ကြိမ် ရောက်လာသည်မှာ သူတို့သုံးဦးတည်းမဟုတ်ဘဲ အခြားသောတပည့် တစ်ဒါဇင်ကျော်လည်း ပါရှိ၏။ သတင်းများကို ဖုံးကွယ်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် မိုးပြာမျိုးစေ့ကို စုရီ ပိုင်ဆိုင်ထားကြောင်း အစီရင်ခံ တင်ပြရန်မှာ မလွဲမသွေပင်ဖြစ်သည်။

ဤအခြေအနေမျိုးတွင် စုရီသည် မန်ပိုနန်းတော်အတွက် တံခါးဝရောက်လာသော ညစာ ဖြစ်၏။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နဝမအကြီးအကဲမှ အသက်ပြင်းပြင်းရှူကာ စွေကျင်းယန်ထံ ပြန်ကြည့်သည်။

“ ကျင်းယန်၊ မင်း ဒီကိစ္စကို ဂိုဏ်းရဲ့ အကြီးအကဲတွေကိုရှင်းပြပြီး စုရီနောက်ကို မလိုက်ဖို့ အတတ်နိုင်ဆုံး စည်းရုံးရမယ် ...

... ရွယ်ယီနဲ့ ငါ စကားပြောရင် အဲဒီလူကြီးတွေက အလေးအနက်ထားမှာ မဟုတ်ဘူး ငါတို့ရဲ့ရာထူးအရ လျစ်လျူရှု ခံရမှာသေချာတယ်။ ”

အကြီးအကဲများအထက်တွင် နန်းတော်သခင်နှင့် မြစ်သံတမန်တို့ ရပ်တည် နေသေးသည်။

ဆိုလိုသည်မှာ သူ၏နဝမမြောက် အကြီးအကဲရာထူးနှင့် လူတိုင်းကိုဆွဲဆောင်ရန် ခက်ခဲချေပြီ။

စွေ့ကျင်းယန်အတွက်မူ မတူချေ။ သူမမိခင်သည် အနားယူထားခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း မြစ်သံတမန်အဖြစ် သြဇာ လွှမ်းမိုးမှု တည်ရှိနေဆဲဖြစ်သည်။

သူမဖခင်သည် စွေ့မျိုးနွယ်စု၏ မိသားစု ခေါင်းဆောင်ဖြစ်ပြီး အဘိုးမှာ မရဏကမ္ဘာ၏ တရားသူကြီးပေပင်။

ထို့ကြောင့် သူမသည် မန်ပိုနန်းတော်ရှိ ထိုအကြီးအကဲများကို ဆွဲဆောင်ရန် သဘာဝ အားဖြင့် ပြီးပြည့်စုံသူဖြစ်၏။

“ အဲဒီအဖိုးကြီးတွေက စုရီကို ကောင်းကောင်း ရိုက်နှက်ပြီး မောက်မာမှုကို ချိုးနှိမ်ပေးရင် ပိုကောင်းမှာ မဟုတ်ဘူးလား။ ”

စွေ့ကျင်းယန်စကားကြောင့် နဝမမြောက်အကြီးအကဲခမျာ မျက်လုံးပြူးသွား တော့သည်။

“ ကျင်းယန် ... ဒီကိစ္စအပေါ် ငါတို့ကောင်းကောင်း မကိုင်တွယ်ရင် ဘာဖြစ် နိုင်လဲဆိုတာ မင်း မမေ့ပါနဲ့ ...

... မိုးပြာမျိုးစေ့က ဧကရာဇ်တွေတောင် မက်မောတဲ့ကံကြမ္မာပဲ ... ဒီမှာ စုရီရဲ့နောက်ခံက တခြားသူတွေနဲ့မတူဘဲ ထူးခြားတာကို မင်းအသိဆုံးပါ ...

... ဒီလိုလူမျိုးနဲ့ ဂိုဏ်းထဲက အကြီးအကဲတွေနဲ့ ထိပ်တိုက်တွေ့တာမျိုးကို ခွင့်မပြုသင့်ဘူး မဟုတ်ရင် အကျိုးဆက်တွေက ကြောက်စရာကောင်းလာလိမ့်မယ်။ ”

သူ့စကားများသည် စွေ့ကျင်းယန်ကို တိတ်ဆိတ်သွားစေ၏။ ရွယ်ယီသည် တစ်ခုခု ပြောချင်နေသော်လည်း အဆုံး၌ ပါးစပ်ပိတ်လိုက်ရသည်။

နဝမမြောက်အကြီးအကဲသည်ပင် မပါဝင်နိုင်လေရာ သူမကဲ့သို့ ကာကွယ်သူ တစ်ယောက်သည် နည်းလမ်းမရှိချေ။

ထိုညတွင် ခန်းမကျယ်ကြီး တစ်ခုအတွင်း၌လည်း အနက်ဝတ်အဘိုးကြီးမှ တွေဝေစွာထိုင်နေသည်။

အဖြူဝတ်လူငယ်သည် မဝေးလှသော ဆိုဖာပေါ်တွင် လှဲလျောင်းပြီး ခြေထောက်များ ချိတ်ထားကာ၊

“ ဆရာ ... ဒီစုရီရဲ့ခွန်အားအရ သူသာ မရဏကမ္ဘာမှာဆိုရင် ... ဝိညာဉ်တာအိုနယ်ပယ် ထက်မြက်သူတွေထဲက ထိပ်တန်းတစ်ယောက် ဖြစ်လာနိုင်မယ် မဟုတ်လား ...

... ဒါပေမယ် နည်းနည်းတော့ မာနကြီးလွန်းတယ် တခြားလူတွေအပေါ် အထင်သေးပြီး ရိုင်းပျလွန်းတယ် ...

... မရဏကမ္ဘာမှာသာ ဒီလိုပြုမူဖို့ သတ္တိရှိနေတုန်းဆိုရင် သေချာပေါက် ... ဒီလူ ပြုတ်ကျလိမ့်မယ်။ ”

သို့သော် သူ့စကားကို အဖိုးအိုမှ ခေါင်းခါပြပြီး၊

“ ဝမ်တျန် ... မင်း သူ့အပေါ် မာနကြီးတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ငါ့မျက်လုံးထဲမှာတော့ ဒါဟာ မရေမတွက်နိုင်တဲ့ စမ်းသပ်မှုတွေနဲ့ ဒုက္ခတွေကို ...

... ဖြတ်ကျော်ပြီးမှ ဖြည်းဖြည်းချင်း ကြီးထွားလာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တစ်ခုပဲ ဒီစုရီက မင်းထင်သလောက် မရိုးရှင်းပါဘူး။ ”

-ဟု တုန့်ပြန်လိုက်၏။

သူစကားပြောနေစဉ် လက်ထဲရှိ နှင်းဖြူလိပ်ခွံကို သိမ်းလိုက်ပြီး မျက်လုံးများ မှေးစင်းသွားသည်။

“ သူ ငါတို့ရဲ့ဇစ်မြစ်ကို မြင်ခဲ့တာ သေချာတယ်။ ”

ထိုစကားကြောင့် အဖြူဝတ်လူငယ်ခမျာ လန့်ဖျပ်သွားသကဲ့သို့ ရုတ်တရက် ထထိုင်ကာ၊

“ မဖြစ်နိုင်ဘူး ... ။ ”

-ဟု ငြင်းဆန်တော့သည်။

“ ဆရာ ... သူသာ မင်းရဲ့မူလကို တကယ်သိခဲ့ရင် ဒီလိုဂုဏ်ယူဝံ့ကြွားစွာ ပြုမူဖို့ ဘယ်လိုလုပ် သတ္တိရှိနေနိုင်မှာလဲ။”

သူ့ဆရာသခင်သည် ဧကရာဇ်ဖြစ်၏။ သာမန်ဧကရာဇ် မဟုတ်ချေ။ ယင်းကိုသိသော် မည်သည့်ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူ သည်မျှ မရိုမသေ ပြောဆိုဝံ့မည်နည်း။

“ စိတ်မပူပါနဲ့ ... ငါတို့က သူနဲ့ရန်ငြိုး မရှိပါဘူး ငါတို့ရဲ့ဇာစ်မြစ်ကို သိခဲ့ရင်တောင် အန္တရာယ်ကင်းပါတယ်။ ”

ထို့နောက် အဖိုးအိုမှ မျက်မှောင်ကြုတ်လျက်၊

“ သူက ... ငါတို့ရဲ့ မူလဇစ်မြစ်ကို မြင်ရုံတင်မကဘဲ ငါတို့လုပ်နေတာတွေကိုပါ သတိပြုမိနေတယ်။ ”

-ဟု ရေရွတ်လိုက်၏။

“ ဆရာ၊ မင်း အရမ်းတွေးနေတယ်။ ”

“ ဟမ့် ... ငါအရမ်းတွေးနေတာလား ... ကောင်းပြီ ဒါဆို သူ ငါတို့ကို အောင်မြင်ပါစေလို့ ဘာလို့ ဆုတောင်းပေးရတာလဲ ပြီးတော့ ... ။ ”

အဖိုးအိုအသွင်မှာ ရုတ်တရက် လေးနက်လာပြီး၊

“ အဲဒီ မျက်မမြင်အဘိုးကြီး ... ။ ”

-ဟု ရေရွတ်လိုက်တော့၏။

အဖြူဝတ် လူငယ်သည် တခဏမျှ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ကာ၊

“ တကယ်တော့ ရှေးခေါင်းတလားထမ်း အဆက်အနွယ်တွေက ဘယ်သူ့ကိုမျှ ဦးမညွှတ် ခဲ့ဖူးပါဘူး ...

... အခုတော့ အဲဒီမျက်မမြင်အဘိုးအိုက လူငယ်တစ်ယောက်ကို တလေးတစားဆက်ဆံ နေတယ်။ ”

-ဟု ထောက်ခံလိုက်သည်။

မျက်မမြင်အဖိုးကြီး၏ အပြောအဆိုနှင့် အပြုအမူများသည် ထိုစုရီအပေါ် လေးစားမှု အပြည့်ရှိနေ၏။ အဖိုးအိုက၊

“ မင်းပြောတာ တစ်ဝက်ပဲမှန်တယ် ခေါင်းတလားမျိုရိုးရဲ့ သွေးသခင်ဝူကျန့်ဟာ လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီတည်းက သေသွားပြီ ...

... ကောလဟာလတွေအရ အဲဒီသွေးဝူကျန့်ကို အရိုင်းမြေကိုးပါးကနေ လာတဲ့ ဧကရာဇ်တစ်ပါးက သတ်သွားတယ်လို့ ဆိုကြတယ် ဒါပေမယ့် ဘယ်သူက ဝူကျန့်ကို သတ်ခဲ့တယ်ဆိုတာ ဒီနေ့အထိ ဘယ်သူမှ မသိသေးဘူး ...

... ငါသိသလောက်တော့ သွေးသခင်ဝူကျန့်ကို သတ်တဲ့သူက နတ်ဓားရှင် စုရွှမ်ကြွယ်ရဲ့ တပည့်ကြီး ပင်းမိုပဲ။ ”

ထိုအမည်သည် ကြောက်မက်ဖွယ် စွမ်းအားများပါရှိကာ အဖြူဝတ်လူငယ်အပေါ် အသက်ရှူကြပ်သွားစေသည်။

ပင်းမိုဟူသည် အံ့သြဖွယ်ကောင်းသော တိုက်ပွဲဝင်စွမ်းအားများ ပိုင်ဆိုင်ပြီး အောင်ပွဲများ ရယူထားနိုင်သူဖြစ်၏။ မရဏကမ္ဘာအတွင်း၌ပင် သူ့နာမည်ကို အင်အားစုတိုင်းသိသည်။

သူ့ဆရာဟူသည် အစွမ်းထက်သော ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်ပြီး ဧကရာဇ်များ၏ ဘုရင် တစ်ပါးပေပင်။ သို့သော် သူ့ကိုရှုပ်ထွေးစေ၏။

“ ဆရာ၊ ဒီသတင်းက စုရီနဲ့ ဘာဆိုင်လို့လဲ။ ”

“ ဒါက အတော်လေး ရှုပ်ထွေးတယ် လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀၀)လောက်က စုရွှမ်ကြွယ်က ခေါင်းတလားထမ်းအဖိုးကြီးနဲ့ လောင်းကြေးတစ်ခု ရှိခဲ့ပြီး ....

... သူတို့အချင်းချင်း ခင်မင်ရင်းနှီးမှု ရရှိခဲ့တယ် စုရွှမ်ကြွယ်ကွယ်လွန်ပြီး မကြာခင် သူ့တပည့်ကြီးက သွေးသခင်ဝူကျန့်ကို သတ်ပစ်တယ် ...

... ဒါက သဘာဝအတိုင်း သိပ်ကို ဆန်းကြယ်နေတယ် ... သူတို့ရဲ့ ဆရာတွေက အချင်းချင်း ရင်းနှီးကြတယ် မဟုတ်လား။”

အဖိုးအိုစကားကြောင့် အဖြူဝတ်လူငယ်မှ မျက်မှောင်ကြုတ်လျက်၊

“ ဒါက တကယ့်ကို ထူးဆန်းတာပဲ ... စုရွှမ်ကြွယ် သေဆုံးမှုက ခေါင်းတလားထမ်း မျိုးရိုးနဲ့ ဆက်နွယ်နေတယ်လို့ ပင်းမိုက သံသယရှိနေခဲ့တာလား။ ”

-ဟု မေးမြန်းလိုက်တော့၏။

***

All Chapters