ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ကျင့်စဥ်
Vol. 35 Ch. 481
အပိုင်း (၄၈၁) : ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ကျင့်စဥ်
လင်းလက်တောက်ပနေသော ချီကြာပွင့်များမှာ ကြီးမားသောတောင်ထွတ်ကြီးပေါ်သို့ ဆင်းသက်လာကြသည်။
"ကလန်ခေါင်းဆောင်နဲ့တကွ တောင်ထွတ်ဆရာသခင်များအားလုံးကို နှုတ်ဆက်ပါတယ်။" တောင်ထွတ်ပေါ်တွင်ရှိနေသော တပည့်ခေါင်းဆောင်ခုနစ်ဦးမှ လေးစားစွာ အရုိအသေပြု နှုတ်ဆက်လိုက်ကြ၏။
ကလန်ခေါင်းဆောင်ချင်းယန်မှ အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ ကလန်ခေါင်းဆောင်ချင်းယန်မှာ အင်္ကျီလက်မောင်းအိုးအားဝေ့ယမ်း၍ သက်တ့ံတိမ်တိုက်ခုနစ်ခုအား တပည့်ခေါင်းဆောင်ခုနစ်ဦးထံသို် ပို့ဆောင်လိုက်၏။
ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် သက်တ့ံတိမ်တိုက်အား ကြည့်ရှုလိုက်သည်။ သက်တ့ံတိမ်တိုက်မှာ သန့်စင်သော ချီစွမ်းအင်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်ပင် ထူးခြားလှ၏။
"ဒီသက်တ့ံတိမ်တိုက်တွေကို ငါအချိန်လေးရတုန်း ဖန်တီးထားတာ။ ဒီတိမ်တိုက်တွေကိုစီးနင်းရင် ကြယ်ပွင့်တွေဆီ ရောက်ရှိနိုင်တဲ့အထိ အရမ်းလျင်မြန်တဲ့အရှိန်နဲ့ ပျံသန်းနိုင်လိမ့်မယ်။ ပြီးတော့ ဒီတိမ်တိုက်တွေက မင်းတို့ကို အသက်အန္တရာယ်ကနေ တစ်ကြိမ်ကယ်တင်နိုင်လိမ့်မယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ခပ်ဖွဖွရယ်မောကာ ဆက်၍စကားဆိုလိုက်သည်။ "ဟားဟား ဒီတိမ်တိုက်လေးတွေက မင်းတို့အတွက် ငါ့ဆီကလက်ဆောင်သေးသေးလေးလို့ မှတ်ယူပြီးလက်ခံလိုက်ကြပါ။ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးတာပါ။"
ဇူယွမ်နှင့် အခြားသောတပည့်ခေါင်းဆောင်များမှာ ပျော်ရွှင်စွာဖြင့် သက်တ့ံတိမ်တိုက်များအား စီးနင်းလိုက်ကြ၏။ သက်တ့ံတိမ်တိုက်မှာ အလွန်လျင်မြန်ရုံသာမက အသက်အန္တရာယ်မှ တစ်ကြိမ်ကယ်တင်နိုင်မည်ဖြစ်သောကြောင့် အကာအကွယ်ရတနာနှင့်ပင် ဆင်တူလေသည်။
"ကျေးဇူးတင်ပါတယ် ကလန်ခေါင်းဆောင်။" တပည့်ခေါင်းဆောင်ခုနစ်ဦးမှ အရိုအသေပြုလိုက်ကြ၏။
ကလန်ခေါင်းဆောင်ချင်းယန်မှ ရယ်မောကာ စကားဆိုလိုက်သည်။ "မင်းတို့ထဲက တချို့က တပည့်ခေါင်းဆောင် အဟောင်းတွေဖြစ်လို့ ကန်ရွှမ်းကလန်ရဲ့ သိုင်းကျမ်းကို ထပ်ပြီးရရှိတော့မှာ မဟုတ်ဘူး။ အဲ့အတွက် မင်းတို့ရဲ့ တောင်ထွတ်ဆရာသခင်တွေကနေ တခြားဆုလာဒ်တစ်ခု ချီးမြှင့်ပါလိမ့်မယ်။"
"တပည့်ခေါင်းဆောင် အသစ်လေးတွေ အတွက်ကတော့...."
ကလန်ခေါင်းဆောင်ချင်းယန်မှာ ခေတ္တမျှရပ်တန့်လိုက်ပြီးနောက် ပြုံးကာပြောလိုက်၏။ "မင်းတို့အရမ်းလိုချင်နေကြတဲ့ ဆုလာဒ်ကို ရရှိကြမှာပါ။"
"တပည့်ခေါင်းဆောင် အသစ်လေးတွေ အရှေ့ကို ထွက်လာပေးကြပါ။"
ကလန်ခေါင်းဆောင်ချင်းယန်၏စကားအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဇူယွမ်မှာ သက်တ့ံတိမ်တိုက်အားစီနင်းကာ အရှေ့သို့ ထွက်လာလိုက်သည်။
ဇူယွမ်နှင့်အတူ နှင်းပဒုမ္မာတောင်ထွတ်မှ တပည့်ခေါင်းဆောင် စူးယောင်နှင့် ဟုန်ယာတောင်ထွတ်မှ တပည့်ခေါင်းဆောင် ချန်းဇီတို့လည်း လိုက်ပါလာ၏။ ဇူယွမ်တို့ သုံးဦးလုံးမှာ အသစ်စက်စက် တပည့်ခေါင်းဆောင်များ ဖြစ်ကြသည်။
ကန်ရွှမ်းကလန်တွင် တပည့်ခေါင်းဆောင်နေရာအား အစာထိုးရယူနိုင်ရန်မှာ ခက်ခဲလှ၏။ အဘယ့်ကြောင့်ဆိုသော် တပည့်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်နှင့်တကွ သက်ဆိုင်ရာတောင်ထွတ်မှပိုင်ဆိုင်သော ကန်ရွှမ်းသိုင်းကျမ်းအား ကျင့်ကြံနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ ကန်ရွှမ်းသိုင်းကျမ်းအား ကျင့်ကြံပြီးနောက်တွင် အခြားခရမ်းရောင်ခါးစည်း တပည့်များမှ အနိုင်ရရန် အလွန်ခက်ခဲသွားသောကြောင့်ပင် ဖြစ်၏။
သို့သော် ကန်ရွှမ်းသိုင်းကျမ်းမှာ ခက်ခဲလှသဖြင့် တပည့်ခေါင်းဆောင်အများစုမှာ တစ်နှစ်အတွင်း ကနဦးအဆင့်အထိသာ ကျင့်ကြံနိုင်လေ့ ရှိကြသည်။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားတွင် ပါဝင်ယှဥ်ပြိုင်သူများမှာ မူလတပည့်ခေါင်းဆောင်အား ကန်ရွှမ်းကလန်၏သိုင်းကျမ်း အလုံးစုံ မတက်မြောက်နိုင်သေးခင် အချိန်အတွင်း အနိုင်ရရှိနိုင်ရန် အစွမ်းကုန် ကြိုးစားလေ့ရှိ၏။ ထိုသို့မဟုတ်ပဲ မူလတပည့်ခေါင်းဆောင်မှာ ကန်ရွှမ်းကလန်၏သိုင်းကျမ်းအား တက်မြောက်သွားပါက အနိုင်ရရှိရန် အလွန်ခက်ခဲသွားမည် ဖြစ်သည်။ ထိုသို့ဖြစ်သွားလျှင် တပည့်ခေါင်းဆောင်တစ်ဦး၏ တာဝန်ယူရသော အချိန်အပိုင်းအခြားဖြစ်သည့် သုံးနှစ်မျှသောကာလအထိ စောင့်ဆိုင်းနေရပေလိမ့်မည်။
စူးယောင်နှင့် ချန်းဇီတို့မှာ သက်ဆိုင်ရာတောင်ထွတ်များ၏ မူလတပည့်ခေါင်းဆောင်များမှာ တစ်နှစ်မျှသော အချိန်ကာလအတွင်း၌ ကန်ရွှမ်းသိုင်းကျမ်းအား ကျင့်ကြံရန် ကျရှုံးခ့ဲသောကြောင့် တပည့်ခေါင်းဆောင်နေရာအား ရရှိနိုင်ခ့ဲခြင်းပင် ဖြစ်၏။
နှင်းပဒုမ္မာတောင်ထွတ်၏ ဆရာသခင်မလျို့လျန်းယီနှင့် ဟုန်ယာတောင်ထွတ်၏ ဆရာသခင်ဂူတို့မှာ စူးယောင်နှင့် ချန်းဇီတို့အား ကြည့်ရှုလိုက်ပြီးနောက် အင်္ကျီလက်မောင်းအိုးအတွင်းမှ ကျောက်စိမ်းစာလိပ်များအား ထုတ်ယူလိုက်သည်။
ထို့နောက် ထိုကျောက်စိမ်းစာလိပ်အား စူးယောင်နှင့် ချန်းဇီတို့ဆီသို့ ပျံဝဲစေလိုက်၏။ စူးယောင်နှင့် ချန်းဇီတို့မှာ ထိုကျောက်စိမ်းစာလိပ်များအား စိတ်လှုပ်ရှားစွာဖြင့် လက်ခံရယူလိုက်ကြသည်။ ထိုကျောက်စိမ်းစာလိပ်မှာ သက်ဆိုင်ရာတောင်ထွတ်များ၏ ကန်ရွှမ်းသိုင်းကျမ်းပင် ဖြစ်၏။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ဇူယွမ်အားကြည့်ရှု၍ စကားဆိုလိုက်သည်။ "မူလသူတော်စင်တောင်ထွတ်က ဆရာသခင် မရှိတဲ့အတွက် ငါကပဲ သိုင်းကျမ်းကို သိမ်းဆည်းပေးထားတယ်။ ဒီနေ့တော့ ငါသိမ်းဆည်းပေးထားတဲ့ ကြီးမြတ်သောသူတော်စင်စိတ်ဝိဥာဥ်ကို မင်းကိုချီးမြှင့်ပေးရတော့မယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ အင်္ကျီလက်မောင်းအိုးအတွင်းမှ ကျောက်စိမ်းစာလိပ်တစ်ခုအား ထုတ်ယူလိုက်ပြီးနောက် ဇူယွမ်ထံသို့ ပျံဝဲစေလိုက်၏။
ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် ကျောက်စိမ်းစာလိပ်အား လက်ခံရယူလိုက်သည်။ ဤကျင့်စဥ်မှာ ဇူယွမ်ရရှိခ့ဲသော ကောင်းကင်ဘုံကျင့်စဥ်များထဲတွင် အမြင့်ဆုံးဖြစ်၏။
"ကျေးဇူးတင်ပါတယ် ကလန်ခေါင်းဆောင်။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ခေါင်းညိတ်ပြကာ ဆက်လက်စကားဆိုလိုက်သည်။ "မင်းတို့တွေအကုန်လုံး လာမယ့်တစ်နှစ်အတွင်းမှာ ရရှိထားတဲ့ ကန်ရွှမ်းသိုင်းကျမ်းတွေကို တက်မြောက်သွားအောက် ကျင့်ကြံကြပါ။ အဲ့လိုမှမဟုတ်ပဲ နောက်နှစ်တပည့်ခေါင်းဆောင်နေရာကို ဆုံးရှုံးခ့ဲရရင် ဒီသိုင်းကျမ်းတွေက ပြန်လည်သိမ်းယူခံရမှာပါ။"
တပည့်ခေါင်းဆောင်များမှ ခေါင်းညိတ်ပြလိုက်ကြ၏။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ခေတ္တမျှတိတ်ဆ်ိတ်နေပြီးနောက် ဇူယွမ်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။"ဇူယွမ် မင်းကမူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာကို ရရှိခ့ဲတာဆိုတော့ ချိတ်ပိတ်ထားတဲ့ အဓိကတောင်ထွတ်ကိုဝင်ပြီး ချိပ်စည်းကိုဖြည်ဖို့ ကြိုးစားလို့ရပြီ။"
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ဖြေကြားခြင်း မပြုရသေးမှာပင် အေးစက်နေသော အသံတစ်ခုအား ကြားလိုက်ရ၏။ "ကလန်ခေါင်းဆောင် မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်တွေအကုန်လုံးက အဓိကတောင်ထွတ်ရဲ့ချိပ်စည်းကို ဖြည်ဖို့ကျရှုံးခ့ဲကြတယ်။ အဲ့တော့ ဇူယွမ်ကလည်း ဖြည်နိုင်မယ်မထင်ဘူး။ မူလသူတော်စင်တောင်ထွတ်ဆိုတာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း တန်ဖုးိအထားရဆုံးနေရာပဲ။ အဲ့ဒါကြောင့် မူလသူတော်စင်တောင်ထွတ်ရဲ့ အဓိကတောင်ထွတ်က ချိပ်စည်းကို ဖြည်နိုင်ဖို့အတွက် ကျွန်တော်တို့ တောင်ထွတ်ခုနစ်ခုလုံးက တပည့်ခေါင်းဆောင်တွေအကုန်လုံးကို ကြိုးစားခွင့်ပြုသင့်တယ်။"
ဇူယွမ်မှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားရပြီးနောက် အသံလာရာသုိ့ ကြည့်ရှုလိုက်သောအခါတွင် ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းအား တွေ့ရှိလိုက်ရသည်။
ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသောတောင်ထွတ်ဆရာသခင်များမှာ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းစကားကြောင့် အနည်းငယ် အ့ံအားသင့်သွားကြ၏။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ တောင်ထွတ်ဆရာသခင်လင်ကျွမ်းအားကြည့်ကာ ပြောလိုက်သည်။ "ရှင်က မူလသူတော်စင်တောင်ထွတ်နဲ့ပက်သတ်ပြီး တော်တော်စိတ်ဝင်စားတာပဲ။"
တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။ "မူလသူတော်စင်တောင်ထွတ်က မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း တန်ဖိုးအထားရဆုံး နေရာပဲလေ။ ပြီးတော့ အဲ့နေရာမှာ ငါတို့မသိတာတွေ အများကြီး ရှိနေနိုင််တယ်။"
"သူတော်စင်တံဆိပ်ပြား အပါအဝင်ပေါ့..."
တောင်ထွတ်ဆရာသခင်လင်ကျွမ်း၏ စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။
ကလန်ခေါင်းဆောင်ချင်းယန်၏ အမူအရာမှာလည်း လေးနက်တည်ကြည်သွား၏။
"ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက အရမ်းအရေးကြီးတယ်။ အဲ့ဒါကို ငါတို့ကန်ရွှမ်းကလန်က ပြန်လည်ရရှိပြီဆိုတာနဲ့ မြင့်မြတ်သောနန်းတော်ကို ဂရုစိုက်နေစရာ မလိုတော့ဘူး။"
တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ ဖြည်းညင်းစွာ ပြောလိုက်သည်။ "သူတော်စင်တံဆိပ်ပြားကိုသာ မြင့်မြတ်သောနန်းတော်က ရရှိသွားမယ်ဆိုရင် သူတို့က ကန်ရွှမ်းကောင်းကင်ဒေသရဲ့ အရှင်သခင်အသစ် ဖြစ်လာလိမ့်မယ်။ အဲ့အခါကြရင် ကျွန်တော်တို့အကုန်လုံးက မြင့်မြတ်သောနန်းတော်ရဲ့ ကျွန်သာသာအဆင့်ကို ရောက်ရှိသွားရမှာပဲ။"
"အဲ့ဒါကြောင့် ကျွန်တော်တို့က မူလသူတော်စင်တောင်ထွတ်ရဲ့ ချိပ်စည်းကို တက်နိုင်သမျှ အမြန်ဆုံး ဖြည်နိုင်ဖို့ လိုအပ်တယ်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားနဲ့ ပက်သတ်တာတွေ ရှိနေနိုင်တယ်လေ။"
တောင်ထွတ်ဆရာသခင်လင်ကျွမ်းစကားအား တောင်ထွတ်ဆရာသခင်မလျို့လျန်းယီသည်ပင် ပြန်လည်ချေပနိုင်ခြင်း မရှိတော့ချေ။
တောင်ထွတ်ဆရာသခင်လ့ဲကျွမ်းမှာလည်း လေးနက်တည်ကြည်သော အမူအရာဖြင့် ထောက်ခံစကားဆိုလိုက်၏။ "တောင်ထွတ်ဆရာသခင်လင်ကျွမ်းရဲ့ စကားတွေက အဓိပ္ပါယ်ရှိတယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အခြားသောတောင်ထွတ်ဆရာသခင်များအား ကြည့်ရှုလိုက်သည်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား၏ အရေးကိစ္စမှာ အလွန်ပင် အရေးကြီးလွန်းလှသဖြင့် မည်သည့်တောင်ထွတ်ဆရာသခင်ကမှ ငြင်းပယ်လိုခြင်းမရှိသည်ကို တွေ့ရှိလိုက်ရ၏။
ဇူယွမ်မှာ တောင်ထွတ်ဆရာသခင်လင်ကျွမ်း၏စကားအား ကြားလိုက်ရသောအခါတွင် စိတ်နှလုံးများ ပူလောင်လာရသည်။ မူလသူတော်စင်တောင်ထွတ်၏ ချိပ်ပိတ်ထားသော အဓိကတောင်ထွတ်အတွင်းတွင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမရှိပဲ ကန်ရွှမ်းသူတော်စင်မှော်စာလုံးသာ ရှိနေသည်ကို ဇူယွမ်မှ ကောင်းစွာသိရှိထား၏။ သို့သော် ထိုသတင်းအချက်အလက်များအား ဇူယွမ်မှ ထုတ်ဖော်ပြောဆိုခြင်း ပြုမည်မဟုတ်ချေ။
တပည့်ခေါင်းဆောင်ခုနစ်ဦးလုံးသာ ချိပ်ပိတ်ထားသော အဓိကတောင်ထွတ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုခ့ဲပါက သူတော်စင်မှော်စာလုံးအား အခြားသူတစ်ဦးမှ ဦးစွာတွေ့ရှိသွားနိုင်သည်။ အကယ်၍ ကန်ရွှမ်းကလန်တစ်ခုလုံးသည်သာ စည်းလုံးနေပါက ဇူယွမ်မှာ ထိုကိစ္စအား ကြည်ဖြူစွာ လိုက်လျောပေးနိုင်၏။ သို့သော် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှ ဇူယွမ်အား ကန်ရွှမ်းကလန်အတွင်း အလွန်သတိထားရန်နှင့် သူတော်စင်မှော်စာလုံးအား မည်သူ့ကိုမှ ရှာဖွေခွင့်မပြုရန် မှာကြားခ့ဲသည်။
ဇူယွမ်မှ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေစဥ်မှာပင် တောင်ထွတ်ပေါ်မှ တည်ကြည်လေးနက်သော အသံတစ်ခုအား ကြားလိုက်ရ၏။
"မူလသူတော်စင်တောင်ထွတ်နဲ့ပက်သတ်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဆရာသခင်ကိုယ်တိုင် ချမှတ်ထားခ့ဲတာ။ အဲ့ဒါကြောင့် အဲ့စည်းကမ်းတွေကို ပြုပြင်ပြောင်းလဲချင်တဲ့သူရှိရင် ငါသေမှပဲ ရမယ်။"
လူတိုင်းမှာ အ့ံအားသင့်စွာဖြင့် အသံလာရာနေရာသို့ မော့ကြည့်လိုက်ကြသည်။
ထိုအခါတွင် တောင်ထိပ်ပေါ်၌ တံမြက်စည်းအားဆွဲကိုင်ကာ ရိုးရှင်းသောအဝတ်အစားများ ဆင်မြန်းထားသော အဖိုးအိုတစ်ဦးအား တွေ့ရှိလိုက်ကြ၏။ ထိုအဖိုးအိုမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသောတောင်ထွတ်ဆရာများအား ကြည့်ရှုနေလျက် ရှိသည်။
ထိုအဖိုးအိုမှာ မူလသူတော်စင်တောင်ထွတ်အား စောင့်ရှောက်ပေးနေသော ရွှမ်အဖိုးအိုပင် ဖြစ်လေတော့သည်။