← Chapters

အမှောင်ငရဲသားရဲ။

Vol. 51 Ch. 607

အမှောင်ငရဲသားရဲ။

Vol. 51 Ch. 607

မရဏကမ္ဘာ၊ နိုင်ဟဲတောင်တန်း။

မြင့်မြတ်သော တောင်တန်းကြီး အောက်ခြေတွင် မေ့ပျောက်ခြင်းမြစ်ကြီး ရစ်ခွေ စီးဆင်းနေ၏။

ဤတောင်တန်းသည် မရဏကမ္ဘာရှိ (၃၆)ခုသော မြင့်မြတ်မြေများအနက်မှ တစ်ခု အဖြစ် ကျော်ကြားသည်။

တောင်ထိပ်ပေါ်တွင် မရဏကမ္ဘာ၏ အထွတ်အထိပ် အင်အားစုဖြစ်သော မန်ပို နန်းတော် တည်ရှိ၏။

နိုင်ဟဲတောင်သည် ပေတစ်သောင်းကျော် မြင့်မားပြီး တောင်ထွတ်၌ အမြဲလိုလို မြူခိုးများ ဖုံးလွှမ်းနေသည်။

“ ဂျိန်း ...။ ”

ဤအခိုက်တွင် ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့ လေဟာနယ် အက်ကွဲမှုများ ဖြစ်ပေါ်လာ၏။ အကြီးအကဲ ကူကျန့်ရွှမ်က ပလ္လင်အလယ်ရှိ နေရာလွတ်ကို ငြိမ်သက်စွာ ကြည့်နေသည်။

ကူကျန့်ရွှမ်သည် အဖြူရောင်ဆံပင်နှင့် မုတ်ဆိတ်မွေးများရှိကာ သွယ်လျသော အသွင် ရှိချေပြီ။ လွန်ခဲ့သည့်နှစ်ပေါင်း (၃၈၀၀)ခန့်က ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ရွှမ်ကျောက် အဆင့်၌ ပြီးပြည့်စုံနေပြီဖြစ်သည်။

မန်ပိုနန်းတော်တွင် အကြီးအကဲ (၁၈)ပါးရှိသော်လည်း ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသူသည် သုံးဦးသာရှိ၏။

ကူကျန့်ရွှမ်သည် ထိုဧကရာဇ်သုံးပါးအနက် တစ်ပါးဖြစ်သည်။ ထို့ကြောင့် ရာထူးနှင့် အခွင့် အာဏာသည် အလွန်မြင့်မားချေပြီ။

“ ဂျိန်း ... ။ ”

အချိန်ကြာလာသည်နှင့်အမျှ တည်နေရာရွေ့ပြောင်းအစီရင်မှာ တဆက်ဆက် တုန်ခါလျက် တဖြည်းဖြည်း အလင်းတန်းများ တောက်ပပြီး လူရိပ်များပေါ်လာ၏။

ကူကျန့်ရွှမ်နှင့် စောင့်ကြိုနေသူများမှ ချက်ချင်းပြုံးရယ်လျက် ချဉ်းကပ်လာကြ၏။ ထို့နောက် နဝမမြောက် အကြီးအကဲနှင့် စကား အနည်းငယ် ဖလှယ်လိုက်ကြသည်။

ပြီး လူတိုင်း၏ အကြည့်များသည် စုရီ၊ မျက်မမြင်အဘိုးအို၊ အနက်ဝတ်အဖိုးအိုနှင့် အဖြူဝတ်လူငယ်တို့ထံ လှည့်သွားကြသည်။

နဝမမြောက် အကြီးအကဲက အနက်ဝတ်အဖိုးအိုနှင့် သူ့တပည့်ကို ချက်ချင်း မိတ်ဆက်ပေး၏။

ထိုသူများသည် တတိယမြစ်သံတမန်၏ မိတ်ဆွေဖြစ်သည်ကို သိသောအခါ ကူကျန့်ရွှမ်မှ ပြုံးကာ ဦးညွှတ်၏။

“ စီနီယာ ... ဒီအဖိုးကြီးက မင်းကို စောင့်နေတာ ကြာပါပြီ။ ”

“ ငါတို့ကို လမ်းပြခေါ်ဆောင်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ”

အဖိုးအိုသည်လည်း အနည်းငယ် ပျော်စရာအချို့ ဖလှယ်ပြီး ကူကျန့်ရွှမ်သည် အဖိုးအိုနှင့် လူငယ်ကို တတိယမြစ်သံတမန်ထံ ခေါ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

အဖိုးအိုက မထွက်ခွာခင် မမေ့မလျော့ဖြင့် ပြုံးပြီး စုရီကိုဦးညွှတ်ကာ၊

“ တာအိုမိတ်ဆွေ ... ငါနဲ့ ငါ့တပည့် သွားလိုက်ပါဦးမယ်။ ”

-ဟု နှုတ်ဆက်၏။

စုရီက အနည်းငယ် ခေါင်းညိတ်ပြ၏။ စကားမဆိုချေ။ ထို့နောက် နဝမအကြီးအကဲမှ စုရီနှင့် မျက်မမြင်အဘိုးအိုတို့အပေါ် မိတ်ဆက်ပေးသည်။

လူတိုင်းက စုရီအပေါ် နဝမမြောက် အကြီးအကဲ၏ ချီးကျူးစကားကို နားထောင်ပြီး စူးစမ်းချင်စိတ် အရိပ်အမြွက် ပြသလာ၏။

သို့သော် မျက်မမြင်အဘိုးအို၏ မူလဇစ်မြစ်ကို သိရှိလိုက်ရသောအခါတွင် တုန်လှုပ်ကုန်ပြီး သိသိသာသာ လေးစားလာတော့သည်။

မရဏကမ္ဘာတွင် ခေါင်းတလားထမ်း အဆက်အနွယ်ကို မည်သူမျှ လျစ်လျူမရှုဝံ့ဘဲ လေးစားကြသည်မှာ သဘာဝပေပင်။

“ ရွယ်ယီ ... ကျေးဇူးပြုပြီး ဒီမိတ်ဆွေနှစ်ယောက်နေဖို့ နေရာတစ်ခု စီစဉ် ပေးလိုက်ပါ ... ညဧည့်ခံပွဲ လုပ်ပေးပါ့မယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

ရွယ်ယီက အမိန့်ကို ယူလိုက်သည်။ ထိုအချိန်တွင် ငွေရောင်ဝတ်ရုံဝတ် အမျိုးသမီး တစ်ဦးက၊

“ နဝမမြောက်အကြီးအကဲ မိုးပြာမျိုးစေ့ကို ရလာပြီလား။ ”

-ဟု မေးမြန်းသည်။

ထိုမေးခွန်းသည် ကူကျန့်ရွှမ်နှင့် တခြားသူများကို စိတ်ဝင်စားစေတော့၏။ နဝမမြောက်အကြီးအကဲမှ လေးနက်လာပြီး၊

“ ရိုးရိုးသားသား ပြောရရင် ဒီခရီးက မလွယ်ကူဘူး ခန်းမသခင်နဲ့တွေ့ပြီးရင် မင်းကို အသေးစိတ်ရှင်းပြမယ်။ ”

-ဟု တုန့်ပြန်၏။

“ မတော်တဆမှု ရှိခဲ့တာလား။ ”

ကူကျန့်ရွှမ်နှင့် အခြားလူများက မျက်မှောင်ကြုတ်ကုန်သည်။ ငွေရောင်ဝတ် အမျိုးသမီးကပင်၊

“ နန်းတော်သခင်နဲ့ မဟာအကြီးအကဲတို့ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က .. နာကျည်းခြင်း ပင်လယ်ကို ခရီးထွက်သွားတယ် သူတို့ ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး။ ”

-ဟု ရှင်းပြလိုက်သည်။ နဝမမြောက်အကြီးအကဲမှ အံ့သြသွားပြီး၊

“ ငါတို့ ... နန်းတော်သခင်နဲ့ မဟာအကြီးအကဲက ဘာလို့ နာကျည်းခြင်း ပင်လယ်ကို သွားရတာလဲ။ ”

-ဟု ပြန်မေး၏။

မန်ပိုနန်းတော်တွင် မဟာအကြီးအကဲရာထူးကို မြစ်သံတမန်ထံ ပေးအပ်ထားသည်။

ထို့ကြောင့်မဟာအကြီးအကဲသည် အကြီးအကဲများအနက် သြဇာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်လာ၏။ ယခုအခါ နန်းတော်သခင်နှင့် ထိုမဟာအကြီးအကဲတို့ အတူပူတွဲခရီးထွက် သွားခဲ့သည်မှာ အံ့သြစရာပေပင်။

ငွေရောင်ဝတ် အမျိုးသမီးက တုန့်ပြန်စကားမပြောနိုင်ခင် ကူကျန့်ရွှမ်မှ လက်ဝှေ့ယမ်းပြီး၊

“ အရင်အနားယူရအောင် ... ခန်းမထဲရောက်ရင် ဒီကိစ္စဆွေးနွေးလို့ရတယ်။ ”

-ဟု ဟန့်တားလိုက်သည်။

နဝမမြောက် အကြီးအကဲခမျာ ခေါင်းညိတ်ပြီး စွေ့ကျင်းယန်ထံလှည့်ကြည့်ကာ၊

“ ကျင်းယန်၊ မင်းငါနဲ့လိုက်ခဲ့ပါ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဟုတ်ကဲ့ ...။ ”

စွေ့ကျင်းယန်မှ ခေါင်းညိတ်၏။ ထို့နောက် ရွယ်ယီသည် စုရီနှင့် မျက်မမြင်အဘိုးကြီးတို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။

ကူကျန့်ရွှမ်၊ နဝမအကြီးအကဲ၊ စွေကျင်းယန်နှင့် အခြားအကြီးအကဲများသည် ဂိုဏ်းခန်းမဆီသို့ ဦးတည်သွားကြ၏။

နိုင်ဟဲတောင်တန်းတွင် တောင်ထွတ်ကိုးလုံးရှိသည်။ တောင်ထွတ်များ အချင်းချင်း ကျောက်စိမ်းတံတားများဖြင့် ဆက်သွယ်ထားသည်။

ထို့ကြောင့် တံတားများမှာ တိမ်ပင်လယ်အတွင်း ပျောက်ကွယ်နေ၏။ ဧည့်ရိပ်သာသည် ဆောင်းဦးတောင်ထိပ်တွင် တည်ရှိသည်။

“ ကျေးဇူးပြုပြီး ကြည့်ပါဦး ... အဲဒါ မန်ပိုနန်းတော်ရဲ့ အမာခံတပည့်တွေ နေထိုင်တဲ့ ကြိုးကြာတောင်ထိပ်ပဲ ဟိုမှာရိုးရာဓလေ့တွေကို ဖျော်ဖြေနေတဲ့ တိမ်တောင်ထိပ်ရှိတယ် ... ။ ”

စုရီနှင့်မျက်မမြင်အဘိုးကြီးကို ဆောင်းဦးတောင်ထိပ်သို့ ဦးဆောင်လာနေစဉ် ရွယ်ယီမှ ရှင်းပြနေသည်။

နိုင်ဟဲတောင်သည် ဝိညာဉ်ရေး အခိုးအငွေ့များနှင့် ဖုံးလွှမ်းနေသော မရဏ ကမ္ဘာ၏ မြင့်မြတ်ဖြစ်၏။

ထို့အပြင် လမ်းတစ်လျှောက်၌ စမ်းချောင်းများ၊ ရေတံခွန်များ၊ ဆန်းပြားသော ပန်းဥယျာဉ်များနှင့် အပင်များရှိသည်။

စိမ်းလန်းစိုပြေသော သစ်တောများနှင့် ဝါးရုံပင်များကြား ကြိုးကြာငှက်များစွာ ပျံသန်း ကျက်စားနေကြသည်။

တောင်ထွတ်ကိုးလုံးပေါ်ရှိ အဆောက်အအုံများမှာ ထူးဆန်းသောပုံစံဖြင့် မဏ္ဍပ်များ၊ ခမ်းနားထည်ဝါသော ဘုံဗိမာန်များ၊ ဘုံကျောင်းများစသည်တို့ဖြစ်၏။

ဆေးဖက်ဝင် ဥယျာဉ်များသည်လည်း တည်ရှိသည်။ နတ်ဘုရား စံမြန်းနေထိုင်ရာ သုခဘုံအလား ထင်မှတ်ရစေ၏။

နှိုင်းယှဉ်ကြည့်လျှင် မိုးပြာတိုက်ကြီး၏ ကျော်ကြားသောတောင်များနှင့် မင်္ဂလာရှိသော နယ်မြေများသည် ဤတောင်ထွတ်များ၏ အဖျားအနားပင် မမီချေ။

ရွယ်ယီက ခရီးတစ်လျှောက်လုံး စုရီကို စောင့်ကြည့်ခဲ့သည်။ အထူးသဖြင့် ကမ္ဘာကျော် နိုင်ဟဲတောင်၏ မြင်ကွင်းများသည် တစ်ဖက်လူ အပေါ် တုန်လှုပ်သွားလိမ့်မည်ဟု ထင်ခဲ့၏။

သို့သော် ထိုဂုဏ်ယူဖွယ် မြင်ကွင်းများစွာသည် စုရီအတွက် ထူးခြားပုံ မပြချေ။

“ တာအိုစု ... ငါ့မန်ပိုနန်းတော်ကို ဘယ်လိုမြင်လဲ။ ”

“ တကယ် ကောင်းတယ် ... ပထမတန်းစား ပရဒိသုပါပဲ။ ”

ဤအဖြေအတွက် ရွယ်ယီတစ်ယောက် နှာခေါင်းကုပ်ကာ လိမ္မာပါးနပ်စွာ နောက်ထပ် မေးခွန်းများ မမေးတော့ချေ။

“ ဝူး ... ။ ”

ဆောင်းဦးတောင်ထွတ်နှင့် ဆက်သွယ်ထားသော ကျောက်စိမ်းတံတားသို့ ရောက်သောအခါ မြူခိုးများဖုံးလွှမ်းနေသော ချိုင့်ဝှမ်းအောက်ခြေမှ သားရဲအော်သံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအော်သံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ကာ တိမ်များနှင့်မြူများကို ပျက်ပြယ်သွားစေ၏။ ကျောက်စိမ်းတံတား သည်ပင် ပြင်းစွာလှုပ်ခါသွားတော့သည်။ ရွယ်ယီခမျာ စိတ်လှုပ်ရှားသွား၏။

“ ဟမ့် ... ဒီအမှောင်ငရဲသားရဲက ဘယ်လိုများ အော်ဟစ် နှောင့်ယှက်နေတာလဲ ... အံ့ဩစရာပဲ။ ”

သူမ စကားမဆုံးခင် ကျောက်စိမ်းတံတားအောက် ချိုင့်ဝှမ်းထဲမှ ဧရာမသတ္တဝါကြီးတစ်ကောင် ကောက်ကြောင်း ထွက်ပေါ်လာသည်။

မြူခိုးများက အရာအားလုံးကို ဖုံးကွယ်ထားသဖြင့် ၎င်း၏ပုံစံ၊ အရွယ်အစား စသည်တို့အပေါ် ပိုင်းခြားရန် ခက်ခဲနေ၏။

“ ဒါ ဘာကောင်လဲ။ ”

မျက်မမြင်အဘိုးအိုက အော်ဟစ်ကာ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းပြီး ဆံပင်များ ထောင်မတ်ကုန်သည်။ အန္တရာယ် ရှိသော ရောင်ဝါပေပင်။

“ ဒါက ငါတို့တားမြစ်နယ်မြေဖြစ်တဲ့ မေ့လျော့ခြင်းလှိုဏ်ဂူရဲ့အဝင်ဝမှာ စောင့်နေတဲ့ အမှောင်ငရဲသားရဲပါ ...

... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက သူ့ကိုနာကျည်းခြင်းပင်လယ်ကနေ မြစ်သံတမန် ခေါ်လာခဲ့ပြီး ဒီမှာစောင့်ကြပ်စေတာပါ အခု သူဘာကိုလန့်နေလဲ မသိတော့ဘူး။ ”

ရွယ်ယီအသံသည် စိုးရိမ်ထိတ်လန့်နေပြီး မျက်နှာဖြူဖျော့နေ၏။ မျက်မမြင် အဘိုးအိုသည် အေးစက်သောလေကို ရှုရှိုက်လိုက်ရသည်။

“ ဒါဆို သူပဲ။ ”

ယခင်မရဏကမ္ဘာ၌ နေထိုင်ခဲ့စဉ် မန်ပိုနန်းတော်တွင် ဧကရာဇ်တစ်ပါးကဲ့သို့သော အလွန်ကြောက်စရာကောင်းသည့် သားရဲကြီး စောင့်ကြပ်နေသည့်သတင်း ကြားဖူး၏။

ယခုအမှန်ဖြစ်နေချေပြီ။ စုရီက လက်နှစ်ဖက်နောက်ပို့လိုက်ကာ ကျောက်စိမ်း တံတားထံ ငုံ့ကြည့်လိုက်သည်။

တိမ်မြူခိုးများ ဖုံးလွှမ်းနေသော လေဟာနယ်အတွင်းတွင် ရွှေမျက်ဝန်းတစ်စုံကို မြင်လိုက်ရ၏။

“ မင်းပဲ ... ။ ”

တစ်ချိန်တည်းမှာပင် တောင်ထွတ်ကိုးခုသည်လည်း တောက်ပသော အလင်းများဖြာလျက် မန်ပိုနန်းတော် အကြီးအကဲများ ပျံတက်လာကြ၏။

“ ဘာဖြစ်တာလဲ ... ။ ”

“ အမှောင်ငရဲသားရဲက ဘာကြောင့် ထိတ်လန့်နေရတာလဲ ... မေ့လျော့ခြင်းဂူကို တစ်ယောက်ယောက် ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားနေတာလား။ ”

“ ဘယ်သိမလဲ သွားကြည့်ရအောင်။ ”

အကြီးအကဲများ၏ ဆွေးနွေးသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်လာပြီး အရပ်ရပ်မှ အလင်းတန်းများ ပျံသန်းလာတော့၏။

“ ဝူး ... ။”

နွေဦးထောင်ထိပ် ကျောက်စိမ်းတံတား အနားတွင် ကျယ်လောင်သော ဟောက်သံသည် တောင်ထွတ်ကိုးလုံးတိုင် ပဲ့တင်ထပ်ဆဲဖြစ်၏။

ဝိညာဉ်တာအိုနယ်ပယ် အားနည်းသော ကျွမ်းကျင်သူများသည် ထိုအသံလှိုင်းကြောင့် သွေးအန်လုနီပါး ဖြစ်ကုန်ကြသည်။

ကျောက်စိမ်းတံတားနားရှိ ရွယ်ယီခမျာ ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသကဲ့သို့ ချွေးများစွာ တစ်ကိုယ်လုံး စိုဆွတ်လျက် မျက်နှာ ဖြူဖျော့သွားတော့၏။

“ မြန်မြန် ... ဒီကနေ ထွက်သွား။ ”

ရွယ်ယီက စုရီတို့ကို ပြောကြားလိုက်၏။ မျက်မမြင်အဘိုးအိုမှ ထိတ်လန့်လာပြီး စုရီထံသို့ လှည့်ကြည့်တော့သည်။

“ မကြောက်နဲ့ ... သူ ငါ့ကို နှုတ်ဆက်နေတာ။ ”

စုရီမှ တုန်လှုပ်ခြင်း မရှိဘဲ တိမ်မြူများအတွင်း ငုံ့ကြည့်လျက် ပြန်ဖြေ၏။ ဤရွှေရောင်မျက်လုံးကြီးထံမှ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း သူ ခံစားနိုင်သည်။

“ ဝူး ... ။ ”

သားရဲဟောက်သံသည် ပိုကျယ်လာပြီး တောင်များလှုပ်ခါသွား၏။ ဤရုန်းရင်းဆန်ခတ် ဖြစ်စဉ်ကြောင့် စုရီမှပြုံးလိုက်သည်။

“ ငြိမ်ငြိမ်နေ အားတဲ့အချိန် မင်းကိုငါ လာတွေ့မယ် ဘယ်သူမေးမေး ငါတို့အကြောင်း ထုတ်ဖော်မပြောဖို့ သတိရပါ။ ”

ဤစကားများသည် စိတ်ဝိညာဉ် ဆက်သွယ်မှုဖြစ်သောကြောင့် မည်သူမျှ မကြားနိုင်ချေ။

ထို့နောက်တွင် တိမ်ပင်လယ်အတွင်းရှိ မထင်မှတ်ထားလောက်အောင် ကြီးမားသော အသွင်အပြင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားချေပြီ။

အရာအားလုံးသည် ယခင်အတိုင်း ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိသွား၏။ ကျွမ်းကျင်သူများသည် လေးလံသောဝန်ကြီးကို ရုတ်သိမ်းခံလိုက်ရသကဲ့သို့ ပေါ့ပါးသွားသည်။

ရွယ်ယီသည်သာ မယုံကြည်နိုင်ဟန်ဖြင့် သူမဘေးနားရှိ စုရီထံသို့ ချက်ချင်း လှည့်ကြည့် လိုက်တော့၏။

***

All Chapters