သတင်းဆိုး ... ။
Vol. 51 Ch. 608
အစောပိုင်းတွင် မရဏတွင်းနက်သားရဲ၏ ဟောက်သံသည် ကောင်းကင်ကို တုန်လှုပ်စေ တော့၏။
သို့သော် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်မှာ ပုံမှန်မဟုတ်သော အဖြစ်အပျက်တစ်ခုပေပင်။
ထိုသို့ တိတ်ဆိတ်မသွားမီတွင် စုရီသည်နှုတ်ခမ်းများလှုပ်ကာ တစ်စုံတစ်ခု ပြောနေသည်ကို သတိထားမိလိုက်၏။
ဤရှာဖွေတွေ့ရှိမှုသည် ရွယ်ယီ၏ နှလုံးသားကို နားမလည်နိုင်စွာ တုန်လှုပ်သွား စေသည်။ ယင်းသည် တစ်ဖက်လူပြောသကဲ့သို့ နှုတ်ဆက်ခြင်း ဖြစ်နိုင်ချေ၏။
“ မြန်မြန် သွားပြီး အမှောင်ငရဲသားရဲနဲ့ ဆက်သွယ်ပါ ပုံမှန်မဟုတ်တဲ့ အကြောင်းရင်းကို သေချာစုံစမ်းလာခဲ့ ... ။ ”
“ နားလည်ပါပြီ။ ”
အကြီးအကဲတစ်ဦးသည် ပျာယာခတ်သွားပြီး အမိန့်ပေးတော့၏။ များမကြာမီ တောင်ထိပ်များပေါ်မှ လူရိပ်များ ပျံသန်းသွားကုန်ကြသည်။
ရွယ်ယီက သူမကိုယ်သူမ ငြိမ်သက်စေလိုက်ကာ မျက်မမြင်အဘိုးကြီးနှင့် စုရီကို ကျောက်စိမ်းတံတားအတိုင်း ခေါ်ဆောင် လာခဲ့သည်။
လမ်းခရီးတစ်လျှောက်လုံး သူမ တိတ်ဆိတ်နေ၏။ စုရီတစ်ယောက် အမှောင် ငရဲသားရဲနှင့် ဆက်သွယ်ခဲ့ကြောင်းကို သတင်းပို့ လိုသော်လည်း ယုံကြမည်မဟုတ်ချေ။
မည်သို့ပင် ဆိုစေကာမူ ဂိုဏ်းသည် ထိုအမှောင်ငရသားရဲနှင့် ဆက်သွယ်ကြည့်ကာ အကြောင်းရင်းကို သေချာပေါက် ဖော်ထုတ်နိုင်ပေမည်။
နွေဦးတောင်ထိပ်တွင် မဏ္ဍပ်များနှင့် မျှော်စင်များသည် မတ်စောက်သော တောင်ထိပ် အနှံ့ အစက်ချထားသလို ပြည့်နှက်နေ၏။
မီးအလင်းများသည် တိမ်ပင်လယ်ကို လင်းလက်စေကာ လေထုထဲ စိမ့်ဝင်သွားသည်။ သစ်ပင်အိုကြီးများဖြင့် စိမ်းစိုနေသော မြင်ကွင်းမှာ လှပနေ၏။
“ ဒီမှာ ခဏလောက် အနားယူပါ နှစ်ယောက်စလုံး။ ”
ရွယ်ယီသည် စုရီနှင့် မျက်မမြင်အဘိုးအိုကို ချောက်ကမ်းပါးပေါ်ရှိ မဏ္ဍပ်တစ်ခုသို့ နေရာချ ပေးခဲ့သည်။
နေရာထိုင်ခင်းအတွက် စီစဉ်မှုအချို့ ပြုလုပ်ပြီးနောက် ပြန်၍ထွက်ခွာသွားတော့၏။ မဏ္ဍပ်၏ အပြင်အဆင်သည် ရိုးရှင်းပြီး ပြေပြစ်သည်။
ဒုတိယထပ်တွင် လသာဆောင်ရှိပြီး မီးတောက်နေသော တိမ်ပင်လယ်ကြီးထံ ငေးကြည့်နိုင်၏။
“ ဒီနေရာက အရင်အတိုင်းပဲ၊ အများကြီး မပြောင်းလဲဘူး။ ”
စုရီက ဒုတိယထပ် လသာဆောင်တွင် အနားယူရန် ကြိမ်ကုလားထိုင်ကို နေရာချ၏။ ယခင်ဘဝတွင် သူသည် ယွင်ကျိယိမ်းအမည်ရှိ လူတစ်ဦးကို နာကျည်းခြင်းပင်လယ်မှ ကယ်တင်ခဲ့ဖူးသည်။
ဤလူသည် မန်ပိုနန်းတော်၏ မြစ်သံတမန်ဖြစ်သည်။ ထိုစဉ်က ယွင်ကျိယိမ်း၌ ပြင်းထန်သောဒဏ်ရာများ ရရှိထား၏။
သူ့ပြိုင်ဘက်သည် အမှောင်ငရဲသားရဲ ဖြစ်သည်။ စုရီမှ ကူညီနှိမ်နင်းပေးပြီး နှစ်ဦးသား မိတ်ဆွေများ ဖြစ်လာခဲ့ကြ၏။
ထို့ကြောင့် ယနေ့ နိုင်ဟဲတောင်သို့ ပြန်ရောက်သည်နှင့် အတိတ်ထံပြန်လည်သတိရ လာတော့သည်။
“ ဆရာစု၊ နည်းနည်းစိတ်ပူမိတယ်။ ”
မျက်မမြင် အဘိုးအိုက ရှေ့သို့ လှမ်းလာပြီးပြောသည်။
“ မန်ပိုနန်းတော်က လူတွေက မိုးပြာမျိုးစေ့ကိုရယူဖို့ ဆုံးဖြတ်ထားရင် နဝမ အကြီးအကဲဆီကနေ သတင်းရတာနဲ့ လှုပ်ရှားလာကြမှာ စိုးမိတယ်။ ”
“ ဒါတော့အမှန်ပဲ ... နဝမမြောက် အကြီးအကဲနဲ့ စွေ့ကျင်းယန်က သူတို့အပေါ် ဖျောင်းဖျဖို့ သေချာပေါက် ကြိုးစားပေမယ့် အောင်မြင်မယ် မထင်ဘူး။ ”
မျက်မမြင်အဘိုးအိုက သက်ပြင်းချ လိုက်သည်။ ဆရာစုသည်လည်း ထိုအချင်းအရာ အပေါ် သဘောပေါက်ထားကြောင်း သိရှိလိုက်၏။
“ ဒါဆို ငါတို့ ... ဘာလို့ အခု ထွက်မသွားရတာလဲ ... မန်ပိုနန်းတော်မှာဆိုရင် ငါတို့က လှောင်အိမ်ထဲက ငှက်တွေလို ဖြစ်သွားလိမ့်မယ် မဟုတ်လား။ ”
“ မင်းဘာလို့ ထိတ်လန့်နေတာလဲ ... ကောင်းကင်က ပြိုမကျသေးပါဘူး ... ငါ ဒီည ဝမ်ချွမ်လှိုဏ်ဂူကိုသွားရမယ် ပြီးရင် ထွက်သွားကြမယ်။ ”
မျက်မမြင်အဘိုးကြီးခမျာ တုန်လှုပ်သွားလေသည်။ ဝမ်ချွမ်လှိုဏ်ဂူဟူသည် မေ့လျော့ခြင်း လှိုဏ်ဂူဖြစ်၏။
ထိုလှိုဏ်ဂူသည် မန်ပိုနန်းတော်၏ တားမြစ်နယ်မြေကြီးဖြစ်ပြီး ဝင်ပေါက်ကို အမှောင်ငရဲသားရဲမှ စောင့်ကြပ်နေသည်။
“ ဆရာစု ... အဲဒီသားရဲကြီး စောစောက ထိတ်လန့်သွားရတဲ့ အကြောင်းရင်းက မင်းနဲ့ တကယ်ပဲ သက်ဆိုင်နိုင်မလား။ ”
“ ဟမ့် ... သူငါ့ကို နှုတ်ဆက်နေတာလို့ ငါပြောခဲ့တယ် မဟုတ်လား။ ”
“ ဒါပေမယ့် ... ။ ”
“ မင်းစိတ်ထဲမှာ သံသယတွေ အများကြီးရှိနေမှန်း ငါသိပါတယ် ဒါပေမယ့် မင်း ဖြည်းဖြည်းချင်း နားလည်လာလိမ့်မယ်။ ”
ဆရာစုမှ မပြောချင်မှန်း နားလည်လိုက်သဖြင့် မျက်မမြင်အဘိုးအိုက ထိတ်လန့်စွာခေါင်းညိတ်ပြပြီး အကြောင်းအရာ ပြောင်းလိုက်လေသည်။
“ ဆရာစု၊ မင်းရဲ့အနာဂတ်အတွက် ဘာအစီအစဉ်ရှိလဲ။ ”
မရဏကမ္ဘာသည် မိုးပြာတိုက်ကြီးနှင့် လုံးဝကွဲပြားသည်။ ၎င်း၏ နယ်မြေဧရိယာသည် မယုံနိုင်လောက်အောင် ကျယ်ပြောရုံသာမကဘဲ မန်ပိုနန်းတော်ကဲ့သို့ မြင့်မြတ်မြေကိုးခုရှိ၏။
ထို့ပြင် မှားယွင်းစွာသေဆုံးခြင်းမြို့တော်၊ ပြန်လည်မွေးဖွားခြင်းရေကန်၊ နာကျည်းခြင်း ပင်လယ်၊ အပြစ်နှင့်သွေးမြစ်၊ တစ္ဆေတံခါးနှင့် တားမြစ်နယ်မြေအများအပြားရှိသည်။
ခါးသီးသောပင်လယ်သည် အကန့်အသတ်မဲ့လွန်းပြီး ဧကရာဇ်များနှင့် နတ်ဘုရားများပင် ဖြတ်ကျော်ရန် ခက်ခဲ၏။
သမိုင်းတစ်လျှောက်တွင် မရဏကမ္ဘာအတွင်းရှိ ရှေးအကျဆုံးသော တပ်ဖွဲ့များပင်လျှင် မသွားဝံ့ချေ။
“ မနက်ဖြန် ... စွေ့မျိုးနွယ်ကို အရင်သွားကြည့်ဖို့ စီစဉ်ထားတယ်။”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ စွေ့ကျင်းယန်ဝတ်ဆင်ထားသော ကျောက်စိမ်း ဆွဲသီးရှိ သတင်းစကားသည် သူ့ကို စိတ်ဝင်စားစေသည်။
မရဏကမ္ဘာသို့ပြန်လာခြင်းသည် အဓိကအားဖြင့် အရိုင်းမြေကိုးပါးသို့ ပြန်သွားရန် ပြင်ဆင်ခြင်း ဖြစ်၏။
ထို့အတွက် ရတနာများ လိုအပ်သည်။ မိုးပြာတိုက်ကြီးသည် တောက်ပသောခေတ်တွင် တည်ရှိနေသော်လည်း ဧကရာဇ်ဖြစ်ရန် အခွင့်အလမ်းကို မပေးတော့ချေ။
မရဏကမ္ဘာရှိ နိယာမများသည် ဧကရာဇ်များအတွက် လုံလောက်သော အလားအလာကောင်းများရှိ၏။
သို့သော် မကြာသေးမီ မရဏကမ္ဘာ၌ အပြောင်းအလဲ ဖြစ်ပေါ်နေသည်ဟု စွေ့လုံရှင်းမှ ပြောကြားထားသဖြင့် ဦးစွာသွားလို၏။
ထိုအပြောင်းအလဲများသည် နာကျည်းခြင်းပင်လယ်တွင် ထွက်ပေါ်လာသော သင်္ဘောတစ်စင်း၏ အသွင်အပြင်မှ အစပြုနေသည်။
ဤသင်္ဘောကို မြင်သူတိုင်းသည် ၎င်းကျင့်ကြံမှုအဆင့်မည်မျှပင် မြင့်မားစေကာမူ ထူးထူးခြားခြား ပျောက်ကွယ်သွား၏။
ဤအဖြစ်အပျက်သည် မရဏကမ္ဘာ တစ်ဝှမ်းရှိ အင်အားကြီးတပ်ဖွဲ့များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး အနက်ရောင်သင်္ဘောနှင့် ပတ်သက်သည့် ကောလာဟလများစွာ ထွက်ပေါ်လာနေသည်။
အများစုမှာ အဓိပ္ပာယ်မဲ့နေ၏။ ယနေ့အချိန်အထိ အနက်ရောင်သင်္ဘော၏ အသွင်အပြင်၊ မူလနှင့် ရည်ရွယ်ချက်ကို မည်သူမျှ မသိကြချေ။
“ စွေ့မျိုးနွယ် … ။ ”
မျက်မမြင် အဘိုးအိုက ခေါင်းညိတ်သည်။ ဤသည်မှာ တစ်ချိန်က လူဝင်စားခြင်းလမ်းစဉ် ခြောက်ပါးဖြင့် မရဏကမ္ဘာရာဇ၀တ်မှုဆိုင်ရာ တရားစီရင်ရေးအင်အားစုဖြစ်၏။
နောက်ပိုင်းတွင် လူဝင်စားခြင်း လမ်းစဉ်(၆)ပါး ကုန်ဆုံးပြီးနောက် စွေ့မျိုးနွယ်စု ဟူသည် ထိပ်တန်း ရှေးဟောင်းအင်အားကြီး အဖြစ်သာ ကျန်ရှိခဲ့သည်။
ယနေ့ မရဏကမ္ဘာကြီးကို ဒိုမိန်း(၆)ခုနှင့်နယ်မြေ(၁၃)ခု ပိုင်းခြားထား ချေ၏။ နယ်မြေတစ်ခုစီသည် မိုးပြာတိုက်ကြီး နီးပါးကြီးမားသည်။
မန်ပိုနန်းတော်သည် ဝမ်ချွမ်နယ်မြေခေါ် မေ့လျော့ခြင်းမြစ်ဒိုမိန်းတွင်ရှိပြီး စွေ့မျိုးနွယ်မှာ တော်ဝင်လမ်းစဉ်(၆)ပါးဒိုမိန်းရှိ ကျိလောမြို့၌ တည်ရှိသည်။
ထိုမြို့သည် မယုံနိုင်လောက်အောင် ရှေးကျသောမြို့တော်ဖြစ်ပြီး သမိုင်းကြောင်းမှာ ကြီးမားချေ၏။
၎င်းသည် တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်စီရင်ခြင်းကိစ္စများကို ထိန်းချုပ်ခဲ့သော စွေ့မိသားစု အခြေချရာ မြို့တော်ဖြစ်ပြီး ကျော်ကြားလှလေသည်။
တော်ဝင်လမ်းစဉ်(၆)ပါးဒိုမိန်းသည် ဝမ်ချွမ်ဒိုမိန်းနှင့် ကပ်လျက်ဖြစ်သော်လည်း အလွန်ဝေးကွာနေသေး၏။
ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူပင် အရှိန်အပြည့်ဖြင့် ခရီးဆက်ရန် တစ်လခွဲခန့် လိုအပ်ပေမည်။
သို့သော် မိုးပြာတိုက်ကြီးနှင့်မတူဘဲ မရဏကမ္ဘာရှိ ဒိုမိန်းများကြား တည်နေရာ ရွေ့ပြောင်း အစီရင်များ ချမှတ်ထား၏။
ညနေစောင်းခါနီးတွင် စွေ့ကျင်းယန် တစ်ယောက် ရောက်ရှိလာသည်။ သူမသည် ခရမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး နေဝင်ချိန်ကဲ့သို့ တောက်ပကာ ဆွဲဆောင်မှုရှိနေ၏။
သို့သော်လည်း သူမအရိပ်အယောင်တွင် တုံ့ဆိုင်းနေသော မှုန်ကုပ်ကုပ် အမူအရာလေး ရှိနေခဲ့လေသည်။
“ တာအိုစု ငါမင်းကို သတိပေးစရာ တစ်ခုရှိတယ် ... ငါ့မန်ပိုနန်းတော်မှာရှိနေတဲ့ လူအချို့က မိုးပြာမျိုးစေ့ကို စွဲလန်းနေတယ်။ ”
“ ဟားဟားဟား ... မင်းရဲ့ အဆင့်အတန်းနဲ့တောင် အဲဒီလူတွေကို မဆွဲဆောင်နိုင်ဘူးလား။ ”
စုရီမှ ရယ်မောလျက် မေးမြန်းနေ သောကြောင့် စွေ့ကျင်းယန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ၊
“ ငါ့အဆင့်အတန်းက ဘယ်လိုပဲ မြင့်မားနေပါစေ နှစ်တွေအကြာကြီး နေလာခဲ့တဲ့ အဲဒီလူကြီးတွေရဲ့ အမြင်မှာ ...
... မသိနားမလည်သေးတဲ့ မျိုးဆက်သစ် တစ်ယောက်လို အရေးမပါဘူး ငါ့စကားတွေကို သူတို့ အလေးအနက် မထားကြဘူး။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထို့နောက်တိတ်ဆိတ်သွားပြီး သက်ပြင်းချတော့၏။ တစ်ဆက်တည်းမှာပင် လေးကန်သော အမူအရာများဖြင့်၊
“ သာမန်ကိစ္စတွေသာဆိုရင် ... သူတို့အားလုံးငါ့ကို မျက်နှာသာပေးလိမ့်မယ် ဒါပေမယ့် မိုးပြာမျိုးစေ့ကတော့ မတူဘူး ...
... အဲဒါက ကမ္ဘာတစ်ခုရဲ့မူလမို့ အသပ်ဓာတ်တွေပါဝင်တယ် ဒီကမ္ဘာမြေကြီးမှာ ရှားရှားပါးပါး အခွင့်အရေးတစ်ခုပါပဲ။ ”
-ဟု ညည်းတွားလိုက်လေသည်။
“ ဒီလိုဖြစ်မယ်လို့ ... ငါ မျှော်လင့်ထားပြီးသားပါ အံ့သြစရာတော့ မရှိပါဘူး။ ”
စုရီက ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်သည်။ ထိုတုန့်ပြန်မှုသည် စွေကျင်းယန်ကို မှင်သပ်သွား စေတော့၏။
ဤသည်မှာ မန်ပိုနန်းတော်၏ နယ်မြေ ဖြစ်သော်လည်း စုရီသည် လုံးဝစိုးရိမ်ပုံမပြချေ။ အနည်းငယ် ဒေါသထွက်စရာ ကောင်း၏။
***