ဧကရာဇ်ကို ခြိမ်းခြောက်ခြင်း။
Vol. 51 Ch. 609
ဤသည်မှာ နိုင်ဟဲတောင်ဖြစ်၏။ ဧကရာဇ်တစ်ပါးထက်မက ရှိသည်။ စုရီနေရာ၌ အခြားသူသာဆိုသော် ကြောက်လန့် သွားပေမည်။
စွေ့ကျင်းယန်တစ်ယောက် တုန့်ဆိုင်းသော အမူအရာဖြင့်၊
“ အဲဒီလူကြီးတွေကို ဆွဲဆောင်ဖို့ ကြိုးစားတဲ့အခါ ကျောက်စိမ်းဆွဲသီးအကြောင်း ငါ ထုတ်ဖော်မပြောခဲ့ဘူး။ ”
-ဟု ရှင်းပြလာ၏။
“ ဒါကြောင့် တာအိုစုကို ငါ့အဘိုးက တန်ဖိုးထားတဲ့ လူတစ်ယောက်ဆိုတာ သူတို့ မသိခဲ့ဘူး။ ”
ဤလျှို့ဝှက်ချက်ကို ထုတ်ဖော်ခြင်းသည် ဂိုဏ်းရှိ အကြီးအကဲများအပေါ် သက်ရောက်မှု ရှိစေမည်ဟု သူမ ယုံကြည်သည်။
သို့သော် သူမ မလုပ်လိုချေ။ လျှို့ဝှက်ချက်ဟူသည် အမြဲတမ်း လျှို့ဝှက် ထားရပေမည်။
ရွယ်ယီနှင့် နဝမအကြီးအကဲတို့ သိရှိသွားသည့်အတွက်ပင် သူမကိုအနည်းငယ် စိတ်မသက်မသာ ခံစားစေရ၏။
“ ဒါလည်း အဆင်ပြေပါတယ် ... မင်းဘိုးဘေးနဲ့ ငါကြားက ကိစ္စတွေကို သိတဲ့လူ နည်းလေ ပိုကောင်းလေပဲ။ ”
စုရီမှ ခေါင်းညိတ်သည်။ ထို့နောက် စကားဝိုင်းမှာ တိတ်ဆိတ်သွား၏။ အဆုံးတွင် စွေ့ကျင်းယန်မှ အပြင်းပြင်းရှူလျက်၊
“ ဒါကို ပြောပြပါရစေ ... ဘာပဲဖြစ်ဖြစ် မန်ပိုနန်းတော်မှာ ... မင်းကိုဘာမှမဖြစ်အောင် ငါကူညီဖို့ ကတိပေးတယ်။ ”
-ဟု ဆိုလိုက်သည်။ သို့သော် စုရီမှ ခေါင်းခါပြ၏။
“ မင်းဒီကိစ္စကို လက်ရှောင်နေတာ ပိုကောင်းမယ် ... မဟုတ်ရင် မန်ပိုနန်းတော်မှာ မင်းဘယ်လို ရှင်သန်မလဲ။ ”
“ ဘာဖြစ်လဲ ... အဆိုးဆုံးတော့ ငါအိမ်ပြန်လို့ရပါတယ်။ ”
ဤမိန်းကလေးသည် သူ့လုံခြုံရေးအတွက် အလွန်စိုးရိမ်နေကြောင်း စုရီ ပြောပြနိုင်သည်။ သူမသည် ဂိုဏ်းအပေါ် ဆန့်ကျင်ရန်ပင် ဆန္ဒရှိနေခဲ့၏။
“ ဒါနဲ့ ... မျိုးပြာမျိုးစေ့ကို စွဲလန်းနေတဲ့ အဲဒီလူတွေရဲ့ အဆင့်အတန်းနဲ့ ကျင့်ကြံမှုကို ပြောပြနိုင်မလား။ ”
“ ဒါက ရှင်းပါတယ် ... သူတို့က မဟာအကြီးအကဲကူကျန့်ရွှမ်နဲ့ ... တတိယ အကြီးအကဲပဲ ... သူတို့နှစ်ယောက်လုံး ရွှမ်ကျောက်အဆင် ဧကရာဇ်တွေ ...
... မဟာအကြီးအကဲကူကျန့်ရွှမ်က ရွှမ်ကျောက်အဆင့် ပြီးမြောက်နေပြီ သူ့ဆရာက မီးဝိညာဉ်ဧကရာဇ်လို့ခေါ်တဲ့ ... အဆင့်(၂) မြစ်သံတမန် ဖုန်းချီပဲ ...
... လက်ရှိ မန်ပိုနန်းတော်အပေါ် ကြီးကြပ်ပေးရတဲ့ မြစ်သံတမန်(၃)ပါးရှိတယ် သူတို့အားလုံးက ဧကရာဇ်နယ်ပယ်တွေ ...
... ဒီမတိုင်မီက မြစ်သံတမန် (၉)ပါးအထိရှိခဲ့တယ် ... (၆)ပါးက လောကီကို ဝင်စွက်ဖက်လိုခြင်း မရှိတော့တာကြောင့် နုတ်ထွက်သွားပြီး (၃)ပါးသာကျန်တယ် ... ။ ”
ထို(၆)ပါးသည် မန်ပိုနန်းတော်အတွက် ပျက်သုဉ်းစေမည့် ခြိမ်းခြောက်မှုမျိုး မကြုံသော် လုံးဝထွက်ပေါ်လာတော့မည် မဟုတ်ချေ။
ဤသည်မှာ ပုံမှန်ဖြစ်၏။ ကျင့်ကြံမှု မြင့်မားသည်နှင့်အမျှ ဆက်လက်တက်လှမ်းရန် ခက်ခဲချေပြီ။ အထူးသဖြင့် ဧကရာဇ် နယ်ပယ်ဖြစ်၏။
ထိုအဆင့်တွင် တာအိုကိုလေ့လာပြီး ပေါင်းစည်းနိုင်ရန် နှစ်ထောင်ပေါင်းများစွာ ကြာရှည်နိုင်သည်။
ယင်းကြောင့် သူတို့သည် သာမန်ကိစ္စရပ်များအတွက် အချိန်ဖြုန်းရန် ဆန္ဒမရှိခြင်းပေပင်။
ဤကဲ့သို့သော အခြေအနေသည် ဧကရာဇ်အဆင့် တာအိုဂိုဏ်းများအတွင်း အလွန်အဖြစ်များသည်။
“ ဒါဆို ... အခြားသူတွေရဲ့ သဘောထားကရော ဘယ်လိုလဲ။ ”
စုရီက မေးသည်။ သန်မာသော ဂိုဏ်းကြီးများသည် အရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှုပြင်းထန်၏။
မန်ပိုနန်းတော်တွင် အကြီးအကဲ (၁၈)ပါးရှိကာ ဧကရာဇ်နယ်ပယ်အကြီးအကဲကို မဟာအကြီးအကဲဟု ခေါ်သည်။
ကျန်အကြီးအကဲများကိုမူ ပထမ အကြီးအကဲ၊ ဒုတိယအကြီးအကဲ စသည်ဖြင့် သတ်မှတ်ထား၏။
မဟာအကြီးအကဲများအထက်တွင် အဆင့်မြင့် မဟာအကြီးအကဲများ ဖြစ်ကြသော မြစ်သံတမန်(၃)ပါးရှိသည်။
ထိုသူများကို အဆင့်(၁)မြစ်သံတမန်၊ အဆင့်(၂)မြစ်သံတမန်၊ အဆင့်(၃)မြစ်သံတမန် စသည်ဖြင့် သတ်မှတ်ထား၏။
ထို့ကြောင့် မန်ပိုနန်းတော်၏ ဧကရာဇ်များသည် အသံတစ်သံတည်း မထွက်နိုင်ချေ။
“ လက်ရှိမှာ နန်းတော်သခင်နဲ့ အဆင့်(၁)မြစ်သံတမန်တို့ အဝေးရောက်နေပြီး အဆင့်(၂)မြစ်သံတမန်ကလည်း မနှစ်တည်းက တံခါးပိတ်ကျင့်ကြံသွားတယ် ...
... အဆင့် (၃)မြစ်သံတမန်က အခုလောလောဆယ်မှာ အဲဒီဆရာနဲ့တပည့်ကို တွေ့ဆုံနေပြီး ... မိုးပြာမျိုးစေ့အရေးအပေါ် အာရုံမရသေးဘူး ...
... ဒါကြောင့် လက်ရှိဂိုဏ်းကို မဟာအကြီးအကဲ ကူကျန့်ရွှမ်က တာဝန်ယူ ထားရတယ် ... သူ့သြဇာက အကြီးအကဲတွေ အားလုံးအပေါ် သက်ရောက်မှုရှိတယ်။ ”
စုရီက ခေါင်းညိတ်ပြသည်။
“ ငါ နားလည်ပြီ။ ”
စွေကျင်းယန်မှ တုံ့ဆိုင်းသွားပြီး၊
“ တာအိုစု ... ဒီလိုလုပ်ရအောင် ... ဘယ်လိုလဲ ငါမင်းကို အခု ဒီကနေတိတ်တဆိတ် ခေါ်သွားပေးမယ်။ ”
-ဟု အကြံပြု၏။
ထိုစကားဝိုင်းကို နားထောင်နေသော မျက်မမြင်အဘိုးအိုမှာ ချက်ချင်း စိတ်ဝင်စား သွားလေသည်။ သူ့အမြင်တွင် မန်ပိုနန်းတော်မှ အမြန်ဆုံးထွက်ခွာခြင်းသည် အကောင်းဆုံးပေပင်။
“ မဟုတ်ဘူး ... ငါသူ့တို့ကိုစောင့်နေတာ။ ”
သို့သော် စုရီသည် သူတို့နှစ်ဦး၏ အမြင်နှင့်ဆန့်ကျင်ဘက် ပြုံးလျက်တုန့်ပြန်၏။ စွေ့ကျင်းယန်တစ်ယောက် မျက်ဝန်းများ မှေးစင်းသွားလေသည်။
“ ငါနဲ့ ... မျက်မမြင်အဘိုးကြီးတို့ ဒီကနေထွက်တာနဲ့ ... မင်းရဲ့မဟာအကြီးအကဲ ကူကျန့်ရွှမ်က ငါတို့ကို ဖမ်းလိမ့်မယ်။ ”
စုရီမှ ရှင်းပြ၏။
“ ဒါပေမယ့် ... ဆက်နေမယ်ဆိုရင် ပိုအန္တရာယ်ရှိမှာ မဟုတ်ဘူးလား ... ဒီနေရာက မန်ပိုနန်းတော်လေ။ ”
စွေ့ကျင်းယန်မှ တုန့်ဆိုင်းစွာ ပြောကြား၏။
“ မှန်ပါတယ် ... အခြားသူတွေအတွက် ဒီနေရာဟာ ဝံပုလွေနဲ့နဂါးတွေရဲ့ သားရဲတွင်း ဖြစ်နိုင်ပေမယ့် ငါ့အတွက်တော့ သာမန်ပါပဲ။ ”
ထို့နောက် စုရီက ဝိုင်တစ်ခွက်ငှဲ့ပြီး ကောက်ကိုင်လိုက်ကာ ပြတင်းပေါက်ဆီသို့ လျှောက်လှမ်းသွားသည်။
ကောင်းကင်သည် နေဝင်ရီတရော အချိန်ဖြစ်သဖြင့် အမှောင်များ ဝင်ရောက်လာ ချေပြီ။ မေ့လျော့ခြင်းလှိုဏ်ဂူသို့သွားရန် အသင့်လျော်ဆုံး အချိန်ဖြစ်၏။
“ တာအိုစု ... မိုပြာတိုက်ကြီးမှာ ဧကရာဇ်တွေမရှိဘူး မင်းရဲ့ကျင့်ကြံမှုကြောင့် သဘာဝအတိုင်း လူတိုင်းလေးစားကြတယ် ...
... ဒါပေမယ့် အခု မင်းရောက်နေတာက မရဏကမ္ဘာ ဝမ်ချွမ်ဒိုမိန်းရဲ့ ... နိုင်ဟဲတောင်ပဲ မင်းလျစ်လျူရှုထားလို့ မရဘူး။ ”
စုရီ၏ ပျင်းတွဲတွဲ အမူအရာကြောင့် စွေကျင်းယန်တစ်ယောက် လေသံတင်းမာ သွားချေပြီ။ သို့တိုင် စုရီမှ လျစ်လျူရှုူလျက်၊
“ လုံလောက်ပြီ ... ဒီကိစ္စအတွက် မင်းလိုကလေးတစ်ယောက် စိတ်ပူနေစရာ မလိုတော့ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားအသုံးအနှုန်းကြောင့် စွေကျင်းယန်တစ်ယောက် ဒေါသထွက်လာပြီး စုရီကို စူးစူးရဲရဲစိုက်ကြည့်လိုက်၏။
“ ဟမ့် ... ဘယ်သူက ကောင်မလေးလဲ ... နင်နဲ့ငါ အသက်ဘယ်လောက်များ ကွာနေလို့လဲ ငါနင့်ကိုစိတ်မပူဘူး ငါ့ဘိုးဘေးရဲ့ အာရုံစိုက်တာ ခံရတဲ့ လူကို မသေစေချင်တာပဲရှိတယ်။ ”
လှပသောအမျိုးသမီးများသည် ဒေါသထွက်နေသော်မှ မယုံနိုင်လောက်အောင် လှပနေဆဲဖြစ်သည်။
“ ကောင်းပြီ ... ဒီအကြောင်းကို အဆင့်(၃)မြစ်သံတမန်နဲ့ ငါပြောမယ် သူက ငါ့အမေရဲ့ ဂျူနီယာတစ်ယောက် ဖြစ်ခဲ့တာမို့ ငါ့အပေါ် လျစ်လျူရှုမယ် မထင်ဘူး။ ”
ထို့နောက် စွေ့ကျင်းယန်မှ ဒေါသတကြီး လှည့်ထွက်သွားသည်။ မျက်မမြင် အဘိုးအိုက သက်ပြင်းချကာ၊
“ မိန်းကလေးကျင်းယန်က တကယ့်ကို ကြင်နာတတ်လွန်းပါတယ်။ ”
-ဟု မှတ်ချက်ပေး၏။ စုရီမှ ခေါင်းညိတ်ပြီး၊
“ ဒီမိန်းကလေးက သူ့အဖိုးနဲ့ မတူဘူး အဲဒီမြေခွေးအိုကြီးသာ ဒီလိုကြုံရင် ငါ့ကံဆိုးမှု အတွက် အပျော်လွန်နေမှာ သေချာတယ်။ ”
-ဟု တုန့်ပြန်မှတ်ချက်ပေးသည်။
ဤတစ်ကြိမ်တွင် မျက်မမြင်အဘိုးအိုသည် စုရီထံ ထူးထူးခြားခြားကြည့်ကာ လိမ္မာပါးနပ်စွာ တုံ့ပြန်ခြင်းမပြုတော့ချေ။
မည်သူသည် မရဏတရားစီရင်သူကို ဝေဖန်ရန် သတ္တိရှိသနည်း။ ထိုအချိန် အဝေးမှ ခြေသံများ ကြားလာရတော့၏။
“ စုရီ ဒီမှာလား ... ။ ”
များမကြာခင် ရေခဲကဲ့သို့ အေးစက်နေသောအသွင်ဖြင့် တာအိုဝတ်ရုံဝတ် အမျိုးသမီးတစ်ဦး ချဉ်းကပ်လာသည်။
“ ဧကရာဇ် ... ။ ”
တစ်ဖက်လူမှ ရုတ်သိမ်းထားခြင်း မရှိသောရောင်ဝါကြောင့် မျက်မမြင်အဘိုးသည် အေးခဲသွားတော့သည်။
စုရီက ကြိမ်ကုလားထိုင်တွင် ပြန်လည်ထိုင်ချလိုက်ပြီး ထိုအမျိုးသမီးထံ ပြန်ကြည့်လိုက်၏။
သွယ်လျသော အသွင်အပြင်ဖြင့် ရိုးရိုးရှင်းရှင်းတာအိုဝတ်ရုံကို ဆင်မြန်းထား သည့်တိုင် ကြည့်ကောင်းနေချေပြီ။
သို့သော် သူမရောင်ဝါသည် အေးစက်ပြီး အကြည့်များ၌ သာလွန်မှုနှင့် လျစ်လျူရှုမှုတို့ကို ပြသထား၏။
မျက်မမြင်အဘိုးအိုကဲ့သို့ လူတစ်ယောက် သည်ပင် စိတ်ဝိညာဉ်၌ တောင့်တင်းလာသည်။ ယင်းသည် ကြောက်ရွံ့ခြင်း မဟုတ်ဘဲ နယ်ပယ် နှစ်ခုကြား ခြားနားချက် ဖိအားဖြစ်သည်။ သို့သော် စုရီက ခံစားရပုံမပြချေ။
နှုတ်ဆက်ရန်ပင် မထိုက်တန်သကဲ့သို့ ကြိမ်ကုလားထိုင်မှ မထဘဲ၊
“ မင်းနဲ့ငါ ကိစ္စရှိလား။ ”
-ဟု မေးမြန်းလိုက်သည်။
ထိုအမူအရာနှင့် လေသံကြောင့် တာအိုဝတ်ရုံဝတ်အမျိုးသမီးမှာ အနည်းငယ် မျက်မှောင်ကြုတ်သွား သော်လည်း၊
“ ငါ့နာမည်က ယွမ်လင်းနင် ... မန်ပိုနန်းတော်ရဲ့ တတိယမြောက်အကြီးအကဲ ကျင်းယန်က ဒီမှာ ငါတို့ရဲ့ရာထူးအကြောင်းနဲ့ ...
... ငါ လာရတဲ့အကြောင်း မင်းကို အရင်ပြောပြထားလိမ့်မယ်လို့ ယုံကြည်တယ် ဒါကို မင်းဘယ်လိုထင်လဲ ငါသိချင်တယ်။ ”
-ဟု တည်ငြိမ်စွာ ပြောကြားလိုက်သည်။
ဤသည်မှာ မိုးပြာမျိုးစေ့အပေါ် စွဲလမ်းနေသော တတိယအကြီးအကဲဖြစ်ချေပြီ။ သူမသည် ရွှမ်ကျောက် အစောပိုင်းအဆင့်တွင် ဖြစ်သည်။ လူတိုင်းမှ ရေခဲမီးတောက်ဧကရာဇ် အဖြစ် တလေးတစား ခေါ်ဆိုကြ၏။
စုရီအတွက်မူ ဤယွမ်လင်းနင်နှင့် တတိယမဟာအကြီးအကဲဆိုသူ ကူကျန့်ရွှမ်ကို ယခင်က လုံးဝ မကြားဖူးချေ။
ဆိုလိုသည်မှာ ဤနှစ်ယောက်သည် သားပေါက်ကလေးများ ဖြစ်၏။ ထို့ကြောင့် ခဏမျှစဉ်းစားပြီး၊
“ မင်းရဲ့လောဘကို ... အခု စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်ထင်တယ် မဟုတ်ရင် ... မင်းဒုက္ခရောက်လိမ့်မယ် ဒါကို မင်းလည်း လိုချင်မယ် မထင်ဘူး။ ”
-ဟု တုန့်ပြန်လိုက်သည်။
အသက်(၁၈)နှစ်အရွယ် လူငယ် တစ်ယောက်မှ ဤမျှမောက်မာသောစကားမျိုး ပြောဝံ့လိမ့်မည်ဟု မည်သူမျှ မထင်ချေ။
ယင်းသည် ဧကရာဇ်တစ်ပါးကို ခြိမ်းခြောက်ခြင်း မည်ချေ၏။ ဧကရာဇ်ဟူသည် ကောင်းကင်နှင့်တူပြီး စော်ကားခွင့် မရှိချေ။ ထို့ကြောင့် ယွမ်လင်းနင်၏ အကြည့်များ ပိုမိုအေးစက်လာပြီး၊
“ ငါဒီကိုလာတုန်းက ကျင်းယန်ကြောင့် မင်းအတွက် ခက်ခဲတဲ့အရာတွေ မလုပ်ပါနဲ့လို့ တတိယမဟာအကြီးအကဲက ... တောင်းဆိုခဲ့တယ် ...
... မင်းဘက်က မိုးပြာမျိုးစေ့ကိုသာ ကမ်းလှမ်းဖို့ဆန္ဒရှိနေသရွေ့ ငါတို့ မတရားပြုမှာ မဟုတ်ဘူးလို့လည်း ကတိပေးခဲ့တယ် ...
... ငါသိသလောက် ဒီခရီးက မင်းအတွက် ပထမဆုံးအကြိမ်ပဲ မင်းမှာ အားကိုးစရာမရှိဘူး ဒါပေမယ့် ရှားရှားပါးပါး ...
... မင်းမှာ ထူးကဲတဲ့ အရည်အချင်းတွေရှိတယ် ဒါကြောင့်ဆန္ဒရှိရင် ငါ့မန်ပိုနန်းတော်ရဲ့ အမာခံတပည့်အဖြစ် မင်းကိုလက်ခံပေးနိုင်တယ် ...။ ”
-ဟု ပြောကြားလိုက်သည်။
ဧကရာဇ်တစ်ပါးအနေဖြင့် ယွမ်လင်းနင်းဘဝတွင် ဝိညာဉ်တာအိုနယ်ပယ်ရှိ လူငယ်တစ်ဦးမှ စော်ကားမော်ကား အပြောခံရ သည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။
“ ငါ့မှာ ဆွေးနွေးဖို့ ဆန္ဒမရှိဘူး။ ”
စုရီမှ ပြတ်သားစွာ ငြင်းဆန်သည်။ မျက်မမြင်အဖိုးကြီးခမျာ အသက်အောင့်ထား လိုက်တော့၏။
“ လုံလောက်ပြီ ... ငါမင်းကို အနိုင်ကျင့်တယ်လို့ မစွပ်စွဲနဲ့ မင်းကိုနောက်ထပ် အခွင့်အရေး မပေးနိုင်တော့ဘူး။ ”
သူမ စကားဆုံးသည်နှင့် လေးလံသောဖိအားတစ်ခု ထွက်ပေါ်ပြီး အပူချိန် ရုတ်တရက်ကျဆင်းသွား၏။
အေးခဲနေသော လှိုဏ်ဂူထဲ ပြုတ်ကျသွားသကဲ့သို့ မျက်မမြင်အဘိုးကြီးကို ကျောရိုးများ ချမ်းစိမ့်လာစေသည်။
စုရီသည်သာ ထိုနေရာတွင် ငြိမ်သက်စွာထိုင်နေပြီး သူ့ရှေ့မှအမျိုးသမီးထံ ကြည့်နေခဲ့၏။
ဤအမျိုးသမီးသည် မကြာသေးမီက အောင်မြင်မှုရထားသော ဧကရာဇ်တစ်ပါး ဖြစ်ချေသည်။
ထိုသို့သော ဇာတ်ကောင်သည် သူနှင့် အသင့်လျော်ဆုံး ပြိုင်ဘက်ဖြစ်နိုင်၏။ ယနေ့ သူမထံမှ ဤသို့ စတင်လာခြင်းမပြုလျှင်ပင် သူကိုယ်တိုင် စတင်ရန် ကြိုးစားမိပေမည်။
***