ငါလည်းမေးပါရစေ ... ။
Vol. 51 Ch. 610
“ တာအိုမိတ်ဆွေ ... ရှင်းရှင်းပြောရရင် ငါနဲ့ငါ့တပည့်အရေးကိစ္စတွေကို လျှို့ဝှက်ထား လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ”
အနက်ရောင် တာအိုဝတ်ရုံဝတ် အဖိုးအိုကနူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသော လေသံဖြင့် ပြောကြားလိုက်၏။
ဆန့်ကျင်ဘက်တွင် ထိုင်နေသော လုချောင်မင်က လေးနက်စွာ ဦးညွှတ်ကာ၊
“ စိတ်မပူပါနဲ့ တာအိုအစ်ကို၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတစ်ခွန်းမှ မပြောပါဘူး။ ”
-ဟု ကတိပေးသည်။
သူသည် ပိန်ပိန်ပါးပါး ဆံပင်ဖြူဖြူနှင့် မုတ်ဆိတ်မွေးဖြူဖြူများ ပိုင်ဆိုင်ထားသည်။ လက်ရှိ မန်ပိုနန်းတော်၏ မြစ်သံတမန်ဖြစ်ကာ ရာထူးအာဏာ မြင့်မား၏။
မရဏကမ္ဘာ၌ပင် ထိပ်ဆုံးနေရာအတွင်း ရပ်တည်နေသော ဧကရာဇ်တစ်ပါး ဖြစ်သည်။ သို့တိုင် အနက်ဝတ်အဘိုးအိုကို လေးစားသမှု ပြသနေရ၏။
“ ကျေးဇူးတင်ပါတယ် ... ။”
အနက်ရောင် တာအိုဝတ်ရုံဝတ် အဖိုးအိုက ပြုံးလျက် ဦးညွှတ်သည်။ လုချောင်မင်မှ ပြုံးပြီး၊
“ တာအိုအစ်ကို ... မင်းက ယဉ်ကျေးလွန်းပါတယ်။ ”
-ဟု တုန့်ပြန်၏။
“ သိုင်းဦးလေး ... နောက်တစ်ခါ ငါ့ကိုဝင်ခွင့်ပြုပါ ဒါက အရေးကြီးတယ်။ ”
ထိုအချိန်တွင် လှိုဏ်ဂူအပြင်ဘက်မှ ချိုမြသောငြိမ့်ညောင်းသည့် ဝင်ခွင့်တောင်းသံ တစ်သံ ပျံ့လွင့်လာသည်။
လူချောင်မင်မှ အနည်းငယ် မျက်မှောင်ကြုတ်လျက် ကူကယ်ရာမဲ့သွား၏။ ထို့နောက် အနက်ရောင် တာအို၀တ်လုံဝတ် အဘိုးအိုကို ရှုံ့မဲ့ပြကာ၊
“ တာအိုအစ်ကို ... ငါ့ကိုခွင့်လွှတ်ပါ အဲဒီမိန်းကလေးက စွေ့မျိုးနွယ်ရဲ့ သခင်မလေးပဲ သူ့အမေက ငါတို့နန်းတော်ရဲ့ မြစ်သံတမန် ဖြစ်ပြီး ငါ့စီနီယာအစ်မပါ။ ”
ပတ်သတ်မှုအရဆိုသော် သူသည် စွေ့ကျင်းယန်၏ သိုင်းဦးလေးဖြစ်၏။ သို့သော် သူမသည် မန်ပိုနန်းတော်၏ တပည့်နေဖြစ်ရာ သိုင်းဦးလေးဟူသည် ခေါ်ဆိုရန် မသင့်လျော်ချေ။
မတူညီသော အခြေအနေများတွင် အချင်းချင်း အပြန်အလှန် လေးစားသမှုဖြင့် ဆက်ဆံခြင်းသည် ပညာရှိခြင်းပေပင်။ သို့သော် စွေ့ကျင်းယန်သည် ၎င်းကို လျစ်လျူရှုနေ၏။
သူ့စကားကိုကြားချိန်၌ အနက်ရောင် တာအိုဝတ်လုံနှင့် အဖိုးအိုမှ သဘောပေါက်ပြီး ပြုံးပြသည်။
“ အဲ့ဒီကောင်မလေးကို ငါသိတယ် ... ဒီတစ်ခေါက် ငါမိုးပြာတိုက်ကြီးကနေ ပြန်လာ တုန်းက သူ့အထောက်အထားကို ငါမှတ်မိတယ် ကျေးဇူးပြုပြီး သူမကိုခေါ်လိုက်ပါ။ ”
လုချောင်မင်က ခေါင်းညိတ်လိုက်ပြီး လှိုဏ်ဂူဝရှိ တားမြစ်အစီရင်ကို လက်လှိုင်းဖြင့် ပယ်ရှားလိုက်၏။
ချက်ခြင်းဆိုသလိုပင် စွေ့ကျင်းယန်၏ ချောမောလှပသော ရုပ်သွင် ဝင်ရောက်လာ တော့သည်။
“ သိုင်းဦးလေး ... အရမ်းဆိုးသွားပြီ မင်းထွက်မလာရင် ငါတို့မန်ပိုနန်းတော် ဒုက္ခ ရောက်လိမ့်မယ်။ ”
“ ဟမ် ... ဘာဖြစ်တာလဲ မင်းက အရမ်းစိုးရိမ်လွန်နေတယ် ဘာဖြစ်သွားတာလဲ ငါ့ကိုပြောပါ။ ”
စွေ့ကျင်းယန်မှ အနက်ရောင် တာအိုဝတ်လုံနှင့် အဘိုးအိုကို ကြည့်လိုက်ပြီး တွန့်ဆုတ်သွား၏။ ထို့ကြောင့် လုချောင်မင်မှ ခေါင်းညိတ်လျက်၊
“ မင်းသိပ်ရိုသေတာပဲ ... မင်းပြောချင်တာကိုပဲ ပြောလိုက်ပါ ဖုံးကွယ် နေစရာမလိုဘူး။ ”
-ဟု ခွင့်ပြုလိုက်သည်။
သို့မှသာ စွေ့ကျင်းယန်မှ သက်ပြင်းချလျက်၊
“ သိုင်းဦးလေး မင်းမျက်နှာပျက်မှာကို မကြောက်ဘူးဆိုတော့ ငါပြောမယ်။ ”
-ဟု တုန့်ပြန်သည်။
“ မျက်နှာပျက်မှာလား။ ”
တစ်ဖက်တွင် လုချောင်မင်၏ နှုတ်ခမ်းများ လှုပ်ရမ်းသွား၏။ အနက်ရောင် တာအိုဝတ်ရုံနှင့် အဖိုးအိုသည် တစ်စုံတစ်ခုကို မှန်းဆမိနေ သကဲ့သို့ အတွေးထဲ နစ်မျောသွားသည်။
“ သိုင်းဦးလေး ... ငါတို့မဟာအကြီးနဲ့ တတိယအကြီးအကဲက စုရီရဲ့မိုးပြာမျိုးစေ့ကို လုယူဖို့ကြိုးစားနေတယ်။ ”
လုချောင်မင်တစ်ယောက် မျက်မှောင်ကြုတ်လျက် စိတ်မသက်မသာ ဖြစ်သွားသည်။
မိုးပြာတိုက်ကြီးမှ လူငယ်တစ်ဦး၏ အခွင့်အရေးကို ဆုပ်ကိုင်ရန် ကြိုးစားခြင်းသည် အမှန်တကယ် အရှက်ရစေ၏။
ထိုသတင်းစကားသည်သာ ထွက်ပေါ်သွားသော် မန်ပိုနန်းတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မည်။
ပိုရှက်စရာကောင်းသည်မှာ အနက်ရောင် တာအိုဝတ်ရုံဝတ် အဖိုးအိုနှင့် သူ့တပည့်ရှေ့တွင် ဖြစ်သည်။ ထိုနှစ်ဦးသည် အရာအားလုံးကို ကြားနေခဲ့ချေပြီ။
( ဒီကောင်မလေး ... ။ )
အတွေးဖြင့် စွေ့ကျင်းယန်ထံ ပြန်ကြည့် လိုက်ရာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ကြောင်း ချက်ချင်း သဘောပေါက်လိုက်၏။
သူမအနေနှင့် နတ်အာရုံသုံးကာ ကြိုတင်အကြောင်းကြား နိုင်သော်လည်း ထိုသို့ မလုပ်ခဲ့ချေ။ ဆိုလိုသည်မှာ ဤပြဿနာကြား သူ့ကိုကြားဝင်စွက်ဖက်ရန် တစ်ဖက်လူရှေ့ အသုံးချနေခြင်းဖြစ်သည်။
လေထုသည် တခဏမျှ အေးစက်သွားတော့သည်။ အနက်ရောင် တာအိုဝတ်ရုံဝတ်အဖိုးအိုက၊
“ တာအိုမိတ်ဆွေ ... ငါ့အမြင်အရတော့ တာအိုစုဟာ သာမန်လူ မဟုတ်ဘူး ... မင်းသူ့ကို ဝိညာဉ်တာအိုနယ်ပယ် ...
... ဂျူနီယာတစ်ယောက် အဖြစ် မဆက်ဆံသင့်ဘူး မိုးပြာမျိုးစေ့အတွက် သူနဲ့ ဒီလိုရန်ငြိုးဖွဲ့တာဟာ မထိုက်တန်ပါဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
သူ့ အမူအရာသည် လေးနက်နေပြီး စကားထဲရှိအဓိပ္ပါယ်သည် လုချောင်မင်အတွက် နှလုံးသားကို တုန်လှုပ်သွားစေ၏။
“ တာအိုအစ်ကို ဒီကောင်လေးရဲ့ နောက်ခံက အရေးကြီးလား။ ”
စွေ့ကျင်းယန် တောင်းဆိုမှုကို သူ ဂရုမစိုက်သော်လည်း အဖိုးအို၏ အကြံပေးချက် အပေါ် လျစ်လျူရှုမထားနိုင်ချေ။ သူ့မေးခွန်းကို အနက်ဝတ်အဖိုးအိုမှ အမေးဖြင့် ပြန်ချေသည်။
“ တာအိုမိတ်ဆွေ ... မန်ပိုနန်းတော်နဲ့ မိုးပြာမျိုးစေ့ ဘယ်ဟာက ပိုအရေးကြီးလဲ။ ”
လုချောင်မင်တစ်ယောက် စကားမပြောနိုင်တော့ဘဲ အမူအရာ မှုန်မှိုင်းသွား တော့၏။ မဟာအကြီးအကဲနှင့် တတိယ အကြီးအကဲနောက်တွင် အဆင့်(၂) မြစ်သံတမန် မီးတောက်ဧကရာဇ်ဖုန်းချီရှိသည်။
မလိုအပ်သော် သူ ဝင်မပါလိုချေ။ သို့သော် အနက်ဝတ်အဖိုးအို၏ အမြင်အရ စုရီ၏ လက္ခဏာသည် အလွန်ထူးဆန်းဖွယ်ရှိကြောင်း သဘောပေါက်စေသည်။
“ သိုင်းဦးလေး မင်း .... မြန်မြန်ဆုံးဖြတ်ပါ ... အချိန်ကြာလာရင် ရပ်တန့်ဖို့ ခက်လိမ့်မယ်။ ”
စွေ့ကျင်းယန်မှ အလျင်လိုလာ၏။ လုချောင်မင်ခမျာ အသက်ပြင်းပြင်းရှူပြီး၊
“ မေ့လိုက်ပါ၊ ငါဒီအကြောင်းတွေကို သိလိုက်ရတဲ့အတွက် ဘာပဲဖြစ်ဖြစ် ငါရပ်ကြည့်နေဖို့ မသင့်ဘူး။ ”
-ဟု ပြောကြားလိုက်သည်။ စွေ့ကျင်းယန်မှ ကျေနပ်စွာပြုံးပြီး၊
“ သိုင်းဦးလေးက ပညာအရှိဆုံးပဲ။ ”
-ဟု ချီးကျူး၏။
ထိုစဉ် အနက်ရောင် တာအိုဝတ်ရုံဝတ် အဖိုးအိုက မတ်တပ်ထရပ်လိုက်ပြီး၊
“ သွားကြည့်ရအောင် ... အဲဒီတာအိုမိတ်ဆွေနဲ့ ငါက တစ်ယောက်ကို တစ်ယောက် သိခဲ့ကြတယ် ... ။ ”
-ဟု အတည်ပြုလိုက်သည်။
ထိုအပြုအမူကြောင့် လုချောင်မင်မှ မျက်ဝန်းများ ရုတ်တရက် မှေးစင်းသွားကာ၊
“ ဒီကိစ္စအတွက် တာအိုအစ်ကိုကို ဘယ်လိုများ ဒုက္ခပေးနိုင်မလဲ ... ငါ ကိုယ်တိုင် အဲဒါကိစ္စကို ဖြေရှင်းနိုင်ပါတယ်။ ”
-ဟု ပြောကြား၏။
သို့သော် အနက်ရောင် တာအိုဝတ်ရုံဝတ်အဖိုးအိုက လုချောင်မင်ထံ လေးနက်စွာပြန်ကြည့်ပြီး၊
“ ဒီကိစ္စအပေါ် တာအိုစုကသာ ဒေါသထွက်နေမယ်ဆိုရင် သူ မင်းကို မျက်နှာ မလွှဲတော့မှာ ငါစိုးရိမ်တယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထိုမှတ်ချက်သည် လုချောင်မင်ကို အံ့အားသင့်သွားစေပြီး မယုံနိုင်ဖွယ် ဖြစ်လာ၏။
“ တာအိုအစ်ကို၊ ငါက သူ့အန္တရာယ်ကို ကူညီဖြေရှင်းပေးတာ မဟုတ်လား ဒါဆို သူငါ့ကို ဘယ်လိုများ ဒေါသထွက်နိုင်မလဲ။ ”
ဤမေးခွန်းအပေါ် အနက်ရောင်ဝ တာအိုဝတ်ရုံဝတ်အဖိုးအိုက မျက်ခုံးပင့်လျက် တည်ငြိမ်စွာ ပြန်ဖြေသည်။
“ မင်းရဲ့မန်ပိုနန်းတော်က ... အမှားလုပ်မိတာ မဟုတ်ဘူးလား ဒါဆိုဘာလို့ သူရဲ့ကျေးဇူးတင်ဖို့ မျှော်လင့်နေတာလဲ။ ”
ထို့နောက် သက်ပြင်းချလိုက်ပြီး။
“ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ထည့်သွင်းစဉ်းစားပြီး ပြောရမယ်ဆိုရင်တော့ တာအိုစုလိုလူကို မင်းရဲ့မန်ပိုနန်းတော်က မနှောက်ယှက်သင့်ဘူး ...
... သူ့ကို ဂျူနီယာတစ်ယောက်လို ဆက်ဆံမယ်ဆိုရင် ဒီနေ့ကိစ္စက အဆင်ပြေမှာ မဟုတ်ဘူးလို့ ငါပြောဝံ့တယ် ... ဝမ်တျန် ငါတို့သွားကြည့်ရအောင်။ ”
-ဟု ဆိုလိက် အနက်ရောင် တာအိုဝတ်ရုံဝတ်အဘိုးအိုသည် လှိုဏ်ဂူထဲမှ ထွက်ခွာသွားတော့၏။
လုချောင်မင်၏ စွမ်းဆောင်ရည်ကြောင့် အနည်းငယ် စိတ်ပျက်မိသော်လည်း ပြန်တွေး ကြည့်သောအခါတွင် ပုံမှန်သာဖြစ်ကြောင်း သတိပြုမိလာသည်။
နောက်ဆုံးတွင် ဤအရပ်သည် မန်ပိုနန်းတော်နယ်မြေဖြစ်၏။ လုချောင်မင် အမြင်၌ စုရီမည်မျှ လျှို့ဝှက်ဆန်းကြယ်သည်ကို မသိခဲ့ချေ။
ဧကရာဇ်တစ်ပါးအနေဖြင့် ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ဦးအပေါ် အထင်သေးခြင်းသည် လုံးဝပုံမှန်ဖြစ်၏။
( တာအိုအစ်ကိုက အစွမ်းထက်တဲ့လူပဲ ဒါတောင်မှ သူက ဒီလူငယ်ကို လွယ်လွယ်နဲ့ ရန်မစချင်ဘူးလား။ )
လုချောင်မင်တစ်ယောက် အတွေးများဖြင့် အကြည့်များ လင်းလက်လာပြီး တုံ့ဆိုင်းမနေဘဲ ချက်ချင်း လိုက်ပါလာခဲ့သည်။
“ ကျင်းယန် ငါနဲ့လိုက်ခဲ့ ... နွေဦးတောင်ထိပ်ကိုသွားပြီး တာအိုစုနဲ့ စကား ကောင်းကောင်း ပြောရအောင်။ ”
“ ဟုတ်ကဲ့ ... ။ ”
စွေ့ကျင်းယန်တစ်ယောက် ခံစားချက်များ တဟုန်ထိုးတက်လာခဲ့သည်။ လုချောင်မင်ကဲ့သို့ မြစ်သံတမန်တစ်ဦးကို ဆွဲဆောင်ရန် မလွယ်လှချေ။
သူမ၏နောက်ခံသည် မွန်မြတ်ပြီး သာလွန်ကောင်းမွန်သော်လည်း အနက်ရောင် တာအိုဝတ်ရုံဝတ် အဖိုးအိုကဲ့သို့ အရာရောက်ခြင်း မရှိကြောင်း မြင်သာသည်။
***
နွေဦးတောင်ထိပ်ရှိ မဏ္ဍပ်တစ်ခုထဲတွင် ယွမ်လင်းနင်သည် လုံးဝဒေါသထွက်နေသည်။ သူမ၏ ရောင်ဝါသည် လှိုင်းလုံးကြီးကဲ့သို့ ပြန့်ကားနေ၏။
ဧကရာဇ်တစ်ပါး ဒေါသထွက်သောအခါ ကောင်းကင်နှင့် မြေကြီးသည် ဇောက်ထိုးပင် ဖြစ်သွားနိုင်မည်။
မျက်မမြင်အဘိုးအိုမှာ သူ့တစ်ကိုယ်လုံး လှုပ်မရတော့ချေ။ အရေပြားများ ကိုက်ခဲလျက် သွေးလည်ပတ်မှုတုန့်ဆိုင်းကုန်သည်။
အထူးသဖြင့် သူ့စိတ်ဝိညာဉ်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားအတွင်း ရှိနေ၏။
စုရီသာလျှင် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေဆဲဖြစ်ပြီး တိုက်ပွဲဝင်ဆန္ဒများ ပြည့်နှက် နေခဲ့သည်။
“ တတိယအကြီးအကဲ ခဏနေပါဦး စိတ်အေးအေးထားပါ။ ”
သို့သော် ထိုအချိန်တွင် လျင်မြန်သော အဟုန်ဖြင့် နဝမအကြီးအကဲ ရောက်လာသည်။ စုရီတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ယွမ်လင်းနင်သည်လည်း မကျေနပ်ချေ။
နဝမမြောက်အကြီးအကဲမှ နဖူးပေါ်ရှိ ချွေးအေးများကို သုတ်လျက်၊
“ တတိယအကြီးအကဲ ... တာအိုစုက ငါတို့ မန်ပိုနန်းတော်ရဲ့ ဧည့်သည်ပါ ... သူ ကျင်းယန်နဲ့ ဆက်ဆံရေးကောင်းတယ် ငါတို့ရန်ဖြစ်ရင် ... ။ ”
“ နဝမမြောက်အကြီးအကဲ မင်းငါ့ကို သင်ပေးနေတာလား။ ”
ရုတ်တရက် ယွင်လင်းနင်မျက်နှာသည် ရေခဲကဲ့သို့အေးစက်လာပြီး မျက်လုံးများအတွင်း လျှပ်စီးများလက်လာတော့၏။
ဧကရာဇ်ရောင်ဝါများ လွင့်ပျံလျက် လေထုကို ကြောက်မက်ဖွယ်ရာ ခြိမ်းချောက် စွမ်းအားများဖြင့် ဖုံးလွှမ်းလိုက်သည်။
ဤအရာသည် နဝမမြောက် အကြီးအကဲအပေါ် ကြီးစွာသော သက်ရောက်မှု ဖြစ်သွားစေ၏။
ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူတွေးထားသမျှ စကားလုံးများမျိုချလျက် တိတ်ဆိတ်သွားသည်။ သူ ဆက်ပြောသော် သူ့ကို ကရုဏာပြမည် မဟုတ်ချေ။
“ မင်း ထွက်သွားသင့်တယ်။ ”
စုရီက သက်ပြင်းချကာ နဝမမြောက်အကြီးအကဲကို ပြောလိုက်သည်။ စကားပြောနေစဉ်တွင် ကုလားထိုင်မှထရပ်ကာ မဏ္ဍပ်အပြင်ဘက်သို့ ညွှန်ပြပြီး၊
“ အပြင်ထွက်ပါ ... ငါမင်းကို သင်ခန်းစာသင်ပေးမယ်။ ”
-ဟု ယွင်လင်းနင်ထံ ပြောကြားလိုက်၏။
သူ့စကားများသည် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း ယွမ်လင်းနင် နားထဲတွင် ပေါက်ကွဲသွားသည်။
ဤသည်မှာ ဝိညာဉ်တာအိုနယ်ပယ်မှ လူငယ်တစ်ဦးဖြစ်သည်။ သို့သော် သူမကဲ့သို့ ဧကရာဇ်တစ်ပါးအပေါ် သင်ကြားပေးမည်ဟု သူရှေ့တွင် ပြောဝံ့သည်လော။
ထိုသို့သော မောက်မာမှုသည် သည်းခံနိုင်သည့် အတိုင်းအတာတစ်ခုထက် ကျော်လွန်နေသည်။ နဝမမြောက်အကြီးအကဲ သည်ပင် သူ့နားကို မယုံနိုင်တော့သလို မှင်သပ်စွာရပ်နေမိ၏။
“ ကောင်းပြီ ... ဒါဆို မင်းလို ပုရွက်ဆိတ်တစ်ကောင်က ဧကရာဇ်တစ်ပါးကို ဘယ်လိုသင်ပေးမလဲ ငါကြည့်မယ်။ ”
ယွမ်လင်းနင်မှ လူသတ်ချင်စိတ်ကို မြိုသိပ်လျက် အသက်ပြင်းပြင်းရှူကာ လှည့်၍ ထွက်လာခဲ့၏။ သို့သော် အပြင်သို့ရောက်ချိန်၌ အဝေးမှ ချဉ်းကပ်လာနေသော လူရိပ်များကို မြင်လိုက်ရသည်။
၎င်းတို့ကို ဦးဆောင်လာသူမှာ အဆင့်(၃)မြစ်သံတံမန် လုချောင်မင်မှတပါး အခြားမရှိချေ။ သူ့ဘေးတွင် ဆရာနှင့် တပည့် အပါအဝင် စွေ့ကျင်းယန် လိုက်ပါလာ၏။
ထိုမြင်ကွင်းကြောင့် နဝမမြောက် အကြီးအကဲနှင့် မျက်မမြင်အဖိုးအိုတို့သည် အနည်းငယ် သက်သာရာရကုန်သည်။
“ သိုင်းဦးလေး၊ မင်းဘာလို့ ဒီကိုရောက်လာရတာလဲ။ ”
ယွမ်လင်းနင်းက မျက်ခုံးပင့်လျက် မေးလိုက်၏။ ထိုမေးခွန်းကြောင့် လုချောင်မင် မျက်နှာမှာ ချက်ချင်းညိုမှိုင်းသွားလေသည်။
“ ငါလည်းမေးချင်တယ် ... မင်းရောဒီမှာ ဘာလာလုပ်နေတာလဲ။ ”
***