လှည့်ကွက်များ ... ။
Vol. 51 Ch. 611
ယွမ်လင်းနင်ခမျာ အံ့အားသင့် သွားတော့သည်။ တစ်ဆက်တည်းမှာပင် ဤသို့ မေးမြန်းခံရသည့်အပေါ် မကျေမနပ်ဖြစ်လာ၏။
“ ကံကောင်းထောက်မစွာနဲ့ ... ပဋိပက္ခတွေမဖြစ်ခဲ့ဘူး မဟုတ်ရင် ဒီနေ့မင်းကို ငါခွင့်လွှတ်နေမှာ မဟုတ်ဘူး။ ”
လုချောင်မင်မှ ဆက်ပြောသည်။ ယွမ်လင်းနင်ခမျာ ပါးပြင်များ ပို၍နီမြန်းလာ၏။ သူမသည် ဧကရာဇ်တစ်ပါးဖြစ်သည်။
ဧကရာဇ် ဖြစ်ပြီးနောက် နန်းတော်သခင်သည်ပင် ချွင်းချက်မရှိ မည်သူမျှ ဤသို့ရိုင်းရိုင်းစိုင်းစိုင်း မပြောဝံ့တော့ချေ။
ယခုမူ လုချောင်မင်သည် သူမကို အေးစက်စွာကြိမ်းမောင်းနေ၏။ ထိုမြင်ကွင်းက မျက်မမြင် အဘိုးကြီးနှင့် နဝမအကြီးအကဲကို အံ့ဩသွားစေသည်။
စုရီက လုချောင်မင်ထံ စိုက်ကြည့် လိုက်သည်။ ဤပြကွက်မှာ လိုအပ်သည်ထက် ပိုနေ၏။ စွေ့ကျင်းယန်ရာထူးဖြင့် ဤမျှအထိ ဆွဲဆောင်နိုင်မည် မဟုတ်ချေ။
ယင်းသည် ဆရာနှင့်တပည့်ကြောင့် ဖြစ်ပေမည်။ အနက်ရောင် တာအိုဝတ်လုံနှင့် အဖိုးအိုကနွေးထွေးစွာပြုံးပြီး ခေါင်းညိတ်ပြ၏။ ထိုအချိန်တွင် ယွမ်လင်းနင်တစ်ယောက် အသက်ပြင်းပြင်းရှူကာ၊
“ သိုင်းဦးလေး ... ငါနားမလည်နိုင်ဘူး မင်းဒီကိုလာရတဲ့အကြောင်းအရင်းက ဘယ်လိုပဲ ဖြစ်ဖြစ် ... မင်းဝင်ရောက်စွက်ဖက်တာကို ရှောင်ကြဉ်ရင် အကောင်းဆုံးဖြစ်မယ် ထင်တယ် နောက်ဆုံးတော့ နန်းတော်သခင် မရှိတဲ့ ...
... အချိန်မျိုးမှာ ဂိုဏ်းရဲ့အရေးကိစ္စ အားလုံးကို မဟာအကြီးအကဲကူကျန့်ရွှမ်ကသာ ကိုင်တွယ်ရမယ် မဟုတ်လား မင်းဒေါသတကြီး ဝင်စွက်ဖက်တာဟာ မသင့်တော်ပါဘူး။ ”
သူမ၏ စကားများသည် ယဉ်ကျေး သိမ်မွေ့သော်လည်း သဘောထားတွင် အလေး မထားမှုများ ပေါ်လွင်နေသည်။
ရုတ်တရက် လေထုသည် ပို၍ စိတ်ပျက်စရာကောင်းလိုက်၏။ လုချောင်မင်မှ မျက်နှာမည်းမှောင်သွားပြီး၊
“ မန်ပိုနန်းတော်ရဲ့ ... ဧကရာဇ်တစ်ပါး အနေနဲ့ ဒီလိုအရှက်မဲ့တဲ့ လုပ်ရပ်ကျူးလွန်တာ ငါရပ်ကြည့်နေရင် ... ငါတို့အားလုံး ရှက်စရာပဲ ငါဒီမှာရှိနေတဲ့အတွက် မင်းကို ခွင့်မပြုနိုင်ဘူး။ ”
-ဟု ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
“ စိတ်အေးအေးထားပါ သိုင်းဦးလေး ဒါတတိယအကြီးအကဲ အပြစ် မဟုတ်ပါဘူး။ ”
ရုတ်တရက် တည်ငြိမ်သောအသံဖြင့် မဟာအကြီးအကဲ ကူကျန့်ရွှမ် ထွက်ပေါ်လာ တော့သည်။ ထို့နောက် သူသည် လုချောင်မင် မျက်နှာကို ရှက်ရွံ့စွာပြန်ကြည့်ကာ၊
“ ဒါကို ရှင်းရှင်းလင်းလင်း ... မရှင်းပြရခြင်းက ငါ့အမှားပါ အဲဒါက တတိယ အကြီးအကဲလုပ်ရပ်ကို ရုတ်ခြည်း ဖြစ်သွားစေပါတယ်။ ”
လူတိုင်းသည် မတူညီသော အကြည့်များ ဖြစ်ပေါ်လာခဲ့ကြသည်။ ဤသည်မှာ ဆင်ခြေ သက်သက်မျှသာဖြစ်ချေ၏။
“ ဟမ့် ... ငါသာ အချိန်မီ မရောက်ခဲ့ရင် တတိယအကြီးအကဲက အမှားကြီးတစ်ခုကို ကျူးလွန်မိလိမ့်မယ် မဟုတ်လား။ ”
လုချောင်မင်က ကူကျန့်ရွှမ်ထံ မျက်မှောင်ကြုတ်ကြည့်ပြီး တုန့်ပြန်လေသည်။ ထိုစကားကြောင့် ယွမ်လင်းနင်မှာ မျက်နှာ ပျက်ယွင်းလျက် ငြင်းခုံရန်ပြင်၏။
“ သိုင်းဦးလေး ... မင်းပြောတာလည်း မှန်ပါတယ် ဒါပေမယ့် မူလက ငါတို့ တာအိုစုနဲ့ အရောင်းအဝယ်လုပ်ဖို့ မျှော်လင့်ခဲ့တာပါ ...
... သူသာ မိုးပြာမျိုးစေ့ကိုလွှဲပေးရင် ရက်ရက်ရောရော လျော်ကြေးပေးမယ်ဆိုတာ ဆွေးနွေးဖို့ တတိယအကြီးအကဲလာတာပါ။ ”
“ ဟမ့် ... ဒါက နားလည်မှုလွဲသွားတယ် ဆိုရင်တောင် မင်းတို့မှားနေတယ် ... ဒီအတွက် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ပါ။ ”
လုချောင်မင်မှ အလျော့မပေးသဖြင့် ကူကျန့်ရွှမ်မှ မျက်မှောင်ကြုတ် လိုက်လေသည်။ သူသည် မဟာအကြီးအကဲဖြစ်ပြီး သူ့ဆရာသည် အဆင့်(၂)မီးတောက် ဧကရာဇ်ဖြစ်၏။
ထို့ကြောင့် သူ့ရာထူးသည် မြစ်သံတမန် (၃)ပါးနှင့် နန်းတော်သခင်နီးပါး မြင့်မားချေပြီ။ ဤကာလအတွင်း နန်းတော်သခင်သည် မန်ပို နန်းတော်ကို သူ့ထံလွှဲအပ်ထား၏။
သို့သော် လက်ရှိအချိန်၌ အဆင့်(၂) မြစ်သံတမန်၏ ရပ်တည်ချက်သည် သူသာမက ယွမ်လင်းနင်းကိုပင် မယုံနိုင်လောက်အောင် ဖြစ်လာစေသည်။
“ သိုင်းဦးလေး ... ငါ သူ့ကို တောင်းပန်စေချင်နေတာလား။ ”
လွင်လင်းနင်အသံသည် ဒေါသများဖြင့် တုန်ခါနေ၏။ လုချောင်မင်မှ ဂရုမစိုက်ချေ။
“ အမှားလုပ်မိရင် လုပ်တဲ့လူက တောင်းပန်ရတာ ဘာများမှားနေလို့လဲ။ ”
ဤအခိုက်အတန့်တွင် ကူကျန့်ရွှမ်က မျက်ဝန်းများမှေးစင်းလျက်၊
“ တတိယအကြီးအကဲ ... သိုင်းဦးလေးပြောတာ မှန်ပါတယ် ငါတို့ဒီကိစ္စမှာ မှားခဲ့သူပဲ တောင်းပန်ရမယ်။ ”
-ဟု လေးနက်စွာ ဝင်ပြောသည်။
အဆုံး၌ ယွမ်လင်းနင်တစ်ယောက် တိတ်ဆိတ်သွားကာ ခက်ခက်ခဲခဲခေါင်းငုံ့လျက် စုရီထံ၊
“ အရင်က ငါ့ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ်။ ”
-ဟု ဆိုလိုက်သည်။
ထိုမြင်ကွင်းကြောင့် လူတိုင်း၏ ခံစားချက်များ ကမောက်ကမ ဖြစ်ကုန်ကြ၏။ တာအိုသည် ကောင်းကင်နှင့်တူပြီး ဧကရာဇ်မှာ နတ်ဘုရားဖြစ်သည်။
မန်ပိုနန်းတော်တွင် တတိယအကြီးအကဲ ရာထူးကို ပိုင်ဆိုင်ထားသော ယွမ်လင်းနင်သည် နတ်ဘုရားဖြစ်၏။
ယခုမူ အခြေအနေအရ အတင်းအကြပ် တွန်းအားပေးခံရကာ စိတ်ပျက်အားငယ်စွာ ဦးညွှတ်လိုက်ရချေပြီ။
ဤမြင်ကွင်းသည် သံသယဝင်စရာပင်။ အနက်ရောင် တာအိုဝတ်ရုံဝတ် အဖိုးအိုသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“ တကယ်တော့ ... အရင်တည်းက နားလည်မှုလွဲခဲ့တာပါ ... တာအိုမိတ်ဆွေ ငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်။ ”
လုချောင်မင်မှ စုရီကို တောင်းပန်လိုက်သည်။ သူသည် မြစ်သံတမန် ဖြစ်ပြီး ရွှမ်ယုဧကရာဇ်လည်းဖြစ်၏။
ထိုသို့သော တည်ရှိမှုမျိုးဖြင့် ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ယောက် အပေါ် တာအိုမိတ်ဆွေဟု သုံးနှုန်းခြင်းသည် မျက်နှာသာပေးခြင်းမည်သည်။
သာမန်ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူသာဖြစ်သော် ထိတ်လန့်မှုဖြင့် ယဉ်ကျေးစွာ တုန့်ပြန်နိုင်၏။
သို့သော် ဤသည်မှာ သာမန် ကျင့်ကြံသူ မဟုတ်ချေ။ စုရီဖြစ်၏။ သူက လျစ်လျူရှုလျက် ယွမ်လင်းနင်ထံ တိုက်ရိုက်ကြည့်ပြီး၊
“ မင်း မကျေနပ်ဘူးဆိုတာ ငါသိတယ် ရိုးရိုးသားသားပြောရရင် ငါလည်း မပျော်ဘူး ငါ မနက်ဖြန် ဒီကနေထွက်သွားတော့မယ် ...
... ဆန္ဒရှိရင် မင်းလိုက်လာနိုင်တယ် အရင်ကပြောခဲ့သလိုပဲ ငါမင်းကို သင်ပေးစရာ ရှိတယ်။ ”
-ဟု ပြောကြားလိုက်သည်။
လူတိုင်း အံ့ဩသွားကြ၏။
“ ဟား ဟား ဟား ... ။ ”
အထူးသဖြင့် ယွမ်လင်းနင်ဖြစ်သည်။ ဒေါသတကြီး ရယ်မောလျက် စကား ချက်ချင်း မပြောနိုင်ဖြစ်သွား၏။
သူမ၏ ဧကရာဇ်သက်တမ်း (၁၃၀၀)အတွင်းတွင် ဤနေ့ကဲ့သို့ အရှက်ရမှုမျိုး မကြုံဖူးသေးချေ။
ဤခံစားချက်သည် ရိုးရိုးရှင်းရှင်း ဖော်ပြ၍မရသော သတ်ဖြတ်လိုစိတ်များ ပေါက်ဖွားလာစေသည်။
“ ကောင်းပြီ ... အချိန်ကျရင် ငါလိုက်လာမယ်။ ”
စကားဆုံးသည်နှင့် ချက်ချင်း ထွက်ခွာလာခဲ့သည်။ မနေချင်တော့ချေ။ စုရီကို မြင်နေရခြင်းသည် သူ့ကို ပေါက်ကွဲမိစေမည်။
“ နှုတ်ဆက်ပါတယ်။ ”
ကူကျမ့်ရွှမ်သည်လည်း လုချောင်မင်ကို ဒေါသထွက်နေသော်လည်း နှုတ်ဆက်လျက် လှည့်ထွက်သွား၏။
ထိုမြင်ကွင်းများကို ငေးကြည့်လျက် မျက်မမြင်အဘိုးအို၏ နှလုံးသားသည် နစ်မြုပ် သွားခဲ့ချေပြီ။
သူနှင့်စုရီထွက်ခွာသွားသော အခါတွင် သေချာပေါက်လက်စားချေရန် ယွမ်လင်းနင်မှ မလွဲမသေ လိုက်လာပေလိမ့်မည်။
စွေ့ကျင်းယန်၏ အမူအရာ ပြောင်းသွားသည်။ ပဋိပက္ခအပေါ် ဖြေရှင်းရန် အဆင့်(၃)မြစ်သံတမန်ကို တောင်းဆိုခဲ့ သော်လည်း နောက်ဆုံးရလဒ်သည် ဤကဲ့သို့ဖြစ်လာချေပြီ။
“ တာအိုမိတ်ဆွေ ... မင်းက စိတ်မြန်လွန်းတယ်။ ”
ဤအခိုက်အတန့်တွင် လုချောင်မင်သည် မျက်မှောင်ကြုတ်လျက် သက်ပြင်း ချလိုက်၏။ သူ့စကားအပေါ် စုရီမှ မျက်ခုံးပင့်သည်။
“ ဒါက မင်းလိုချင်တဲ့ ပုံစံမဟုတ်ဘူးလား။ ”
သူ့စကားသည် ယဉ်ကျေးခြင်းမရှိချေ။ လုချောင်မင်တဟ်ယောက် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လျက်၊
“ ဒါက ဘာကိုဆိုလိုတာလဲ တာအိုမိတ်ဆွေ။ ”
-ဟု ပြန်မေးသည်။
“ မင်းတကယ် ကူညီတာလား ... သူ ငါ့အပေါ် မုန်းတီးအောင် ဖန်တီးလိုက်တာလား။ ”
ဤမေးခွန်းကြောင့် လူတိုင်းသည် အတွင်းစိတ်ထဲ တုန်လှုပ်သွားကာ မျက်နှာများ အရောင်ပြောင်းသွားကြသည်။ လုချောင်မင်မှ မကျေမနပ်ဖြင့်၊
“ တာအိုမိတ်ဆွေ ... ငါမင်းကို တမင်ဒုက္ခရောက်အောင် လှုံ့ဆော်နေတယ်လို့ မင်းထင်နေတာလား ... ။ ”
“ ဒါကတော့ ... ငါထက် မင်းက ပိုသိပါလိမ့်မယ် ငါတို့တွေဒီပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးစားနေတာဆိုတော့ ...
... တကယ်ဆို ယွင်လင်းနင်ဆိုတဲ့ အမျိုးသမီးကို အရှက်ရ နာကျင်လာအောင် မင်းလုပ်ဖို့ မလိုပါဘူး ...
... ကောင်းပြီ ... မင်းရဲ့ဖြေရှင်းချက်ကို ငါစိတ်မ၀င်စားဘူး ... သူငါ့အပေါ် မုန်းတီးတယ် ဆိုလည်း ... ငါဂရုမစိုက်ဘူး။ ”
“ ဟားဟားဟား ... ငါက ကူညီဖို့ စေတနာနဲ့လာခဲ့တယ် ဒါပေမယ့် နောက်ဆုံး မှာတော့ တာအိုမိတ်ဆွေက ...
... ငါ့အပေါ် ဒီလိုဆက်ဆံခဲ့တယ် ... အခုကိစ္စတွေသာဖြစ်မယ်ဆိုတာ ငါသိခဲ့ရင် ငါတကယ် ထွက်မလာဘူး။ ”
ထို့နောက် အနက်ရောင် တာအိုဝတ်လုံနှင့်အဖိုးအိုထံ လှည့်ကာ လက်သီး ဆုပ်ကိုင်ပြလိုက်ပြီး၊
“ တာအိုအစ်ကို ... ငါအရင် အနားယူတော့မယ်။ ”
-ဟု နှုတ်ဆက်တော့၏။
လူတိုင်းသည် ဤဖြစ်စဉ်၏ အချင်းအရာအပေါ် ခဏမျှစဉ်းစားပြီး သို့လော သို့လော ဖြစ်ကုန်၏။
နဝမမြောက်အကြီးအကဲမှ ခေါင်းယမ်းပြီး သက်ပြင်းချလျက် လှည့်ထွက်သည်။ သူသည် ဤအရှုပ်အထွေး၌ မပါဝင်ချင်တော့ချေ။
**