မေ့လျော့ခြင်းမြစ်လှိုဏ်ဂူ။
Vol. 51 Ch. 612
“ ဒီကိစ္စကို သေချာမစဉ်းစားမိတာ ငါ့အမှားပါ။ ”
ရုတ်တရက် အနက်ရောင် တာအိုဝတ်လုံဝတ်အဖိုးအိုက တောင်းပန်စကား ပြောကြားလာသည်။ စုရီမှ သူ့ထံ ကြည့်၏။
“ လုချောင်မင်က ... ဒီကိစ္စမှာ မပါဝင်ချင်ပေမယ့် သူရှေ့တိုးလာဖို့ ငါဖိအားပေး ခဲ့မိပါတယ် ... တာအိုစုငါ့ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်။ ”
ဤစကားများသည် စွေ့ကျင်းယန် နှလုံးသားကို အေးခဲသွားစေတော့သည်။ ဤသို့ဆိုသော် စုရီထင်မြင်ချက်သည် အမှန် ဖြစ်နေပုံရချေပြီ။
စုရီက အနက်ရောင် တာအိုဝတ်ရုံဝတ် အဘိုးအိုကိုကြည့်ကာ၊
“ ငါမမှားရင် ငါ့ဇစ်မြစ်က ထူးထူးခြားခြားဆိုတာ လုချောင်မင်ကို ပြောခဲ့တယ်မဟုတ်လား။ ”
-ဟု မေးလိုက်၏။
“ မှန်ပါတယ် မန်ပိုနန်းတော်ကို ကြီးကြီးမားမား အမှားကြီး မလုပ်စေချင်ဘူး။ ”
အနက်ဝတ်အဖိုးအိုမှ ပြန်ဖြေသည်။
“ ဒါပေမယ့် မင်းရဲ့သတိပေးချက်က လုချောင်မင်အတွက် တခြားစိတ်ကူးမျိုးတွေ ပေါ်လာစေတယ် ... သူ့အမြင်အရ ...
... ကူကျန့်ရွှမ်နဲ့ ယွမ်လင်းနင်သာ ငါ့ရန်သူဖြစ်သွားရင် ဒုက္ခရောက်လိမ့်မယ်လို့ ယူဆလိုက်ပုံပဲ။ ”
စုရီ၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် ယခင်အငြင်းပွားမှုတွင် ဖုံးကွယ်ထားသည်များ ရှိနေကြောင်း သဘောပေါက်ကုန်သည်။
လူ့နှလုံးသားသည် သစ္စာမဲ့ပြီး မှန်းဆ၍မရနိုင်သည်ကို သတိကပ်လာစေ၏။ ဤအခိုက်အတန့်တွင် စွေ့ကျင်းယန်မှ၊
“ မဖြစ်နိုင်ပါဘူး ... မဟာအကြီးအကဲနဲ့ တတိယအကြီးအကဲက နင့်ကြောင့် ဒုက္ခရောက် လိမ့်မယ်လို့ အဆင့်(၃) မြစ်သံတမန်က ဘာလို့ထင်ရတာလဲ။ ”
-ဟု စောဒကတတ်၏။ စုရီက တာအိုဝတ်ရုံဝတ် အကြီးအကဲကို တစ်ချက် ကြည့်လိုက်ပြီး၊
“ သူ့ကြောင့်ပဲ လုချောင်မင်က သူ့ကို တာအိုအစ်ကို တစ်ယောက်အဖြစ် သတ်မှတ်တဲ့ အတွက် သူ့စကားတွေက အလေးချိန်ရှိတယ်။ ”
-ဟု ရှင်းပြန်သည်။ အနက်ရောင် တာအိုဝတ်လုံနှင့် အဖိုးအိုက ရှုံ့မဲ့စွာပြုံးသည်။ စုရီစကားများတွင် နောက်ပြောင်ခြင်း အရိပ်အမြွက်ကို သူတွေ့ရှိခဲ့၏။
“ ဒါက ရယ်စရာပဲ ... နင့်လို ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူလေးက ဧကရာဇ်ကို ဘယ်လိုလုပ် စိန်ခေါ်နိုင်မှာလဲ။ ”
“ မိန်းကလေးစွေ့ ... အဲဒါက မင်းက အတွေ့အကြုံ မရှိသေးလို့ပဲ အချိန်တန်တဲ့အခါ မင်းရဲ့တာအိုစု ဘယ်လောက်အထိ ထူးထူးခြားခြား ဖြစ်တယ်ဆိုတာ သိလာလိမ့်မယ်။ ”
အနက်ဝတ် အဖိုးအိုမှ ပြုံးလျက် ပြောကြားလာသည်။ ဝမ်းနည်းစရာပေပင်။ လူအများအပြားသည် သူတို့၏ ဘဝတွင် နတ်ဘုရားတစ်ပါးကို မြင်နေသော်မှ နတ်ဘုရားမှန်း မသိနိုင်ကြချေ။
“ တာအိုစု မနက်ဖြန် ... ငါတို့ မန်ပိုနန်းတော်ကနေ သွားတော့မယ် ကံကြမ္မာ ရှိရင် အတူတူသောက်ကြမယ် ... ။ ”
အနက်ဝတ် အဖိုးအိုမှ ပြုံးပြီး နှုတ်ဆက်လေသည်။ စုရီမှ အနည်းငယ် ခေါင်းညိတ်လျက်၊
“ ဂရုစိုက်ပါ ... ။ ”
-ဟု ပြောသည်။
ထိုစကားအနည်းငယ်သည် သူ့ကိုသတိပေးနေကြောင်း သဘောပေါက်ကာ ခေါင်းညိတ်လျက် ပြုံး၏၊ ထို့နောက် ဝမ်တျန် နှင့်အတူ လှည့်ထွက်သွားသည်။
ဆရာနှင့်တပည့် ပုံရိပ်များ ပျောက်ကွယ်ပြီးနောက် စုရီက စွေ့ကျင်းယန်ထံ ကြည့်ကာ၊
“ မနက်ဖြန် မင်းအိမ်ကို သွားလည်ဖို့ စီစဉ်ထားတာ ... မင်းငါ့နဲ့လိုက်ချင်လား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဒါက ... ။ ”
စွေ့ကျင်းယန်တစ်ယောက် မျက်လုံးပြူးလာကာ၊
“ နင်က ငါ့အိမ်ကို ဘာသွားလုပ်မလို့လဲ။ ”
-ဟု အံ့အားသင့်စွာ မေးမြန်းလိုက်၏။ စုရီသည် ခဏမျှစဉ်းစားပြီး၊
“ မင်းရဲ့ဘိုးဘေး တစ်ခုခုတော့ ကြုံခဲ့ရတယ် ငါသွားကြည့်ရမယ်။ ”
-ဟု ဖြေကြားလိုက်သည်။
ထိုအဖြေသည် စွေ့ကျင်းယန်ကို ပို၍ပင် မှင်သပ်သွားစေသည်။
“ နင်ဘယ်လိုသိလဲ ... ။ ”
“ မင်းက အရမ်းမိုက်မဲတာပဲ ... မင်းဘိုးလေးခဲ့တဲ့ ကျောက်စိမ်းဆွဲသီးကို မေ့သွားပြီလား။ ”
စွေ့ကျင်းယန်တစ်ယောက် မျက်နှာဖြူဖျော့ကာ အရှက်ရသွားချေပြီ။
“ ဒါဆို ငါ့ဘိုးဘေး ဘာဖြစ်သွားတာလဲ။ ”
“ မင်းအိမ်ကို ငါနဲ့လိုက်ခဲ့မယ်ဆိုရင် မင်းသိရမှာပါ လိုက်မယ်ဆိုရင် မနက်ဖြန်မနက် ဒီကိုလာခဲ့ပါ။ ”
စကားဆုံးသည်နှင့် စုရီက အခန်းထဲ လှည့်ဝင်သွားသည်။ လျှို့ဝှက်ဆန်းကြယ်ပြီး ပဟေဠိများ ဖုံးလွှမ်းနေသော စုရီကျောပြင်ကို ငေးလျက် စွေ့ကျင်းယန် ကျန်ရစ်ခဲ့၏။
“ ဒီကောင်နဲ့ လိုက်ရတာ အဆင်မပြေပေမယ့် တတိယအကြီးအကဲသာ လိုက်လာရင် ငါရှိနေတဲ့အတွက် အနည်းဆုံး သူသေမှာတော့ မဟုတ်ဘူး ... ။ ”
စွေ့ကျင်းယန်မှ သက်ပြင်းချကာ လှည့်ထွက်လာခဲ့သည်။ အိမ်ပြန်ရောက်သော် ဤစုရီအကြောင်း ဖခင်ထံ မေးမြန်းနိုင်၏။
မဏ္ဍပ်ထဲတွင် စုရီတစ်ယောက် ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်း နေရာမှ ချက်ချင်း ထရပ်လိုက်သည်။
“ ငါ့မေ့တော့မလို့ ... ။ ”
နိုင်ဟဲတောင်ထိပ်ကိုးလုံးသည် လရောင်အောက်တွင် ထူးဆန်းသော ဖြစ်စဉ်များ ပြသနေသည်။
တစ်ခါတစ်ရံ ခရမ်းရောင်၊ တစ်ခါတစ်ရံ အနီရောင်နှင့် တစ်ခါတစ်ရံ ငွေရောင်ဖျော့ဖျော့ တောင်ထိပ်များမှ ထုတ်လွှတ်နေ၏။
ဤသည်မှာ စုန်းမီးတောက်များဖြစ်သည်။ လရောင်သာ မရှိသော် သတိထားရပေမည်။ ည အချိန်အခါသည် သရဲတစ္ဆေများ ကျင်လည် ကျက်စားရာအချိန်ဖြစ်၏။
ထို့အပြင် တားမြစ်ဇုန်များ၊ အပြစ်နှင့်သွေးမြစ်၊ နားကျည်းခြင်းပင်လယ်တို့၌ သာ၍ဆိုးသော ဖြစ်ရပ်ဆန်းများပင်ရှိသည်။
ဆိုလိုသည်မှာ မရဏကမ္ဘာတွင် လကွယ်ညသည် မကောင်းဆိုးရွားပျော်မြူးရာ ကမ္ဘာကြီး ဖြစ်သည်။ ရှေးခေတ်မှ ယနေ့အထိ မည်သူမျှ ထိုမျှဆန်းကြယ်သော ဖြစ်ရပ်များကို နားမလည်နိုင်ကြချေ။
အကြမ်းဖျင်းကောက်ချက်များအရ မရဏကမ္ဘာတွင် လမင်းသည် အရေးကြီးသည်။ ၎င်းရောင်ခြည်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအချို့ပါရှိ၏။
လမင်းကွယ်ပျောက်သောအခါ ထိုစွမ်းအားပျောက်ကွယ်လျက် ထူးဆန်းသော ဖြစ်စဉ်များ ထွက်ပေါ်လာခြင်းပေပင်။
မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ ထင်ကြေးမျှသာဖြစ်သည်။ မရဏကမ္ဘာသည် ကျယ်ပြောပြီး အကန့်အသတ်မရှိချေ။
ယခင်ဘဝ ဧကရာဇ်အထွတ်အထိပ် နယ်ပယ်ဖြင့်ပင် ဤကမ္ဘာကြီး၏ အတိုင်းအတာ ဧရိယာနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကို နားမလည်နိုင်ခဲ့ချေ။
ယနေ့ညတွင် လရောင်ခြည်သည် ခရမ်းရောင် တောက်ပလျက် နိုင်ဟဲတောင်ကို ပါးလွှာသော အလွှာတစ်ခုလို ဖုံးထား၏။
ထိုမြင်ကွင်းသည် စုရီကို အတွေးများ ပျံ့လွင့်စေသည်။ ကျောက်စိမ်းတံတားထံသို့ ရောက်ချိန်တွင် လက်နှစ်ဖက်နောက်ပို့ကာ ချိုင့်ဝှမ်းထဲ ငုံ့ကြည့်၏။
ဤတောင်ကြားသည် နိုင်ဟဲတောင်ထွတ် ကိုးလုံးကြား ဆက်စပ်နေသော ချိုင့်ဝှမ်းဖြစ်ကာ မြူခိုးများ ထူထပ်စွာ ဖုံးလွှမ်းနေသည်။
၎င်းမြူများအတွင်း ဧကရာဇ်တစ်ပါး အတွက်ပင် သေစေသော ခြိမ်းခြောက်မှုများ ပေးစွမ်းသည့် ဧကရာဇ်ပျက်စီးခြင်း အစီရင်စွမ်းအား ပါရှိသည်။
“ ဝှစ် ... ။ ”
အတိတ်ဘဝ၌ သူ့အတွက် ထိုသို့သော တားမြစ်ဝင်္ကပါများသည် အလှဆင်ခြင်းမျှသာ ဖြစ်၏။ ထို့နောက် ချိုင့်ထဲခုန်ချလိုက်သည်။
၀တ်ရုံများ တဖျပ်ဖျပ်ခတ်လျက် ရိုက်ခတ်လာသော တားမြစ်စွမ်းအင်လှိုင်းများ ကြုံတွေ့ရတိုင်း ရှောင်တိမ်းခဲ့၏။ များမကြာခင် ချိုင့်ဝှမ်းအောက်ခြေသို့ ရောက်ရှိသွားသည်။
ဤသည်မှာ မန်ပိုနန်းတော်၏ တားမြစ်နယ်မြေဖြစ်၏။ ကာကွယ်သူနှင့် အထက် ရှိသူကိုသာ ဝင်ခွင့်ပြုသည်။
ချိုင့်ဝှမ်းသည် ကျယ်ပြောပြီး အုံ့မှိုင်းကာ မြူခိုးများဖုံးလွှမ်းနေ၏။ ကြေးမီးတိုင်များသည် တစ်ဖက်တစ်ချက်ရှိ ချောက်ကမ်းပါးတွင် လင်းလက်စွာ ချိတ်ဆွဲထားသည်။
စုရီရှေ့တွင် အနက်ရောင် ကျောက်ပြားများ ခင်းကျင်းထားသောလမ်းရှိ၏။ ကျောက်ပြားများ အပေါ်တွင် တားမြစ်အစီရင်များ ချမှတ်ထားသည်။
လမ်းအဆုံးတွင် မေ့လျော့ခြင်းမြစ်လှိုဏ်ဂူ ရှိ၏။ သို့သော် ဤလမ်းသည် ကြောက်မက်ဖွယ် ကောင်းပြီး ဧကရာဇ်ကိုပင် ကျူးကျော်ခြင်း မပြုအောင် ခြိမ်းခြောက်နိုင်သည်။
သူ့အနေဖြင့် ဖြတ်သန်းနိုင်သော်လည်း မလိုအပ်ဟုမြင်၏။ ရုတ်တရက် ထူးဆန်းသော အသံလှိုင်းအချို့ ထုတ်လွှတ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း ရွှေရောင် မျက်ဝန်းတစ်စုံပေါ်လာပြီး ရွှေသက်တံတစ်စင်း ကျောက်ခင်းလမ်းပေါ် ဖြစ်ပေါ်လာ၏။
စုရီမှ လမ်းတက်လိုက်သည်နှင့် ရွှေရောင်သက်တံသည် ပြန်လည်ဆုတ်ခွာလျက် လမ်းအဆုံးသို့ သူ့ကို ခေါ်ဆောင်သွားချေပြီ။
ဤနည်းဖြင့် ဧကရာဇ်သတ်ဖြတ်ခြင်း အစီရင်ကိုဖြတ်ကျော်ကာ ကြီးမားလှသော ဂူဝင်ပေါက်ကြီးတစ်ခုရှေ့ ရောက်လာသည်။
ဝင်ပေါက်သည် အမြင့်ဆယ်ပေရှိပြီး အတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို ရှင်းရှင်းလင်းလင်းမမြင်ရချေ။
“ ဝူး ... ။ ”
တောင်တစ်လုံး အရွယ်အစားရှိသော သားရဲတစ်ကောင်၏ ဦးခေါင်းသည် မြူခိုးများ အတွင်းမှ ထွက်ပေါ်လာ၏။
မြူများအတွင်း ခန္ဓာကိုယ်တစ်ခုလုံး နစ်မြုပ်နေသဖြင့် မည်မျှကြီးမားနေသည်ကို အပြည့်အ၀ မသိနိုင်ချေ။
ထိုသားရဲကြီးသည် စုရီကို မြင်သောအခါ စိတ်လှုပ်ရှားမှုများဖြင့် ကြည့်လာတော့သည်။
***