← Chapters

ရွှမ်အဖိုးအိုရောက်ရှိလာခြင်း

Vol. 35 Ch. 482

ရွှမ်အဖိုးအိုရောက်ရှိလာခြင်း

Vol. 35 Ch. 482

ရွှမ်အဖိုးအို ရောက်ရှိလာမှုကြောင့် လူတိုင်းမှာ အ့ံအားသင့်သွားကြရသည်။ မူလသူတော်စင်တောင်ထွတ်အတွင်း အမြဲတစေ ပုန်းကွယ်နေတက်သည့် ရွှမ်အဖိုးအိုမှာ ယခုလို တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား ကျင်းပရာနေရာသို့ ရောက်ရှိလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြချေ။

"အဖိုးရွှမ် ရောက်လာတယ်ဆိုတာ ရှားပါးကိစ္စပဲ။" ကလန်ခေါင်းဆောင်ချင်းယန်မှ ရွှမ်အဖိုးအိုအား အရိုအသေပြုကာ နှုတ်ဆက်လိုက်၏။

ရွှမ်အဖိုးအိုမှာ အစေခံဟောင်းတစ်ဦးသာ ဖြစ်ပါသော်လည်း မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းအနီး၌ အချိန်ကြာမြင့်စွာ တည်ရှိလာသူဖြစ်သည်။ ထို့်​ကြောင့် ကလန်ခေါင်းဆောင်ချင်းယန်သည်ပင် ရွှမ်အဖိုးအိုအား လေးစားစွာ ပြောဆိုဆက်ဆံရ၏။

တောင်ထွတ်ဆရာသခင်လ့ဲကျွမ်းမှလွဲ၍ အခြားသောတောင်ထွတ်ဆရာသခင်များအားလုံးမှာလည်း ရွှမ်အဖိုးအိုအား အရိုအသေပြု နှုတ်ဆက်လိုက်ကြသည်။

ရွှမ်အဖိုးအိုမှာ လက်အားဝေ့ယမ်းပြလျက် စကားဆိုလိုက်၏။ "နှုတ်ဆက်နေစရာ မလိုပါဘူး။ ငါပြောချင်တဲ့ ကိစ္စက မူလသူတော်စင်တောင်ထွတ်ကို တပည့်ခေါင်းဆောင်ခုနစ်ယောက်လုံး ဝင်မယ့်အကြောင်းအရာကို သဘောမတူနိုင်ဘူးဆိုတာပဲ။"

ကလန်ခေါင်းဆောင်ချင်းယန်မှာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးရယ်နေရသည်။ ရွှမ်အဖိုးအို၏ ခေါင်းမာမှုအား ကလန်ခေါင်းဆောင်ချင်းယန်မှ ကောင်းစွာသိရှိထား၏။ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းကိုယ်တိုင် ချမှတ်ထားခ့ဲသော မူလသူတော်စင်တောင်ထွတ်မှ စည်းမျဥ်းစည်းကမ်းများအား ရွှမ်အဖိုးအိုမှာ အသက်တမျှ တန်ဖိုးထားလေသည်။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။ "မူလသူတော်စင်တောင်ထွတ်ရဲ့ ချိပ်စည်းကို တက်နိုင်သမျှ အမြန်ဆုံးဖြည်နိုင်ဖို့ ပိုအရေးမကြီးဘူးလား။ အခုနှစ်တွေအတွင်း မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်မှန်သမျှက ချိပ်စည်းကိုဖြည်နိုင်ဖို့ ကျရှုံးခ့ဲတာကို အဖိုးရွှမ် မသိတာလည်း မဟုတ်ပဲနဲ့။"

ရွှမ်အဖိုးအိုမှာ တံမြက်စည်းအား မြေပြင်ပေါ်သို့ဆောင့်ချ၍ ပြန်လည်ပြောဆိုလိုက်သည်။ "ငါသိတာကတော့ ဆရာသခင်ကိုယ်တိုင် ချမှတ်ထားခ့ဲတဲ့ စည်းကမ်းတွေကို ထိန်းသိမ်းထားရမယ်ဆိုတာပဲ။"

ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချကာ ဝင်ရောက်ပြောဆိုလိုက်၏။ "ကျွန်တော်တို့လို တပည့်တွေက ဆရာသခင်ကန်ရွှမ်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဘယ်လိုလုပ် ပြောင်းလဲရဲပါ့မလဲ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တုိ့ ကန်ရွှမ်းကလန်က မြင့်မြတ်သောနန်းတော်ရဲ့ဖိနှိပ်ခြင်းကို ခံနေရတာလေ။ အဲ့ဒါကြောင့် မြင့်မြတ်သောနန်းတော်ကို တားဆီးနိုင်ဖို့အတွက် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ပြန်ပြီးရဖို့ လိုအပ်တယ်။"

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။ "ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ရပြီဆိုတာနဲ့ မြင့်မြတ်သောနန်းတော်က ဖိနှိပ်ခ့ဲတာတွေအတွက် ပြန်ပြီးပေးဆပ်ခိုင်းပစ်မယ်။"

တောင်ထွတ်ဆရာသခင်များအားလုံး၏ အမူအရာမှာ ခက်ထန်မာကြောနေ၏။

ရွှမ်အဖိုးအိုမှာ ခေတ္တမျှ တိတ်ဆိတ်သွားရသည်။

မိုးကြိုးအကျဥ်းထောင်တောင်ထွတ်၏ ဆရာသခင်လဲ့ကျွမ်းမှ တိုးညင်းစွာဖြင့် စကားဆိုလိုက်၏။ "ရွှမ်အဖိုးကြီး ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ရနိုင်ဖို့အတွက် ငါတို့အကုန် ကြိုးစားကြရလိမ့်မယ်။ တကယ်လို့ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားသာ မြင့်မြတ်သောနန်းတော် လက်ထဲရောက်သွားရင် မတွေးဝ့ံစရာတွေ ဖြစ်လာလိမ့်မယ်။"

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ ခေါင်းညိတ်ပြကာ ထောက်ခံပြောဆိုလိုက်သည်။ "ဟုတ်တယ် အဲ့ဒါကြောင့် အဖိုးရွှမ်ကလည်း ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"

ရွှမ်အဖိုးအိုမှာ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ "မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်တွေကို အခွင့်အရေးတစ်ခါလောက် ပေးလိုက်ပါဦး။ ဒီတစ်နှစ်အတွင်း မူလသူတော်စင်တောင်ထွတ်ရဲ့ ချိပ်စည်းကို မဖြည်နိုင်ခ့ဲဘူးဆိုရင် တခြားတောင်ထွတ်က တပည့်ခေါင်းဆောင်တွေကို အဓိကတောင်ထွတ်ထဲဝင်ဖို့ ငါသဘောတူပေးပါ့မယ်။"

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဘာလို့ အချိန်နောက်တစ်နှစ် ထပ်ဆွဲနေရဦးမှာလဲ။"

"ဒီနှစ်အတွက် မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဖြစ်သွားတဲ့ ကောင်လေးက တော်တယ်ဆိုပေမယ့် သူ့ရဲ့စွမ်းအင်လောက်နဲ့ အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းကို ဖြည်နိုင်မှာမဟုတ်ဘူး။ အရင်တုန်းက မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်တွေကလည်း မဖြည်နိုင်ခ့ဲဘူး။ အဲ့ဒါကို ကျွန်တော်တို့ထက် အဖိုးရွှမ်က ပိုသိမှာပါ။"

ရွှမ်အဖိုးအိုမှ တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။ "ဒါကငါရဲ့ နောက်ဆုံး,ဆုံးဖြတ်ချက်ပဲ။ ဒီဆုံးဖြတ်ချက်ကို မင်းတို့သဘောမတူနိုင်ဘူးဆိုရင် တခြားတောင်ထွတ်က ဘယ်တပည့်ခေါင်းဆောင်ကိုမှ မူလသူတော်စင်တောင်ထွတ်ရဲ့ အဓိကတောင်ထွတ်ထဲဝင်ဖို့ ခွင့်မပြုပေးတော့ဘူး။"

မူလသူတော်စင်တောင်ထွတ်အား မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းကိုယ်တိုင် ချိပ်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ရွှမ်အဖိုးအိုတစ်ဦးတည်းကသာ ထိုချိပ်စည်းအကြောင်း အနည်းငယ် သိရှိနားလည်ခြင်း ဖြစ်သည်။ ကလန်ခေါင်းဆောင်ချင်းယန်သည်ပင် မူလသူတော်စင်တောင်ထွတ် တစ်ခုလုံးအား ဖျက်စီးပစ်ရုံမှလွဲ၍ ချိပ်စည်းအား ပယ်ဖျက်နိုင်မည်မဟုတ်ချေ။

ကလန်ခေါင်းဆောင်ချင်းယန်မှာ ခေတ္တမျှတိတ်ဆ်ိတ်နေပြီးနောက် တောင်ထွတ်ဆရာသခင်လင်ကျွမ်းအား လက်ကာပြကာ စကားဆိုလိုက်၏။ "အဖိုးရွှမ်ရဲ့ ဆုံးဖြတ်ချက်ကို ငြင်းပယ်စရာ မရှိပါဘူး။"

"အဖိုးရွှမ် ပြောတဲ့အတိုင်း မူလသူတော်စင်တောင်ထွတ်က တပည့်တွေကို အချိန်တစ်နှစ် ထပ်ပေးပါ့မယ်။ အဲ့အချိန်အတွင်း ချိပ်စည်းကို မဖြည်နိုင်ခ့ဲဘူးဆိုရင် တခြားတောင်ထွတ်က တပည့်ခေါင်းဆောင်တွေကို ဝင်ရောက်ခွင့်ပြုပါ့မယ်။"

အခြားသောတောင်ထွတ်ဆရာသခင်များမှ ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ "သဘောတူပါတယ်။"

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ ဇူယွမ်အားကြည့်ရှု၍ ရွှမ်အဖိုးအိုအား ပြောလိုက်၏။ "အဖိုးရွှမ် လုပ်နေတာတွေ အကုန်လုံးက အလကားပဲ။ မူလသူတော်စင်တောင်ထွတ်က အစကနေပြန်ပြီးပြင်ဆင်ဖို့ လိုအပ်နေတာကြာပြီ။"

"အခုမူလသူတော်စင်တောင်ထွတ်မှာရှိနေတဲ့ အုပ်စုနှစ်ခုလုံးက ဘာမှသုံးစားမရဘူး။ အဲ့ဒါကြောင့် အဖိုးရွှမ် သူတို့အတွက် တွေးပေးမနေသင့်တော့ဘူး။"

ရွှမ်အဖိုးအိုမှ အေးစက်ခက်ထန်စွာပင် ပြန်လည်တုံ့ပြန်လိုက်သည်။ "အဲ့အသုံးမကျတဲ့ အုပ်စုက တပည့်ကပဲ မင်းရဲ့ဓားကပ်ဘေးတောင်ထွက်ကလာတဲ့ တပည့်တွေကို အနိုင်ယူပစ်လိုက်တာ မဟုတ်ဘူးလား။"

တောင်ထွတ်ဆရာသခင်လင်ကျွမ်း၏ အမူအရာမှာ တင်းမာခက်ထန်သွားရ၏။

ကလန်ခေါင်းဆောင်ချင်းယန်မှ လက်အားဝေ့ယမ်းကာ ပြောလိုက်သည်။ "ငါတို့ ဒီကိစ္စကို ဆုံးဖြတ်ပြီးကြပြီမို့လို့ ထပ်ပြီးမဆွေးနွေးကြပါနဲ့တော့။"

ကလန်ခေါင်းဆောင်ချင်းယန်မှာ တပည့်များအား ကြည့်ရှု၍ ကြည်လင်ပြတ်သားသောအသံဖြင့် ကြေညာလိုက်၏။

" ဒီနှစ်အတွက် တပည့်ခေါင်းဆောင် ေရွးချယ်တဲ့အခမ်းအနား ပြီးဆုံးသွားပါပြီ။"

ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "အဖိုးရွှမ်ရဲ့ ဆုံးဖြတ်ချက်အတိုင်း နောက်သုံးရက်နေရင် မင်းကမူလသူတော်စင်တောင်ထွတ်ရဲ့ အဓိကတောင်ထွတ်ထဲကိုဝင်ပြီး ချိပ်စည်းကိုဖြည်ဖို့ ကြိုးစားလို့ရပါပြီ။"

"အောင်မြင်ပါစေလို့ ငါဆုတောင်းပေးပါတယ်။ မူလသူတော်စင်တောင်ထွတ်ရဲ့ ချိပ်စည်းကိုဖြည်နိုင်ရင် ငါတို့ကန်ရွှမ်းကလန်အတွက် အများကြီးကောင်းမွန်သွားလိမ့်မယ်။"

ဇူယွမ်မှာ ရွှမ်အဖိုးအိုအား နှလုံးသားထဲမှပင် နက်ရှိုင်းစွာ ကျေးဇူးတင်နေမိ၏။ ရွှမ်အဖိုးအိုသာ ဝင်ရောက်တားဆီးခြင်း မပြုခဲ့ပါက အခြားသောတောင်ထွတ်များမှ တပည့်ခေါင်းဆောင်များမှာ မူလသူတော်စင်တောင်ထွတ်၏ အဓိကတောင်ထွတ်အတွင်းသို့ ဝင်ရောက်ခွင့်ရသွားမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုသို့ဖြစ်သွားခ့ဲပါက ဇူယွမ်မှာ သူတော်စင်မှော်စာလုံးအား ရှာဖွေနို်င်ရန် ပိုမိုခက်ခဲသွားမည် ဖြစ်၏။

"ဒီတပည့်က အကောင်းဆုံး ကြိုးစားမှာပါ။" ဇူယွမ်မှ အရိုအသေပြုကာ ပြောလိုက်သည်။

ကလန်ခေါင်းဆောင်ချင်းယန်မှာ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ကလန်ခေါင်းဆောင်ချင်းယန်မှာ ရွှမ်အဖိုးအိုအားနှုတ်ဆက်၍  ကောင်းကင်ထက်သို့ ပျံဝဲသွားတော့သည်။ အခြားသောတောင်ထွတ်ဆရာသခင်များမှာလည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြ၏။

နေဝင်ဆည်းဆာနှင့်အတူ ကန်ရွှမ်းကလန်တစ်ခုလုံးမှာလည်း ပျံသန်းနေသော ပုံရိပ်များဖြင့် ပြည့်နှက်နေလေသည်။ တပည့်များမှာ သက်ဆိုင်ရာတောင်ထွတ်များဆီသို့ အသီးသီး ပျံဝဲထွက်ခွာလျက် ရှိ၏။

ဇူယွမ်မှာ ရွှမ်အဖိုးအိုအားကြည့်၍ အရိုအသေပြုကာ စကားဆိုလိုက်သည်။ "ကျွန်တော်တို့ မူလသူတော်စင်တောင်ထွတ်ကို မျက်နှာသာပေးတဲ့အတွက် အဖိုးကို ကျေးဇူးအများကြီးတင်ပါတယ်။"

ရွှမ်အဖိုးအိုမှ လက်ကိုခါယမ်းကာ တုံ့ပြန်ပြောဆိုလိုက် ၏။ "ငါလည်း ခဏလောက်ပဲ အချိန်ဆွဲပေးလို့်ရမှာ။ ဘယ်လိုပဲပြောပြော မူလသူတော်စင်တောင်ထွတ်ကြီးက ချိပ်ပိတ်နေတာ အရမ်းကြာပြီလေ။"

ရွှမ်အဖိုးအိုမှာ ဇူယွမ်အားကြည့်၍ ဆက်လက်စကားဆိုလိုက်သည်။ "နောက်သုံးရက်​ြကရင် မူလသူတော်စင်တောင်ထွတ်ရဲ့ ချိပ်စည်းပွင့်မပွင့်က မင်းအပေါ်မှာပဲ မူတည်တယ်။"

"မင်းသာ ချိပ်စည်းကို မဖြည်နိုင်ခ့ဲရင် လင်ကျွမ်းပြောသလိုပဲ မူလသူတော်စင်တောင်ထွတ်ကို အစကနေ ပြန်ပြီးဖွဲ့စည်းရလိမ့်မယ်။"

All Chapters