← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

ဝမ်ယွီထုံ အခန်းတံခါးရှိရာသွားပြီး တံခါးဖွင့်ပေးလိုက်ရာ အပြင်မှာ ကျိုးကျီယွဲ့ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။ မီးခိုးနက်ရောင် အားကစားဝတ်စုံ ဝတ်ဆင်ထားပြီး နဖူးပြင်ဝယ် ချွေးအနည်းငယ်စို့နေကာအသားအရောင်ကလည်း အနီရောင်သန်းနေ၍ အခုမှ မနက်ခင်း လေ့ကျင့်ခန်းလုပ်ပြီးလာခဲ့ဟန်တူသည်။

"ဖျားနေတာလား?" ကျိုးကျီယွဲ့ သူ့ နားကြပ်ကိုဖြုတ်လိုက်ကာ ဝမ်ယွီထုံနား တိုးကာ စိုးရိမ်နေသည့်ဟန်ဖြင့် မေးလိုက်သည်။

ဝမ်ယွီထုံ မျက်နှာ ဖြူဖျော့နေကာ မျက်တွင်းတွေချောင်နေကာ မျက်ခွံတွေ ‌ဖောင်းနေ၏။ နှုတ်ခမ်းကလည်း သွေးမရှိသည့်ပုံဖြစ်နေကာ သက်သက်သာသာ ရှိမနေပေ။

ကျိုးကျီယွဲ့ကို တံခါးဖွင့်‌ပေး ပြီးသည်နှင့် အိပ်ရာပေါ်ချက်ချင်းပြန်သွားလှဲနေလိုက်ကာ သူမ အခန်းထဲ ဝင်လာသည့် အမျိုးသားကို တောက်ပသည့်မျက်ဝန်းများဖြင့် ကြည့်နေလိုက်သည်။

ကျိုးကျီယွဲ့လည်း ဝမ်ယွီထုံ၏ အခြေအနေကိုကြည့်ကာ မတတ်သာပဲ သူမကုတင်နား သွားပြီး မျက်မှောင်ကြုံ့ကာ ငုံ့ကြည့်လိုက်သည်။

"ကျွန်မ မနက်နိုးလာတော့ နေလို့မကောင်းဘူး။ ခေါင်းလည်းကိုက်တယ်။ ခါးလည်း နာတယ်။ လည်ချောင်းလည်း နာတယ်။ တစ်ကိုယ်လုံးလည်း ကုန်ကားနဲ့ အကြိတ်ခံထားရသလိုပဲ"

ဝမ်ယွီထုံ သူမ၏ နှာခေါင်း နီနီလေးကို ရှုံ့ကာ သနားစရာကောင်းအောင် ပြောနေသည်။ သူမအသံ ပြာတာတာလေးဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။ "ကျွန်မမှာ အဖျားရှ်ိလား စမ်းကြည့်ပေးပါဦး"

ကျိုးကျီယွဲ့ သူ၏ လက်ဖဝါးကို ဝမ်ယွီထုံ နဖူးပေါ်တင်ကာ စမ်းလိုက်သည်။

သူမ နဖူးအသားအရည်က နူးညံ့ကာ အနည်းငယ်ပူနေပြီး ချွေးစိုထိုင်းထိုင်းဖြစ်နေ၏။ ကျိုးကျီယွဲ့ သူ့လက်ကနေ အပူကိုခံစားလိုက်မိသည်နှင့် လက်ကို ချက်ချင်းအမြန်ပြန်ရုတ်လိုက်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။

"ကိုယ် ဒေါက်တာလင်းကို အမြန်လာကြည့်ခိုင်းလိုက်မယ်"

ဝမ်ယွီထုံ သူမ မျက်လုံးသာဖော်ပြီး စောင်ကို ဆွဲခြုံလိုက်သည်။ "ဟိုကောင်လေး ရှောင်ယွီဆီက ကူးတာဖြစ်မယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ဒီရက်ပိုင်းအတွင်းတော့ သူ့ကို ရှင် ထိန်းရလိမ့်မယ်။‌ ခုဆို ရှောင်ယွီက သူ့အဖေနဲ့လည်းနေတတ်နေပါပြီ"

ကျိုးကျီယွဲ့ ပုခက်ထဲမှာ အိပ်နေသည့်ကျိုးရှောင်ယွီကို တစ်ချက်ကြည့်လိုက်ကာ တည်ငြိမ်စွာပြောလိုက်သည်။

"မင်း ကောင်းကောင်းအနားယူလိုက်ပါ။ ကျန်တာတွေကို မစိုးရိမ်ပါနဲ့"

"အဟွတ် !" ဝမ်ယွီထုံ ပါးစပ်ကို ပိတ်ကာ ချောင်းဆိုးလိုက်စဉ် သူမမျက်လုံးဝယ် မျက်ရည်များ ဝဲလာသည်။ "အင်းး ကျိုးကျီယွဲ့ "

ဝမ်ယွီထုံ၏ အခြေအနေက သူထင်တာ ထက်ပိုဆိုးနေ၍ ကျိုးကျီယွဲ့ အနည်းငယ် အံကြိတ်လိုက်သည်။ "ဘာဖြစ်လို့လဲ "

"ကျွန်မ သကြားခဲ၊နှင်းသစ်တော်သီးနဲ့ ကျောက်ပွင့်ရောကြိုထားတဲ့ အရည်သောက်ချင်တယ်။ စားဖိုဆောင်ကို ပြောပေးပါလား"

ထိုသကြားရည်က ယခင်ဘဝ ဆောင်းဦးရောက်တိုင်း လည်‌ချောင်း မသက်မသာဖြစ်လျှင် သူမ အမေ လုပ်ပေးနေကျ ဖြစ်သည်။

ကျိုးကျီယွဲ့၏ အင်္ကျီအစွန်းက သူမ၏ ရှည်လျားသွယ်လျသော လက်ချောင်း လေးများဖြင့် ဆွဲကာ နွေဦးကဲ့သို့ကြည်လင်နေသော မျက်ဝန်းလေးဖြင့် မော့ကြည့်ရင်း ပြောလိုက်သည်။

"အာ့လို သကြားရည်ကိုမှ ပျစ်ပျစ်လေး သောက်ချင်တယ်"

"ရစေရမယ်" ကျိုးကျီယွဲ့ သူမလိုချင်သည့် သကြားရည် လုပ်ပုံကို တိတ်တိတ် လေး စိတ်ထဲမှာ မှတ်သားရင်း လှည့်ထွက်လာလိုက်သည်။

တံခါးနားရောက်တော့ တစ်ခုစဉ်းစားမိကာ ပြန်လှည့်ပြောလိုက်သည်။ " မင်း အနားယူတာ အနှောက်အယှက်မဖြစ်အောင်လို့ ရှောင်ယွီကို အရင် လာခေါ်ဖို့ အိမ်တော်ထိန်းစန်ကို ကိုယ်ပြောလိုက်မယ် "

"အိုခေ.. ဒါနဲ့ ရှင့်ရဲ့ လုပ်ငန်းခွင် ထိခိုက်မှု စရိတ်အတွက် ကျေးဇူးပါ" ဝမ်ယွီထုံ ဖျော့လျော့စွာပြုံးပြရင်း ပြောလိုက်သည်။

ကျိုးကျီယွဲ့လည်း ခေါင်းအသာ ငြိမ့်ရင်း တံခါးကို အသာလေးပိတ်သွားသည်။

သုံးမိနစ်ကြာတော့ဝမ်ယွီထုံ အခန်းထဲ အိမ်တော်ထိန်းစန် စိုးရိမ်နေသည့်ဟန်ဖြင့် ပြေးဝင်လာသည်။ "မဒမ် အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ် အဟွတ် ဟွတ် " ဝမ်ယွီထုံ လက်ကာပြရင်း ပြောလိုက်သည်။

"ဘာမှ မစိုးရိမ်နဲ့ သခင်လေးကို ကျွန်တော်တို့နဲ့သာ အပ်ထားလိုက်"

ပုခက်ထဲက သွားရည်ကျကာ အိပ်မောကျနေဆဲဖြစ်သည့် ရှောင်ယွီလေးကို အမြန်ချီကာ အိမ်တော်ထိန်းစန် ထွက်သွားလိုက်သည်။

သူမ အခန်းက တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ဝမ်ယွီထုံ ခေါင်းလေး နေသလို ခံစားရကာ နောက်ဆုံး အိပ်ပျော်သွား၏။

သူမ အိပ်နေစဉ်အတွင်း သူမ အခန်း ထဲ တစ်စုံတစ်ယောက်ဝင်လာကာ ရင်းနှီးနေသည့် လက်ဖဝါးဖြင့် သူမ နဖူး၊ လက်ဖဝါးနှင့် လည်ပင်းတွေ

ကို စမ်းကြည့်နေ၏။

သို့သော် ဝမ်ယွီထုံ လုံးဝ မထနိုင်ပေ။ သူမ မျက်ခွံတွေက ကော်နဲ့ ကပ်ထားသကဲ့သို့ လုံးဝ မဖွင့်နိုင်ပေ။

တစ်ခဏ အကြာမှာတော့ ခြေသံအချို့ကို ကြားရကာ အမျိုးသား၊ အမျိုးသမီးတစ်ချို့၏တီးတိုးအသံကို ထပ်ကြားရ၏။

သူမလက်ကို သေချာ ချုပ်ကိုင်ခံလိုက်ရကာ အပ်ထိုးခံလိုက်ရသလို ခံစားမိ၍ မျက်မှောင်ကြုံ့ကာ သူမလက်ကို ရုတ်လိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူမ ပုခုံးကို အသာအယာ လာပုတ်ပေးလိုက်တော့ ဝမ်ယွီထုံ ရုန်းနေရာက ရပ်သွားကာ ငြိမ်သွားတော့သည်။

နေ့လည်ခင်းလောက်အရောက်မှာ ဝမ်ယွီထုံ လုံးဝ နိုးလာသည်။ မျက်လုံးရီဝေဝေ ဖွင့်ကြည့်လိုက်စဉ် သူမ ညာဘက်လက်တွင် အဖြူရောင်ပလာစတာတိပ်ကပ်ထားသည်ကို မြင်လိုက်ရသည်။

တိပ်ကို ခွာလိုက်စဉ် အောက်မှာအပ်ပေါက်ရာ သေးသေးလေးကို မြင်လိုက်ရသည်။ မိသားစုဆရာဝန် ရောက်လာကာ သူမကို ဆေးထိုးပေးခဲ့ပုံရသည်။

ဝမ်ယွီထုံ အိပ်ရာပေါ် အကြောဆန့်လိုက်သည်။ သူမ လည်ချောင်း နာနေသေးသော်လည်း မနက်ခင်း နိုးခါစ ကလောက် မနာတော့ပေ။

အဖျားလည်း ကျသွားပြီး ခေါင်းလည်း လေးပင် မနေတော့ပေ။

သူမအခန်းထဲက စားပွဲပေါ်တွင် သူမအတွက် မနက်စာထည့်ထားသည့် အပူခံထမင်းဘူး သုံးဘူးရှိ၏။ ထမင်းဘူးပေးမှာ အပူထိန်းအိုးကလေး တစ်အိုးရှိရာ ထိုအိုးထဲတွင် သကြားခဲ၊ နှင်းသစ်တော်သီးနှင့် ကျောက်ပွင့်တို့ အပြင် ဇီးသီးခြောက်နှင့် ဘယ်ရီသီးတို့ ရောကြိုထားသည်စွပ်ကို ထည့်ထားသည်။

ဝမ်ယွီထုံ ကျေနပ်စွာပြုံးလိုက်ပြီး ရေချိုးခန်းကိုသွားကာ ကိုယ်လက်သန့်စင်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါး မနက်စာလေးနှင့် စွပ်ချိုချိုလေးကို ပျော်ရွှင်စွား သုံးဆောင်တော့သည်။

အချိုရည်နွေးနွေးလေး သူမ ဗိုက်ထဲ စီးဝင်သွားချိန်တွင် သူမ တစ်ကိုယ်လုံး သက်သောင့်သက်သာ ရှိလာကာ ခြောက်နေသည့်လည်ချောင်းလည်း ရှောရှောရှုရှု ရှိလာသည်။ စားဖိုမှုးက သူမ အကြိုက် အရသာသိမည်မှန်း အထင်ခဲ့ပါ။ အချိုရည်စွပ်က ပျစ်ပျစ်လေး ဖြစ်နေကာ အချိုအရသာကလည်း အနေတော်ပင်ဖြစ်သည်။

သူမဖုန်းဖွင့်ကြည့်လိုက်စဉ် လွန်ခဲ့သည့်တစ်နာရီက ကျိုးကျီယွဲ့ WeChat မှ မက်ဆေ့ပို့ထားသည်ကို မြင်လိုက်ရသည်။

[ကျိုးကျီယွဲ့ - ရှောင်ယွီ ကို ကိုယ် အပြင် လမ်းလျှောက်ခေါ်သွားတယ်]

[ကျိုးကျီယွဲ့ - ဆောင်းရာသီမှာ နွေးနွေးထွေးထွေး ရှိအောင် အနွေးထည် ဝယ်ဝတ်ပါ]

အနွေးထည် ဝယ်ခိုင်းတာ ဘာ အဓိပ္ပာယ်လဲ?

ဝမ်ယွီထုံလည်း အထွေအထူး တွေးမနေတော့ပဲ ပြန်စာ ရေးလိုက်သည်။

[ ဝမ်ယွီထုံ - ပျော်ခဲ့ကြနော် 😽😽😽]

ဝမ်ယွီထုံ ဖုန်းဆက်သုံးနေစဉ် သူမ မဖတ်ရသေးသည့် မက်ဆေ့တစ်စောင်ကို တွေ့လိုက်သည်။

[သင့်ဘဏ်အကောင့်မှ RMB 5,000,000 ကို ၉:၄၈မိနစ်တွင် လက်ခံရရှိပါသည်။]

ဝမ်ယွီထုံ - “…”

ဝမ်ယွီထုံ ခဏလောက်ပြောစရာမဲ့သွားသည်။ ဒီနေ့ ကျိုးကျီယွဲ့တစ်ယောက် လုံးဝ လွတ်သွားတာလား?

အနွေးထည်ဝယ်ဖို့ သိန်း၅၀တောင် သူမကို ပေးတယ် ???

ဒီနေ့ တစ်နေ့လုံး သူမ ဘာမှ မလုပ်ပဲ အိပ်ရာပေါ်မှာ လှဲနေရင်း သိန်းတစ်ရာရှာလိုက်နိုင်မယ် လို့ ဘယ်သူ ထင်မှာလဲ? အိပ်မက်ထဲတောင် ထည့်မမက်ရဲဘူး။

ချမ်းသာကြွယ်ဝမှု ကတော့ လုံးဝ လူမဆန်အောင်ပဲ!

လူချမ်းသာတွေ ဘယ်လို တွေးလဲ တော့ သူမ နားမလည်ပေမယ့် ဝမ်ယွီထုံ ပါးစပ်က နားရွက် တက်ချိတ် တော့ မတတ် ပြုံးလိုက်သည်။

သူမ၏ ရှုပ်နေသည့် စိတ်ကလည်း မိုးရွာသွန်းပြီး နောက် မိုးကောင်းကင်ကဲ့သို့ ကြည်လင်လာသည်။ နောက် အချိုရည်လေး လည်ချောင်းထဲ ပြန်မျှောချလိုက်ကာ ပျော်ရွှင်နေမိသည်။

သို့သော် ထို အချိန်အခိုက်အတန့်မှာပဲ ကလေးကစားကွင်းမှာ ရှိသည့် ကျိုးကျီယွဲ့ကတော့ စိတ်အခြေအနေ မကောင်းပါ။

ဝမ်ယွီထုံ ကလေးနှင့် အတူ ဆော့ကစားရန် အပြင် ထွက်သွားတိုင်း လွယ်ကူသည့်အလုပ်ဟု သူ ထင်ခဲ့ဖူးသည်။ သို့သော် လက်တွေ့ ဖြစ်စဉ်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည့်နှယ်။

ယနေ့မနက်ခင်းတွင် ကျိုးရှောင်ယွီ နိုးလာသည်နှင့် သူ မရင်းနှီးသည့် အခန်း ကုတင်ပေါ် ရောက်နေသည်ကို သိလိုက်ရသည်။

ကျိုးကျီယွဲ့၏ ကုတင်ပေါ် ရှောင်ယွီလေး တွားသွားကာ သူ့အမေကို ရှာကြည့်သည်။ ရင်းနှီးသည့်ပုံရိပ် သူ့အမေကို မတွေ့ရသလို သူ့အမေ အသံကိုလည်း မကြားရပါ။

ကျိုးရှောင်ယွီ ဝမ်းနည်းသွားသည်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေ ဝဲလာပြီး ကျယ်လောင်စွာ အော်လိုက်သည်။

"မားးးး အာမားးး"

ကလေးငယ်၏ အဖြစ်ကိုမြင်သည့် အိမ်တော်ထိန်းစန်က စိတ်မကောင်းဖြစ်မိပြီး ခေါင်းကိုက်လာသည်။ "သခင်လေးက သူ့အမေကို သတိရနေရှာတာ။ သူ့အမေကိုပဲခေါ်နေတယ် "

ကျိုးကျီယွဲ့လည်း စိတ်ညစ်လာပြီး ရှောင်ယွီလေးကို ရှင်းပြသည်။ "မေမေက နေမကောင်းသေးဘူး။ မေမေ့ကို မနှောက်ယှက်ပဲ နေရအောင်နော် နားလည်လား?"

"အာမားး" ကျိုးရှောင်ယွီကတော့ သူ့အဖေ ပြောတာ နားမလည်ပေ။ သူသိတာက သူ့ရဲ့ ချစ်လှစွာသော မေမေကို မတွေ့ရမမြင်ရတာပဲ ဖြစ်သည်။

ကျိုးရှောင်ယွီ စိတ်မပျော်တော့ အစားလည်း မဝင်တော့ပဲ သနားစရာကောင်းလာ၏။

မနက်စာ နို့ကိုလည်း သုံးပုံ နှစ်ပုံသာ သောက်ပြီး မသောက်တော့ပဲ ဘေးဘီ ဝေ့ကြည့်ကာ သူ့အမေကိုသာ ရှာနေ၏။

ကျိုးရှောင်ယွီ စိတ်ပျော်လာစေရန် ဘာလုပ်ရမလဲ စဉ်းစားလိုက်စဉ် ဝမ်ယွီထုံက ကလေးကို ခေါ်ပြီး နေ့တိုင်း တစ်နာရီခန့် အပြင်ထွက် လမ်းလျှောက်သည်ကို သတိရလိုက်သည်။

ကံကောင်းသည်က ဒီနေ့ တနင်္ဂနွေနေ့ဖြစ်ပြီး သူ့မှာလည်း အရေးတကြီး ကုမ္ပဏီသွားစရာ ကိစ္စ မရှိပေ။ထို့ကြောင့် ကလေးလက်တွန်းလှည်း ပေါ် ကျိုးရှောင်ယွီကို တင်ကာ အိမ်ရာဝန်းအနီးက ပန်းခြံကို သွားလိုက်သည်။

ပန်းခြံကလေး ကစားကွင်းမှာ ကလေးများ ဆော့ကစားနိုင်သည့် လျှော၊ စီးစော၊ ဒန်း၊ ချားနှင့် ရဟတ်များ ရှိကာ ကလေးများ နှစ်ဦး သုံးဦး အစုလိုက်ဆော့ကစားနေကြသည်။ မိဘတွေကတော့ ဘေးကနေ စောင့်ကြည့်ပေးနေကြသည်။

ကျိုးရှောင်ယွီကတော့ အလွန်ငယ်သေး၍ ထိုကစားစရာများကို မဆော့နိုင်သေးပေ။ သူ့ထက်ကြီးသည့် တစ်ခြားကလေးများ ဆော့နေသည်ကို သနားစရာ မနာလိုသည့်အကြည့်ဖြင့် ကြည့်နေရရှာသည်။

ကျိုးကျီယွဲ့လည်း ကစားကွင်းထဲက အနိမ့်ဆုံး လျှောဆီ ရှောင်ယွီလေးကို ခေါ်သွားပြီး သူ့လက်ဖြင့် ထိန်းကာ လျှောအပါ်ကနေ အောက်ကို စီး ချစေသည်။

ကျိုးရှောင်ယွီသည် သူ၏ ပြည့်ပြည့်ဖောင်းဖောင်း လက်ကလေးကို ဝေ့ရမ်းပြီး ပြုံးဖြီးနေသော်လည်း မျက်လုံးကတော့အရောင် တောက်မလာသေးချေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဤအပြုံးက ယနေ့အတွက် ပထမ ဆုံးအပြုံးဖြစ်သည်။

ကျိုးကျီယွဲ့က ရှောင်ယွီကို ဒန်းခေါ်စီးပြန်သည်။ကစားကွင်းမှာစီးစရာ ဒန်း ငါးစီး ရှိရာ တစ်စီးသည် ရင်ခွင်ပိုက်ကလေးငယ်များ စီးနိုင်ရန် ဒီဇိုင်းထုတ်ထားတာ ဖြစ်သည်။

ထိုဒန်းသည်ချစ်စရာ လင်းပိုင်ပုံ ထိုင်ခုံနှင့်ဖြစ်ပြီး ကလေးငယ်များ အကူ မလိုပဲ ကိုယ်တိုင် ထိုင်စီး နိုင်သည်။

လင်းပိုင်ရုပ် ဒန်းရှိ လုံခြုံရေး ခါးပတ်ကြိုးများသည် သေချာ ကြပ်စည်းထား၍ ပြုတ်ကျမည်ကို စိုးရိမ်စရာ မလိုပေ။

ကျိုးကျီယွဲ့ လည်း ရှောင်ယွီကို လင်းပိုင်ပုံ ဒန်းထဲ ထည့်လိုက်ကာ ကြိုးကို အသာအယာ လွဲပေးလိုက်သည်။

ကျိုးရှောင်ယွီ ပျော်ရွှင်ကာ တက်ကြွလာသည်။ သူ့မေမေကလည်း သူ့ကို လင်းပိုင်ရုပ်ဒန်းပေါ်ထိုင်ခိုင်း ကာ လွှဲပေးဖူးသည်။ သူလည်း ဒန်းစီးရသည်ကို အရမ်းကြိုက်သည်။

ကျိုးရှောင်ယွီ ပျော်ရွှင်စွာ သူ့ခေါင်းကို ခါရမ်းလိုက်စဉ် သူ၏ ဆံပင်ကောက်လေးများက နေရောင်အောက်မှာ တောက်ပနေ၏။

ကလေးငယ် ပျော်နေသည်ကို ကြည့်ကာ ကျိုးကျီယွဲ့လည်း စိတ်ချမ်းသာမိသည်။

နည်းလမ်းတွေကို သူ တစ်ဖြည်းဖြည်း နားလည်လာသည်။ အမှန်တော့ ကလေး ပြုစုပျိုးထောင်ရသည်က အရမ်း မခက်ပေ။ ကလေး၏ လိုအင်ကို ဖြည့်ဆည်းပေးနိုင်သရွေ့အရာရာက အဆင်ပြေရိုးရှင်း နေမည်ဖြစ်သည်။

သူ့အိပ်မက်ထဲက ဘဝ ထက် ပိုစောကာ ကျိုးလုပ်ငန်းစုသည် အဆင်ပြေသော လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူလည်း မိသားစုကို ပို အချိန်ပေး နိုင်တော့မည်။

ကျိုးရှောင်ယွီကို အဖော်လုပ် ပေးခြင်းသည် ပြောနေစရာပင်မလို သူ့တာဝန်ဖြစ်သည်။

ဒါ့အပြင် ယခု သူ့အိမ်ထဲမှာ အမျိုးသမီး တစ်ဦး ရှိနေသေး၏။

ကျိုးကျီယွဲ့၏ မျက်ဝန်းထဲမှာ စိုးရိမ်ပူပန်မှု နှင့် နောင်တရမှုတို့ ယှက်ပြေးသွားသည်။

မနက်ခင်း တုန်းက မြင်ခဲ့ရသည့် ဝမ်ယွီထုံ၏ ပုံစံကို ပြန်တွေး မိပြန်သည်။

အိပ်ရာပေါ် မျက်လုံး မှိတ်ရင်း လှဲနေသည့် အမျိုးသမီး တစ်ဦး။ သူမ၏ နှင်းဆီရောင်နှုတ်ခမ်းဖူးများက ဖြူလျော့ကာ ခြောက်သွေ့နေ၏။ သူမ အသံကလည်း ကွဲအက်နေကာ လေတိုက်သည်နှင့် လွင့်ပါသွားနိုင်သကဲ့သို့ပင် အားနည်း နေရှာသည်။

ကလေးကိုတော့ ကောင်းကောင်း ဂရုစိုက်ပေးနိုင်ပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့တော့ မသိရှာဘူး။

ကျိုးကျီယွဲ့ ဒန်းကို ဘယ်ဘက်လက် နှင့် လွှဲပေးနေရာ မှ ညာဘက်လက် ပြောင်းလိုက်သည်။ သူ၏လက်ချောင်းထိပ်တွေ ဒန်း ကြိုးနှင့် ထိသွားစဉ် အနည်းငယ် နာသွား၍ သူ့လက်ကိုကြည့်လိုက်ရာ မနက်က ဇီးသီးခြောက် အစေ့ထုတ်ရင်း ခိုက်မိသွားသည့် အနာလေးဖြစ်နေသည်။

  "ဘူးးးး--"

ရုတ်တရက် ထူးဆန်းသည့်အသံကို ကြားလိုက်ရ၍ ကျိုးကျီယွဲ့ ဒန်းပေါ်မှာ ထိုင်နေသေးသည့် ကောင်လေးကို ငုံ့ကြည့်လိုက်သည်။

ကျိုးရှောင်ယွီသည် သူ၏လက်နှစ်ဖက်ကို ဒန်းကြိုးကို ကိုင်ကာလက်သီးတင်းတင်းဆုပ်ရင်း မျက်မှောင်ကိုကြုံ့နေ၏။ သူ့မျက်နှာ ကလည်း တစ်ဖြည်းဖြည်း နီရဲလာ၏။

  “ဘူ—ဘူး—”

ကျိုးကျီယွဲ့ ဒန်းပေါ်မှ ကျိုးရှောင်ယွီကို ကောက်ချီလိုက်စဉ် နံစော်နေသည့်အနံ့တစ်မျိုးကို ရလိုက်သည်။

ကျိုးကျီယွဲ့ မျက်မှောင်ကြုံ့ကာ ကျိုးရှောင်ယွီကို စိုက်ကြည့်လိုက်သည်။

ကျိုးရှောင်ယွီကတော့ မျက်နှာနီကြီနှင့် ထပ်ဖြစ်နေပြန်သည်။

"ဘူးးးးးးးးးးး......"

နောက်ဆုံး တစ်ခေါက်ကို အတော်လေး သံရှည် ဆွဲလိုက်ပြီး နောက် ကျိုးရှောင်ယွီ၏ ဗိုက် အတော်လေး နေသာထိုင်သာ ရှိသွားသည်။

"ဂူဂူးး"

ကျိုးရှောင်ယွီ သူ့ လက်တုတ်တုတ် ကလေးဖြင့် ကျိုးကျီယွဲ့၏ ရင်ဘတ်ကို ပုတ်လိုက်သည်။ ဂုဏ်ယူဝံ့ကြွားသည့်ပုံစံဖြင့် ချီးကျူးခံလိုသည့်အပြုံးပြုံးပြနေ၏။

'ဖေဖေ သား တော်တယ် မလား?

သားနေ့တိုင်း အချိန်မှန်မှန် အင်းအင်း ပါတယ်လေ!

မေမေ သာ ဒီမှာ ရှိရင် သားကို သေချာပေါက် ချီးကျူးမှာ !'

'ဒါပေမယ့် ဖေဖေ အခု သား ဖင်တွေ နာနေတယ်!'

ကျိုးရှောင်ယွီ ဖင် ကို တွန့်လိမ်ရင်း သူ့လက်တွေနှင့် ကျိုးကျီယွဲ့ကို ကိုင်ကာ အော်ငိုတော့သည်။

"ဝါးးးဝါးးး'

'ဖေဖေ သားကို သန့်ရှင်းရေး မြန်မြန်လုပ်ပေးပါ သားဖင်တွေ နာလှပြီ!'

'သား အင်အင်း ပါပြီးတိုင်း မေမေက သားဖင်ကို ရေနွေးနွေး၊ အဝတ်နွေးနွေးနဲ့ သန့်ရှင်းရေး လုပ်ပေးနေကျ။သန့်ရှင်းရေး လုပ်ပြီး ရင်လည်း သား ဖင်ကို ခရင်မ်လိမ်းပေးပြီး ခြောက်ခြောက်သွေ့သွေ့နဲ့ သက်သောင့်သက်သာ ဖြစ်အောင်ထားတယ်။'

ကျိုးကျီယွဲ့၏ မျက်နှာ အရေးအကြောင်းတွေ ရုတ်တရက်ပေါ်လာခဲ့သည်။

ပန်းခြံကနေ အိမ်ကို လမ်းလျှောက် ပြန်မည်ဆိုလျှင် မိနစ်၂၀လောက်ကြာမည်ဖြစ်သည်။ ကျိုးရှောင်ယွီကလည်း မိနစ် ၂၀ လောက် သည်းခံနိုင်မည်မထင်။

ကျိုးကျီယွဲ့ တစ်ယောက် ကျိုးလုပ်ငန်းစု၏ အနာဂတ်နှင့် ပတ်သက်သည့် အရေးကြီးသည့် ဆုံးဖြတ်ချက် ချရသကဲ့သို့ စဉ်းစားလိုက်သညိ။

ကလေး ဖင် သန့်ရှင်းရေးလုပ်သည့် ပြသနာကို ‌ပန်းခြံထဲမှာပဲ ဖြေရှင်းရမည့်ပုံပေါ်နေသည်။ ကျိုးကျီယွဲ့ ကလေးတွန်းလှည်းထဲကို ချက်ချင်း လှန်လှော ရှာဖွေလိုက်သည်။ အားလပ်ရက်တွေ အတွက် ဝမ်ယွီထုံ သေချာ ပြင်ဆင်ထား၍ တော်သေး၏။ ဂွမ်း၊ တစ်ရှုး၊ ရေစိုတစ်ရှုးနှင့် တစ်ခြားကလေးသုံးပစ္စည်း အချို့ကို လက်တွန်းလှည်းအောက်က အိတ်ကြီး ထဲမှာ ရှာတွေ့လိုက်သည်။

ဘေးနားက ဖြတ်သွားသည့် ကလေးမိဘတစ်ဦးကို ကျိုးကျီယွဲ့ မေးလိုက်သည်။ "တစ်စိတ်လောက်ခင်ဗျ သန့်စင်ခန်းက ဘယ်ဘက်မှာလဲ"

ဘေးကဖြတ်သွားသည့် သက်လတ်ပိုင်း အမျိုးသမီးသည် ဤကဲ့သို့ သေချာစွာ ဝတ်စားဆင်ယင်ထားပြီး ခန့်ညားသည့်အမျိုးသားတစ်ဦးက ဝဝကစ်ကစ် ကလေးချီထားသည်ကို တစ်ခါမျှ မမြင်ဖူးပေ။ လူကြီးနှင့်ကလေး၏ သွင်ပြင်က တီဗီပေါ်က စတားတွေ ထက်တောင် ပိုလှပနေ၏။

အန်တီကြီးက မျက်နှာ နီရဲရဲလေးဖြင့် ပန်းခြံကစားကွင်း ထောင့်ရှိ ကလေး-မိဘ သုံး သန့်စင်ခန်းကို စိတ်လိုလက်ရ လိုက်ပို့ပေးသည်။ ရှည်လျားသည့်ကိုယ်ဟန်နှင့်အမျိုးသား သန့်စင်ခန်းထဲ လမ်းလျှောက်ဝင်သွားသည်ကို ကြည့်ရင်း အန်တီကြီးတစ်ကိုယ်တည်း ခေါင်းငြိမ့်ရင်း ချီးကျူးမိသည်။

'အမျိုးသားတွေ ဆိုတာ ချမ်းသာတာ ဖြစ်ဖြစ် ရုပ်ချောတာ ဖြစ်ဖြစ် ကလေးမထိန်းတတ်ရင် အလကားပဲ။'

'ကလေးထိန်းတတ်တဲ့ အမျိုးသားတွေက မှ ဆွဲဆောင်မှုရှိတာ!'

သူ၏ ဆွဲဆောင်မှုအမှတ်တွေ ရုတ်တရက် တိုးလာတာ ကျိုးကျီယွဲ့ကတော့ မသိချေ။ ထိုအချိန် သန့်စင်ခန်းထဲမှာ ကျိုးကျီယွဲ့ တစ်ယောက် သူ့စိတ်ကို နှစ်မိနစ်ခန့် ပြင်ဆင်လိုက်သည်။

အသက်ကို ပြင်းပြင်း ရှုသွင်းလိုက်ပြီး နောက် ကျိုးရှောင်ယွီ၏ ဒိုင်ပါကို ချွတ်လိုက်သည်။

All Chapters