အခန်း (၁၄)
Vol. 2 Ch. 14
နောက်ဆုံးတော့ ကလေးသုံးယောက်ရဲ့ မိဘတွေက သတိထားမိသွားကာ အချင်းချင်း မျက်နှာပူပူဖြင့်တောင်းပန်လိုက်ကြသည်။
အတွန်းခံလိုက်ရသည့်ကောင်လေးက သူ့အမေနောက်မှာ ပုန်းနေပြီး ဖန်းရော့ရှီးကို စိတ်ဆိုးသည့်ပုံဖြင့် ကြည့်နေ၏။
ဖန်းရော့ရှီးကတော့ ခါးထောက်ကာ ရပ်နေပြီး စိတ်ဆိုးနေကာ လုံးဝ တောင်းပန်မည့်ပုံ မပေါ်ပေ။
ကျိုးရှောင်ယွီကတော့ ပြသနာအစ သူဖြစ်ကြောင်း မသိပဲ၊ စောနကကိစ္စတွေ အကုန်မေ့သွားကာ ပိုနီမြင်းရာဘာအရုပ်ပေါ်ထိုင်ပြီး ဆော့နေ၏။
ကောင်လေး၏မိခင် - "ကလေးက နာနေသေးလားးး။ဟိုကောင်လေးတွေကလည်း ဆော့တာ ကြမ်းလွန်းပါတယ်လေ။ ကလေးကို မတော်တဆ ထိခိုက်မိလို့ ကျွန်မကပဲ တောင်းပန်ပါတယ်ရှင် "
ရှောင်ယွီမေမေ - " ကလေးတွေ ဆော့ရင်တော့ ဒီလိုပါပဲရှင် မတော်တဆတွေက ဖြစ်တတ်ပါတယ် စိတ်ထဲ မထားပါနဲ့ "
ရှီးရှီး၏မေမေ - " ဒီဘက်က သားလေးကိုရော တောင်းပန်ပါတယ်။ ကျွန်မတို့ရှီးရှီးက အာ့လို မတွန်းလိုက်သင့်ဘူးး။ လဲတုန်းက ထိခိုက်မိတာတွေ ရှိသေးလား"
မိခင် သုံးယောက် အချင်းချင်း တောင်းပန်စကားတွေ ပြောကြရင်း ပြသနာက အဆုံးသတ်သွားသည်။
ကလေးသုံးယောက်ကိုလည်း မိဘတွေက နေ့လည်စာစားဖို့ အသီးသီး ခေါ်သွားကြသည်။ ဖန်းရော့ရှီးကတော့ စိတ်ဆိုးနေတုန်းဖြစ်ကာ စပါဂတီစားနေရင်း ခက်ရင်းကို ချကာ နှုတ်ခမ်းကြီးဆူနေ၏။
"လုံးဝ သူ့အမှားဆိုတာ သိသာနေတာကို ဘာလို့ သူ့ကို ပြန်တောင်းပန်နေရတာလဲ။ ဟမ့် သမီး သူ့မျက်နှာကို လက်သီးနဲ့ ထိုးပြီး ကြောင်ကလေးလို ကြောက်သွားအောင် ရိုက်ခဲ့လိုက်ရမှာ"
ဖန်းရော့ရှီး၏ အမေကတော့ သူ့သမီး၏ စိတ်ကြီး ဒေါသကြီးမှုကို ဘာမှမပြောပဲ သက်ပြင်းသာ ချနေလိုက်သည်။
ဝမ်ယွီထုံကတော့ ကျိုးရှောင်ယွီကို အသီးအနှံ အနှစ်ကျွေးနေတုန်း ရှီးရှီး၏ ဒေါသထွက်နေသံကိုကြားတော့ သဘောကျမိသည်။ သို့သော် ကလေးမလေးကိုတော့ နားလည်အောင် အသံချိုချိုဖြင့် ရှင်းပြလိုက်သည်။
"အာ့ကောင်လေးက တောင်းပန်သင့်တာ မှန်ပါတယ်။ ဒါပေမယ့် ရှီးရှီးကလည်း သူ့ကို မတွန်းလိုက်သင့်ဘူးလေ"
ဖန်းရော့ရှီးကတော့ ဝမ်ယွီထုံ၏စကားကို လက်မခံပါ။
"ဟမ့် ဘာလို့လဲ သမီးက မမှားဘူးလေ"
"သူ့ဘောလုံးက မောင်လေးကို မတော်တဆ ထိမိသွားတာကို မတောင်းပန်ချင်တဲ့ အတွက် သူမှားတယ်။ ဒါပေမယ့် သမီးကလည်း ပြသနာဖြစ်ရင် လူကြီးမိဘ ဆရာတွေကို တိုင်ပြောပြီး ပြသနာကို အဖြေရှာ ဆုံးဖြတ်ရမှာလေ။ နောက်တစ်ဆို ဒီလိုမျိုးစိတ်လိုက်မာန်ပါ မလုပ်ရဘူးနော်။ တစ်ခုခုကြုံလာပြီဆိုရင် ဦးနှောက်လေးနဲ့ တွေးပြီး အဖြေရှာရမယ်နော် ဟုတ်ပြီလား"
ဖန်းရော့ရှီးက လက်ပိုက်ထားကာ အန်တီ လှလှလေး ပြောတာ ယုံသင့် မယုံသင့် ဝေခွဲရခက်နေ၏။
ရှီးရှီးအမေက သူ့သမီးပန်းကန်ထဲ ပန်းသီးအရသာကြက်တောင်ပံကင် ထည့်ပေးလိုက်ကာ "အန်တီ ပြောတာမှန်တယ်။ သမီးက သတ္တိရှိပြီး ရဲရင့်တယ်။ ဒါပေမယ့် ဒေါသကြောင့် စိတ်လိုက်မာန်ပါ လုပ်တာမျိုးတော့မကောင်းဘူး။ နောက်ပိုင်းသမီး ဒေါသစိတ်ကလေးကို ထိန်းပြီး ဦးနှောက်နဲ့ အရင်စဉ်းစားပြီးမှ လုပ်ကြရအောင်နော်။ စူပါမန်းတို့ အယ်ထရာမန်းတို့တောင် ဒီအတိုင်း လူတွေကို လျှောက် မရိုက်ဘူးလေ။"
ကျိုးရှောင်ယွီ နားလည်သွားသယောင် မျက်လုံးအရောင်တောက်သွားကာ လက်သီးဆုပ်ပြီး သူ့ရင်ဘတ်ပေါ် တင်လိုက်သည်။
"သမီးနားလည်ပြီ။ သမီးနောက်ကျရင် စူပါမန်းတို့လိုမျိုး ကိုယ်ခံပညာတွေ သင်ပြီး မကောင်းတဲ့သူတွေကို မိုးထိရောက်အောင် ကန်ပစ်မယ်။ အိုးးရတ်စ် " ဟု ရယ်မောကာ ပြောလိုက်သည်။
ဖန်းရော့ရှီး ရီတာကို ကြည့်ပြီး ကျိုးရှောင်ယွီကလည်း သဘောကျစွာ လိုက်ရီနေ၍ သူ့ပါးစပ်ထဲက အသီးအနှံအနှစ်တွေက သွားရည်ခံ ပေါ်စီးကျလာသည်။
ဝမ်ယွီထုံနှင့် ရှီးရှီးအမေ - ထားလိုက်ပါတော့ အရှုံးပေးလိုက်ပါပြီ။ဘယ်လို မှ ပြောလို့ရမှာ မဟုတ်ဘူး။ ကလေး ပေါက်စတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံက ထူးကို ထူးလွန်းတာ"
ညပိုင်းရောက်တော့ ဝမ်ယွီထုံ ရှောင်ယွီလေးကို ရေချိုးပေး နို့တိုက်ပြီးနောက် ကုတင်ခေါင်းရင်းမှာ ကလေးကို ရင်ခွင်ပိုက်ထိုင်ပြီး ပုံပုင်ဖတ်ပြရန်ပြင်လိုက်သည်။
ပြတင်းပေါက်အပြင်ဘက်က သစ်ပင်တွေရဲ့ အရိပ်၊ နဲ့ အိပ်ခန်း ထဲက အလင်းရောင်ဖျော့ဖျော့ အပြင် အခန်းထဲ မှာလည်း ပေါ့ပေါ့ပါးပါး ဂီတသံစဉ်ကို တိုးတိုးလေး ဖွင့်ထားရာ ကျိုးရှောင်ယွီလေးသည် မျက်လုံးလေးမှေးကာ အိပ်ချင်မူးတူး ဖြစ်နေသည်။
ကျိုးရှောင်ယွီက သူမဖတ်ပြတာကို ၉၉.၉%နားမလည် နိုင်မှန်း သူမ သိသော်လည်း ယနေ့ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများထဲက ကောင်းသည့်အရာများကို စဉ်းစားလိုက်ကာ ရုပ်ပြ ပုံပြင် စာအုပ်တစ်အုပ်ကို ရွေးချယ်လိုက်သည်။
"သန့်ရှင်းတဲ့ သွား အလွန်ကောင်းသားး"
"ယုန်ကလေးက ချိုချဉ်တွေကို အရမ်းကြိုက်တာ ဒါကြောင့် သူက နေ့တိုင်း ချိုချဉ်တစ်လုံး အမြဲတမ်းစားတယ်"
"ယုန်ကလေးရဲ့ မေမေက သွားတိုက်ဖို့အတွက် ပြောတိုင်း ယုန်ကလေးက သားပင်ပန်းနေလို့ နောက်နေ့မှ သွားတိုက်တော့မယ်လို့ အမြဲပြန်ပြောသတဲ့"
"နောက်ဆုံးတော့ ယုန်ကလေးက သွားတွေ အရမ်းကိုက်လာပြီး မိချောင်းသွားဆရာဝန်ကြီးရဲ့ သွားဆေးခန်းကို သွားပြရတော့တာပေါ့။ မိချောင်းသွားဆရာဝန်ကြီးက ယုန်ကလေးကို သွားတွေ အကုန် နှုတ်ပစ်ရမယ် လို့ ပြောသတဲ့“
”ဒါကြောင့် မေမေတို့လည်း အခု ပထမဆုံး ပေါက်တဲ့ သွားကနေစပြီး သေချာ ဂရုစိုက်ရမယ်နော်"
နောက်ထပ် "နတ်ပြည်မှ စာအုပ်" ဆိုသည့် စာအုပ်ကို ဖတ်ပြနေချိန်တွင် ကျိုးရှောင်ယွီလေးသည် အလွန် ပျင်းနေပြီဖြစ်သည်။ ထို့ကြောင့် သူ့လက်ကလေးဖြင့် စာအုပ်ကို ဆွဲလုလိုက်ကာ ငါးမန်းရုပ်ခေါင်းအုံးနား လွင့်ပစ်လိုက်သည်။
"ပျင်းစရာကောင်းလို့လားးး ဒါဆိုလည်း နောက်တစ်ပုဒ်ဖတ်ရအောင်။" ပုံပြင်ခေါင်းစဉ်က
"မအော်နဲ့ ငါလုပ်နိုင်တယ်"
"တစ်ခါက ကြောင်လေးတစ်ကောင်ဆီမှာ လူကြားထဲ အကျယ်ကြီးအော်တတ်တဲ့ ဝါသနာ တစ်ခုရှိသတဲ့"
"ကြောင်ကလေးရဲ့ မေမေက လူကြားထဲ မအော်ဖို့ ပြောပေမယ့် ကြောင်ကလေးက နားမထောင်ဘူး"
"တစ်နေ့တော့ ကြောင်ကလေးရဲ့ အော်သံကို ဆိုးသွမ်းတဲ့ ဝံပုလွေကြီးက ကြားသွားတယ်။ ဝံပုလွေကြီးက ကြောင်ကလေးလို အော်တတ်တဲ့ တိရစ္ဆာန်တွေကို စားရတာ သိပ်ကြိုက်တာ"
ဝမ်ယွီထုံ မျက်နှာ အမူအရာများဖြင့်ချောင်းဟန့်ကာ ပြောလိုက်သည်။
"ဒီနေ့ မေမေသားကို ရှော့ပင်းမော ခေါ်သွားတော့ သားက အာ့မှာ ပြသနာရှာပြီး ငိုတာတွေ လုပ်ခဲ့တယ်။ အာ့တာ မှားတယ်။ လူကြားထဲ အကြောင်းမရှိ အော်ငိုတာက သူများကို အနှောက်အယှက်ဖြစ်စေတယ်"
ကျိုးရှောင်ယွီကတော့ သူ့အမေ ပြောတာကို ဝါးးးသန်းကာ နားထောင်နေရင်း ပျင်းလာ၍ သူ့ကိုယ်လုံးလေးကို ဟိုဒီလှိမ့်လိုက်သည်။
ဝမ်ယွီထုံလည်း နောက် တတိယ စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်သည်။
"လက်ကလေးတွေက သူများကို ရိုက်ဖို့မဟုတ်ပါ"
"ကလေးတွေရဲ့ လက်သေးသေးလေးတွေက သူများကို ရိုက်ဖို့မဟုတ်ဘူး"
"လူတွေနဲ့ မိတ်ဖွဲ့ဖို့ပါ။"
"လက်သေးသေးလေးတွေက လူတွေကို ရိုက်ဖို့မဟုတ်ဘူး"
"လက်ဆွဲ နှုတ်ဆက်ဖို့ပါ"
"လက်သေးသေးလေးတွေက လူတွေကိုရိုက်ဖို့မဟုတ်ဘူး"
"စာရေးဖို့ပါ"
ယခု ဖတ်နေသည့်စာအုပ်လေးက ယခင်စာအုပ်နှစ်အုပ်ထက်ပို ၍ အနုစိတ်ကာ ပန်းချီပုံတွေကလည်း လက်ရာမြောက်သည်။
ထို့ကြောင့် ကျိုးရှောင်ယွီက စာအုပ်ကို စိတ်ဝင်စားသွားပြီး ဝမ်ယွီထုံ စာဖတ်ပြနေတုန်း စာအုပ်ကို လုယူလိုက်ကာ ပါးစပ်နှင့် ကိုက်ပြီး မြိန်ရည်ယှက်ရည် ဝါးလေတော့၏။
ဝမ်ယွီထုံ - "........ကဲ မီးပိတ်ပြီး အိပ်ကြစို့ "
ဝမ်ယွီထုံ ကလေးကို သူ့အိပ်ရာပေါ်တင်လိုက်ကာ သိပ်လိုက်သည်။ ကလေးက ခဏ တော့ လူးလိမ့်နေသေးပြီး နောက်တော့ အိပ်ပျော်သွားသည်။
ကလေး အိပ်ပျော်ပြီးနောက် ဝမ်ယွီထုံလည်း ရေချိုးခန်းထဲ ဝင်ကာ ကိုယ်လက်သန့်စင်လိုက်သည်။ ထို့နောက် ဆောင်းဦးရာသီ ညအိပ်ဝတ်စုံ အပေါ်ဝတ်နှင့် ဘောင်းဘီ ဝတ်ကာ အောက်ထပ်ကို ညနေကမှ သူမဝယ်လာသည့် ထိုင်းတုန်ယမ်း ခေါက်ဆွဲ ချက်စားရန် ဆင်းလာလိုက်သည်။
နိုဝင်ဘာလထဲ ဝင်နေပြီဖြစ်၍ ရာသီဥတုက သိသိသာသာကို အေးနေပြီဖြစ်ရာ သူမ ဗိုက်ကလည်း မကြာခဏ ဆာလာတတ်သည်။
သူမ အောက်ထပ်ကို ဆင်းလာတော့ ဧည့်ခန်းက မီးလင်းနေသေးသည်။
သူမဧည့်ခန်းထဲ ကြည့်လိုက်စဉ် အမျိုးသား၏ နောက်ကျောကို မြင်လိုက်ရသည်။ သူ၏ သွယ်လျသည့် လက်ချောင်းများက ရေခဲ ထည့်ထားသည့် ပယင်းရောင် ဝိုင်ခွက်ကို ကိုင်ထားကာ တစ်ခုခု တွေးနေသည့်ဟန်ဖြင့် ကြမ်းခင်းကနေ မျက်နှာကျက်အထိ မှန်တပ်ထားသည့် ပြတင်းပေါက်နားမှာ တိတ်တိတ်လေး ထိုင်နေ၏။
ကျိုးကျီယွဲ့ စောစော ပြန်ရောက်နေ၍ ဝမ်ယွီထုံ အံ့အားသင့်သွားသည်။ လွန်ခဲ့တဲ့ လဝက်လုံး အလုပ်ကနေ နောက်ကျမှ ပြန်လာပြီး မနက်ဆိုလည်း ၇နာရီ အလုပ်သွားလေရာ ဟော်လိုဝင်းညတွေ့ပြီး နောက်ပိုင်း သူတို့နှစ်ဦး မတွေ့ဖြစ်ကြတော့ပေ။
ဧည့်ခန်းထဲ ယမှာတော့ ကျိုးကျီယွဲ့က ဝိုင်ခွက်ကို အသာ လှုပ်ရမ်းလိုက်ပြီး မျက်လွှာကို ချလိုက်သည်။ လှေကားကနေ ဆင်းလာသည့် ဝမ်ယွီထုံကို မမြင်သေးပေ။
ဝမ်ယွီထုံ သူမဝတ်ထားသည့် ဆောင်းဦးညအိပ်ဝတ်စုံကိုကြည့်လိုက်ကာ သူမအခန်းထဲ လှစ်ကနဲ ပြန်ဝင်သွားသည်။ ဆယ်မိနစ်ကြာပြီးနောက် ဝမ်ယွီထုံ ပြန်ဆင်းလာလိုက်သည်။
ဤတစ်ခေါက်တွင်တော့ ပုလဲဖြူရောင် ဂါဝန်ရှည်လေး၊ ရေတံခွန်ကဲ့သို့ဖြာကျနေသည့် ဆံပင်ရှည် နှင့် လိမ္မော်ပန်းရနံ့ ရေမွှေးဆွတ်ကာ ပြန်ဆင်းလာသည်။
ဟားးဟားးဟားးး
ကျိုးကျီယွဲ့ နှာဖူးထက်မှာ ဝဲကျနေသည့် ဆံပင်က အနည်းငယ် စိုနေသေး၏။ အနက်ရောင် ညအိပ်ဝတ်စုံကို ဝတ်ထား၍ လည်ပင်းကလည်း အနည်းငယ် ဟိုက်နေသဖြင့် ဖြူဆွတ်နေသည့် လည်ပင်းအသားရောင်ကို မြင်နေရကာ လည်ပင်း ပုခုံးရိုး နှင့်အတူ ရင်ဘတ်ကြွက်သားအချို့ကိုပင်မြင်နေသည်။
ဝမ်ယွီထုံ၏ လှပသည့်မျက်လုံးဖြင့် ကြည့်လိုက်ကာ "ရှင် ဒီမှာ ဘာလို့ထိုင်နေတာလဲ"
"ကိုယ် ဒီနေ့ အလုပ်စောစောဆင်းလို့လေ " ကျိုးကျီယွဲ့ ဝိုင်ခွက်ကို ချလိုက်သည်။ " ရှောင်ယွီ အိပ်ပြီလား"
ဝမ်ယွီထုံလည်း တစ်ဖက်ရှိ ဆိုဖာပေါ် ဝင်ထိုင်လိုက်ပြီး ပြတင်းပေါက်ကနေ မြင်ရသည့် ခြံဝင်း၏ညရှုခင်းကို ကြည့်လိုက်သည်။
ညို့အားပြင်းလှသည့် အမျိုးသားဘက် တစ်ချက်မှ လှည့်မကြည့်မိအောင် နေကာ စကားလည်း စမပြောပဲ နေလိုက်သည်။
[ ပထမအချက် - ကိုယ်က လိုချင်တဲ့ ပုံ မပေါက်အောင် ခပ်ခွာခွာနေရမယ်]
သုံးမိနစ် အကြာမှာတော့ ကျိုးကျီယွဲ့က မေးလာသည်။
"မင်းလည်း သောက်မလား"
"ရပါတယ်။ ပုံမှန် ဆိုရင်တော့ ကျွန်မ ရှစ်နာရီနောက်ပိုင်း ဆို ဘာ မှ စားလေ့မရှိပါဘူး။ အိပ်ခါနီး နှစ်ခွက်လောက် သောက်တာလောက်တော့ ပြသနာ မရှိပါဘူး"
"ဒါဆို ရင်တော့ မင်းကိုယ့်ကိုယ်ကို ထိန်းနိုင်တာပဲ" ဟု ကျိုးကျီယွဲ့က မျက်ခုံးပင့်ကာ ပြောပြီး ဝမ်ယွီထုံအတွက် ဝိုင်ကို ဝိုင်ခွက် ထဲ တစ်ဝက်လောက်ထည့်လိုက်ကာ ကမ်းပေးလိုက်သည်။
"သောက်ကြည့်ပါဦး"
ဝမ်ယွီထုံလည်း ဝိုင်ခွက်ကို သူမ လက်ချောင်းလေးဖြင့် ညှပ်ယူလိုက်ကာ မတ်မတ်ထိုင်ပြီး မြည်းကြည့်လိုက်သည်။
"အနံ့ကိုတော့ မကြိုက်ဘူး မပြောပါနဲ့"
ကျိုးကျီယွဲ့ ဝိုင်ခွက်ကို ဝမ်ယွီထုံဘက် မြောက်ပြလိုက်ပြီး တစ်ငုံသောက်လိုက်စဉ် သူ၏ အာဒမ်ပန်းသီး [လည်ဇလုတ်]လေးက အထက်အောက် ရွေ့လျားသွားသည်။
ဝမ်ယွီထုံ ပယင်းရောင်ဝိုင်ကို အရသာခံကာ မြည်းကြည့်လိုက်သည်နှင့် ချက်ချင်း သူမမျက်လုံး အရောင်တောက်သွားသည်။
"ဝိုင်အရသာက ပြင်းရှရှ မဟုတ်ပဲနဲ့ မက်မွန်သီးအရသာချိုချိုလေးရနေတယ်။ အိပ်ရာ မဝင်ခင်သောက်ဖို့ အကောင်းဆုံးဝိုင်ပဲ။ ကျိုးကျီယွဲ့ ရှင်က ဝိုင်အရသာခံတတ်သားပဲ"
[ ဒုတိယအချက် - အပြည့်အဝချီးကျူးပေးပါ။ လွန်လွန်ကဲကဲတော့မဖြစ်စေနဲ့]
ထိုကဲ့သို့ ချီးကျူးမှုက ကျိုးကျီယွဲ့မျက်နှာကို အနည်းငယ် အံ့အားသင့်သွားစေသည်။သို့သော် တည်ငြိမ်နေသည့်အသံဖြင့် "အာ့လောက်လည်း မဟုတ်ပါဘူး။ မင်းကြိုက်တယ်ဆို ပြီးတာပါပဲ"
နှစ်ဦးသား ဝိုင်လေး သောက်ရင်း တယောဂီတသံငြိမ့်ငြိမ့်လေးကို နားထောင်ကာ ဧည့်ခန်းထဲကို ပြတင်းပေါက် ကနေ ဖြာကျလာသည့် လရောင်ကို ငေးမောနေကြသည်။
ဝိုင်နှစ်ခွက်လောက် သောက်ပြီးသည့် ဝမ်ယွီထုံကတော့ ပါးတွေကြက်သွေးရောင်သန်းလာကာ မျက်လုံးရီဝေဝေဖြစ်လာသည်။
"ရှင် သိလား"
ကျိုးကျီယွဲ့ မျက်လုံးပင့်ကာ ဝမ်ယွီထုံ ပြောလာမည့်စကားကို နားထောင်လိုက်သည်။
"အို့ ?"
"နှာခေါင်း၊ နှုတ်ခမ်း၊ မေးရိုးတွေက အကုန်တူတယ်"
ဝမ်ယွီထုံ လက်ဟန်အမူအရာများဖြင့် ပြောလိုက်သည်။
"သူက ရှင့်ရဲ့ အသေးစားဗားရှင်းနဲ့ တူတယ်"
သူမရှေ့မှ အမျိုးသား၏ ခံစားချက်များကို မမြင်ရချေ။
"ဟုတ်မှာပါ။ ကိုယ်ကလည်း ကိုယ့် အစ်ကိုကြီးနဲ့ တော်တော်လေးတူတယ်လေ"
ဝမ်ယွီထုံ မျက်မှောင်ကြုံ့လိုက်သည်။ "ကျွန်မ တောင်းပန်ပါတယ်။ ရှင့်ကို ဝမ်းနည်းစရာတွေ တွေးအောင် လုပ်မိလိုက်ပြီ"
"ရပါတယ်" ကျိုးကျီယွဲ့က ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။
"ကိုယ့်အစ်ကိုကြီးနဲ့ မရီးတို့ မရှိတော့တာ ကြာပြီဆိုတော့ ကိုယ် နေတတ်လာပါပြီ"
ဝမ်ယွီထုံ သံသယများဖြင့် ကျိုးကျီယွဲ့ကို ကြည့်လိုက်သည်။ ကျိုးကျီခိုင်းတို့ လင်မယား ဆုံးသွားတာ နှစ်ဝက်လောက်ပဲ ရှိသေးတာကို ကျိုးကျီယွဲ့ ပါးစပ်ကနေ ဘာလို့ ကြာပြီ လို့ ပြောထွက်ရတာလဲ??
သို့သော် သူမ ထပ်မမေးတော့ပဲ အလိုက်သင့် စကားလေး စလိုက်သည်။ "ရှင့်အစ်ကိုနဲ့ မရီးလည်း ရှောင်ယွီလေး သည်လို ချစ်စရာကောင်းပြီး ကြီးလာတာကို တွေ့ရင် ပျော်ကြမှာ အသေအချာပါပဲ"
ကျိုးကျီယွဲ့ နှုတ်ခမ်းများ တွန့်ကွေးသွားကာ ဝိုင်ခွက်ကို ဝမ်ယွီထုံ ဘက် မြောက်ပြလိုက်သည်။ "မင်းရဲ့ အားထုတ်ကြိုးစားမှုတွေကို ကျေးဇူးတင်ရမှာပါ"
ဝမ်ယွီထုံ ခေါင်း ခါလိုက်သည်။ "အရမ်း အားထုတ်ခဲ့ရတာ မဟုတ်ပါဘူးရှင်။ ကလေးကလည်း တွယ်ကပ်လွယ်ပြီး ကျွန်မကလည်း သူနဲ့ အနီးဆုံး လူဖြစ်နေလို့ပါ။ ရိုးရိုးသားသား ပြောရရင် ကျွန်မလည်း ကလေးထိန်းရတာ ကြိုက်ပါတယ်"
"တစ်ကယ်ပါ မင်းက အရမ်း တက်ကြွလန်းဆန်းတဲ့ ပုံစံရှိတယ် " ကျိုးကျီယွဲ့ ကလည်း ထောက်ခံလိုက်သည်။
"တစ်ကယ်လား" ဝမ်ယွီထုံ ချီးကျူးခံလိုက်ရ၍ အနည်းငယ် ရှက်သွားကာ အတည်ပေါက်စကားပြောလိုက်သည်။
"ကျွန်မ သူငယ်ချင်းတွေတောင် အာ့လို မချီးကျူးဖူးဘူး။ ကျွန်မထင်တာကတော့ ကျွန်မပုံစံက ကျွန်မ စိတ်မဝင်စားတဲ့ သူတွေနဲ့ ဆို အေးစက်စက်ဖြစ်တယ် လို့ ထင်တာပဲ ဟုတ်တယ်မလား"
[တတိယအချက် - အီစီကလီအထာပေါက်မယ့် စကားတစ်ချို့ ပြောပေးရမည်]
ကျိုးကျီယွဲ့ ဝမ်ယွီထုံ ပြောလိုက်သည့်စကား၏ အထာကို အံ့အားသင့်နေစဉ် ဝမ်ယွီထုံ ထိုင်ရာမှ ရပ်လိုက်ကာသူမ ဆံပင်ကို ရမ်းလိုက်သည်။ သူမဆွတ်ထားသည့် လိမ္မော်ပန်းရနံ့ရေမွှေးက ကျိုးကျီယွဲ့ ဘက်ကို ပျံ့လွင့်လာသည်။
"ကျွန်မ သွားအိပ်တော့မယ် ရှင်လည်း စောစောနားတော့နော် ဂွတ်နိုက်ပါ" ဟု ဝမ်ယွီထုံ မျက်လုံးလေး မှိတ်ကာ ပြောလိုက်သည်။
ကျိုးကျီယွဲ့လည်း ခေါင်းငြိမ့်လိုက်ကာ သူမ၏ မျက်နှာကို အရင်ကထက် ပို စိုက်ကြည့်နေမိသည်။
ဝမ်ယွီထုံ သူမ၏ ဈေးကြီးညအိပ်ဝတ်စုံဖြင့် ရှည်လျားကာ ကျက်သရေရှိသည့် ကိုယ်လုံးလေးကို ဖြည်းဖြည်းချင်း လှုပ်ရမ်းကာ လျှောက်သွားလိုက်သည်။
ဟားဟားဟား ကျိုးရှောင်ယွီ ပြသနာရှာထားတာတွေ ကို ထည့်မစဉ်းစားရင် ဒီညကတော့ အခြေအနေကောင်းတယ်..
'ကောင်လေးရေ ကျွန်မ ရှင့်ကို ဘယ်လို ဆွဲဆောင်မလဲ ဆိုတာ ကြည့်လိုက်စမ်းပါ!!'