အခန်း (၁၅)
Vol. 2 Ch. 15
ညအိပ်ရာမဝင်ခင် ဝိုင်သောက်ခဲ့သောကြောင့် ဝမ်ယွီထုံ ကောင်းကောင်းအိပ်စက်နိုင်ခဲ့သည်။
နောက်တစ်နေ့ မနက်ခင်းတွင် အပြာရောင်ကောင်ကင်ထက်မှာ အရှေ့အရပ်ကနေ နေမင်းကြီးက တောက်ပနေ၏။
ကျိုးရှောင်ယွီကို မနက်စာကျွေးပြီးနောက် ကလေးက သူ့အိပ်ရာပေါ် ပြန်အိပ်ပျော်သွားစဉ် ဝမ်ယွီထုံလည်း သီချင်းလေးညည်းကာ မီးဖိုချောင်ဘက် ဆင်းလာလိုက်သည်။
သူမလက်ထဲမှာတော့ ကလေးဖြည့်စွက်အစာ ဘလော့ ဗီဒီယိုရိုက်ရန် သူမကိုယ်ပိုင် ကင်မရာ နှင့် ကင်မရာထောက်တိုင်တို့ကို သယ်လာခဲ့သည်။[အကောက်လေး ရှောင်ယွီ] ဆိုသည့် ကလေးမိဘ အကောင့်လေးမှာ ပရိတ်သတ်တွေ များလာမယ်လို့ သူမလည်း မထင်မှတ်ထားချေ။
လွန်ခဲ့သည့်အပတ်က သူမလုပ်ခဲ့သည့် ဘေဘီခရင်မ် ၂၅ မျိုးအကြောင်း ဗီဒီယိုက လူကြည့်များလာကာ Follower လည်း တိုးလာသည်။
[ဒုတိယကလေးမယူပါ - ရှောင်ယွီမေမေရေ...ရှင် ညွှန်းတဲ့ ဘေဘီခရင်မ် တွေက အရမ်းအဆင်ပြေတယ်။ ရာသီ အပြောင်းအလဲမှာတောင် ကျွန်မကလေးက နှင်းခူနာ မဖြစ်တော့ဘူး]
[ဖရဲသီးလေးမေမေ - ရှောင်ယွီမေမေက အကုန်သိတယ်နော်။ ဘေဘီခရင်မ်တွေကို ပါဝင်ပစ္စည်းတွေနဲ့ သေချာ ရီဗျူးလေး ထပ်လုပ်ပေးပါလား။ ဘာလို့ဆို ကျွန်မရဲ့ ဖရဲသီးလေးက အသားအရည်လုံးဝ အထိအခိုက်မခံလို့လေ။ စိတ်မချရတဲ့ ပစ္စည်းတွေဆို ကျွန်မကလေးအတွက် မသုံးရဲလို့ပါ။ ဘလော့ဂါတစ်ချို့ညွှန်းတဲ့ ခရင်မ်တွေရှိပေမယ့် အာ့တာတွေက ကြော်ငြာပဲ ကောင်းတာ အရည်အသွေး မကောင်းဘူး]
[မူကြိုကျောင်းက လူမိုက် - ဒိုင်ပါအမျိုးအစားတွေ အကြောင်းနဲ့ ကလေး ဘောင်းဘီအကြောင်းတွေ တင်ပေးပါဦးလား]
[အိမ်မှုကိစ္စနဲ့ အလုပ်များနေသူ - ဖြည့်စွက်အစားအစာ အကြောင်း အထူး ဗီဒီယိုလေး လုပ်ပေး ပါလား]
[ဆေးသကြား - ဖြည့်စွက်စာ အကြောင်း ရိုက်ရှာလိုက်လေ။ အသက်အရွယ် အလိုက် ကျလာလိမ့်မယ်]
မီးဖိုချောင်မှာတော့ စားဖိုမှုးလောင်ကျောက်နှင့် အန်တီကျန်းတို့က မနက်စာ ပြင်ဆင်နေကြစဉ် ဝမ်ယွီထုံ မီးဖို ထဲ ဝင်လာသည်ကို တွေ့လိုက်ရ၍ အံ့ဩသွားသည်။
အန်တီကျန်း - "မဒမ် ငှက်သိုက်ပေါင်းရည် သောက်တော့မလို့လားး။ တည်ထားတုန်းပဲ ရှိသေးလို့ အဆင်သင့်ဖြစ်ရင် ယူလာပေးပါ့မယ်"
" ကျွန်မ ကလေး ဖြည့်စွက်အစာ လာလုပ်တာပါ ကျွန်မကို ဂရုမစိုက်ပါနဲ့ လုပ်စရာရှိတာ လုပ်ကြပါ" ဟု ဝမ်ယွီထုံ ပြုံးကာပြောလိုက်သည်။
လောင်ကျောက် - "ဘယ်လို ဖြည့်စွက်အစာမျိုး လိုချင်လို့ပါလဲ မဒမ်"
ဝမ်ယွီထုံ လက်ကာ ပြလိုက်သည်။ " မဟုတ်ဘူးး ကျွန်မ ကိုယ့် ဖာသာကိုယ် လုပ်ကြည့်ချင်လို့ပါ"
ဝမ်ယွီထုံ လုပ်ငန်းစရန် ထောက်တိုင်ပေါ် ကင်မရာ တင်ကာ ချိန်လိုက်ပြီး လုပ်ငန်းစလိုက်သည်။
ဒီနေ့တော့ ဝမ်ယွီထုံ ကလေးတွေ ကိုယ်တိုင်ဆုပ်ကိုင်ကာ စားနိုင်သည့် ဖြည့်စွက်အစာ လွယ်ကူစွာ လုပ်နည်း ကို ကိုယ် တိုင်လုပ်ပြမည်ဖြစ်သည်။ လုပ်တာ အောင်မြင်သွားရင် ကျိုးရှောင်ယွီကို ကျွေးလို့ရပြီး မအောင်မြင်ရင်လည်း သူမ စားလို့ ရတာပဲလေ? ဟုတ်တယ်မလား??
ဘယ်လိုပဲဖြစ်ဖြစ် ပါဝင်တဲ့ ပစ္စည်းတွေက အတူတူပဲ ဆိုတော့ အောင် မြင်တာ ဖြစ်ဖြစ် မအောင်မြင်တာ ဖြစ်ဖြစ် စားလို့ရတာကတော့ အတူတူပဲမလားး
စနစ် - " သေသေချာချာ လေး လုပ်ဖို့တော့ အကြံပေးချင်တယ် နော်"
ဝမ်ယွီထုံ ရှက်ရှက်နှင့် သူ့နှာခေါင်းသူ တို့လိုက်သည်။
စနစ် - " ၇လ အရွယ်က စပြီး ကလေးတွေကို ကိုယ် တိုင် လက်နဲ့ ဆုပ်ကိုင်စားနိုင်တဲ့ဖြည့်စွက်အစာတွေကို ကျွေးလို့ရပြီ။ စားစရာတွေကို ကိုယ်တိုင် လက်နဲ့ ဆုပ်ကိုင်စားတာက ကလေးတွေ လက်ချောင်း သန်မာစေရုံသာမက ကိုယ်တိုင်လွတ်လွတ်လပ်လပ် ရွေးချယ်စားသောက်ခွင့်ကိုလည်း ပေးနိုင်တယ်။ ဘာ လုပ်မလို့လဲ။ စနစ်ထဲမှာ လုပ်ပုံ လုပ်နည်းတွေ အများကြီး ရှိတယ်လေ"
ကလေး ပြုစုပျိုးထောင်ရေး စနစ်က သည်လောက် အဆင်ပြေမည်မှန်း ဝမ်ယွီထုံ မမျှော်လင့်ထား၍ မျက်လုံး အရောင်တောက်သွားသည်။
"ဒါဆို ကျွန်မကို ကန်စွန်းဥနဲ့ မျောက်ဥ ကိတ်လုပ်နည်းနဲ့ ဘရိုကိုလီအမဲသားချောင်း လုပ်နည်းလေး ရှာပေးပါလားး။ ပါဝင်ပစ္စည်းတွေနဲ့ ငါးကလေး တွေက လုပ်ရကိုင်ရ ခက်လို့"
စနစ်ကနေ လုပ်နည်း ရုပ်ပြပုံ နှင့် စာများ ပေါ်လာသည်။
[ကန်စွန်းဥနဲ့ ဝဥ ကိတ်လုပ်နည်း - ၇လ အရွယ် ကလေးများကို ကျွေးနိုင်သည်။
ပါဝင်ပစ္စည်း များ - ပြုတ်ပြီးမျောက်ဥ ၄၀ဂရမ်၊ ပြုတ်ပြီး ကန်စွန်းဥ ၄၀ဂရမ်၊ ကစီဓာတ်နည်းဂျုံမှုန့် ၄၀ဂရမ်၊ဖော်မြူလာနို့မှုန့် ၆၀ဂရမ်]
ဝမ်ယွီထုံလည်း ပြုလုပ်နည်းကို ဖတ်လိုက်ပြီး မျောက်ဥ နှင့် ကန်စွန်းဥကို ပေါင်းအိုးထဲ တည့်ကာ ပြုတ်လိုက်သည်။ နောက် ကျန်သည့်ပါဝင်ပစ္စည်းများကို လိုအပ်သည့် ဂရမ်အလိုက်ချိန်ထားလိုက်သည်။
[ပါဝင်ပစ္စည်း များကို စက်ထဲထည့်ကာ သုံးမိနစ်ခန့်ရောမွှေပါ]
စက်ဖြင့်ရောမွှေပြီးနောက် နူးညံ့သည့်မုန့်အနှစ်များရလာသည်။ ရွှေဝါရောင် အနှစ်များကိုကြည့်ပြီး ဝမ်ယွီထုံ ပျော်သွားသည်။ အနှစ်အနေအထားကလည်း ဒိန်ချဉ်လို ပျစ်နေသည်။
[ အနှစ်များကို ကိတ်မုန့်ကရင်မ် အလှဆင်သည့် ကတော့ပုံ အိတ်ထဲထည့်ကာ ပုံစံခွက်ထဲ ညှစ်ထည့်ပါ။ နောက် ပေါင်းအိုးဖြင့် ၂၀မိနစ်ခန့် ပေါင်းပါ]
ဝမ်ယွီထုံလည်း သူမ ဝယ်ထားသည့် ချယ်ရီပန်းပုံစံခွက်နှင့် ကြောင်လက်ဖဝါးပုံစံခွက်ထဲ မုန့်အနှစ်များကို သေသေချာချာ ညှစ်ထည့်လိုက်သည်။ နောက် ပေါင်းအိုးထဲ ထည့်ပေါင်းလိုက်သည်။ ဟုတ်ပြီလေ...ဒါပဲလေ!!
ဝမ်ယွီထုံ သူမ နှဖူးမှ ချွေးများကို သုတ်လိုက်ကာ နောက်တစ်မျိုးဖြစ်သည့် ဘရိုကိုလီအမဲသားချောင်း လုပ်ရန် ပြင်လိုက်သည်။
[ဘရိုကိုလီ အမဲသားချောင်း(ကြက်ဥမပါသည့်နည်း) - ၇လသား အရွယ်ကလေးများကို စတင်ကျွေးနိုင်သည်။]
ဝမ်ယွီထုံလည်း စနစ်က ပြသည့်အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ပြုလုပ်လိုက်သည်။ အမဲသားကို ထုရိုက်ကာ ဘရိုကိုလီနှင့် အာလူးတို့ကို ပြုတ်ထားလိုက်သည်။ကလေးကိုယ်တိုင်စားနိုင်သည့် ဖြည့်စွက်အစာ လုပ်နည်းက အမျိုးမျိုး ရှိသော်လည်း စနစ်ကျရန်က လိုသေး၏။
ထုရိုက်ထားသည့်အမဲသား ဘရိုကိုလီ၊ အာလူးတို့နှင့်အတူ ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်သည်။ နောက် ကတော့ပုံ ညှစ်အိတ်ထဲ ထည့်လိုက်သည်။
ဝမ်ယွီထုံ ဖြည့်စွက်အစာ လုပ်သည့်အခါ သုံးသည့် မကပ်အိုးထုတ်ကာ ဆီထည့် အနှစ်များကို အချောင်းလိုက် ညှစ်ထည့်ကာ မီးအေးအေးဖြင့် ကြော်လိုက်သည်။
အိုးထဲက အမဲသားချောင်းများ ရွှေဝါရောင်သန်းလာတော့ ဝမ်ယွီထုံ ပျော်သွားပြီး အောင်မြင်မှု ရသလို ခံစားလိုက်ရသည်။
အန်တီကျန်းနှင့် လောင်ကျောက်ကတော့ အံ့အားသင့်သည့်အကြည့်များ အချင်းချင်း ဖလှယ်လိုက်ကြသည်။သူတို့က ဝမ်ယွီထုံကို မီးဖိုချောင်ထဲ တစ်ယောက်ထဲ လွှတ်ထား၍ ရမည်ဟု မထင်ကြချေ။ အခုတော့ မဒမ်က အတော်လေး ကျွမ်းကျင်ပုံ ရသည်။
မနက်စာ စားရန် ဆင်းလာသည့် ကျိုးကျီယွဲ့တစ်ယောက် မီးဖိုခန်းကို ဖြတ်သွားစဉ် ချက်ပြုတ်နေသည့် ဝမ်ယွီထုံကို မြင်သွား၍ တံခါးပေါက်နားမှာ တိတ်တဆိတ် ခဏ ရပ်ကြည့်နေမိသည်။
မီးဖိုရှေ့မှာ ကာတွန်းပုံကပ်ထားသည့်အေပရွန်နှင့် ဝမ်ယွီထုံက သေသေချာချာ လုပ်ကိုင်နေ၏။ မနက်ခင်းတောက်ပသည့်နေရောင်ခြည်ကလည်း ဝမ်ယွီထုံ၏ ကိုယ်ပေါ် ရွှေရောင်အလွှာကဲ့သို့ ဖြာကျနေသည်။
ပိုနီတေးဆံပင်ကို သူမ နောက်ကျောဘက်မှာ ပွယောင်းယောင်းစည်းထားကာ ပါးပြင်ပေါ်ဝယ် ဆံပင် နှစ်ချောင်းကျနေ၏။ သေးသွယ်ရှည်လျားသည့်နှာတံလေး၊ ကြည်လင်နေသည့် အသားရေနှင့် ပန်းရောင်ပါးပြင်လေးက မက်မွန်သီးမှည့်လေးနှင့် တူနေသည်။
နားကြပ်တပ်ထားကာ သံစဉ်ကို လိုက်ညဉ်းရင်း အကြော်အိုးကို ကိုင်နေပုံက စိတ်ပျော်ရွှင်နေသည့်ပုံပေါက်နေသည်။
သူမ ပထမဆုံးအကြိမ် စမ်းလုပ်သည့် ကလေးဖြည့်စွက်အစာ မုန့်များ အဆင်ပြေသွားလိမ့်မည်ဟု မထင်မှတ်မိချေ။
ရွှေဝါရောင် ဘရိုကိုလီအမဲသားချောင်းကလည်း မထူမပါးအနေအထားဖြင့် ကျိုးရှောင်ယွီလေး လက်ဖြင့်ကိုင်စားနိုင်သည့် အရွယ်အစားကွက်တိဖြစ်နေသည်။
ကန်စွန်းဥနှင့်မျောက်ဥ ကိတ်မုန့်ကလည်း ချယ်ရီပန်းပွင့်ပုံနှင့် ကြောင်လက်ဖဝါးပုံ နှင့် ဒိုးနတ်ပုံများ လုပ်ထားရာ အလွန်လှပြီး ချစ်စရာကောင်းလှသည်။
စနစ်ကလည်း သူမ လုပ်ထားသည်ကို ကြည့်ကာ ကျေနပ်သွားသည်။
"လုပ်နည်း အတိုင်း စနစ်တကျ တစ်ဆင့်ပြီး တစ်ဆင့် သေချာလုပ်တော့ အောင်မြင်သွားတာပေါ့။ ပါဝင်ပစ္စည်း တွေ အချိုးမကျဖြစ်ပြီး စက်နဲ့ မွှေတာလည်း မလုံလောက်ရင် ပုံစံခွက်ထဲ ထည့်လည်း လှမှာ မဟုတ်ဘူး"
ဝမ်ယွီထုံ ကင်မရာကို လုပ်ပြီးသည့်မုန့်များဘက် အနီးကပ်ချိန်ကာ ရိုက်လိုက်သည်။ ထို့နောက် ကင်မရာ ရိုက်ကူးရေး ပစ္စည်းများကို သိမ်းကာ အခန်းထဲ ပြန်လိုက်သည်။ ကျိုးရှောင်ယွီလေးကတော့ အခုမှ နိုးဆဲဖြစ်၍ မျက်လုံးက ဖွင့်တစ်ဝက် မဖွင့်တစ်ဝက် ဖြစ်နေကာ သူ၏ ယုန်ရုပ်ဖြူလေးဖြင့် ဆော့နေရှာသည်။
ဝမ်ယွီထုံလည်း ကလေးကို အိပ်ရာမှ ထုတ်လိုက်ကာ အင်္ကျီလဲ၊ ဖင်တုန်းလေး ဆေးကာ ဒိုင်ပါလဲခြင်းတို့ကို ကျွမ်းကျင်စွာ လုပ်ပေးလိုက်သည်။ ဝမ်ယွီထုံ ရှောင်ယွီလေးကိုကြည့်ပြီး ပါးလေး မဆိတ်ပဲ မနေနိုင်ဖြစ်ကာ ပါးလေး ကိုင်လိုက်ရင်း ပြုံးလိုက်သည်။
"ရှောင်ယွီလေးရေ မေမေက ဒီနေ့ သား ကိုင်စားလို့ရမယ့် မုန့်လှလှလေးတွေ လုပ်ထားတယ်။ သားကြိုက်မှာ သေချာတယ်"
"အွမ်းးးးး"
ကျိုးရှောင်ယွီက သူ့ခြေထောက်လေး တွေကန်ကာ ဝမ်ယွီထုံ ဘက်လက်ဆန့်ရင်း သူ့ကို ချီစေချင်နေ၏။
ဝမ်ယွီထုံလည်း ခါးကုန်းလိုက်ကာ တစ်နေ့တစ်ခြား ဝိတ်တိုးတိုးလာသည့် ဘောလုံးလေးကို ကောက်ချီလိုက်သည်။ သူမ အရင်ကထက် အားတွေ ပိုရှိလာသလို ခံစားရကာ လက်မောင်းကြွက်သားပင် ထွက်လာပြီဟု ထင်ရသည်။
ထို့နောက် လူကြီးနှင့် လူကလေးတို့ ပထမထပ်က ထမင်းစားခန်းထဲ ဆင်းလာကြသည်။
ကျိုးကျီယွဲ့က မီးခိုးရောင်အနောက်တိုင်း ဝတ်စုံ နှင့် ဘယ်ဘက် လက်ကောက်ဝတ်တွင် ရွှေရောင်နှင့် အနက်ရောင်စပ်ထားသည့် Richard Miller နာရီကို အကျအနဝတ်ဆင်ထားကာ ပြတင်းပေါက်နှင့်နီးသည့် ထမင်းစားစားပွဲဘက်တွင် ထိုင်နေသည်။
ကော်ဖီသောက်ရင်း ကုပ္မဏီ ငွေစာရင်း တင်ပြချက်များကို မျက်မှောင်ကြုံ့ကာ ဖတ်နေသည်။
ဝမ်ယွီထုံတို့ဆင်းလာသည်ကိုတွေ့တော့ မောနင်း ဟု နှုတ်ဆက်လိုက်သည်။ ကျိုးရှောင်ယွီလေးကလည်း စိတ်ကြည်နေ၍ သူ့လက်သေးသေးလေးဖြင့် အဖေဖြစ်သူကို ဝေ့ရမ်းပြကာ ပြန်နှုတ်ဆက်နေသည်။
"......."
ကျိုးကျီယွဲ့ ရှောင်ယွီလေးကို မော့ကြည့်နေသည့် သူ့အကြည့်များက နေရောင်အောက်တွင် တောက်ပနေဟန်ရှိ၏။
ဝမ်ယွီထုံ ကျိုးရှောင်ယွီလေးကို ကလေးထမင်းစားထိုင်ခုံပေါ်ထိုင်ခိုင်းလိုက်သည်။ ကလေး၏ မနက်စာကလည်း သူ့ရှေ့တွင် အဆင်သင့်ရောက်နေပြီဖြစ်သည်။
ကလေးအတွက် မနက်စာက ပမာဏ နည်းသော်လည်း ကန်စွန်းဥမျောက်ဥကိတ်၊ ဘရိုကိုလီ အမဲသားချောင်းကြော်၊ ဖရုံသီးဆန်ပြုတ်နှင့် ပန်းသီးနှင့် ဆီးသီးခြောက်အနှစ် စသည့် အမျိုးအစား တို့ကတော့ စုံလင်လှသည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏ လည်ပင်းတွင် သွားရည်ခံ ဝတ်ပေးရင်း ကျိုးကျီယွဲ့ကို စကားလှမ်းပြောလိုက်သည်။
"ကလေးတွေ ရဲ့ ဖြည့်စွက်အစာကို သေချာလေး တွဲဖက်ပေးသင့်တယ်။ ဒါမှ ကလေးက အာဟာရညီမျှမှာလေ။အစောပိုင်းနှစ်တွေမှာ စုံစုံလင်လင် ကျွေးထားမှ ကြီးလာရင်လည်း ကလေးက ဂျီး မများမှာလေ။"
ကျိုးကျီယွဲ့က ထိုင်ခုံ ကျောမှီကာထိုင်လိုက်ပြီး ဝမ်ယွီထုံ ပြောတာကို သေချာ လိုက်နားထောင်နေသည်။
"အိုးးး ဟုတ်လား"
ဝမ်ယွီထုံ မျက်ခုံးလေးကို ကစားရင်း ပြုံးကာ ဆက်ပြောလိုက်သည်။
"ဟုတ်တာပေါ့။ ဥပမာ အနေနဲ့ ကျွန်မဆို ရှောင်ယွီလေးကို အနပ်တိုင်း အသား၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အမြဲကျွေးတယ်လေ။ အစားအစာတွေကိုလည်း အစုံအလင်လုပ်ပေးတယ်။ ပြီးတော့ ကလေးတွေက လတ်ဆတ်တာ ကြိုက်ကြတယ်။ အခုလို ကလေးကိုယ်တိုင်ကိုင်စားနိုင်တဲ့ ဖြည့်စွက်အစာတွေ ကျွေးတာက နို့စဖြတ်ဖို့အတွက် လေ့ကျင့်ပေးနိုင်ရုံသာမက ကိုယ့်ဝမ်းကိုယ် တိုင်းပြီး ကိုယ်တိုင်စားတတ်အောင်လည်း လေ့ကျင့်ပေးရာ ရောက်တယ်လေ"
ရွှေအိုရောင် နူးညံ့သည့် ချယ်ရီပန်းပွင့်ပုံ ကိတ်တစ်ခုကို ယူလိုက်ကာ "ဥပမာပြောရရင် ကန်စွန်းဥနဲ့ မျောက်ဥကိတ်ကို လုပ်နည်းအမျိုးမျိုး ရှိပေမယ့် ဒီလိုချစ်စရာကောင်းအောင် လုပ်လိုက်တော့ ကလေး မစားမှာလဲ စိတ်ပူစရာ မလိုတော့ဘူး" ဟု ထပ်ပြောလိုက်သည်။
ကျိုးကျီယွဲ့ကလည်း ဝမ်ယွီထုံ ပြောတာကို ခေါင်းတငြိမ့်ငြိမ့်နှင့် ကျေနပ်စွာ နားထောင်နေ၏။
"မင်းပြောတာလဲ ဟုတ်တယ်"
ဝမ်ယွီထုံ ချယ်ရီပန်းပွင့်ပုံ ကိတ်ကို ကျိုးရှောင်ယွီရှေ့ စားပွဲပေါ်တင်ပေးလိုက်စဉ် ကလေးက တစ်ခါမျှ မမြင်ဖူးသည့်မုန့်ပုံစံဖြစ်နေ၍ သူ၏ စပျစ်သီးပုံ မျက်ဝန်းကြီးများဖြင့် စိတ်ဝင်တစား ကြည့်နေ၏။
တစ်စက္ကန့်လောက် တွေဝေပြီးမှ မုန့်ကို မဝံ့မရဲ ထိကြည့်လိုက်သည်။ ချယ်ရီပန်းပွင့်ပုံကိတ်က ပူလည်း မပူ ကိုက်လည်း ပြန်မကိုက်သဖြင့် သူ့လက်ဖြင့် ယုံကြည်ချက်ရှိရှိ ဆုပ်ကိုင်လိုက်သည်။
"ရှောင်ယွီ အာ့တာကို ပါးစပ်ထဲ ထည့်လို့ရတယ် အာာာ..."
ဝမ်ယွီထုံ ပါးစပ်ဟကာ စားလို့ရသည့်ပုံ ပြလိုက်သည်။
"ဂူးးးးး..._"
ကျိုးရှောင်ယွီက စိတ်လှုပ်ရှားစွာ ချယ်ရီပန်းပွင့်ပုံကိတ်ကို ပါးစပ်ဖြင့် တစ်ကိုက် ကိုက်လိုက်သည်။
ဝမ်ယွီထုံ ကိုလူချောလေးဘက် တစ်ချက်လှည့်ကာ မျက်လုံးလေးမှေးကာ ပြုံးရင်း ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။
"ကျွန်မ ပြောတာ မှန်တယ် မလားး ကလေးတွေက အသစ်အဆန်းတွေကို စူးစမ်းပြီး ကြိုက်ကြတယ်လေ"
ကျိုးကျီယွဲ့ကတော့ ဘာမှ ပြန်မပြောပဲ ကလေးကို ကြည့်နေရင်း မျက်မှောင်ကြုံ့သွားသည်။ ထို့နောက်သူ့နှုတ်ခမ်းတွေက ကွေးကာ ပြုံးနေ၏။
ဝမ်ယွီထုံလည်း မဟုတ်သေးဘူး လို့ ခံစားရကာ ရှောင်ယွီဘက်ပြန် လှည့်ကြည့်လိုက်သည်။ ကျိုးရှောင်ယွီလေးက အခုလေးတင်စားလိုက်သည့် ချယ်ရီပန်းပွင့်ပုံ ကိတ်မုန့်ကို သူ့သွားရည်ခံပေါ်ပြန်ထွေးထုတ်ရင်း ရွံစရာကောင်းသည့် အရာကို စားလိုက်ရသည့်မျက်နှာဘေးနှင့်ဖြစ်နေသည်။
ဝမ်ယွီထုံ စိတ်ဆိုးကာ ရှက်သွားသည်။ သို့သော် သူမ လေသံကို ထိန်းကာ "သား သေချာ မကိုင်မိလို့ဖြစ်မယ်။မေမေ ခွင့်လွှတ်ပါတယ်"
နောက်ထပ် ဘရိုကိုလီအမဲသားချောင်းကို ကျိုးရှောင်ယွီရှေ့ချပေးလိုက်သည်။ ကျိုးရှောင်ယွီက စိတ်ဝင်တစား ချက်ချင်း ကောက်ကိုင်ကာ စားလိုက်သည်။ နောက် ချက်ချင်း ပြန်ထွေးထုတ်လိုက်ကာ လက်ထဲကျန်နေသေးသည့် အမဲသားချောင်းကိုလည်း လွင့်ပစ်လိုက်သည်။
သူ့အမေကို မဝံ့မရဲလေးကြည့်လိုက်သည်။ သူ့ပုံစံက တစ်ယောက်ယောက်ကပဲ သူ့ကို အဆိပ်ခပ်နေသည့်ပုံလိုလို။
ဝမ်ယွီထုံ နောက်ဆုံးတော့ သည်းမခံနိုင်တော့ပဲ မျက်လုံးကြီးပြူးကာ ဒေါသတကြီးအော်လိုက်သည်။
"နင် !!!!"
သူမ လက်တွေ ပင်ယားလာကာ တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်လာသည်။
ကျိုးရှောင်ယွီကတော့ ကြောက်နေသည့်ပုံစံဖြင့် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နှုတ်ခမ်းလေးမဲ့လာသည်။
သူက ဒီထူးဆန်းတဲ့ ဟာတွေကို ထွေးထုတ်ပစ်ရုံကို ဘာလို့ မေမေက သူ့ကို ဘာလို့ အကျယ်ကြီး အော်ရတာလဲ။
"ကလေးက ငယ်သေးတော့ ကောင်းကောင်း စားရမှန်း မသိသေးလို့ပါ " ဟု ကျိုးကျီယွဲ့ကလည်း ဝင်ပြောလိုက်သည်။
"ဟုတ်တာပေါ့ မှန်တာပေါ့။ မေမေက နောက်ဆို အထူးဖြည့်စွက်အစာတွေ ထပ်လုပ်ပေးဦးမှာ။ ခဏခဏစားရင်း ကျင့်သားရလာရင် ကြိုက်သွားလိမ့်မယ်နော်" ဟု ဝမ်ယွီထုံ စိတ်ဆိုးနေသည့် ရယ်သံကြီးဖြင့်ပြောကာ ကျိုးရှောင်ယွီ ပါးစပ်ထဲ ဖရုံသီး ဆန်ပြုတ် တစ်ဇွန်းကို ခပ်ကာ ခွံ့လိုက်သည်။
ဖရုံသီး ဆန်ပြုတ်က ပြုတ်ပြီးသားကို မနက်ခင်းရောက်မှ လျှပ်စစ်အိုးထဲ ထည့်ကာ သုံးမိနစ်ခန့် ပြန်ကျိုလိုက်ခြင်းဖြစ်သည်။
ကျိုး ရှောင်ယွီ ဖရုံသီး ဆန်ပြုတ်နူးနူးညံ့ညံ့စေးစေးလေးကို ရုတ်တရက် မြိုချလိုက်မိသည်။ နောက် နှုတ်ခမ်းကို သပ်လိုက်ကာ သူ့လက်ကလေးများကို ဝေ့ရမ်းလိုက်သည်။
ဒီ ဖရုံသီးဆန်ပြုတ်က အရမ်း အရသာရှိတာပဲ။ စောနက အဆိပ်ရှိတဲ့ချယ်ရီပန်းပွင့်ပုံကိတ်ထက်ပို အရသာရှိတယ်။ 'မေမေ..သားကြိုက်တာ ဒါမျိုးပဲ။'