အခန်း (၁၆)
Vol. 2 Ch. 16
နိုဝင်ဘာ လလယ် လောက် အရောက်မှာတော့ ကျိုးရှောင်ယွီလေးက ရှစ်လသားအရွယ်ကို ရောက်လာခဲ့ပြီဖြစ်သည်။
ကောင်လေးက ကြီးပြင်းလာတာနဲ့အမျှ သူ၏ မျက်နှာပေါက်ကလည်း ချောမောကာ ထင်ရှားလာသည်။ အသားအရေကလည်း စိုပြေကာ ဖြူဆွတ်နေသည်။ ဆံပင်ကောက်လေးများကလည်း နေရောင်အောက်မှာ ရွှေဝါရောင် ဖျော့ဖျော့သန်းနေကာ မျက်ရစ်နှစ်ထပ်နှင့် မျက်လုံးဝိုင်းကြီးများက ရှောင်ယွီလေးကို လူမျိုးခြားနှင့် သွေးနှောထားသည့်ကလေးဟု ထင်ရစေသည်။
ဝမ်ယွီထုံတစ်ယောက် ချောမောကာ ချစ်စရာကောင်း လိမ္မာသည့် ကောင်လေးကို လက်တွန်းလှည်းဖြင့် အပြင်ခေါ်သွားတိုင်း ပတ်ဝန်းကျင်မှ အမျိုးသမီးများ၏ မနာလို ချီးကျူးသံများကို အမြဲကြားရလေ့ရှိသည်။
သို့သော် ကျိုးရှောင်ယွီဆိုသည့် ကလေးသည် သူများတွေ ရှေ့ အပြင်မှာတော့ လိမ္မာပြကာ အိမ်ပြန်ရောက်သည်နှင့် ချက်ချင်း ဇာတိပြတော့သည်။
အရင်ကထက် ပိုပို ဆိုးလာကာ ဝမ်ယွီထုံကို စိတ်ဆိုးအောင် အမြဲလုပ်သည်။
ရေချိုးပေးရင်လည်း ငြိမ်ငြိမ်မနေပဲ သူ့ခြေတွေ လက်တွေ ဆော့ကစားကာ ရေတွေ ဖိတ်စင်အောင် လုပ်ပြီး သူ့ကို ရေချိုးပေးသည့် ဝမ်ယွီထုံကို စိုရွဲသွားအောင် လုပ်ကာ တစ်ခစ်ခစ်နှင့် ရယ်မော နေလေ့ရှိသည်။
အရှက်မရှိ အရေ ကလည်း ထူသေးသည်။ အရင်ကဆို ဝမ်ယွီထုံ သူ့ကို အသံကျယ်ကျယ်နှင့် ပြန်အော်လိုက်တိုင်း မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် လုပ်ကာ ချက်ချင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတတ်သည်။
အခုတော့ အာ့လို မဟုတ်တော့ပေ။ ဝမ်ယွီထုံ သွားစွယ်တွေ လက်သည်းစွယ်တွေ ထုတ်ပြကာ ရိုက်နှက်မည်ဟု ခြိမ်းခြောက်နေလည်း ကျိုးရှောင်ယွီကတော့ မော့ကြည့်ရန်ပင် ပျင်းနေသည့်ဟန်ဖြင့် သူ့ကစားစရာ နှင့်သာ ဆော့နေတတ်သည်။ ကြည့်ရတာ ဘယ်လောက် ဆူဆဲဆဲ ဂရုမစိုက်တော့သည့်ပုံပင်။
အရုပ်မျိုးစုံ ဝယ်ပေးထားသော်လည်း သူ့ရဲ့ အကြိုက်ဆုံး ကစားစရာကတော့ တစ်ရှူးတွေနဲ့ သူ့အမေရဲ့ ဆံပင်ပဲ ဖြစ်သည်။ တစ်နေ့ သူတို့သားအမိ နေ့လည် တစ်ရေး အိပ်ကြတော့ ဝမ်ယွီထုံ ကလေးကို သူ့ကလေးအိပ်ရာပေါ်မသိပ်ပဲ သားအမိနှစ်ယောက် ကုတင်အကြီး ပေါ်ပဲ အတူတူ အိပ်ကြရာ အိပ်ပျော်နေတုန်း သူမ ဆံပင်စောင့်ဆွဲခံလိုက်ရ၍ နာပြီး နိုးလာခဲ့သည်။
သူမနိုးလာတော့ ကျိုးရှောင်ယွီက ဘေးမှာ ထိုင်ပြီး သူမဆံပင်ကို ဆုတံဆိပ်လို သူ့လက်ကလေးဖြင့် ကိုင်ဆွဲကာ ပြုံးဖြီးနေ၏။
ဝမ်ယွီထုံ - "......."
ထိုင်ရတာ မကြိုက်သည့် ကျိုးရှောင်ယွီတစ်ယောက် တစ်ဖြည်းဖြည်းချင်း မတ်တတ်ရပ်နိုင်ရန် ကြိုးစားနေပြီဖြစ်သည်။
ဝမ်ယွီထုံ၏ လက်ကိုင်ကာ တုန်တုန်ချိချိ လမ်းစလျှောက်သည့်နေ့က စပြီး နောက်ပိုင်း ကျိုးရှောင်ယွီသည်နီးစပ်ရာကို ကိုင်ကာ မတ်တပ်ရပ်ရန် ကြိုးစားတော့သည်။
မတ်တပ်ရပ်ပြီး နောက် ရပ်နေရုံ မဟုတ် အပေါ်ကို မျောက်လို တွယ်တက်နေတော့သည်။
'အမလေးးး ကြီးလာလေလေ ချီရခက်လာလေလေပဲ!!'
ဝမ်ယွီထုံလည်း ကလေးကို ချီရင်း တစ်ရက်ကို အခါနှစ်ဆယ်တော့ ခေါင်းမူးနေရသည်။ ထို့ကြောင့် နှလုံးအားကောင်းစေရန် ကြာစေ့၊ လီလီနှင့် သစ်တော်သီးစွပ်ပြုတ်ကို နေ့တိုင်းတစ်ပန်းကန်ဆီ သောက်နေရသည်။
ဒါပေမယ့် အကျိုးအမြတ်တွေလည်း အများကြီး ရခဲ့သည်။ စနစ်ထဲက ကံကောင်းခြင်းပြစက်ဝိုင်းလေးက သုံးပုံ တစ်ပုံ ပင် ရှိနေပြီဖြစ်သည်။
စနေနေ့ ရောက်တော့ ရာသီဥတုက ရုတ်တရက် အေးလာ၍ ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီတို့ အပြာနုရောင် ဆွယ်တာအနွေးထည် ဆင်တူ ဝတ်ထားလိုက်သည်။
ကျိုးရှောင်ယွီကတော့ နှုတ်ခမ်းလေးဆူကာ သူ့အင်္ကျီအသစ်ကို ဆွဲဆန့်ကြည့်နေ၏။ 'သူဝတ်ထားတာနဲ့ မေမေ ဝတ်ထားတာ အရောင်တူတူပဲ။ အရမ်းလိုက်တယ်။'
ဝမ်ယွီထုံက ကျိုးရှောင်ယွီကို ကာကွယ်ဆေးထိုးပေးဖို့အတွက် အပြင်သွားရန် ပြင်နေစဉ် အမြဲအလုပ်ရှုပ်နေတတ်သည့် ကျိုးကျီယွဲ့တစ်ယောက် မော်တော်ဆိုင်ကယ် ဂျက်ကတ်အင်္ကျီနှင့် ဘောင်းဘီရှည်ဝတ်ကာ ပေါ်လာသည်။ သူ့ဝတ်စားထားပုံက ခေတ်စားနေသည့် ဖက်ရှင်ပုံစံဖြစ်သည်။
ကျိုးကျီယွဲ့ကာ ကားသော့ကို ကောက်ကိုင်ကာ ခေါင်းငဲ့ကာ အချက်ပြလိုက်သည်။ "သွားစို့လေ အတူသွားမယ်မလား"
ဝမ်ယွီထုံကတော့ မျက်လုံးလေးမှေးကာ ပြုံးရင်း ခေါင်းငြိမ့်ကာ "အိုခေ" ဟု ပြန်ပြောလိုက်သည်။
ကျိုးရှောင်ယွီကတော့ ဒီအစီအစဉ်ကို မကြိုက်၍ လက်သီးသေးဆုပ်ကာ ဟင်းးးး ဟု နှစ်ကြိမ် ညဉ်းလိုက်သည်။
'နေ့တိုင်း မေမေနဲ့ အတူ အပြင်သွားနေကြမို့လို့ မေမေနဲ့ သွားရတာပဲ ကြိုက်တယ်။ ကြောက်စရာ ဖေဖေ အပို ပါလာတာကို မကြိုက်ပါဘူးနော်။'
'ဖေဖေ့ လက်တွေက နွေးထွေးပြီး သက်သောင့်သက်သာ ရှိတယ် ဆိုပေမယ့် ဖေဖေက ရုပ်တည်ကြီး နဲ့ အမြဲနေပြီး ပြုံးလည်း မပြုံးဘူး။ သူအမုန်းဆုံး အနက်ရောင် အင်္ကျီတွေပဲ အမြဲဝတ်နေတာ။'
ကျိုးရှောင်ယွီ ကျိုးကျီယွဲ့ နှင့် အတူရှိတိုင်း အမြဲ အကြောင်းအရင်း မရှိ ကြောင်တောင်တောင်လေး ဖြစ်နေတတ်သည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ကလေးထိုင်ခုံပေါ်တင်လိုက်ပြီး လုံခြုံရေး ခါးပတ်ပတ်ပေးလိုက်သည်။
ယနေ့ကားမောင်းမည့် ကျိုးကျီယွဲ့ကတော့ မောင်းသူနေရာမှာ ထိုင်ပြီး အနောက်ကြည့်မှန်ကနေ ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ခေါင်းလေး စောင်းကာ စကားပြောနေသည်ကို မျက်လုံးမှေးကာ ကြည့်နေသည်။
"ရှောင်ယွီ ဒီနေ့တော့ မေမေတို့က ကစားဖို့ အပြင်သွားတာ မဟုတ်ဘူးနော်။ ကာကွယ်ဆေးသွားထိုးကြရမှာ"
ဝမ်ယွီထုံသည် ကလေးကို ကြိုသတိပေးသည့်အနေဖြင့် ဆေးထိုးအပ်ပုံပါသည့် "ကာကွယ်ဆေးထိုးတာကို လုံးဝ မကြောက်ပါ" ဟူသည့်ရုပ်ပြစာအုပ်ကို ပြလိုက်သည်။
"ဒေါက်တာဝက်ဝံကြီးကပြောတယ် ကာကွယ်ဆေးထိုးတယ် ဆိုတာ ခန္ဓာကိုယ်ကို တိုက်ခိုက်လာမယ့် ရောဂါဆိုးတွေကို ကာကွယ်ပေးဖို့တဲ့။ ကာကွယ်ဆေးထိုးအပ်ကလေးက သေးသေးလေးပဲ ပြီးတော့ လုံးဝလည်း မနာဘူးနော်"
ကျိုးရှောင်ယွီကတော့ သူ့မျက်လုံးဝိုင်းကြီး ပုတ်ခတ်ပြကာ သွားယားကိုက်အရုပ်လေးကို ကိုက်ရင်း သူ့အမေ ပြောတာကို အရေး မစိုက်သည့်ပုံ လုပ်နေ၏။
'မေမေက ကစားဖို့ အပြင်ခေါ်သွားတဲ့ အကြောင်းပြောနေတာပဲ ဖြစ်ရမယ်။ ပန်းခြံကိုခေါ်သွားမှာလား ကစားကွင်းကို ခေါ်သွားမှာလားး။ ဘယ်ခေါ်သွားသွား ဖေဖေချီတာကိုတော့ လုံးဝ မခံဘူနော်။ မေမေ့တစ်ယောက်တည်းပဲ ချီခိုင်းရမယ်။'
ဝမ်ယွီထုံ ဖတ်ပြသည့် စာအုပ်ကို နားထောင်ပြီးနောက် ကျိုးရှောင်ယွီတစ်ယောက် ကားပြတင်း အပြင်ဘက်က ရှုခင်းကို ငေးကြည့်ရင်း သူ့မျက်လုံးတွေက ကြယ်တွေ လို တောက်ပလာ၏။
နောက်နာရီဝက်အကြာမှာတော့ ကျိုးရှောင်ယွီတစ်ယောက် သူတို့ဘယ်ကို သွားနေမှန်း သိလိုက်ရတော့သည်။
ကာကွယ်ဆေးထိုးပေးသည့် အခန်း အပြင်ဘက်မှာ စောင့်နေရင်း သူ့ရှေ့မှာပဲ သူ့ထက်ကြီးသည့် ကလေးနှစ်ယောက် သူတို့ဆီမှာ မကောင်းတာ တစ်ခုခုဖြစ်နေသလို ငိုနေတာကို တွေ့လိုက်ရသည်။
ကျိုးရှောင်ယွီစိတ်ထဲမှာ မကောင်းသည့် နိမိတ်တွေ ရနေသည်။မျက်ခုံးတွေ တွန့်ချိုးကာ ခြေထောက်ကို ကန်ရင်း ဘာတွေ ဖြစ်နေတာလဲ ဆိုတာ သိချင်နေ၏။
"ရှောင်ယွီ အခု မေမေတို့အလှည့်ရောက်ပြီ"
ဝမ်ယွီထုံက ရှောင်ယွီလေးရဲ့ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ "မကြောက်နဲ့နော် ရှောင်ယွီလေး ဒီနေ့ သတ္တိရှိရမယ်နော်"
"လာ ဖေဖေချီမယ်" ကျိုးကျီယွဲ့ က ရှောင်ယွီကို ကလေးတွန်းလှည်း ထဲမှ ခါးပတ်ဖြုတ်ကာ ပွေ့လိုက်သည်။
ကျိုးရှောင်ယွီကို ကျိုးကျီယွဲ့က ဆေးထိုးသည့် အခန်းထဲ ခေါ်သွားစဉ် ကလေးက ကြောက်လန့်တကြား ပြင်းပြင်းထန်ထန် ရုန်းလေတော့သည်။
ကျိုးကျီယွဲ့ကတော့ မတ်မတ်ထိုင်ပြီး ကျိုးရှောင်ယွီ၏ ခြေလက်တွေကို သေချာ ချုပ်ထားလိုက်သည်။ ကလေးက သူ့အဖေ လက်ထဲမှာ အော်ဟစ်နေပြီး မျက်နှာကလည်း နီရဲလာ၏။ ထို့နောက် မျက်ရည်ဝဲနေသည့် မျက်လုံးကြီးဖြင့် ဘေးမှာ ရပ်နေသည့် သူ့အမေကို စိုက်ကြည့်ကာ အကူအညီတောင်းနေသည်။
ဝမ်ယွီထုံလည်း အနည်းငယ် စိုးရိမ်သွားကာ ကလေးကို နှစ်သိမ့်လိုက်သည်။ "မကြောက်နဲ့နော် ရှောင်ယွီ.. သားက အသန်မာဆုံးနဲ့ သတ္တိအရှိဆုံး ကလေးလေးပဲ။ကာကွယ်ဆေးထိုးတာက မနာဘူး ခဏလေးနဲ့ ပြီးသွားမှာနော်"
ကျိုးကျီယွဲ့ကလည်း ငုံ့ကြည့်ကာ အေးစက်စက်အသံဖြင့် "ဆေးထိုးရမှာကို ဘာလို့ အာ့လောက်ကြောက်နေတာလဲ" ဟု ပြောလိုက်ရာ ကလေးက အဖေဖြစ်သူ၏ နိုင်ထက်စီးနင်းအသံကြောင့် ပိုလန့်သွားကာ နှုတ်ခမ်းလေး မဲ့သွားသည်။ သို့သော်မငိုရဲ၍ မျက်ရည်တွေသာ ဝိုင်းနေရှာ၏။
ချွန်ထက်သေးသွယ်သည့် အပ်က ကလေးရဲ့ ဖြူဖွေးသည့် လက်မောင်းသားထဲ တိုးဝင်သွားသည်နှင့် တစ်ပြိုင်နက် ရှောင်ယွီမျက်လုံးလေး ပြူးကျယ်လာကာ မထိန်းနိုင်ပဲ ဝါးးးးကနဲ အော်ငိုတော့၏။
သူ အစွမ်းကုန် ရုန်းသော်လည်း အားဖြင့် ဖိထားခံရ၍ လုံးဝ လှုပ်မရ ဖြစ်နေရာ ပိုကြောက်လာပြီး အသားကုန် အော်ငိုလေတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ဆေးထိုးအပ်ကို ပြန်ထုတ်လိုက်ပြီးရာ ကျိုးရှောင်ယွီလေးကတော့ မျက်နှာ တစ်ခုလုံး မျက်ရည်တွေ နှာရည်တွေ နဲ့ စိုရွဲကုန်၏။
ဝမ်ယွီထုံလည်း ကလေးကိုကြည့်ရင်း ခေါင်းနပမ်းကြီးသွားကာ ကျိုးကျီယွဲ့လက်မှ ကလေးကို ပြန်ချီလိုက်ကာ ဆေးထိုးထားသည့်နေရာကို လက်ဖြင့် ဖိထားပေးလိုက်သည်။
ကျိုးရှောင်ယွီကတော့ ဝမ်ယွီထုံ လည်တိုင်ညှပ်ရိုးကြားထဲ မျက်နှာ အပ်ကာ ဝမ်းနည်း စွာ ငိုကြွေး နေ၏။ ကလေးရဲ့ မျက်ရည်ပူပူတွေက ဝမ်ယွီထုံ၏ အပြာရောင် ဆွယ်တာပေါ်တွင် စိုကုန်၏။
"ဘာမှ မဖြစ်တော့ဘူးနော် ပြီးသွားပြီနော် မငိုနဲ့တော့နော်" ဝမ်ယွီထုံ ကလေးကို သူမရင်ခွင်ထဲ ထည့်ပြီး ရှေ့တိုးနောက်ဆုတ် ပွတ်သပ်ကာ စကားချိုချို လေးများဖြင့် ချော့လိုက်သည်။
ကျိုးကျီယွဲ့ဘက်ကိုလည်း မျက်မှောင်ကြုံ့ကာ တစ်ချက်လှည့်ကြည့်လိုက်သည်။ 'ကလေးလေးအပေါ်ကိုတောင် မကြင်နာတတ်တဲ့ ဘယ်လို သံနှလုံးစားနဲ့ လူကြီးလဲ??'
ကျိုးကျီယွဲ့ကတော့ ကော်ရစ်ဒါမှာ မတ်တပ်ရပ်ရင်း သူ့မျက်လုံးထဲ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ် နေသည်။
သူ့အိပ်မက်ထဲက ကျိုးရှောင်ယွီ ကြီးပြင်းလာသည့် အဖြစ်အပျက်တွေကို အကြောင်းအရင်းမရှိပြန်တွေးမိသွားသည်။
တစ်နှစ်သားအရွယ်မှာ လမ်းလျှောက်သင်ကာ လဲကျခဲ့သည်။
သုံးနှစ်အရွယ်ရောက်တော့ နပမ်းကစားနည်းကို ကစားနေပြီဖြစ်သည်။
ငါးနှစ်အရွယ်မှာ စက်ဘီးစီးသင်ကာ ခြေလက်တွေ ပေါက်ပြဲဖူးခဲ့သည်။
ဆယ်နှစ်အရွယ်မှာ ဘတ်စကတ်ဘောကစားကာ ဒဏ်ရာရခဲ့သည်။
အိပ်မက်ထဲက ကျိုးရှောင်ယွီသည် မိမိဘဝကို မိမိကိုယ်တိုင်သာ ဂရုစိုက်ခဲ့ရပြီး သူ့အဖေဆီက နှစ်သိမ့်အားပေးမှုကိုလည်း မမျှော်လင့်ခဲ့ပေ။ သို့သော် အကျိုး ရလဒ်ကတော့ ကျိုးကျီယွဲ့ကို စိတ်ပျက်စေခဲ့သည်။
ကျိုးကျီယွဲ့ကတော့ ကိုယ့်ဖာသာကိုယ် အကျိုးအပြစ်တွေ တွက်ချက်ကာ ရှောင်ယွီလေးကို ကိုယ်တိုင်ရပ်တည်နိုင်အောင် နာကျင်မှုတွေနဲ့ ပျိုးထောင်ခဲ့တာ ဖြစ်သည်။
ကျိုးကျီယွဲ့၏ ဘဝအဘိဓါန်မှာလည်း အားနည်းချက်ဆိုတာ မရှိခဲ့ပေ။ ထို့ကြောင့် သူ့လိုပဲ ကျိုးရှောင်ယွီကို ဖြစ်စေချင်ခဲ့သည်။
မျော်လင့်ချက်ကြီးကြီးထားကာ ထူးချွန် ပေါက်မြောက်ရန် ကြိုးစားခိုင်းခြင်းသည် အကောင်းဆုံး လမ်းညွှန်ပေးမှု ဟု ကျိုးကျီယွဲ့ ထင်ခဲ့သည်။
သို့သော် အခုအချိန် မှာ မြင်ရသည့် ကျိုးရှောင်ယွီကတော့ ဝမ်းနည်းစွာငိုကြွေးနေတာတောင် ဝမ်ယွီထုံရဲ့ နူးညံ့သည့် ချော့မော့သံကြားလိုက်တာနဲ့ ငိုယိုနေသည့်မျက်လုံးတွေက ပြန်တောက်ပလာကာ စိတ်ရွှင်လန်းပြီး ရယ်ပြလေတော့သည်။
ဒီလိုလည်း မဆိုးပါဘူးဟု ကျိုးကျီယွဲ့ တွေးလိုက်မိသည်။
နုငယ်သေးတဲ့ ကလေးတွေကို အရမ်းမကြမ်းပဲ သူ့အနာဂတ်လမ်းကြောင်းကို ဒီလိုလေး ကြီးပြင်းသွားတာလဲ ကောင်းတာပဲ ဟုတွေးကာ စိတ်လန်းသွားသည်။နောက် ဝမ်ယွီထုံ တို့သားအမိဆီ သွားလိုက်ကာ ကျိုးရှောင်ယွီဆီ လက်ကမ်းလိုက်သည်။ "ဖေဖေ့ဆီ လာမလား"
ကျိုးရှောင်ယွီကတော့ ကျိုးကျီယွဲ့ထံ လိုက်ရန် မပြောနှင့် ဝမ်ယွီထုံကိုသာ တင်းနေအောင် ဖက်ထားပြီး သူ့ရဲ့ အဖေလူဆိုးကို သတိထား စိုက်ကြည့်နေ၏။
ဝမ်ယွီထုံကတော့ ကျိုးရှောင်ယွီ၏ အပြုအမူကို ကြည့်ကာ သဘောကျနေမိပြီး ကျိုးကျီယွဲ့ကို မျက်လုံးမှိတ်ပြကာ ရှောင်ယွီဘက်လှည့်ပြီး ပြောလိုက်သည်။
"ရှောင်ယွီလေးက လိမ္မာပါတယ်။ ဖေဖေ့ ကို စိတ်မဆိုးပါနဲ့။ ဖေဖေက သား ဆေးထိုးတဲ့အခါ ခံနိုင်ရည်ရှိအောင်လို့ တင်းတင်းကိုင်ထားပေးတာပါ။ တို့ရှောင်ယွီလေး သဘောထားကြီးပြီး ခွင့်လွတ်တတ်တာ အမေတို့တောင် သားလောက် သဘောထားမကြီးနိုင်ဘူး"
ကျိုးကျီယွဲ့လည်း ကလေးကို ဘာပြောရမလဲ ဖျစ်ညှစ် စဉ်းစားပြီး "သား ဒီနေ့ ကောင်းကောင်း လုပ်ခဲ့တယ် " ဟု ချီးကျူးစကားပြောလိုက်သည်။
စိတ်မကောင်းစရာအချက်ကတော့ ကျိုးရှောင်ယွီတစ်ယောက် သူ့အဖေကို လုံးဝ အဖက် မလုပ်ပဲ မကျေနပ်သည့်မျက်နှာထားဖြင့် တစ်ဟင်းးဟင်းး အသံပြုနေ၏။
ထိုညမှာတော့ ဝမ်ယွီထုံသည် အသစ်ဝယ်လာသည် လှုပ်ရှားရုပ်ပုံစာအုပ်ကို ရှောင်ယွီလေးရှေ့ဖွင့်ပြကာ ဖတ်ပြလိုက်သည်။ ကျိုးရှောင်ယွီက ဝံပုလွေဆိုးကြီးပါသည့် စာမျက်နှာကို အလွန် စိတ်ဝင်စားနေသည်။
လှုပ်ရှား ရုပ်ပုံစာအုပ်ထဲမှာ ပါသည့် စက်လေးက ဝံပုလွေဆိုးကြီးရဲ့ ချွန်ထက်သည့်သွားစွယ်တွေနှင့် ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက်နှင့် ဖြစ်အောင် လုပ်ထားသည်။
ကျိုးရှောင်ယွီ တစ်ယောက် မျက်မှောင်ကြုံ့ကာ သူ့အမေကို လျို့ဝှက်ချက်တစ်ခု ပြောပြချင်မိသည်။ ဒီဝံပုလွေဆိုးကြီးကို ကြည့်လေလေ သူ့ဖေဖေလူဆိုးနဲ့ တူလေလေဖြစ်နေသည်။
ထို့ကြောင့် ပါးစပ်ဖွင့်လိုက်ပိတ်လိုက် လုပ်နေသည့် ဝံပုလွေ၏ ချွန်ထက်သည့် သွားတွေကို သူ့လက်ညိုးလေးဖြင့် မကျေမနပ်ကိုင်လိုက်သည်။
အသစ်ဝယ်လာသည့် လှုပ်ရှားရုပ်ပုံ စာအုပ်လေးက ကျိုးရှောင်ယွီကြောင့် ပျက်စီးသွားမည်ကို စိုးရိမ်၍ ဝမ်ယွီထုံ အမြန်သိမ်းလိုက်ရတော့သည်။ ထို့နောက် လွန်ခဲ့သည့်ရက်တွေက လေ့ကျင့်ကစားခဲ့သည့် "ညွှန်ကြားချက်တွေ နားထောင်ကာ အမူအရာလိုက်လုပ်ခြင်း" ကစားနည်းကို ကစားရန် ပြင်လိုက်သည်။
စနစ် - " ၈လသား အရွယ်ကလေးတွေက လက်ဟန်အမူအရာတွေကို စတင်သူတဲ့ အချိန်ကာလဖြစ်တယ်။ပြီးတော့ ဒီအရွယ်တွေက အရမ်းအတုခိုးတတ်တဲ့ အရွယ်လည်း ဖြစ်တယ်။ ဒါကြောင့် ရှောင်ယွီလေးကို လက်ဟန်အမူအရာ တစ်ချို့ သင်ပေးလို့ရတယ်။လက်ခုပ်တီးတာတို့၊ ခေါင်းငြိမ့်ခေါင်းခါတာတို့၊လျှာထုတ်တာ တို့လိုမျိုးပေါ့"
ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ချီလိုက်ကာ သူမပေါင်ပေါ်တင်ကာ မျက်နှာ ချင်းဆိုင်လိုက်သည်။ "ကဲ မနေ့က သင်လိုက်တဲ့ ခေါင်းခါတာကို အရင်ပြန်လုပ်ကြည့်ရအောင်"
ဝမ်ယွီထုံက သူမ ခေါင်းကို ဘယ်ညာရမ်းပြလိုက်ပြီး နှုတ်ကနေလည်း လုပ်ဆောင်ချက်ကိုရွတ်ပြနေသည်။
"ခေါင်းကလေးကို လှုပ်မယ်။ သားရဲ့ ခေါင်းကလေးကို လှုပ်မယ်"
ကျိုးရှောင်ယွီကလည်း လိမ်လိမ်မာမာဖြင့် ခေါင်းလိုက်လှုပ်လေသည်။
ဝမ်ယွီထုံ ကောင်လေးရဲ့ ပါးကို ထိလိုက်ကာ ချီးကျူးအားပေးစကားပြောလိုက်သည်။ "တို့ရှောင်ယွီလေးက အရမ်းတော်တာပဲ။ ဒါဆို ဒီနေ့တော့ လက်ခုပ်တီးတာ သင်ရမလား။ တို့ လက်ကလေးတွေ နဲ့ လက်ခုပ်တီးကြမယ်"
လက်ခုပ်တီးသည့်ပုံ လုပ်ကာ " ကဲ မေမေ တို့ တူတူ လက်ခုပ်တီးကြမယ်" ဟု ပြောလိုက်သည်။
ကျိုးရှောင်ယွီကတော့ သူ့မေမေ နှင့်အတူ ဒီလို နေရတာကို ကြိုက်သည်ာ ထို့ကြောင့် ပြုံးရီရင်း လက်ဝေ့ရမ်းကာ "ဂူးးးး " ဟု အော်လိုက်၏။
" လက်ကို ရမ်းမှာ မဟုတ်ဘူးလေ လက်ခုပ်တီးရမှာ "
ဝမ်ယွီထုံက လက်ခုပ်ကို အားရပါးရ တီးသည့်ဟန် ထပ်လုပ်ပြလိုက်သည်။
ကျိုးရှောင်ယွီကလည်း သူ့အမေလုပ်ပြသည့်အမူအရာကို သေချာလိုက်ကြည့်ကာ မလုပ်တတ်သော်လည်း လိုက်လုပ်ကြည့်လိုက်သည်။ သူ့လက်သေးသေးလေးနှစ်ဖက်ကို အတူတူ ရိုက်လိုက်သည်။
"ချပ်!! ချပ်!!"
"ဟုတ်တယ် အာ့တာကို လက်ခုပ်တီးတယ်လို့ ခေါ်တယ်" ဝမ်ယွီထုံလည်း ဝမ်းသာအားရ လက်ခုပ် ထပ်တီးပြလိုက်သည်။
ကျိုးရှောင်ယွီကလည်း ဉာဏ်ကောင်းသည့် ပင်လယ်ဖျံလေးလို ပျော်ရွှင်ပြုံးဖြီးကာ လက်ခုပ်တီးနေ၏။
အရမ်းချစ်စရာ ကောင်းတာပဲ.....
ဝမ်ယွီထုံ အောင်မြင်မှုရသလို ခံစားလိုက်ရကာ သူမရင်ထဲမှာ နူးညံ့ချိုအိသည့် မတ်ရှ်မယ်လိုလုံးတွေ ပြည့်နေသလို ဖြစ်နေသည်။ ထို့နောက် စိတ်မထိန်းနိုင်ပဲ ရှောင်ယွီလေး၏ မျက်နှာပြည့်ပြည့်လေးကိုပင် အူယားလာကာ အသာအယာ ကိုက်လိုက်မိသည်။
စနစ်ရဲ့ အသီးအပွင့် အကျိုးအမြတ်တွေ ရိတ်သိမ်းရတာရဲ့ ပျော်ရွှင်မှုကို ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး။