အခန်း (၁၇)
Vol. 2 Ch. 17
ဟန်အမူအရာလိုက်လုပ်ခြင်းဂိမ်းကို တစ်ခဏ ကစားပြီးနောက် ကျိုးရှောင်ယွီ၏ မျက်လုံးများရီဝေလာကာ သန်းဝေပြီး အိပ်ချင်လာလေသည်။
တစ်နေ့တာ အတွေ့အကြုံကလည်း အတော်လေး များသွား၍ ညကိုးနာရီမတိုင်မှီပင် အားအင်တွေလျော့နည်းနေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ယွီထုံ၏ လက်ပေါ်မှာပဲ တစ်ဖြည်းဖြည်းချင်း အိပ်ပျော်သွားသည်။
ဝမ်ယွီထုံလည်း သူမလက်ထဲက ကလေးကို အသာအယာပုတ်ရင်း စနစ်က ပြသည့် မိဘတွေ သိသင့်သော အချက်များပြသည့်ရုပ်ပုံနှင့်စာများကို ဖတ်နေလိုက်သည်။
[သင့်ရဲ့ ရှစ်လသား အရွယ်ကလေး အကြောင်း သင်သိပါသလား?]
[ဤအရွယ်ကလေးတွေက စကားစပြောဖို့ပြင်နေပြီး သူ၏ အကျင့်စရိုက်များကိုလည်း ပြသလာပြီဖြစ်သည်။]
[မေမေ!! ရိုးရှင်းတဲ့ ကိုယ်ဟန်အမူအရာလေးတွေက သားသားကို ပိုနားလည်စေတယ်]
[သားသား အရင်က ထက်ပိုပြီး မြန်မြန်တွားသွားနိုင်ပြီး တွယ်တက်နိုင်ပြီ]
[မေမေ! သားသားက ကမ္ဘာကြီးကို စူစမ်းချင်တာ ဆိုတော့ သား တွားသွားချင်တဲ့ နေရာ သွားမှာ နော်။ မေမေကတော့ သားသားကို အားပေးနော်]
[သားသားက ခွဲခွာရတာကို ကြောက်တယ်။ ဒါကြောင့် မေမေ ခဏလေးဖြစ်ဖြစ် အပြင်သွားမယ်ဆိုရင် သားကို ပြောနော်။ သားသားကို တိတ်တိတ်လေး ထားသွားရင် အရမ်း ဝမ်နည်း မိလို့ပါ]
[မေမေ! သားကို နေ့တိုင်း ပုံပြင်ပြောပြနော်။ ပြီးရင် သားနဲ့ လည်း နေ့တိုင်းကစားပေးနော် အိုခေ]
ရှစ်လသား အရွယ်များ၏ အမူအကျင့်များကို ဖတ်ပြီးနောက် ကလေး၏ လတ်တလော ဆိုးနေ ဂျီကျနေမှု များကို နားလည်လိုက်သည်။
သူမလက်ထဲမှ အိပ်ပျော်သွားသည့် ကျိုးရှောင်ယွီလေးကို ကလေးအိပ်ရာ ကုတင်ပေါ် တင်လိုက်ပြီး ရှောင်ယွီလေးရဲ့ ပါးကို ထိလိုက်သည်။ ထို့နောက် အူယားလာကာ မနေနိုင်ပဲ သူမလက်ချောင်းများဖြင့် ကလေး၏ ဆံပင်ကောက်လေးများကို ဖွလိုက်သည်။
ဝမ်ယွိထုံလည်း အိပ်နေသည့် ကလေးကို စောင့်ကြည့်သည့် ကင်မရာ ဖွင့်ကာ မိုဘိုင်းဖုန်းနှင့် ချိတ်လိုက်ပြီး မီးရောင် မှိန်မှိန် ဖွင့်ထားလိုက်ကာ အခန်း ထဲက အသာ လေး ထွက်လာလိုက်သည်။
ကလေးကို ချော့သိပ်ပြီးနောက် ဝမ်ယွီထုံလည်း ညပိုင်းကိုယ်ပိုင်အချိန်လေးရတော့သည်။
သူမ အောက်ထပ်ဆင်းလာစဉ် ကျိုးကျီယွဲ့ကို မတွေ့ပဲ အိမ်တော်ထိန်းစန်နှင့်သာ ဆုံမိသည်။
အိမ်တော်ထိန်းစန် - "လွန်ခဲ့တဲ့ ရက်ကမှ ရေကူးကန်ကို ပြန်ပြင်ထားလို့ ဒုတိယသခင်လေးက ရေကူးကန်မှာ ရေကူးနေတယ်"
ဝမ်ယွီထုံ မျက်လုံးပြူးသွားသည်။ "ရေကူးနေတယ်"
အိမ်တော်ထိန်းစန်က ပြုံးကာပြန်ရှင်းပြလိုက်သည်။
"အာ့ရှောင်က ကျောင်းတုန်းက ရေကူးအသင်းရဲ့ ချန်ပီယံဖြစ်ခဲ့တာ။ သူ ရေကူးတာလဲ အရမ်းမြန်တယ်။ မဒမ်လည်း ရေမကူးချင်ဘူးလား။ ရေကူးကန်ထဲမှာ ရေအသစ်လဲထားလို့ ရေက သန့်ရှင်းကြည်လင်နေတာပဲ။အပူချိန်လည်း ၃၇°ထား ထားတာ ဆိုတော့ အရမ်းလည်း အေးမနေဘူး"
အိမ်တော်ထိန်းစန်သည် ဝမ်ယွီထုံ၏ စိတ်ရင်းကို သိပြီး ဖြစ်၍ သူလည်း စိတ်ရင်းဖြင့်သာ ပြောနေခြင်းဖြစ်သည်။
မဒမ်က ရှောင်ယွီလေး အပေါ်ကို ကောင်းရုံသာမက အလုပ်သမားတွေ အပေါ်လည်း ကောင်းပေး၍ အိမ်တော်တစ်ခုလုံးက ချစ်ခင်ကြသည်။
M နိုင်ငံရဲ့ အဝေးမှာ ရောက်နေသည့် ကျိုးသခင်မကြီးကလည်း သူ့မြေးချွေးမကို မြင်ရင် သဘောကျမှာ သေချာပေါက်ပဲ။
ကျိုးကျီယွဲ့ နဲ့ ဝမ်ယွီထုံတို့က တစ်ကယ်ကို နတ်ဖက်တဲ့ စုံတွဲပဲ။
ကျိုးကျီယွဲ့က အလုပ်ကိုပဲ အာရုံစိုက်တတ်ပြီး သူ့အစ်ကို ကျိုးကျီခိုင်းလို တစ်ဖက်သားကို ချစ်ခင်ကြင်နာပြကာ ပျော်ပျော်နေတတ်သည့် ပုံစံ မဟုတ်တာတော့ စိတ်မကောင်းစရာပင်။
ကျိုးကျီယွဲ့၏ ပုံစံက အေးစက်မာကျောကာ မိန်းကလေးတွေ စိတ်ကျေနပ်ပျော်ရွှင်အောင် ဘယ်လို လုပ်ရမှန်း မသိသည့် လူမျိုးဖြစ်သည်။ အခုလည်း လက်ထပ်ထားတာ ကြာနေပြီကို အခန်းခွဲ အိပ်နေကြတုန်း။
ထို့ကြောင့် အိမ်တော်ထိန်းစန်က အနည်းငယ် စိုးရိမ်နေမိသည်။
ဝမ်ယွီထုံက ရေသွားကူးဖို့ တုံ့ဆိုင်းနေသေးတာမြင်တော့ အိမ်တော်ထိန်းစန်က ထပ်ဆွဲဆောင်လိုက်သည်။
"မဒမ် စိတ်မပူပါနဲ့။ ကျွန်တော် မဒမ်အခန်းနားသွားပြီး သခင်လေး နိုးလာ မနိုးလာကို ခဏခဏ သွားကြည့်ပေးပါ့မယ်"
"အိုခေပါ ဒါဆို အိမ်တော်ထိန်းစန်ကိုပဲ ယုံလိုက်တော့မယ်နော်"
ဝမ်ယွီထုံလည်း ရေကူးသွားချင်သော်လည်း ဘယ်လိုစီစဉ်ရမှန်းမသိဖြစ်နေစဉ် အိမ်တော်ထိန်းစန်၏ စီစဉ်ပေးမှုကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ကာ အဓိပ္ပါယ်ပါသည့် အပြုံးလေးဖြင့် ကျေးဇူးတင်လိုက်သည်။
အိမ်တော်ထိန်းစန် - မဒမ်ရဲ့ အပြုံးတွေက တစ်မျိုးဖြစ်နေသလိုပဲ။ ဒါပေမယ့် ပြဿနာ မရှိပါဘူးလေ။ဒီ လူငယ်နှစ်ယောက် ကို အမြန်ဆုံး နီးစပ်အောင် လုပ်ပေးမှ ဖြစ်မယ်"
မိနစ်၅၀လောက်ကြာတော့ ဝမ်ယွီထုံ ကြောင်လိမ်လှေကားအတိုင်း မြေအောက်ထပ်ကို ဆင်းလာလိုက်သည်။
မြေအောက်ထပ် အပြင်အဆင်ကို စူးစမ်း ပတ်ကြည့်လိုက်တော့ အတော်လေးကျယ်ပြီး ဗီဒီယိုဂိမ်းဆော့သည့်နေရာ၊ အားကစားပြုလုပ်သည့်နေရာ(gym)၊ ရေကူးကန်နှင့် တစ်ခြားဖန်တီးထားသည့် အပြင်အဆင်များကိုပါ တွေ့ရရာ တစ်ကယ့် အထက်တန်းစား ကလပ်စတိုင် မြေအောက်ခန်းကဲ့သို့ ဖြစ်သည်။
လူချမ်းသာ အထက်တန်းစားတွေ ဆိုတော့လည်း ဒါမျိုးကြိုက်ကြတာပေါ့..
သူမ ရေကူးကန်ဘက်ကို လျှောက်သွားလိုက်ရာ သူမျက်လုံးများ ပြူးကျယ်သွားပြီး အကြည့်မလွဲနိုင်ဖြစ်သွားရသည်။
ရေကူးကန် အပေါ်ဘက်မှာ ကြည်လင်သည့်မီးရောင် ထွန်းထားကာ ကျိုးကျီယွဲ့က ပြာရင့်ရောင် မီးထွန်းထားသည့် ကြည်လင်နေသည့် ရေကူးကန်ထဲမှ လိပ်ပြာပုံစံခုန်ထွက်ကာ ကူးနေပုံမှာ ခန္ဓာကိုယ် ကြွက်သားလိုင်းများကို အထင်းသားမြင်နေရသည်။
ကျိုးကျီယွဲ့တစ်ယောက် ၁၂ခေါက်လောက် ထပ်ခါ ထပ်ခါ လေ့ကျင့်ပြီး ရေ သောက်ရန် ကန်ဘောင်ပေါ်ပြန်တက်လာခဲ့သည်။
ကန်ဘောင်ပေါ်တွင် သေးသွယ်သည့်ပုံရိပ်လေးကို မြင်လိုက်ရ၍ မျက်မှောင်ကြုံ့ကာ လှည့်ကြည့်လိုက်သည်။
"တိုက်ဆိုင်လိုက်တာ။ ရေကူးကန်ကို ပြန်ပြင်ပြီး ရေလဲ ထားတယ်လို့ အိမ်တော်ထိန်းစန်က ကျွန်မကို ပြောပြလို့ ခဏ ဆင်းလာကြည့်တာ" ဟု ဝမ်ယွီထုံက ပြုံးကာနှုတ်ဆက်ရင်း ပြောလာသည်။
သူမ အကြည့်တွေက ကျိုးကျီယွဲ့၏ ကြွက်သားတွေနှင့် ထောင်ကျကျ မျက်နှာ ပေါ်ရောက်နေသော်လည်း နှစ်ယောက်ကြား အကွာအဝေးတစ်ခုထားကာ သူမ အပြုအမူတွေကို ထိန်းထားလိုက်သည်။
ကျိုးကျီယွဲ့၏ ပုခုံးပြင်က ကျယ်ကာ ခါးနားမှာ သိမ်သွားပြီး တင်ပါးနှင့် ခြေတံတွေက ရှည်လျား၏။ ထို့အပြင် ခန္ဓာကိုယ်ပေါ်က ကြွက်သား အဖုအထစ်တွေကလည်း လက်ရာမြောက်ပန်းပုရုပ်ကဲ့သို့ကြည့်ကောင်းလှသည်။
ရေကူးဦးထုပ်ပေါ်က ကျလာသည့် ရေစက်တွေက နဖူးပေါ်ကနေ ကြွက်သားတွေ စီ တစ်ဖြည်းဖြည်း လှိမ့်ဆင်းသွားသည်။ သူ၏ ဝမ်းဗိုက်ပိုင်းကြွက်သားတွေကလည်း ရေသူထီးပုံစံ သေးသွယ်သွားကာ ကြည့်ရှုသူ၏ ဦးနှောက်ကို ပင် ကပြောင်းကပြန်ဖြစ်သွားစေသည်။
သူမ ဒီနေ့ အတော် ကံကောင်းတာပဲ ဟုတွေးကာ ဝမ်ယွီထုံ မိမိစိတ်ကို ထိန်း လိုက်သည်။
"ဆေးထိုးပြီး ပြန်လာတော့ ရှောင်ယွီ ဘယ်လို နေသေးလဲ"
ကျိုးကျီယွဲ့ တဘတ်ယူကာ ဆံပင်ကို သုတ်လိုက်သည်။ သူ့မျက်လုံး အရောင်က မှေးမှိန်နေသော်လည်း နှုတ်ခမ်းကတော့ ပြာမနေပါ။
ဝမ်ယွီထုံ ကျိုးကျီယွဲ့၏ အမေးကို ကြားတော့ ပါးစပ်လေး အုပ်ကာ ရီလိုက်သည်။ "ရှောင်ယွီက အဆင်ပြေပါတယ်။ ဒါပေမယ့် ရှင့်ကိုတော့ ကြောက်သွားတဲ့ပုံပဲ။ ဒီတစ်ခါတော့ ကလေးကို လုံးဝ စိတ်ဆိုးအောင် လုပ်မိသွားပြီထင်တယ်"
ကျိုးကျီယွဲ့ မျက်လုံးအကြည့် အနည်းငယ် ညိုးသွားသည်။ ကလေးက ကြီးလာမှ သူ့ကို ရှောင်တာ မဟုတ်ပဲ ငယ်ငယ်ကတည်းက သူ့ကို ရှောင်နေပြီလား။
ဒီလို နဲ့ ကျိုးရှောင်ယွီကြီးလာရင် သူတို့နှစ်ယောက်ကြားထဲ ရင်းနှီးမှု ရှိလာတော့မယ် မထင်ဘူး။
ကျိုးရှောင်ယွီ မျက်နှာ ညိုးနေသည်ကို တွေ့လိုက်ရ၍ ဝမ်ယွီထုံက ခေါင်းလေးစောင်းကာ ပြုံးရင်း အားပေးလိုက်သည်။
"ကလေးတွေက ဒီလိုပါပဲ။ သူတို့စိတ်က ရိုးရှင်းတယ်။ သူတို့ကို ဆက်ဆံတဲ့ အတိုင်း သူတို့က ပြန်ဆက်ဆံတတ်တယ်။ ဒါပေမယ့် နောက်ပိုင်း သူ့ကို နူးနူးညံ့ညံ့သေချာပြန်ဆက်ဆံပေးတာတို့ အချိန်ဖြုန်းပေးတာတို့ သူ့ကိုစိတ်ရင်းတွေ သေချာပြပေးရင် ရှင့်အပေါ် ပြောင်းလဲ လာမှာပါ"
ကျိုးကျီယွဲ့ သောက်လက်စ ရေဘူး အဖုံးကို ပိတ်လိုက်သည်။ သူ့မျက်နှာ အကြောတွေဖြေလျော့လာကာ ဝမ်ယွီထုံ ပြောစကားကို "အင်း" ဟု ထောက်ခံလိုက်သည်။နောက် တစ်ခဏကြာတော့ "မင်းတို့ ကစားကွင်းသွားရင် ကိုယ့်ကိုလည်း ခေါ်လို့ရတယ်"
ဝမ်ယွီထုံလည်း သဘောတူသည့်ပုံဖြင့် ခေါင်းငြိမ့်လိုက်သည်။ "ရပါတယ်"
'ကလေး အကြောင်း ပြောပြီးပြီ ဆိုရင်တော့ တစ်ခြား အကြောင်းပြောလို့ရပြီမလားးး'
ဝမ်ယွီထုံ နက်ပြာရောင် ကန်ကို ကြည့်လိုက်ကာ "ရေကန်က နက်လား "ဟု စကားလမ်းကြောင်းစလိုက်သည်။
"နှစ်မီတာ (၆ပေ) လောက်တော့နက်တယ် "
ဝမ်ယွီထုံ မျက်မှောင်ကြုံ့ကာ ခေါင်းခါလိုက်သည်။
"ကျွန်မလို ခုမှ စလေ့ကျင့်တဲ့ သူအတွက်တော့ အဆင်မပြေလောက်ဘူး။ ဒီလပိုင်းတော့ ကျွန်မ နောက်ပြန် ကူးကျင့်နေတာ။ တစ်ခြားကူးနည်းတော့ရပေမယ့် နောက်ပြန်ကူးနည်းက နည်းနည်း မရသေးဘူး"
ကျိုးကျီယွဲ့ ခေါင်းလေးစောင်းကာ ဝမ်ယွီထုံကို ကြည့်လိုက်သည်။ "မင်းနောက်ပြန်ကူးတတ်ချင်တာလား"
ဝမ်ယွီထုံ ခေါင်းငြိမ့်လိုက်ကာ သူမ၏ ပန်းဆီရောင်နှုတ်ခမ်းများ ပြုံးလိုက်သည်။ "ဟုတ်တယ်။ ဒါပေမယ့် ခက်တယ်နော်။ ကျွန်မပဲ စိတ်ထင်လို့လား မသိဘူး ခဏတိုင်းလေ့ကျင့်ပေမယ့် မရဘူးး"
ကျိုးကျီယွဲ့ မျက်ခုံးပင့်ကာ ပွင့်ပွင့်လင်းလင်း ပြောလာသည်။ "မင်းကူးတတ်ချင်ရင် ကိုယ်သင်ပေးမယ်လေ"
"တစ်ကယ်လားး ကျေးဇူးပါ" ဝမ်ယွီထုံ မျက်လုံးတွေက အပျော်တွေ မဖုံးမဖိနိုင်ဖြစ်လာသည်။
[စတုတ္ထအချက် - သူများကို ဒုက္ခပေးနိုင်ဖို့ သင့်တော်တဲ့ အခွင့်အရေးရှာပါ]
ကျိုးကျီယွဲ့ နှုတ်ခမ်းကလည်း ပြုံးလာသည်။ "ရပါတယ်"
ဝမ်ယွီထုံ ကတော့ ရိုးရှင်းသည့် အဖြူရောင်ရေကူးဝတ်စုံဝတ်ထားသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကြောင့် ရိုးရှင်းသည့်ပုံစံလေးက ကျက်သရေရှိသည့်ပုံပေါက်နေသည်။
သူမ အသားအရည်ကလည်း ကြည်လင်၍ ခါးလေးက သေးသိမ်ကာ ခြေတံရှည်ပြီး ရင်ကလည်း မို့မောက်နေ၏။
နောက်ပြန်ကူးသင်ပေးနေစဉ်တွင် ကျိုးကျီယွဲ့က လူကြီးလူကောင်းဆန်စွာ မသင့်လျော်သည့်နေရာများကို လုံးဝ မကြည့်ပေ။
ကျိုးကျီယွဲ့က ရေထဲကနေ ဝမ်ယွီထုံ၏ ကျောကို အသာလေး မပေးလိုက်သည်။
ဝမ်ယွီထုံကတော့ ရေထဲမှာ နောက်ပြန် လှဲချလိုက်သည်။နောက်ပြန်လှဲချလိုက်တော့ စိတ်မသက်မသာဖြစ်လာပြီး မျက်မှောင်ကြုံ့ကာ အသက်ပြင်းပြင်းရှုလာသည်။
"မကြောက်နဲ့ မင်းမမြုပ်စေရပါဘူး"
ကျိုးကျီယွဲ့ အသံကအခန်းတွင်း လှိုဏ်သံရိုက်ကာ ရေကနေတစ်ဆင့် သူမနားထဲ ဝင်လာပုံက အလွန်ဝေးသည့်နေရာမှ အသံကြားရသလို ခံစားရသည်။
"လက်မောင်းတွေ ကို ဖြေလျော့ထား ကွေးမထားနဲ့။နှာခေါင်းနဲ့ အသက်မရှုနဲ့ ပါးစပ်နဲ့ အသက်ရှု။ အနေအထားက မှားနေသေးတယ်"
ကျိုးကျီယွဲ့က မျက်မှောင်ကြုံ့ကာ မည်ကဲ့သို့ အနေအထား ထားရန် ညွှန်ကြားနေသည်။ "လက်ချောင်းတွေကို ရေထဲမှောက်ထား။ လက်ဖဝါးကို ကျောဘက် လှည့်ထား"
ဝမ်ယွီထုံလည်း ညွှန်ကြားချက်အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် လိုက်နာလိုက်သည်။ တစ်ခဏ အတွင်းမှာပဲ သူမ ရေ ပေါ် ပေါ်လော ပေါ်လာသလို ခံစားလိုက်ရကာ ရေပြင်က မွေ့ရာလိုမျိုးဖြစ်လာသည်။ သူမ အကြည့်ကလည်း မျက်နှာကျက်က မီးရောင်ကိုကြည့်နေရာ ကြယ်တွေပျိုးပျိုးပျက်ပျက်လက်နေသလို လင်းနေ၏။
နောက်ပြန် ပေါလောပေါ်နေတာက အလွန်အဆင်ပြေနေ၍ ဝမ်ယွီထုံလည်း မနေနိုင်တော့ပဲ နောက်ပြန် အမြန်ကူးလိုက်မိရာ စည်းချက်ပျက်သွားသည်။
ရုတ်တရက် ခန္ဓာကိုယ်ဟန်ချက်ပျက်သွားပြီး မြုပ်လာကာ နှာခေါင်းနှင့် ပါးစပ်ထဲ ရေများ ဝင်လာသည်။
ဝမ်ယွီထုံလည်း ကြောက်လန့်လာပြီး မျက်ကလူးဆန်ပြာဖြစ်ကာ သူမ ဘေးမှ လူကြီး၏ သန်မာသောလက်မောင်းကို လှမ်းဆွဲလိုက်သည်။
"ကယ်ပါဦးးး မရဘူးမရဘူး ကျွန်မ မကူးနိုင်ဘူး အရမ်းခက်တယ်"
ဝမ်ယွီထုံတစ်ယောက် ကျိုးကျီယွဲ့၏ ခန္ဓာကိုယ်ကို ခိုအားလား ဝက်ဝံလို တွယ်ဖက်ထားလိုက်ရာ အဝတ်အစားမဲ့နေသည့် ကျိုးကျီယွဲ့၏ ခန္ဓာကိုယ် ကြွက်သားအဖုအထစ် တွေနဲ့ ကိုယ်အပူချိန်ကို ခံစားမိလေတော့သည်။
ဝမ်ယွီထုံ မော့ကြည့်လိုက်တော့ ကျိုးကျီယွဲ့၏ အန္တရာယ်ရှိသည့်မျက်ဝန်းနက်နက်တွေနဲ့ ရင်ဆိုင်လိုက်မိတော့သည်။
"ဆောရီးးး ဆောရီးးး" ဝမ်ယွီထုံ မျက်နှာ နီရဲသွားပြီး လက်ကို အမြန်လွတ်လိုက်ကာ ရေထဲကို ပန်းရောင်ငါးလေးလို ခုန်ဆင်းသွားပြီး ကန်ဘောင်ဘက်ကို အမြန် ခွေးကူးကူးးသွားလိုက်သည်။
တစ်ဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးခုန်သံနဲ့ ကန်ဘောင်ကို လက်ကိုင်လိုက်ပြီး ကျိုးကျီယွဲ့ကို ပြန်လှည့်ကြည့်လိုက်သည်။
ကံကောင်းသည်က ကျိုးကျီယွဲ့ နောက်ကနေ လိုက်မလာပေ။ ထို့ကြောင့် သူမ မျက်နှာနှင့် နားရွက်တွေ နီရဲနေပြီး အသက်ရှုသံ ပုံမှန် ဖြစ်မနေတာ မမြင်တော့ဘူးပေါ့။
ကျိုးကျီယွဲ့ကတော့ စောနက ဖြစ်သွားသည့်ကိစ္စကို စိတ်ထဲမထားပဲ ရေကန်အလယ်မှာသာ ရပ်နေခဲ့ပြီး ဆွဲဆောင်မှု ရှိသည့်အသံဖြင့် ပြောလိုက်သည်။ "ကိုယ် မင်းကို တစ်ခေါက်ကူးပြမယ်"
"အိုခေ " ဝမ်ယွီထုံလည်း ရှက်ရှက်ဖြင့် ခေါင်းငြိမ့်ကာ လိုက်ကြည့်လိုက်သည်။
ကျိုးကျီယွဲ့သည် ရေထဲ ပက်လက်လှန်လှဲချလိုက်ပြီး ကိုယ်ဖော့ကာ လိပ်ပြာပုံစံ ကူးပြလိုက်သည်။ ကူးပုံ အနေအထားနှင့် စည်းချက်က အလွန်လှပကာ အဆင်ချောမွေ့လွန်းလှသည်။
ကူးခတ်နေပုံ က ပင်လယ်ထဲမှာ ငါးကလေး ရေကူးနေသည့်ပုံကဲ့သို့ဖြစ်သည်။ ရေပြင်ကို ကျောပေးကာ မျက်နှာကျက်ဘက်လှည့်ပြီး ဘတ်စကတ်ဘော ပုတ်သကဲ့သို့ ကြည့်ကောင်းလှသည်။
ဝမ်ယွီထုံလည်း မျက်လုံးလေး ပြူးကာ တအံ့တဩ လိုက်ကြည့်မိသည်။
'အရမ်းမိုက်တာပဲ!!!'
ကျိုးကျီယွဲ့ နှစ်ခေါက်လောက် အသွားအပြန်ကူးပြလိုက်ကာ ဝမ်ယွီထုံနား ကူးလာလိုက်သည်။ ရေစိုနေသည့် ဆံသားတွေက သူ့နဖူးပေါ်မှာ ဝဲကျနေပြီး မျက်လုံး အရောင်က ရွှန်းလဲ့နေ၏။ ကျိုးကျီယွဲ့၏ ပန်းပုရုပ်ကဲ့သို့ လှပသည့် မျက်နှာ သွင်ပြင်က ရေကန် နက်ပြာရောင် မီးရောင် ဖြင့် တောက်ပနေသည်။
"ဘယ်လို ကူးရတယ်ဆိုတာ နားလည်ပြီလား"
ဝမ်ယွီထုံ ကျိုးကျီယွဲ့ကို မျက်လုံးမှိတ်ပြလိုက်သည်။
"နားလည်ပြီ နားလည်ပြီ။ ဒါပေမယ့် ကျွန်မ ခဏခဏ လေ့ကျင့် ဖို့တော့ လိုလိမ့်မယ်။ ရှင် နောက် အချိန်ရရင် လည်း ထပ်သင်ပေးလို့ရမလားဟင်?"
ကျိုးကျီယွဲ့က မျက်လွှာချကာ ခေါင်းငြိမ့်လိုက်သည်။ "အိုခေလေ"
ဝမ်ယွီထုံ မျက်ဝန်းလေးများ ကွေးသွားကာ ပြုံးပြလိုက်ပုံက ဆောင်းနှင်းတွေ အရည်ပျော်သွားပြီးနောက် နွေဦးရဲ့ နံနက်ခင်းမှာ ဖူးပွင့်လာသည့် ချယ်ရီပန်းပွင့်ကဲ့သို့ဖြစ်လေသည်။
ကျိုးကျီယွဲ့ တစ်ယောက် တစ်ခဏ အတွင်း အရာ အားလုံး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။