အခန်း (၁၈)
Vol. 2 Ch. 18
ဝမ်ယွီထုံ တစ်ယောက် တဘတ်ကို ခြုံရင်း မျက်နှာလေးက ပန်းရောင်သန်းနေကာ သီချင်းလေးညဉ်းရင်း သူမ အခန်းဘက် တက်ကြွစွာ လျှောက်လာသည်။
သူမ အခန်း ရှေ့မှာတော့ အိမ်တော်ထိန်းစန်က ကလေးကို စောင့်ပေးနေရာ ဝမ်ယွီထုံ ကို မြင်လိုက်တော့ မျက်လုံး လေး အရောင် တောက်သွားသည်။ "မဒမ် ကျွန်တော် နှစ်ခေါက်တောင် လာကြည့်ပြီးသွားပြီ သခင်လေးက လုံးဝ အိပ်နေတုန်းပဲ"
"ကျေးဇူးပါ အန်ကယ်စန် စောစောနားတော့နော်"
ဝမ်ယွီထုံ အခန်းထဲ ဝင်ရန်ပြင်လိုက်သော်လည်း အိမ်တော်ထိန်းစန်က ထွက်မသွားသေး၍ ဝမ်ယွီထုံ မေးလိုက်သည်။ "ဘာကိစ္စရှိသေးလို့လဲ"
အိမ်တော်ထိန်းစန်က ဝမ်းနည်းသည့်အပြုံးလေး ပြုံးပြကာ စကားရှည်ကြီး အစပျိုးလိုက်သည်။
"မဒမ်...အာ့ရှောင်က ကြည့်တော့သာ အေးစက်စက်ပုံစံဖြစ်ပေမယ့် စိတ်ထားက နူးညံ့တဲ့သူပါ။
ကလေးဘဝ ငယ်ငယ်လေးကတည်းက တစ်ယောက်တည်းနေခဲ့ရရှာတာ။ အသက်၇နှစ်ကတည်းက နေ့မကောင်းတဲ့ သူ့အဖွားဆီ ဆယ်နာရီကြာ လေယာဉ်စီးပြီး တစ်ယောက်တည်း ခရီးသွားခဲ့ရတာ။
အသက်၈နှစ် ရောက်တော့လည်း အိုလံပစ်ပြိုင်ပွဲအတွက် ပြည်နယ်အပြင်ဘက်ကို တစ်ယောက်တည်း သွားပြိုင်ခဲ့ရတယ်။
အသက်၁၃နှစ် ရောက်တော့လည်း Mနိုင်ငံကို တစ်ယောက်တည်း ပညာတော်သင်သွားဖို့ နွေးထွေးတဲ့အိမ်ကနေ ထွက်သွားရပြန်တယ်။ အခုလည်း အသက်၂၂ရှိပြီ။ လူတိုင်းက သူ ဘယ်လောက် အောင်မြင်လဲ ကျရှုံးလဲ ဆိုတာပဲ စိတ်ဝင်စားကြတာ။ သူဘယ်လိုကြိုးစား အနစ်နာခံလဲ ဆိုတာ ဘယ်သူမှ အရေးမစိုက်ကြပါဘူး။"
ဝမ်ယွီထုံ နားထောင်ရင်း မျက်မှောင်ကြုံ့လိုက်သည်။ ကျိုးကျီယွဲ့က ငယ်သေးပေမယ့် လူအိုကြီးစရိုက်ဖြစ်နေတာလဲ မဆန်းပါချေ။ သူအသက် ၂၀ ငယ်ငယ်လေးနဲ့ မခံနိုင်တဲ့ ဖိအားဒဏ်တွေ ခံခဲ့ရတာကိုး။
အိမ်တော်ထိန်းစန်လည်း သူ့ခံစားချက်တွေကို အရှိန် ထိန်းလိုက်သည်။
"မဒမ် တစ်ကယ်လို့ အဆင်ပြေမယ်ဆိုရင် အာ့ရှောင်ကိုလည်း ဂရုစိုက်ပေးလို့ရမလား? မဒမ် အိမ်ကို ရောက်လာကတည်းက အာ့ရှောင်က ပို ပြုံးလာသလိုပဲ။ ကျွန်တော်တောင် ဒီလို ပြုံးတာ မမြင်ရတာ အတော်ကြာပြီ"
ဝမ်ယွီထုံ - အိမ်တော်ထိန်း တစ်ယောက်ရဲ့ အလုပ်ထဲမှာ ဒီလိုမျိုး ကိစ္စတွေ ကော ပါတာလားးး??
ဝမ်ယွီထုံ - " ဟုတ်ကဲ့ ပါ ကျွန်မ ဂရုစိုက်ပေးလိုက်ပါ့မယ်"
အိမ်တော်ထိန်းစန်တစ်ယောက် အလေးအနက်ထားသည့်ပုံ ဖြင့် ခေါင်းငြိမ့်လိုက်သည်။ "ဒါ ဆိုလည်း မဒမ်ကိုလက်ထဲကိုပဲ အားလုံး အပ်လိုက်ပြီနော်"
ဝမ်ယွီထုံလည်း ရှင်းပြရခက်သည့်ပုံဖြင့် ကြည့်ပြီး ကြောင်တောင်တောင် အပြုံးလေးဖြင့် အခန်းထဲ ဝင်သွားလိုက်သည်။
အောင်သွယ်တော် အိမ်တော်ထိန်းကတော့ ဝမ်ယွီထုံ၏ နောက်ကျောကိုကြည့်ကာ စိတ်လှုပ်ရှားမှု အပြည့်နှင့် ဖြစ်နေသည်။
ဒီအတိုင်းသာဆိုရင် အာ့ရှောင်တို့ဆီက ဒုတိယ၊ တတိယကလေးတွေ ကို မျှော်လင့်လို့ရပြီ။
အိမ်တော်ထိန်းစန်က တော့ သူတွဲ ဖက်ပေးသည့် အတွဲ အောင်မြင်တော့မည်ဖြစ်၍ အပျော်မျက်ရည်တွေပင် ကျလုမတတ်ဖြစ်လာသည်။
တနင်္ဂနွေနေ့ ရောက်တော့ ကောင်းကင်ကြီးက ပြာလဲ့ပြီးတိမ်ကင်းစင်နေ၏။ နွေးထွေးသည့်ရောင်ခြည်ကလည်း တစ်အိမ်လုံးကို ရွှေရောင်ပက်ဖြန်းသကဲ့သို့ ဖြာကျနေသည်။
ကျိုးရှောင်ယွီလေးကတော့ စောစောထကာ သူ့အိပ်ရာ ကုတင်ဘောင်စည်းရိုးကို တစ်ဒုတ်ဒုတ် ထုရိုက်ရင်း သူနိုးနေပြီဖြစ်ကြောင်း ဝမ်ယွီထုံကို အကြောင်းကြားနေ၏။
"အာဂူးးး ဂူးးးး"
ဝမ်ယွီထုံလည်း အိပ်ရာပေါ်လူးလိမ့်ရင်း ရှောင်ယွီလေးကို လှမ်းကြည့်လိုက်သည်။
"ရှောင်ယွီရေ ဒီနေ့ ရာသီဥတုသာယာတယ် ဆိုတော့ တို့တွေ ပျော်ပွဲစား ထွက်ကြမလား"
ကျိုးရှောင်ယွီကတော့ သူ့အမေ ပြောတာ နားမလည် ပေမယ့် စိတ်ဝင်စားစရာကောင်းတာ ပြောနေမှန်း ခံစားသိလေသည်။
ထို့ကြောင့် မနေ့ညက သင်ခဲ့ရသည့် လက်ဖဝါးနှစ်ဖက်ဖြင့် လက်ခုပ်တီးသည့် ပုံစံလုပ်ကာ ပျော်ရွှင်စွာ စည်းဝါးကျကျ တစ်ချပ်ချပ်အသံပြုလေသည်။
ကျိုးရှောင်ယွီကို မနက်စာ ကျွေးပြီးနောက် သန့်ရှင်းရေး လုပ်ပေးပြီး ပျော်ပွဲစား ထွက်ရန် ဝမ်ယွီထုံ ပြင်ဆင်လိုက်သည်။ ရှီးရှီးအမေကို အတူတူလိုက်ဖို့ ခေါ်လိုက်သော်လည်း ရှီးရှီး အအေးမိနေ၍ အပြင်မလိုက်နိုင်တော့ပေ။
နောက် ကျိုးကျီယွဲ့ မနေ့က ပြောခဲ့သည်ကို သတိရလိုက်ပြီး မနက်က အစောကြီးထွက်သွားသည့် ထို အမျိုးသားကို WeChat ကနေ မက်ဆေ့ လှမ်းပို့လိုက်သည်။
[ဝမ်ယွီထုံ - ဒီနေ့ ကျွန်မ ရှောင်ယွီလေးကို မြို့တော်ဥယျာဉ်ဆီ ပျော်ပွဲစားခေါ်သွားမလို့]
ကျိုးကျီယွဲ့ မအားလောက်ဟု ထင်သော်လည်း ငါးမိနစ်ခန့်ကြာတော့ ပြန်စာရောက်လာသည်။
[ကျိုးကျီယွဲ့ - အိုခေ ကိုယ့်ကို ဆယ်မိနစ်လောက်စောင့် အတူတူသွားရအောင်]
ဝမ်ယွီထုံ မက်ဆေ့ဖတ်ရင်း မျက်ခုံးပင့်လိုက်ကာ ဖုန်းကို ချလိုက်သည်။ နောက် ပျော်ပွဲစားအတွက် လိုအပ်သည့် ပစ္စည်းများကို ဆက်ထုပ်ပိုး နေလိုက်ရာ အိတ်ကလေး ပြည့်သွားတော့သည်။
"နို့ဘူး၊ ရေခွက်၊ နို့မှုန့်၊ နို့ဘူးဆေးရည်၊ ခေါက်ဆွဲ ၊ သစ်သီးအနှစ်၊ သွားယားကိုက်အရုပ်၊ ဆန်မုန့်ခရက်ကာ၊ ကလေးအဝတ်၊ ချည်သားတဘတ်၊ ရေစိုတစ်ရှူး၊ သွားရည်ခံ၊ ကလေးဦးထုပ်၊ ကလေး အပေါ်ဝတ်၊ နေကာခရင်မ်၊ ခြင်ပြေးကပ်ခွာ၊ ဒိုင်ပါ၊ အရုပ်တွေလည်း ပါပြီ"
ကျိုးကျီယွဲ့လည်း လိုက်မယ် ဆိုတော့ ပျော်ပွဲစားဖျာ၊ ရွက်ဖျင်တဲ၊ စားပွဲခုံငယ်နှင့် ထိုင်ခုံငယ်များအပြင် မီးဖိုချောင်ထဲမှ စားစရာထမင်းဘူးကိုလည်း ထုပ်လိုက်ကာ ကားနောက်ခန်းထဲ ထည့်လိုက်သည်။
ကျိုးရှောင်ယွီကတော့ တွားသွားဖျာပေါ်မှာ ဆော့ကစားရင်း သွားသွားလာလာနှင့် အလုပ်များနေသည့် သူ့အမေကို စိတ်ဝင်တစားကြည့်နေ၏။
ဆယ်မိနစ်လောက်ကြာတော့ ကျိုးကျီယွဲ့ အိမ်ပြန်ရောက်လာခဲ့သည်။ သူ့အပေါ်ဝတ်ကို ချွတ်လိုက်ကာ ကျိုးရှောင်ယွီနှင့် ဝမ်ယွီထုံကို ကြည့်လိုက်သည်။
"ခုမှ ကုမ္ပဏီကိစ္စတွေ ပြီးလို့ ပြန်လာခဲ့ရတယ်။ အခု သွားတော့မှာလား"
ကျိုးရှောင်ယွီကတော့ သူ မကြိုဆိုသည့် ဧည့်သည် ကျိုးကျီယွဲ့ကို နှုတ်ခမ်းလေးဆူကာ ကြည့်ရင်း သူ့လက်ထဲက အရုပ်ကို ဆော့နေ၏။
ဝမ်ယွီထုံ ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ "အားလုံးလည်း ထုပ်ပိုးပြီးပြီ ဆိုတော့ သွားကြစို့လေ"
ကျိုးကျီယွဲ့သည် သူတစ်ခါမှ မရောက်ဖူးသည့် ပျော်ပွဲစားထွက်သည့်နေရာဆီသို့ ကျိုးရှောင်ယွီနှင့် ဝမ်ယွီထုံကို ကားဖြင့်တင်ကာ ခေါ်လာလိုက်သည်။
ဝူထုံတောင်ခြေရှိ အပန်းဖြေစခန်းးသည် ကျယ်ပြောလှကာ တောင်တန်းများနှင့် မြစ်ဝန်းရံထားပြီး လတ်ဆတ်သည့်လေနှင့် နေရောင်ခြည်များကျရောက်နေ၏။
အပန်းဖြေစခန်း ရှိ ရေကန်က ကြည်လင်သည့်ကောင်းကင်အရောင် ရောင်ပြန်ဟပ်နေကာ ကန်ဘောင်ဘေးမှာလဲ ရွက်ဖျင်တဲ အချို့ မနီးမဝေးစီ နေရာယူထားကြ၏။ မြက်ခင်းပြင်ပေါ်မှာတော့ ကလေးတွေ ပြေးလွှားဆော့ကစားနေပြီး စွန်လွတ်နေကြသည်။
ကားပေါ်က ဆင်းတာနဲ့ ကျိုးရှောင်ယွီတစ်ယောက် စိတ်လှုပ်ရှားနေကာ သူ့လက်သီးလေး ဝေ့ရမ်းပြီး သူများလွှတ်တင်ထားသည့် ကောင်းကင်ပေါ်က စွန်နီ ကလေးကို ကြည့်ရင်း အော်ဟစ်နေ၏။
ဝမ်ယွီထုံလည်း မြို့တော်A မှာ ဒီလို နေရာရှိမှန်း ခုမှ သိလိုက်ရ၍ အံ့ဩနေမိသည်။ "မြို့တော်ဥယျာဉ်ထက် ပိုသာယာတာပဲ"
"ဟုတ်တယ် ကိုယ်လည်း အရင်က မရောက်ဖူးဘူး"
ကျိုးရှောင်ယွီ ပျော်ပွဲစားရွက်ဖျင်တဲကို ဆောက်လိုက်ပြီး စားပွဲခုံ ထိုင်ခုံ ဖျာနှင့် တစ်ခြား ပစ္စည်းများကို နေရာချလိုက်သည်။သူ နေရာချနေသည့်ပုံက လျင်မြန်ကာ သပ်ရပ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အမြဲလုပ်နေကျအလုပ်ကို လုပ်နေသည့်ပုံစံဖြစ်ရာ လူချမ်းသာ မိသားစုက မွေးဖွားလာသူနှင့်ပင် မတူချေ။
အိမ်တော်ထိန်းစန် ပြောတာလည်း မှန်တာပဲ။
သူငယ်ငယ်လေးကတည်းက တစ်ယောက်တည်း ဘယ်သူ့ကို မှ မမှီခိုပဲ နေထိုင်ခဲ့ရရှာတာကိုးး။
ကျိုးရှောင်ယွီတစ်ယောက်ကတော့ အလွန်တက်ကြွနေကာ သူ့ကလေးကို ဝေ့ရမ်းရင်း လမ်းလျှောက်ချင်နေ၏။
"အွမ်းးး အွမ်းးးး!!"
ဝမ်ယွီထုံလည်း ကလေးလမ်းလျှောက်လှည်းပေါ်တင်ပေးရန် လုပ်နေစဉ် သူမနောက်မှ အမျိုးသားအသံ ထွက်လာသည်။
"ကိုယ် လုပ်လိုက်မယ်လေ"
ဝမ်ယွီထုံလည်း ကြောင်တောင်တောင် လှည့်ကြည့်လိုက်ရာ ရှပ်အင်္ကျီအဖြူနှင့် ထူးခြားသည့်သွင်ပြင်ဖြင့် သူမနောက်မှာ ရပ်နေသည့်ကျိုးကျီယွဲ့ကို တွေ့လိုက်သည်။
"ကောင်းပြီလေ။ ကလေးကို ခုံပေါ်သေချာတင်ပြီး ခါးပတ် ပတ်ပေးလိုက်နော်" ဟု ဝမ်ယွီထုံ လူယုတ်မာအပြုံး ပြုံးကာ ပြောရင်း ကျိုးကျီယွဲ့ ဘယ်လိုလုပ်မလဲ သိချင်မိသည်။
မူလက လမ်းလျှောက်ချင်နေသည့် ကျိုးကျီယွဲ့လေးသည် ရုတ်တရက် ရပ်သွားကာ ဝမ်ယွီထုံကို အတင်းဖက်ထားလေတော့၏။ တအီတအီနှင့် အော်နေကာ သူ့ဖေဖေလူဆိုးကြီး ခေါ်မှာကို ကြောက်နေရှာသည်။
"ရှောင်ယွီ လိမ္မာတယ်နော်။ ဒီနေ့ ဖေဖေက သားကို ချီလိမ့်မယ်နော်။ ဖေဖေက သဘောကောင်းပါတယ်။ ဖေဖေ့ကို မကြောက်နဲ့နော်။ ဖေဖေကရှောင်ယွီကို အနိုင်ကျင့်ရင် မေမေက စိတ်ဆိုးမှာ အသေအချာပဲ။" ဟု ဝမ်ယွီထုံ ပြောကာ ကလေး၏ ကျောကို အသာအယာ ပွတ်ပေးလိုက်သည်။
ကျိုးကျီယွဲ့ ရှေ့တိုးလာကာ လက်ကို ဆန့်လိုက်သည်။
"ဖေ့ဖေ့ ဆီလာမလား?"
ကျိုးရှောင်ယွီက မကြိုက်သည့်ပုံဖြင့် လှည့်ကြည့်လာသည်။
ကျိုးကျီယွဲ့ မုန့်အိတ်ထဲမှ ပဲစေ့ပုံစံ ရောင်စုံ ဒိန်ချဉ်မုန့်ကို လက်ထဲအနည်းငယ် ထည့်လိုက်ကာ ကျိုးရှောင်ယွီရှေ့ ပြလိုက်သည်။
"ဒါ မလိုချင်ဘူးလား"
ကျိုးကျီယွဲ့က သူ့အဖေ လက်ထဲက မုန့်ကို မျက်လုံးလေး ပြူးကြည့်ကာ လိုချင်သည့်ပုံဖြင့် သူ့လက်ကို ဝေ့ရမ်းနေ၏။
ကျိုးကျီယွဲ့က မုန့်ကို ပြန်ယူလိုက်ပြီး မျက်ခုံးလေး ပင့်ကာ ကောင်လေးကို ပြောလိုက်သည်။
"စားချင်ရင် ဖေဖေ့ဆီလာ"
ဝမ်ယွီထုံ - "........." အတော် ဉာဏ်နီဉာဏ်နက်များတဲ့ သူပဲ!!
ပြန်ပြုပြင်ရမည့် အဖေနဲ့ သား ဆက်ဆံရေးက အခုချိန်မှာတော့ အေးစက်သွားပြီ ဖြစ်၍ ဝမ်ယွီထုံကပဲ ရှေ့တစ်လှမ်းတိုးကာ ကျိုးရှောင်ယွီကို ကျိုးကျီယွဲ့လက်ထဲ ထည့်ပေးလိုက်သည်။
ကျိုးရှောင်ယွီက မကြိုက်သော်လည်း နောက်ဆုံးတော့လက်လျော့လိုက်ပုံရသည်။
'ကြောက်လည်း မတတ်နိုင်ဘူးးး။ ဒိန်ချဉ်ပဲစေ့ချိုချဉ်စားရဖို့က ပို အရေးကြီးတယ်။'
ဤသို့ဖြင့် အင်တင်တင်နှင့် လူဆိုးဖေဖေဆီ လိုက်သွားလိုက်ရသည်။
ကျိုးကျီယွဲ့ က ဒိန်ချဉ်ပဲစေ့ချိုချဉ် ကိုင်ကာ ကျိုးရှောင်ယွီကို ရေကန်နား လမ်းလျှောက်ခေါ်သွားလိုက်သည်။ ကျိုးရှောင်ယွီလေးက သူ့အမေကို လှည့်ကြည့်လှည့်ကြည့်လုပ်ပြီး သူ့ကို တစ်ခြားလူလက်ထဲ ဘာလို့ အပ်လိုက်တာလဲဟူသည့် အကြည့်မျိုးဖြင့် အပြစ်တင်နေ၏။
ကျိုးရှောင်ယွီ နောင်တရပြီး သူမဆီ ပြန်လာလိမ့်မည်ဟု ထင်နေသော်လည်း ချက်ချင်းပင် ရှောင်ယွီလေး၏ အာရုံက ကျိုးကျီယွဲ့ လက်ထဲက ဒိန်ချဉ် ပဲစေ့ချိုချဉ် ဘက် ရောက်သွားလေတော့သည်။
သူ့လက်မနှင့် လက်ညိုးကလေးသုံးကာ ပန်းရောင် ဒိန်ချဉ်ပဲစေ့ချိုချဉ်ကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် လောကကြီး၏ ချိုမြိန်မှုကို ခံစားနေသည့်ပုံဖြင့် ပြုံးဖြီးနေလေ၏။ သူ့မျက်စိထဲမှာ လည်း ကျိုးကျီယွဲ့က အရမ်းမဆိုးဘူး ဟု ခံစားမိလာ၏။
ရှောင်ယွီလေး၏ လက်တွေ အဖြစ်ကို ကြည့်ရင်း ဝမ်ယွီထုံ ပုခုံးသာတွန့်လိုက်တော့သည်။
သားအဖ နှစ်ယောက် ရေကန်ဘေး လမ်းလျှောက်သွားတော့ ဝမ်ယွီထုံ တစ်ယောက် အားလပ်သွားတော့သည်။ထို့ကြာင့် အပန်းဖြေ ထိုင်ခုံပေါ်ထိုင်ရင်း ဆောင်းဦးရာသီ၏ "လက်ဖက်ရည်လုပ်နည်းကို လေ့လာနေလိုက်သည်။
သူမတို့ ပျော်ပွဲစားသွားမည်ဟု ဆုံးဖြတ်ပြီးသည်နှင့် အိမ်တော်ထိန်းစန်ကို စားသောက်ဖို့ ဘာတွေ ပြင်ဆင်သွားသင့်သလဲ မေးလိုက်သည်။
အိမ်တော်ထိန်းစန် တစ်ယောက် ဘယ်လို အကြံပေးရမလဲ စဉ်းစားရင်း ဦးလေးကြီးအပြုံး ပြုံးလာသည်။
"လက်ဖက်ရည်လုပ်မယ် ဆိုရင် အဓိပ္ပါယ်လည်း ရှိတယ် ရိုမန်တစ်လည်း ဆန်မယ် ဆိုတော့ အာ့ရှောင်နဲ့ လက်ဖက်ရည်အတူကြိုချက်ပြီး သောက်ကြည့်ပါလား"
ဤသို့ဖြင့် မီးဖို၊ ရေနွေးအိုးနဲ့ ရေနွေးခွက်နှင့် လက်ဖက်ခြောက်တွေကို သယ်လာခဲ့လိုက်သည်။
လက်ဖက်ရည်အပြင် တစ်ခြားပစ္စည်း အစုံအလင်လည်း ယူလာသေးသည်။ ကန်စွန်းဥ၊ ပြောင်းဖူး၊ ပေါင်မုန့်၊ မြေပဲ၊ အခွံမာသီး အစေ့အဆံများ၊ တည်သီးခြောက်၊နှင့်ငှက်ပျောသီးများလည်း ပြင်ဆင်လာခဲ့လိုက်သည်။
ဝမ်ယွီထုံ ရေနွေးအိုးတည်ပြီး နို့လက်ဖက်ရည်ကြိုရန် မီးဖိုဖွင့်ရန်ပြင်လိုက်သည်။
ထိုအချိန်မှာပဲ ကျိုးကျီယွဲ့က ကျိုးရှောင်ယွီကို ချီကာ လမ်းလျှောက်ရာမှ ပြန်လာခဲ့သည်။ သူ့လက်ထဲက ရှောင်ယွီ ပုံစံကတော့ အတော်လေး ပျော်သည့်ပုံပေါက်နေသည်။
"ဒီမီးဖိုကို ဘယ်လို လုပ်ရတာလဲ" ဝမ်ယွီထုံ တစ်ယောက် ရေနွေးအိုးတည်ရန် လုပ်ရင်း အဆင်မပြေဖြစ်လာ၍ မျက်မှောင်ကြုံ့ရင်း မေးလိုက်သည်။
"ကိုယ်လုပ်လိုက်မယ်" ကျိုးရှောင်ယွီ ကို သူမ လက်ထဲ ထည့်လိုက်ပြီး ထခိုင်းလိုက်သည်။ "ကလေးကို ခဏ ခေါ်ဆော့လိုက်ဦးနော်"
ကျိုးရှောင်ယွီတစ်ယောက် သူတို့ရဲ့ ပျော်ပွဲစား စားပွဲလေးပေါ်မှာ ထူးဆန်းသည့်အရာတွေ အများကြီးကို မြင်လိုက်ရ၍ စူးစမ်းချင်လာပြီး လက်ကို လှမ်းလိုက်သည်။
"ဂူးးး"
"သားမကိုင်ရဘူးနော် လက်အပူလောင်လိမ့်မယ်"
ဝမ်ယွီထုံက ကလေး၏ လက်ကို အသာလေး ဖယ်လိုက်သည်။
မထင်မှတ်ထားပဲ ကလေးက လက်မြန်မြန်ဖြင့် စားပွဲပေါ်က အခွံမာသီး အစေ့အဆံကို လုယူကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။
ဝမ်ယွီထုံ - " !!!! ကျိုး !!! ရှောင် !!! ယွီ !!!!"
ဝမ်ယွီထုံ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သား စားလို့မရဘူးးး လည်ချောင်းထဲ နင်ကုန်လိမ့်မယ်!!"
ကျိုးကျီယွဲ့လည်း မျက်လုံး ပြူးသွား၏။
ဝမ်ယွီထုံ ရှောင်ယွီပါးစပ်ထဲက အခွံမာအစေ့အဆံကို အမြန်ဆွဲထုတ်ကာ ကလေး၏ တင်ပါးကို ရိုက်လိုက်ပြီး ဆူလိုက်သည်။
"မသိတဲ့ ပစ္စည်းတွေ လျှောက်ပြီး ပါးစပ်ထဲ မထည့်ရဘူး ဆိုတာ မသိဘူးလား" ဝမ်ယွီထုံ ရိုက်ကာ ဆူတော့ ကလေးက ငိုတော့သည်။
ဝမ်ယွီထုံ ဒေါသတကြီး ကျိုးရှောင်ယွီပါးစပ်ထဲ ဘာတွေ ကျန်သေးလည်း စစ်ဆေးကြည့်လိုက်ကာ အသံပြင်းပြင်းဖြင့် ဆူပူလိုက်သည်။
"မသိတဲ့ ဟာတွေ စားတော့မယ် ဆိုရင် မေမေ့ကို အရင်ဆုံး မေးရမယ် ဆိုတာ နားမလည်ဘူးလား"
ကျိုးကျီယွဲ့ သူ့လက်ထဲက လုပ်လက်စတွေကို ချထားကာ ငိုယိုနေသည့် ကျိုးရှောင်ယွီကို အမြန်ပွေ့ချီလိုက်သည်။ "အရမ်း ဒေါသမထွက်ပါနဲ့။ ကလေးက ငယ်သေးလို့ပါ။"
ဝမ်ယွီထုံ ကတော့ စိတ်တိုလွန်း၍ အသက်ပြင်းပြင်းရှုကာ ဘာစကား မှ ပြန်မပြောနိုင်ဖြစ်နေ၏။
ကျိုးကျီယွဲ့လည်း မတတ်နိုင်တော့ပဲ မျက်မှောင်ကြီး ကြုံ့ကာ ငိုယိုနေသည့်ကလေးကို အရင် ချော့လိုက်ပြီး ကလေးကို ရေကန်ဘက် ခေါ်သွားလိုက်သည်။ ဝမ်ယွီထုံကတော့ ထိုင်ခုံ ပေါ်ခဏထိုင်ရင်း စိတ်ကို လျှော့နေလိုက်သည်။
အခွံမာသီး အစေ့အဆံက အရမ်းမကြီးသော်လည်း ရှောင်ယွီလေး ပါးစပ်ထဲ ထည့်ရင်း မတော်တဆ နင်သွားခဲ့ရင် အကျိုးဆက်က မတွေးဝံ့စရာပင်။
စနစ် - "ကွန်ဂရက်ကျူလေးရှင်းပါ။ ကလေးကို အထူးဂရုစိုက်စောင့်ရှောက်ရမယ့် အဆင့်ကို အောင်မြင်စွာ ဖွင့်နိုင်လိုက်ပါပြီ"
မတော်တဆမှု အသေးစားလေးတွေက ဒီကာလမှာ တစ်ခုပြီးတစ်ခု ကြုံလာနိုင်တယ်။ ဒါကြောင့် ကလေးကို သေချာလေး ဂရုစိုက်စောင့်ရှောက်ဖို့လိုတယ်။
[၆-၁၈လ အရွယ်ကလေးတွေက ခန္ဓာကိုယ် လှုပ်ရှားမှုတွေ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်လို့ အရင်ကထက် ပိုပြီး ဂရုစိုက်ပေးဖို့လိုပါတယ်]