အခန်း (၁၉)
Vol. 2 Ch. 19
စနစ် - [ကလေးတွေအတွက် အန္တရာယ်ရှိနိုင်မယ့် အခြေအနေပြ ရုပ်ပုံတွေကို ပို့လိုက်မယ်။ သေချာ ဖတ်ကြည့်ထားလိုက်]
ရှည်လျားထွေပြားလှသည့် မိဘတစ်ဦးသိရမည့်အချက်တွေ ဖတ်ကြည့်ပြီးနောက် နောက်ထပ် အချက်အလက်တွေက ထပ်ရှိလာသေး၍ ဝမ်ယွီထုံ မျက်ခုံး ပင့်လိုက်သည်။
[အိမ်တွင်းအကာအကွယ် သေချာပြုလုပ်ပါ - ထမင်းစားထိုင်ခုံ၊ စားပွဲတွေပေါ်မှာ ကလေးတစ်ယောက်တည်း မထိုင်ခိုင်းပါနဲ့။ ထိုင်ခုံစားပွဲစွန်းတွေကို လျှပ်ကာ အကာအကွယ် အစွပ်တပ်ထားပါ။ပြတင်းပေါက်တွေကိုလည်း လုံခြုံရေး ဇကာတွေ တပ်ထားပါ]
[အစားအသောက် အန္တရာယ်ကင်းရှင်းရေး သတိပြုပါ - အရေးပေါ်ဆေးအိတ်တွေ ပြင်ဆင်ထားပါ။ ဂျယ်လီ မကျွေးပါနဲ့ ထမင်းစားတူ နဲ့ ကလေးကို မဆော့ခိုင်းပါနဲ့။စပျစ်သီး၊ ဘလူးဘယ်ရီနဲ့ တစ်ခြား လုံးဝန်းတဲ့ အသီးတွေ စားရင် ထက်ဝက်ဝက်ပြီး ကျွေးပါ.......]
[အပြင်သွားရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိပြုကာကွယ်ပါ - ကားလမ်းကူးတဲ့ အခါ မီးနီကို သေချာကြည့်ပါ။ ကား ထိုင်ခုံ ခါးပတ်ပတ်ပါ။ စက်လှေကားတွေစီးရင် ကလေးလက်ကို သေချာ ကိုင်ထားပါ.....]
[ဤ အရာတွေကို ကလေးနဲ့ ဝေးရာမှာ ထားပါ - အရက်၊ အိမ်သာဆေးရည်၊ ကတ်ကြေး၊ ဖန်ထည်ပစ္စည်း၊ ကြေးပြား၊ အခွံမာသီး အစေ့အဆံ၊ ရေနွေးခရားအိုး.....]
စနစ် - "စောနလေးတင် ကြုံခဲ့တဲ့ အရေးပေါ်အခြေအနေလိုမျိုးပေါ့။ တစ်ကယ်လို့ကလေးက အခွံမာသီး အစေ့အဆံတွေစားမိရင် လည်ချောင်းထဲ နင်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် အိမ်ရှိလူတိုင်းက ဒီအချက်တွေကို သိရှိထားပြီး ဂရုစိုက်သင့်တယ်။"
ဝမ်ယွီထုံလည်း သူမ၏ မှတ်စုစာအုပ်ထဲ ချက်ချင်းရေးမှတ်ထားလိုက်ကာ အိမ်ပြန်ရောက်သည်နှင့် အိမ်တော်ထိန်းစန်အပါအဝင် အလုပ်သမားအားလုံးကို သေချာ သတိပေးထားရမည်ဟု တွေးလိုက်သည်။
ရေကန်ဘေး မြက်ခင်းပြင်ပေါ် လမ်းလျှောက်သွားသည့် ကျိုးကျီယွဲ့နှင့် ကျိုးရှောင်ယွီ သူမနား ပြန်ရောက်လာကြသည်။ ကျိုးရှောင်ယွီကတော့ သူမကို သနားစရာ မျက်လုံးပြူးကြီးဖြင့်ကြည့်နေ၏။
ဝမ်ယွီထုံလည်း စောနက ကလေးကို အော်မိလိုက်၍ သူမရင်ထဲမှာ စိတ်မကောင်းဖြစ်နေမိကာ ချစ်ရာအသားလုံးလေးကို ဖက်လိုက်ပြီး သူမရင်ခွင်ထဲ သွင်းလိုက်သည်။
ကျိုးရှောင်ယွီလည်း ငြင်းဆန်ခြင်းမပြုပဲသူ့အမေ လက်မောင်းထဲ ပစ်ဝင်လိုက်ကာ ဝမ်းနည်းနေသည့် မျက်နှာလေးကို ရင်ခွင်ထဲ အပ်ထားလေသည်။
"ရှောင်ယွီ မေမေစောနကလိုမျိုး မအော်ခဲ့သင့်ဘူး "ဟု ဝမ်ယွီထုံ ကလေးကို ကျောလေးပွတ်ရင်း ချော့လိုက်သည်။
ရှောင်ယွီလေးက ဘယ်မှားမလဲ။ ကလေးတွေက ဘာမှ မရေးရသေးတဲ့ စာရွက်ဖြူလေးလို ဖြူစင်နေတာပဲလေ။လူကြီးတွေကသာ ဖြူစင်နေတဲ့ စာရွက်ပေါ် သူတို့စိတ်ကျေနပ်တဲ့အထိ ရောင်စုံဘောပင်တွေ နဲ့ ရေးခြစ်ကြတာ။ မူလ စာရွက်ရဲ့ ပင်ကိုယ် အရောင်ကတော့ အဖြူရောင်စစ်စစ်သာဖြစ်သည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီကို သူမဘက်လှည့်ချီလိုက်ကာ မျက်လုံးချင်းဆုံလိုက်သည်။
"နောက်တစ်ခေါက် တစ်ခုခု စားချင်ရင် လူကြီးတွေ ရဲ့ ခွင့်ပြုချက်အရင်ယူရမယ်နော် ဟုတ်ပြီလား"
ကျိုးရှောင်ယွီ သူ့အမေ ဘာပြောနေသလဲ နားမလည်ပေမယ့် သူ့အမေ သူ့ကို စကားပြောနေပုံက နူးညံ့ချိုသာနေ၍ သူလည်း စိတ်ပျော်ရွှင်လာပြီး သူ့ခြေထောက်လေးကို သူ့အမေဗိုက်ပေါ်နင်းကာ ဆော့ကစားနေရှာ၏။
ဝမ်ယွီထုံလည်း ကလေး၏ ဆော့ကစားမှုကြောင့် ဗိုက်ယားလာ၍ ရှောင်ယွီလေးကို ပျော်ပွဲစားဖျာပေါ် ဆော့ကစားရန် တင်ပေးလိုက်သည်။ ထို့နောက်ပိတ်စ စာအုပ်တွေနှင့် ကစားစရာတွေကို ကလေးအချိန် အတော်ကြာကစားနိုင်ဖို့ သူ့ရှေ့ ချပေးထားလိုက်သည်။
"သောက်လို့ရပြီ နို့လက်ဖက်ရည် အဆင်သင့် ဖြစ်နေပြီ " ကျိုးကျီယွဲ့ က ပြောလာသည်။
ကျိုးကျီယွဲ့ သူ၏မျက်တောင်ရှည်ကို မျက်လွှာချပြီး ရေနွေးအိုးထဲက နို့လက်ဖက်ရည် တွေကို ခွက်ထဲ လောင်းထည့်နေသည့် ကျက်သရေရှိသည့် ပုံစံကို ဝမ်ယွီထုံ ငေးကြည့်နေမိသည်။
ကျိုးကျီယွဲ့ တစ်ယောက် နို့လက်ဖက်ရည်ကို ခွက်ထဲ လောင်းထည့်ပြီးနောက် ခွက်ကို ဝမ်ယွီထုံ ဆီ ကမ်းပေးလိုက်သည်။
"ကျေးဇူးပါ" ဝမ်ယွီထုံ နို့လက်ဖက်ရည်ခွက် နွေးနွေးကို ယူလိုက်ကာ သူမနှုတ်ခမ်းကို သပ်လိုက်သည်။ နောက် ပူနေသည့် နို့လက်ဖက်ရည်တစ်ငုံကို သောက်လိုက်သည်။ နို့လက်ဖက်ရည်အရသာက အမှန်ကို မွှေးကြိုင်ကာ အနံ့အရသာနှင့်ပြည့်စုံလှ၏။
ထို့နောက် ကျိုးကျီယွဲ့ က မီးဖိုပေါ် ကန်စွန်းဥ ကင်လိုက်သည်။ ကန်စွန်းဥမီးကင်အနံ့လေးက ဝမ်ယွီထုံကို ဗိုက်ပင် ဆာလာစေသည်။
မီးဖိုပေါ်က ကန်စွန်းဥကင်နေသည့် ကျိုးကျီယွဲ့ကို ဝမ်ယွီထုံ တောက်ပသည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။
အမျိုးသား၏ အသားအရေက ပြစ်မျိုးမဲ့မထင် ဖြူနေကာ သူ၏ လက်ချောင်းများကလည်း ရှည်လျားသွယ်လျနေကာ လက်သည်းများကိုလည်း သေချာစွာ တိဖြတ်ထား၏။
ထိုလှပသည့် လက်တစ်စုံက မီးဖိုပေါ်က ကန်းစွန်းဥ နှင့် ပြောင်းဖူးများကို တစ်ဖက်တစ်ချက်စီလှန်ပြီး မီးကင်နေ၏။
ကျိုးကျီယွဲ့ကို ဤမျှ ယောကျာ်းပီသသည့်သွင်ပြင်မျိုးရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ မီးဖို ဖို တတ်ပြီး အကင်ကင်တတ်သည့် ယောက်ျားမျိုးကို အမှတ်ပြည့်ပေးသင့်သည်။
ဝမ်ယွီထုံ ကင်မရာကို အသာအယာ တိတ်တဆိတ် ကောက်ကိုင်လိုက်ကာ လှပသည့် ကျိုးကျီယွဲ့၏ မော်ဒယ် လက်ချောင်းများ၊ ရေနွေးအိုး နှင့် ကင်နေသည့် ကန်စွန်းဥ ပြောင်းဖူးများကို မြင်ကွင်းချိန်လိုက်သည်။
အနေအထားက သူမ လိုချင်သည့်ပုံစံနှင့်ကွက်တိဖြစ်သည်။
နောက်ထပ် ကောင်းကင်ပြာကြီး၊ အဖြူရောင် တိမ်တိုက်၊ မြက်ခင်းပြင်စိမ်း၊ အပန်းဖြေ ရွက်ဖျင်တဲများနှင့် ကျိုးရှောင်ယွီလေး၏ ပြည့်ပြည့်ဖြိုးဖြိုး ပုံရိပ်လေးများကိုလည်း ကင်မရာဖြင့် ထပ်မှတ်တမ်း တင်လိုက်သေးသည်။
နို့လက်ဖက်ရည် သောက်နေရင်း ဝမ်ယွီထုံသည် သူမ၏ သူငယ်ချင်းအသိုင်းအဝိုင်းများရှိသည့် ဆိုရှယ်မီဒီယာ အပေါ် ပျော်နေသည့်ပုံစံဖြင့် ပုံအချို့တင်လိုက်သည်။
ငါးမိနစ်အတွင်းမှာပဲ မက်ဆေ့ပေါင်း ရာချီ တက်လာ၏။မက်ဆေ့တွေက သူမ ဓာတ်ပုံတွေ လှကြောင်းချီးကျူးသည့် မက်ဆေ့များနှင့် ဘယ်နေရာ ရောက်နေတာလဲ မေးသည့်မေးခွန်းများ ဖြစ်သည်။
[သွမ့်ရိ - ဘယ်ရောက်နေတာလဲ? နောက်တစ်ခေါက် ဆုံကြရင် အာ့မှာ ဆုံကြမလား]
[ ချန်မုန့် - အာ့တာ ကျိုးကျီယွဲ့ရဲ့ လက်လားး။သူ့ကို ကန်စွန်းဥ ကင်တတ်လိမ့်မယ် လို့ မထင်ခဲ့ဘူး]
[ကျန်းဖုန်းဖုန်း - ကလေးက ချစ်စရာလေးကွာာာ။သူဝတ်ထားတာ ဘာဘရန်းလဲ။ ငါ့တူလေး အတွက် ဝယ်ပေးချင်လို့]
[ ဝမ်ချူးယွဲ့ - အပန်းဖြေစခန်းချ ထွက်နေတာလား.?ဂရုစိုက်ဦးနော် ရာသီဥတု အေးတယ်]
[ ဝမ်ချူးယွဲ့ မက်ဆေ့ကို သွမ့်ရိ စာပြန်သည် - ချုးယွဲ့ အခုက အအေးလျော့သွားပြီဆိုတော့ အအေးမမိနိုင်တော့ဘူး]
[သွမ့်ရိမက်ဆေ့ကို ဝမ်ချူးယွဲ့ စာပြန်သည် - ..]
[ဝမ်ချူးယွဲ့ မက်ဆေ့ကို သွမ့်ရိစာပြန်သည် - ..]
အကောင်းပြောကြသည့် မှတ်ချက်တွေ အပြင် ယင်ယန်ကဲ့သို့ ကွဲပြားနေသာ့် ထူးထူးဆန်းဆန်း မှတ်ချက် တစ်ချို့ကို လည်း တွေ့လိုက်ရသည်။
ဟော်လိုဝင်းညနောက်ပိုင်း စုဟန်က ဝမ်ယန်ချဲထံ မက်ဆေ့ပို့ပြီး ဝမ်ယွီထုံနှင့် သူ့အကြားမှာ ရှိခဲ့သည့် စေ့စပ်ခြင်း ဆိုင်ရာ ပစ္စည်းတွေ ပြန်ပေးလိုကြောင်း ပြောခဲ့၍ ဝမ်ယွီထုံလည်း စုဟန်ကို ဘလော့ထားရာမှ ပြန်ဖြေပေးခဲ့သည်။
ဘလော့ပြန်ဖြေပေးသော်လည်း သူတို့နှစ်ယောက် စကားတစ်ခါမှပင် မပြောဖြစ်ခဲ့ကြသေးချေ။ စုဟန်ကလည်း သူမကို ဘာမှ ပြောမလာချေ။
[သေနာရည်းစားဟောင်း - ကန်စွန်းဥတွေကို အာ့လို မကင်ရဘူး။ ကြည့်လိုက်တာနဲ့ စားလို့ ကောင်းမှာ မဟုတ်မှန်း တန်းသိတယ်။ အတွေ့အကြုံ မရှိတဲ့ သူတွေ ကင် ရင် အာ့အတိုင်းပဲ။ ပြီးတော့ လူတိုင်းက မီးဖိုနဲ့ ရေနွေးကြိုတတ်တာ မဟုတ်ဘူး။ သေချာလည်း မကြိုချက်ရင်တော့ အမြင်မှာပဲ လှပြီး အရသာ ရှိမှာ မဟုတ်ဘူး]
နောက်ထပ် သူမနှင့် လတ်တလော စကားပြောနေသည့် နိုင်ငံခြားပညာသင်သွားနေသော သွမ့်ရွှင်းရဲ့က လည်း မှတ်ချက်ပေးလာသည်။
[ သွမ့်ရွှင်းရဲ့ :ူ- နို့လက်ဖက်ရည်က သေချာ ကြို ထားတဲ့ ပုံ မပေါ်ဘူး။ အရောင်က ဖျော့နေတယ် ကြည့်ရတာ အရသာရှိမယ့် ပုံ မပေါ်ဘူး။ ငါလည်း နိုင်ငံရပ်ခြားမှာ နို့လက်ဖက်ရည် ခဏခဏ ကြိုသောက်ဖြစ်ပါတယ်။ ငါ့ကြိုတာ ကမှ နင့်အိုးထဲက ထပ် ပိုကောင်းဦးမယ်]
ဝမ်ယွီထုံလည်း စိတ်ရှုပ်ခံပြီး သူတို့မှတ်ချက်ကို စာပြန်မနေတော့ပဲ ကျိုးရှောင်ယွီနှင့်သာ ရုပ်ပုံ မှတ်သည့်ကစားနည်း ခေါ်ဆော့နေလိုက်သည်။
မနေ့ကပဲ ပစ္စည်းပို့သည့်ဆီကနေ ရှစ်လအထက်ကလေးများ ကစားရန်အတွက် သိမြင်ခြင်းဆိုင်ရာ ကစားနည်း ကတ်များ မျိုးစုံ ပို့လာခဲ့သည်။ တိရစ္ဆာန်ကတ်၊ သစ်သီးကတ်၊ ဟင်းသီးဟင်းရွက်ကတ်၊ ကိန်းဂဏန်းကတ်များနှင့် နေ့စဉ်လိုအပ်ချက်ကတ်များ အမျိုးအစားစုံလင်လှ၏။
ကတ်တိုင်းကို နူးညံ့သည့်စက္ကူသားနှင့် ပြုလုပ်ထားပြီး အင်္ဂလိပ်စကားလုံး နှင့် ပင်းယင်း[pinyin]စကားလုံး များပါ ရေးထိုး ပေးထား၏။ ကတ်တွေက မကြီးလွန်း မသေးလွန်း ကလေးလက်ဖြင့်ကိုင်တွယ်နိုင်ရန် အနေတော်ဖြစ်ကာ ဆုတ်ဖြဲပစ်ရလွယ်သည့် စက္ကူမျိုးလည်း မဟုတ်ပေ။
ကျိုးရှောင်ယွီက သူ့ရှေ့က ရောင်စုံ ကတ်တွေကို လက်ဖြင့် ကောက်ယူလိုက်ကာ စိတ်ဝင်တစား ကြည့်နေ၏။
"ကျား ကျား ကျား!"ဝမ်ယွီထုံ ကျား ဟူသည့် စကားလုံးကို ဟန်ပန်အမူအရာဖြင့် ပြောလိုက်သည်။
"ကျား ဆိုတာ ကြောင်ကြီးမျိုးပဲ။ သူကရက်စက်ကြမ်းကြုတ်တယ်။ သတ္တဝါငယ်လေးတွေကို စားရတာ ကြိုက်တယ်"
ကတ်ထဲက ကျားပုံကလည်း အပြင်မှာကဲ့သို့ရက်စက်သည့်ပုံ ပြထားသည်။
ကျိုးရှောင်ယွီကတော့ အဝါအနက်စင်းကြား ကျားပုံကို မျက်လုံးလေးပြူးကာ မျက်တောင်မခတ်တမ်းကြည့်နေ၏။
"ယုန် ! ယုန် ! ယုန် !"
"ငှက်ပျောသီး ! ငှက်ပျောသီး ! ငှက်ပျောသီး!"
"ပန်းသီး ! ပန်းသီး ! ပန်းသီး !"
"သရက်သီး ! သရက်သီး ! သရက်သီး !"
ဝမ်ယွီထုံလည်း သူမ တတ်နိုင်သလောက် စကားလုံး တစ်လုံးစီကို ရှင်းရှင်းလင်းလင်း ရွတ်ပြပြီး ဟန်ပန်မျက်နှာအမူအရာ တွေ နှင့် ပြောပြသည်။ကျိုးရှောင်ယွီကလည်း သူ့အမေကိုကြည့်ကာ အတော်လေး စိတ်ဝင်စားနေ၏။
စနစ် - "ဒီလိုမျိုး ဖြည်းဖြည်းချင်း ထပ်ခါထပ်ခါ ရွတ်ပြပေးရင် တစ်နေ့မှာ ကလေးက ကတ်ပေါ်က စကားလုံး တွေကို မှတ်မိလာပြီး ထုတ်ပြောလာနိုင်လိမ့်မယ်"
စနစ်၏ ပြောသံကို ကြားလိုက်ပြီးနောက် ဝမ်ယွီထုံလည်း အားကြိုးမာန်တက် ထပ်ခါထပ်ခါ ရွတ်ပြတော့၏။
တစ်ခဏ အကြာမှာတော့ သူမ နောက်ကနေ ကျိုးကျီယွဲ့က ကန်စွန်းဥ ကင် ပန်းကန် ယူလာကာ သူမ ရှေ့ ချလာပေးသည်။
"တစ်ခုခု အရင်စားလိုက်လေ"
ဝမ်ယွီထုံ နာရီကို တစ်ချက် ငုံ့ကြည့်လိုက်ကာ ခေါင်းခါလိုက်သည်။ "ကျွန်မ ကလေးကို အရင်ကျွေးလိုက်ဦးမယ်။ ရှင် အရင်စားနှင့်လိုက်ပါ"
"ကိုယ် ကျွေးကြည့်လိုက်မယ်လေ"ကျိုးကျီယွဲ့က ဝမ်ယွီထုံ နှင့် ကျိုးရှောင်ယွီကို ကြည့်ကာပြောလိုက်သည်။ ကျိုး ရှောင်ယွီကတော့ သူ့လက်ထဲက ကတ်တွေကို ပျော်ပွဲစားဖျာပေါ် ကောက် လွင့်ပစ်ရင်း နှာခေါင်းရှုံ့သံပြုနေသည်။
" ရှင်လုပ်နိုင်ပါ့မလား " ဝမ်ယွီထုံ မယုံကြည်နိုင်၍ ပုခုံးတွန့်ကာ မေးလိုက်သည်။
"ကြိုးစားကြည့်တာပေါ့" ဟု ပြောပြီး
ကျိုးကျီယွဲ့က ပြုံးလိုက်ရာ ဝမ်ယွီထုံ တစ်ယောက် သူ့အပြုံးမှာ တစ်ခဏ တွေ ဝေသွားမိပြီး နောက်မှာ အဖြေပြန်ပေးနိုင်သည်။
"ကောင်းပြီလေ" ဒီနေ့ကတော့ သားအဖနှစ်ယောက် ဆက်ဆံရေး တိုးတက်လာဖို့ အခွင့်အရေးပေးလိုက်မယ်။နောက်အပတ်ထိမှ မအောင်မြင်ရင်တော့ သူမပဲ ဆက်ကျွေးရတာပေါ့။
အပြင် အပန်းဖြေစခန်းချ ထွက်လာ၍ ကလေး ဖြည့်စွက်စာ ပြင်ဆင်ဖို့ အဆင်မပြေပေ။ ထို့ကြောင့် ဝမ်ယွီထုံသည် ခရမ်းချဉ်သီး အနှစ်နှင့် အမဲသားအရသာ ဆန်ကွေကာအုတ် တို့ကို ရေနွေးနှင့် ရောလိုက်သည်။
ကျိုးရှောင်ယွီလေးကိုတော့ ဒိုင်နိုဆောအရုပ်ပါ သွားရည်ခံလေး ဝတ်ထားပေးပြီး အပန်းဖြေစခန်းချရာတွင် သုံးသည့် ကလေး ထမင်းစား ထိုင်ခုံပေါ် တင်ထားလိုက်သည်။ ကလေးကတော့ သူ၏ အသစ်စက်စက် ထမင်းစားထိုင်ခုံကိုကြည့်ကာ တအံ့တဩဖြစ်နေရှာသည်။
"စားဖို့ပါးစပ်ဟပါ "ကျိုးကျီယွဲ့က စိတ်ရှည်လှစွာ ကလေးအစာ တစ်ဇွန်းကို ခပ်လိုက်ပြီး ကျိုးရှောင်ယွီ ပါးစပ်ရှေ့ ကျွေးရန်ပြင်လိုက်သည်။ ရှောင်ယွီလေးကလည်း ဒီနေ့ အစာကျွေးသည့်သူက သူ့အဖေမှန်း နားလည်လိုက်၍ ပါးစပ်ကို လုံးဝပိတ်ထားကာ မျက်နှာကို တစ်ဖက်သို့ပင် လှည့်နေ၏။ ဝမ်ယွီထုံကတော့ သားအဖ နှစ်ယောက်၏ အဖြစ်ကို ကန်စွန်းဥကင် မွှေးမွှေး လေး စား ကာ ထိုင်ကြည့်နေ၏။
ကျိုးကျီယွဲ့က ကျန်သေးသည့် အိတ်တစ်ဝက်ကျန်သေးသည့် ရောင်စုံ ဒိန်ချဉ် ပဲစေ့ချိုချဉ်အိတ်ကို အကြံအစည်ကြီးဖြင့် ထုတ်လိုက်သည်။ "ဒီ ဆန်ကွေကာအုတ် တစ်ပန်းကန် ကုန်ရင် ပဲစေ့ချိုချဉ်ကျွေးမယ်"
ကျိုးရှောင်ယွီကတော့ သူ့အဖေ၏ အကြံအစည်တွေကို နားမလည်ပေ။ ထို့ကြောင့် ချိုချဉ်အိတ်ကို အမြန် ဖွင့်ပေးဖို့ နှာခေါင်းလေးရှုံ့ကာ သူ့အဖေဆီ အသံပြုနေ၏။
ဝမ်ယွီထုံက တားလိုသော်လည်း ကျိုးကျီယွဲ့က အမှန်ပင် ချိုချဉ်အိတ်ကို ဖွင့်ပေးလိုက်သည်။
အိတ်ဖွင့်ပေးလိုက်သည်နှင့် ကလေးက သူ့လက်ချောင်းလေး နှစ်ချောင်းသုံးကာ ဒိန်ချဉ်ပဲစေ့ချိုချဉ်ကို ကောက်ယူကာ သူ့ပါးစပ်ထဲ ထည့်ရန် ပါးစပ်ကို အကျယ်ကြီး ဟလိုက်စဉ်....
"ဝူးးးးးးရှ်" ဆန်ကွေကာအုတ် တစ်ဇွန်းက ကလေး၏ ပါးစပ်ထဲ အတင်းတိုးဝင်သွားလေတော့သည်။
ဝမ်ယွီထုံ - "........"
တစ်ကယ့် ကလိန်ကကျစ် ဉာဏ်နီဉာဏ်နက်များတဲ့ သူဆိုတာကို လက်ခံလိုက်ပါပြီ။
ကျိုးရှောင်ယွီက မကျေမနပ် ဖြစ်သွားသော်လည်း သူ့ပါးစပ်ထဲက အစာ ကိုတော့ မြိုချလိုက်သည်။ နောက် ထပ်ပြီး ပဲစေ့ကို ထပ်ကောက်လိုက်ပြန်သည်။ ဒီတစ်ခေါက်တော့စားရပြီဟု တွေးကာ ပါးစပ်ဟ လိုက်စဉ် ...
"ဝူးးးးရှ် "
နောက် ထပ် ဆန်ကွေကာအုတ် တစ်ဇွန်း ပါးစပ်အပြည့် အသွင်းခံလိုက်ရပြန်၏။
ဤကဲ့သို့ လှည့်ကွက်သုံးကာ ကျွေးရင်း ပန်းကန်တစ်ဝက်ပင် ရှိလာသည်။
ကျိုးရှောင်ယွီလေးကတော့ ဒါဇင် ထက်မနည်း အကြိမ်ကြိမ်ခဏခဏ အလှည့်စား ခံရလေသည်။သူ့ရှေ့က မြင်နေရသည့် ချိုချဉ်ကို စားနိုင်ရန် ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူပါးစပ်ဟလိုက်တိုင်း တစ်ခြား အစားအစာတွေချည်း အထည့်ခံနေရ၏။ နောက်ဆုံးတော့ စိတ်ဆိုးလာပြီး အသံပြဲကြီး နှင့် အော်ငိုလေတော့သည်။
"ဝါးးးးးး"
သားအဖနှစ်ယောက်၏ ဖြစ်စဉ်က ရယ်စရာကောင်းလှ၍ ဝမ်ယွီထုံ စားနေသည့် ကန်စွန်းဥပင် နင်လုမတတ် ဖြစ်သွားသည်။
ကျိုးကျီယွဲ့ကတော့ ကလေးကို လှည့်စားတာ သူမဟုတ်သည့်အတိုင်းပင် မျက်နှာ ခပ်တည်တည်နှင့်သာ အရုပ် တစ်ခုကို ကောက်ကိုင်ပြီး ရှောင်ယွီလေးကို အာရုံပြောင်းနိုင်ဖို့ ကြိုးစားနေ၏။
နောက် ဆုံးတော့ စနောက် လှည့်စားရင်း ပန်းကန် တစ်ခုလုံးကို ကျွေးလိုက်နိုင်တော့သည်။ ရှောင်ယွီလေး၏ ဗိုက်ကလည်း ပြည့်တင်းသွားကာ ထပ်ပင် မစားနိုင်တော့ပေ။
စနစ် - " အဟမ်းးးး ဒီလို ကျွေးနည်းကိုတော့ မထောက်ခံပါဘူး။ ကလေးရဲ့ အစာစားတဲ့ အလေ့အကျင့်ကို အထောက်အကူ မဖြစ်စေပါဘူး"
စားပြီးနောက် ကျိုးကျီယွဲ့က ကလေးကို သူများ လွတ်တင်ထားသည့် စွန်ကြည့်ရန် ကန်ဘောင်ဘေး လမ်းလျှောက်ခဏ ခေါ်သွားလိုက်သည်။ သားအဖနှစ်ယောက်ကြား ဆက်ဆံရေးကတော့ တိုးတက်လာသည့်ပုံပေါက်သည်။
ဝမ်ယွီထုံ တစ်ယောက် ရှည်လျားသည့် အမျိုးသား၏ ပုံရိပ်ကို မကြည့်ပဲ မနေနိုင်သည်ကိုတော့ ဝန်ခံရပေမည်။အနှီအမျိုးသား၏ ပုံစံက သတိထားရမည့် လူအမျိုးအစားပုံစံဖြစ်သော်လည်း တစ်ခါတစ်လေတော့ ထင်သလောက် အေးစက်သည့် လူမျိုးမဟုတ်ပေ။
ဝမ်ယွီထုံ နို့လက်ဖက်ရည် တစ်ခွက်ကို သောက်ရင်း သူမ၏ ဖုန်းကို ကြည့်လိုက်စဉ် ကျိုးကျီယွဲ့က သူမ တင်ထားသည့်ပို့စ် အောက်မှာ မက်ဆေ့ပြန်ဖြေထားသည်ကို တွေ့လိုက်ရသည်။ သူမပဲ မှား မြင်တာတော့ မဟုတ်လောက်ပါဘူးနော်။
[ကျိုးကျီယွဲ့ - ကန်စွန်းဥ တွေကို လတ်လတ်ဆတ်ဆတ် မီးကင်စားရတယ်။ အကြာကြီး ထားထားရင် အရသာ မရှိတတ်ဘူး]