အခန်း (၂၀)
Vol. 2 Ch. 20
ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့ ပျော်ပွဲစား စားပွဲဘေး တူတူဝိုင်းထိုင်လိုက်ကာ ကန်စွန်းဥကင် မွှေးမွှေးလေး နှင့် ပြောင်းဖူးကင်၊ ပေါင်မုန့်မီးကင်တို့ကို အတူစားကြသည်။ ကျိုးရှောင်ယွီကတော့ ပျော်ပွဲစားဖျာပေါ် လှဲပြီး တစ်ယောက်တည်း ဆော့ကစားနေသည်။
နောက် တော့ ကောင်လေးက သူ့အမေ ယူလာတဲ့ အရုပ်တွေ နဲ့ ဆော့ရတာ ပျင်းလာပြီး ပျော်ပွဲစားဖျာပေါ်ကနေ မြက်ခင်းဘက်ကို လူကြီးတွေ အလစ်မှာ တိတ်တိတ်လေး တွားသွား ထွက်သွားလေသည်။
ဝမ်ယွီထုံက အမြန်လိုက်ဖမ်းလိုက်ကာ ဖျာပေါ် ပြန်တင်ပေးလိုက်သည်။ "သား ဒီနေ့ အဖြူရောင် ဝတ်ထားတာ ဆိုတော့ မပေစေနဲ့နော်"
ကျိုးရှောင်ယွီက မကျေမနပ်ဖြစ်သွားကာ နှုတ်ခမ်းလေး ဆူလိုက်သည်။ 'မြက်ခင်းက အစိမ်းရောင်လေ သူ့နှာခေါင်းထဲမှာတောင် လတ်ဆတ်တဲ့ အနံ့တွေ ရနေတာကို ဘာလို့ မေမေက မြက်ခင်းကို ညစ်ပတ်တယ် လို့ ပြောနေပါလိမ့်?'
'သူကတော့ မြက်ခင်းနဲ့ ရွံ့တွေကို အရမ်းကြိုက်တယ်။မြက်ခင်းပေါ် တွားသွားနေတဲ့ အင်းဆက်ကလေးတွေ ကြည့်ရတာလဲ ကြိုက်တယ်။ တစ်အိမ်လုံးက အရုပ်တွေ ကစားရတာထက်တောင် ပို စိတ်ဝင်စားဖို့ကောင်းသေးတယ်။'
ကျိုးကျီယွဲ့က ဝမ်ယွီထုံတို့သားအမိဆီ ဆီ လျှောက်လာလိုက်သည်။ "ကလေးကို ကိုယ် ထိန်း လိုက်မယ်။ မင်း စားနေလိုက်လေ။"
ဝမ်ယွီထုံလည်း စားရဝာာ မဝသေး၍ ကျိုးကျီယွဲ့ ပြောသည့်အတိုင်း လုပ်လိုက်သည်။ "ဒါဆိုလည်း အဝေးကြီးမသွားနဲ့ နော်။ တစ်နာရီ ကစားပြီးရင် အိပ်ခိုင်းရဦးမှာ မို့လို့ "
ကျိုးကျီယွဲ့ လည်း ခေါင်းငြိမ့်လိုက်ကာ ကျိုးရှောင်ယွီကို ချီရင်း ထွက်သွားလိုက်သည်။ နောက် ဆယ်မိနစ်လောက်ကြာတော့ ဝမ်ယွီထုံ တစ်ယောက် မီးဖိုပေါ်ကင်ထားသည့် စားစရာ အားလုံး စားပစ်လိုက်၏။ အရသာကလလည်း အရမ်းကောင်းလွန်း၍ သူမ၏ ပြည့်တင်းနေသည့်ဗိုက်ကို ပွတ်လိုက်ကာ ကျေနပ်သွားသည့်အနေဖြင့် လေချဉ် တက်လိုက်သည်။
ဆောင်းဦး၏ နေ့ခင်း ကောင်းကင်က ပြာလဲ့ကာ၊ နေရောင်ကလည်း နွေးထွေးလှသည်။ ရံဖန်ရံခါ တိုက်ခတ်သော ဆောင်းတွင်း လေအေးလေးက အပြင်ကို လမ်းလျှောက် ထွက်ချင်စိတ် ပေါက်စေကာ စိတ်နှလုံး အေးချမ်းစေသည်။
ဝမ်ယွီထုံလည်း စားသောက်ပြီးနောက် နေပူဆာလုံကာ အပန်းဖြေစခန်းချရာ နေရာတစ်လျှောက် တောင်ကုန်းလေးအတိုင်း လမ်းလျှောက်လာခဲ့စဉ် အဝေးကနေ ပုံရိပ်သေးသေးလေးနှင့် ပုံရိပ်ကြီးကြီး တစ်ခုကို တွေ့လိုက်ရသည်။ ထိုပုံရိပ်နှစ်ခုကို မျက်လုံးလေး မှေးကာကြည့်ရင်း ဟင်းကနဲ နှာသံပြုလိုက်သည်။
သေးသေးလုံးလုံးလေးက မြက်ခင်းပေါ် ဖင်ချထိုင်နေကာ လူကြီးက ကလေးဘေးမှာ စောင့်ကြောင့် ထိုင်ပြီး ကလေးကစားနိုင်ရန် ကျောက်တုံးနှင့် သစ်ရွက်ခြောက်များကို ကောက်ယူပေးနေ၏။
ကျိုးရှောင်ယွီကတော့ ပြုံးဖြီးနေကာ သူ့ဆွယ်တာအင်္ကျီဖြူဖြူဖွေးဖွေးလေးကလည်း ရွံ့တွေနဲ့ ပေပွနေသည်။ထို့အပြင် သူ့လက် ဖောင်းဖောင်းလေးကလည်း ညစ်ပတ်နေကာ မျက်နှာမှာပင် စွန်းထင်းနေ၏။
ဝမ်ယွီထုံ သားအဖနှစ်ယောက် ၏ အဖြစ်ကို ကြည့်ရင်း ခါးထောက်ကာ အော်ထည့်လိုက်သည်။ "ဘာတွေ လုပ်နေကြတာလဲ!!"
ကျိုးရှောင်ယွီတစ်ယောက် ကြောင်အသွားကာ သူ့အမေကို လှည့်ကြည့်လိုက်သည်။ သူ့အမေ စိတ်ဆိုးနေတာကို မြင်တော့ အလန့်တကြား သူ့လက်ထဲက ကျောက်တုံးကို အဝေး ပစ်လိုက်သည်။
ကျိုးကျီယွဲ့က ထိုင်ရာမှ ထလာကာ ရှင်းပြလေသည်။
"ရှောင်ယွီက ဒီလို ဆော့ချင်နေတာ "
"ညစ်ပတ်တယ်လေ "
ဝမ်ယွီထုံ မျက်မှောင်ကြုံ့ရင်း ရှောင်ယွီ ဝတ်ထားသည့် အဖြူရောင်ဆွယ်တာကို လက်ညိုးထိုးကာ ပြောလိုက်သည်။ ဒီဆွယ်တာက သူမအထူး အော်ဒါမှာ ထားသည့် နောက်ဆုံးပေါ် ဘရန်းလေ။ အရမ်းဈေး ကြီးတာ။
"ကိစ္စမရှ်ိပါဘူး " ကျိုးကျီယွဲ့က သူမကို ပြုံးကာ ကြည့်ရင်း ပြောလိုက်သည်ကို မြင်လိုက်ရ၍ "ဒါဆို ရှင် ဒီနေ့ သူ့ကို ရေချိုးပေးလိုက်တော့။ လုပ်မှာလားး" ဝမ်ယွီထုံ ယုံရခက်ခက် ဖြင့်ပြောလိုက်သည်။
ကျိုးကျီယွဲ့ကတော့ အေးအေးဆေးဆေး ပင် ခေါင်းငြိမ့်လိုက်သည်။ "ရတယ်လေ"
ဝမ်ယွီထုံ လည်း ကျိုးကျီယွဲ့ က မငြင်းလိုက်၍ သူမလည်း ထပ်မတားတော့ပေ။
စနစ် - " အမှန်တော့ ကလေးတွေကို သဘာဝနဲ့ ထိတွေ့ပေးတာက အကျိုးကျေးဇူးအများကြီး ဖြစ်ထွန်းစေတယ်။ဘာ့ကြောင့်ဆို သဘာဝပတ်ဝန်းကျင် ဆိုတာ ကလေးတွေ ရဲ့ အစောပိုင်းအသိပညာ ဖွံ့ဖြိုးဖို့အတွက် အကောင်းဆုံးအရာပဲလေ"
စနစ်က ထိုသို့ပြောလာပြီး ပိုစတာ အကြီးကြီး တစ်ခုပြလာသည်။
[သဘာဝနဲ့ နီးစပ်ခြင်းက ကလေးသူငယ်တွေကို သဘာဝ အလှအပ ခံစားတတ်လာစေ ခြင်း၊ ခံနိုင်ရည် တိုးလာခြင်း၊ ကလေးရဲ့ လှုပ်ရှားသွားလာမှု အနံ့ခံအာရုံ၊ အကြားအာရုံနှင့် တစ်ခြား စွမ်းရည်တွေ တိုးတက်လာစေနိုင်ပါသည်။ ကလေးရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု ထိန်းချုပ်နိုင်စွမ်း၊ အထိအတွေ့အာရုံ၊ ထိုးထွင်းသိမြင်နိုင်မှု တွေကို တိုးတက်ကောင်းမွန်လာစေပါသည်။]
စနစ် - " ဒါကြောင့် ဆော့ကစားလို့ ကလေး ညစ်ပတ်မှာကို မစိုးရိမ်ပါနဲ့။ အာ့လိုကစားတာက သူ့အနေနဲ့ ကမ္ဘာကြီးကို လက်ခံနေတဲ့ ပုံစံပဲ။ ဒဏ်ရာ အနာတရ မဖြစ်ပဲ လုံခြုံစိတ်ချရသ၍ ကလေးစိတ်ကြိုက်ဆော့ပါစေ"
ဝမ်ယွီထုံလည်း ညစ်ပတ်နေသည်ကို မျက်ကွယ်ပြုရင်း ရှောင်ယွီလေး မြေကြီး ပေါ်ထိုင်ပြီး သစ်ရွက်ခြောက်တွေ ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို ကြည့်လိုက်သည်။
နောက် သူမ တစ်ခု သတိရလိုက်ကာ သားအဖနှစ်ယောက်ကို လက်ပြလိုက်သည်။ "ကျွန်မကို ခဏ စောင့်ကြဦး ကျွန်မ တစ်ခု သွားယူလိုက်ဦးမယ် "
ဝမ်ယွီထုံ သူမတို့တဲ ဆီ ပြန်ပြေးသွားကာ ကလေးငယ်များ ဆော့ကစားနိုင်သည့် အပျော်ပစ်ကစားရသော လေဝဲပန်းကန်ပြားကို ကစားစရာများ ထည့်ထားသည့်ခြင်း ထဲက ထုတ်လာလိုက်သည်။
လေဝဲပန်းကန်ပြားလေးက လွန်ခဲ့သည့်နှစ်ရက်ကမှ ဝယ်ထားသည့် အသစ်ဖြစ်သည်။ ပြုလုပ်ထားသည့်ပစ္စည်းက နူးညံ့ကာ ကလေးကို မတော်တဆ ထိမိရင်တောင် အနာတရဖြစ်မည်မဟုတ်ချေ။
"ရှင်နဲ့ ရှောင်ယွီနဲ့က တစ်ဖွဲ့ ဖွဲ့လိုက်"
ဝမ်ယွီထုံ လေဝဲ ပန်းကန်ပြားကိုကိုင်ကာ အချက်ပြပြောလိုက်သည်။ သူမပုံစံက ပြုံးပျော်နေ၏။ ကျိုးကျီယွဲ့လည်း မျက်ခုံးလေးပင့်လိုက်ကာ ရေစိုတစ်ရှုးဖြင့် ရှောင်ယွီလေး၏ ညစ်ပတ်နေသည့်လက်ကို သုတ်လိုက်ကာ ရင်ခွင်ထဲ ထည့်ချီလိုက်သည်။
"ကဲ ဖေဖေတို့ မေမေ ပစ်လိုက်တဲ့ လေဝဲပန်းကန်ပြားလေးကို ဖမ်းကြည့်ရအောင်"
ကျိုးရှောင်ယွီကလည်း တက်ကြွနေကာ သူ့လက်သီးလေးကို ဝေ့ရမ်းနေ၏။
"အွမ်းးးး အွမ်းးးးး"
"ရော့ ဖမ်းးလိုက် !!" ဝမ်ယွီထုံ လေဝဲပန်းကန်ပြားကို ပစ်လိုက်သည်။ ကျိုးကျီယွဲ့ကလည်း ကလေးကို ဖက်ထားရင်း လိုက်ဖမ်းရာ ရှောင်ယွီလေး၏ လက်မောင်းထဲ ကျလာ၏။ ရှောင်ယွီလေးက သူ့လက်ထဲ ရောက်လာသည့် လေဝဲ ပန်းကန်ပြားကို ဖမ်းကိုင်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။
"အခုတော့ ဖေဖေတို့ ပစ်ရမယ့်အလှည့် " ကျိုးကျီယွဲ့က ကျိုးရှောင်ယွီ လေဝဲ ပန်းကန်ပြားကိုင်ထားသည့် လက်ကလေးကိုကာ ပစ်လိုက်သည်။ ကလေး လက်က တိုနေ၍ လေဝဲပန်းကန်ပြားက ဝေးဝေး မရောက်နိုင်ပဲ မြေကြီးပေါ် ပြုတ်ကျသွားသည်။
ဝမ်ယွီထုံလည်း ပြေးကောက်လိုက်ပြ သူမနေရာပြန်လာကာ နောက်တစ်ကြိမ်ကို နည်းနည်း ဖမ်းရခက်မည့်ပုံစံဖြင့် ပစ်လိုက်သည်။
ကျိုးကျီယွဲ့က သူ့ခြေတံ ရှည်ကြီး တွေ နဲ့ ရှောင်ယွီလေး လေဝဲ ပန်းကန်ပြားကို ဖမ်းနိုင်အောင် ခြေလှမ်းလှမ်း လိုက်သည်။
ကျိုးရှောင်ယွီကတော့ လေဝဲပန်းကန်ပြားကို ဖမ်းလိုက်နိုင်၍ တစ်ခစ်ခစ်နှင့်ရယ်မောနေ၏။ သူ၏ ဆံပင် ကောက်ကွေးလေးကလည်း လှုပ်ခတ်နေကာ လတ်တလော ပေါက်ထားသည့် အောက်သွား နှစ်ချောင်းပေါ်အောင်ပင် ရယ်မောနေ၏။
ခုလို သူ့အဖေအမေ နဲ့ ဂိမ်းအတူကစားရတာက ပထမဆုံး ဖြစ်၏။ ထူးဆန်းသလို စိတ်ဝင်စားဖို့လည်း ကောင်းသည်။ 'ခုလိုကျတော့လည်း မြေခွေးဆိုးဖေဖေက အရမ်းစိတ်ရှုပ်စရာ မကောင်းတော့သလိုပဲ။ သူ့ကို ချီပွေ့ပြီး ပြေးနိုင်ရုံ မက ကိတ်မုန့်ဝိုင်းကြီးကိုပါ ဖမ်းနိုင်သေးတယ်လေ။'
'ဟေးး မေမေ ပစ်လိုက်တဲ့ ဒီ ကိတ်မုန့်ဝိုင်းကြီးက စားချင်စရာကြီးးး'
ရှောင်ယွီလေး လေဝဲ ပန်းကန်ပြားကို တစ်ချက်ကိုက်လိုက်ပြီး မြည်းကြည့်ရာ ဟို မေမေ တစ်ခါ လုပ်ကျွေးဖူးသည့် အဆိပ်ရှိသည့် ချယ်ရီပန်းပုံမုန့်နှင့် အရသာ တူနေပြီး ဝါးလို့လည်း မရပေ။
အရသာကလည်း ဆိုးလိုက်တာ....
ကျိုးရှောင်ယွီလေး ဆော့ကစားပြီးနောက် မောပန်းကာ နေ့ခင်းရောက်တော့ အိပ်ချင်လာ၏။ ဝမ်ယွီထုံ ကလေး ကို ရွက်ဖျင်တဲထဲက လေဖောင်းဖျာပေါ် သိပ်ထားလိုက်သည်။ ရှောင်ယွီကလည်း အိပ်ရာ မရွေးပေ။ ပထမဆုံး အပန်း ဖြေ စခန်းချ ထွက်လာ၍ လားမသိ ဆယ်မိနစ်အတွင်းမှာပင် တန်းအိပ်ပျော်သွားရှာသည်။
ဝမ်ယွီထုံ ရှောင်ယွီ၏ လည်ပင်းနောက် ကို ပွတ်လိုက်တော့ ချွေးအနည်းငယ် စိုနေ၍ ရွက်ဖျင်တဲ အပေါက်ကို နည်းနည်း ဖွင့်လိုက်ရာ လေအေး လေးတွေ က ရွက်ဖျင်တဲ ထဲ ဝင်လာသည်။
မွန်းလွဲ အပူချိန်က အရမ်းလည်း မပူသလို အရမ်းလည်း မအေး၍ နေရထိုင်ရ သက်သောင့်သက်သာ ရှိလှ၏။
ဝမ်ယွီထုံ ရွက်ဖျင်တဲကနေ တိတ်တိတ်လေး ထွက်လာတော့ ကျိုးကျီယွဲ့ကို ပျော်ပွဲစားစားပွဲပေါ် ကွန်ပျူတာ တစ်လုံးနှင့် နိုင်ငံရပ်ခြားဗီဒီယို အစည်းအဝေး လုပ်နေသည်ကို မြင်လိုက်ရသည်။ ကျိုးကျီယွဲ့ ဝမ်ယွီထုံ ကိုတွေ့တော့ မော့ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ အလုပ်အစည်းအဝေးပေါ် အာရုံ ပြန်စိုက်လိုက်သည်။
ဝမ်ယွီထုံလည်း သူနှင့်မျက်နှာ ချင်းဆိုင်မှာ တိတ်တိတ်လေး ထိုင်နေလိုက်သည်။ ကျိုးကျီယွဲ့ အလုပ်လုပ်နေသည့်ပုံစံက ပုံမှန်ထက် ထူးခြားလှသည်။
သူ့အသံက ဩဇာရှိကာမျက်ခုံးနှစ်ခုကြားကနေ တစ်ဖက်လူကို ဖိနှိပ်ချုပ်ချယ်လွှမ်းမိုးနိုင်သည့် အရှိန်အဝါကို ခံစားရစေသည်။ ထိပ်ပိုင်းမှာ ရှိနေတာကြာပြီဖြစ်သည့် လူတစ်ယောက်လိုမျိုး မြင့်မြတ်သည့် ခံစားချက်ကို ပေးစွမ်းနိုင်၏။
ဝမ်ယွီထုံလည်း အားလပ်ချိန်လေးကို အခွင့်ကောင်းယူကာ သူမပြင်ဆင်ထားသည့် ကလေးဒိုင်ပါ တံဆိပ်အမျိုးမျိုးအကြောင်းကို တည်းဖြတ် ဗီဒီယို လုပ်ရန် ဖုန်းကို ထုတ်လိုက်သည်။
မေမေနဲ့ကလေး အကောင့် [ဆံကောက် ရှောင်ယွီလေး] အကောင့်က နေ့တိုင်း အသစ်တွေ တင်ပေးနေ၍ ဖော်လိုဝါတွေ များလာပြီဖြစ်သည်။
ဝမ်ယွီထုံ ကလေးဒိုင်ပါ ရီဗျူး ဗီဒီယိုကိုလည်း အမှန်အကန်ပင် အားစိုက်ထည့်ထား၏။ ကလေး ဒိုင်ပါ အမျိုးအစား ၂၀ ကျော်ကို စမ်းသပ်ကြည့်ကာ နှိုင်းယှဉ်ထား၏။
လွန်ခဲ့သည့်ရက်ပိုင်းက အိမ်တော်ထိန်းစန်ကို ဘရန်းအမျိုးမျိုးအောက်က ထုတ်ထားသည့် ကလေးဒိုင်ပါ အမျိုးအစား အားလုံးကို ဝယ်ခိုင်းထားခဲ့သည်။
သူမ၏ စမ်းသပ်စစ်ဆေးမှု တွင် ပစ္စည်းတံဆိပ်၏ ပြုလုပ်သည့်ပါဝင်ပစ္စည်း၊ နူးညံ့မှု ရှိမရှိ၊ ပေါ့ပါးမှု နှင့် စုပ်ယူမှု အားကောင်းမကောင်း၊ လေဝင်လေထွက်နှင့် စိမ့်ဝင်ပျံ့နှံ့ပုံတို့ ပါဝင်သည်။
ဥပမာအားဖြင့် ဒိုင်ပါ စုပ်ယူမှု အားကောင်းမကောင်းစစ်ဆေးရာတွင် ဒိုင်ပါ တံဆိပ်အမျိုးမျိုး အပေါ်တွင် ရေပမာဏ တူတူကို လောင်းချကာ ရေကို စုပ်ယူချိန်နှင့် စုပ်ယူနိုင်မှု စွမ်းအားကို တိုင်းထွာ မှတ်သားခဲ့သည်။
ကျန်သည့် အချက်များကိုလည်း ထိုကဲ့သို့ အမျိုးမျိုး စမ်းသပ်ခဲ့ရသည်။
ပရော်ဖက်ရှင်နယ်တွေ စမ်းသပ်သကဲ့သို့ မဟုတ်နိုင်သော်လည်း သူမစစ်ဆေးချက်ကနေ ဒိုင်ပါ အမျိုးအစားအမျိုးမျိုးကြား ခြားနားချက်ကို ခွဲခြားသိနိုင်သည်။
ဝမ်ယွီထုံ တစ်ယောက် ဖုန်းဖြင့်သာ ဗီဒီယို ဖြတ်ညှပ်ကပ်တွေကို သေချာ အာရုံစိုက်လုပ်နေရသည်။ ကွန်ပျူတာဖြင့်လုပ်ရတာလောက်တော့ အဆင်မပြေချေ။ထို့ကြောင့် သူမ လက်ချောင်းတွေဖြင့် စာရိုက် တည်းဖြတ်နေသည်မှာ မျက်လုံးပင် စွေလုမတတ်ဖြစ်လာသည်။
ထိုစဉ် ရုတ်တရက် သူမရှေ့က စားပွဲပေါ် ကော်ဖီ တစ်ခု ပေါ်လာသည်။ ကော်ဖီ၏ သင်းရနံ့က သူမ၏ နှာခေါင်းထဲ တိုးဝင်လာသည်။
ဝမ်ယွီထုံ အံ့အားသင့်သွားပြီး မျက်လုံးကို ပင့်ကြည့်လိုက်သည်။ ကျိုးကျီယွဲ့ ဘယ်အချိန်ကတည်းက အစည်းအဝေးပြီးသွားလို့ ကော်ဖီအိုးတောင် နှပ်နိုင်တာပါလိမ့်။ကျိုးကျီယွဲ့ ရှေ့မှာ စားပွဲ မရှိတော့ပဲ အပန်းဖြ စခန်းချ ကော်ဖီအိုးတစ်စုံနှင့် ကော်ဖီဖျော်ပစ္စည်းတွေ ကိုသာ တွေ့ရသည်။
ဝမ်ယွီထုံ - "..... သူမတို့ ပျော်ပွဲစားအတွက် အိမ်တော် ထိန်းစန် ပစ္စည်း အစုံအလင်ကို ထည့်ပေးလိုက်တာပဲ"
ဖြူဖွေးသွယ်လျသည့် လက်ချောင်းအစုံက ကော်ဖီနှပ်ထားသည့်အိုးကို ကိုင်ကာ ရေစစ်စက္ကူပေါ်လောင်းချလိုက်သည်။
ဝမ်ယွီထုံ သူ့ကို စိုက်ကြည့်နေသည်ကို ခံစားမိ၍ ကျိုးကျီယွဲ့ သူမရှေ့က ကော်ဖီခွက်ကို မြည်းကြည့်ရန် မေးငေါ့ပြလိုက်သည်။
ဝမ်ယွီထုံကလည်း စနောက်သည့်ဟန်ဖြင့် မျက်လုံးလေး တစ်ဖက် မှိတ်ပြကာ ပြန်တုံ့ပြန်လိုက်သည်။
ကျိုးကျီယွဲ့ကတော့ မျက်မှောင် အနည်းငယ် ကြုံ့ကာ ပြုံးရင်း ကော်ဖီ ဆက်ဖျော်နေသည်။
သူမပဲ အမြင်မှားမိသလား မသိ။ ကျိုးကျီယွဲ့၏ နားရွက်တွေက ရှက်သွေးဖြာ၍ နီလာသလို မြင်လိုက်ရသည်။
ဝမ်ယွီထုံ မထင်မှတ်ထား၍ အံ့ဩသွားမိသည်။
'ဒီလူကြီးက အရမ်းရိုးတာတော့ မဟုတ်လောက်ပါဘူးနော်?
တစ်ကယ်ရိုးတာဆိုရင်တော့ နောက်ပိုင်းကျ ခဏခဏ စနောက်ရမယ်.. '
ညနေ ငါး နာရီလောက် ထိုးတော့ သူမတို့တွေ အိမ်ပြန်လာလိုက်ကြသည်။
အိမ်ပြန်ရောက်တော့ကျိုးကျီယွဲ့က သူ့ကတိအတိုင်း ကျိုးရှောင်ယွီကို ရေချိုးပေးခဲ့သည်။ ဝမ်ယွီထုံက ရေချိုးခန်း ရေနွေးအိုးခလုတ်ကို ဖွင့်လိုက်ကာ ကျိုးရှောင်ယွီ၏ ရေချိုးပေးခြင်း ဖြစ်စဉ်ကို ဘေးကနေ ကြီးကြပ်ပေးနေ၏။
"ရေအပူချိန်က အရမ်းများနေတယ်။ ၃၈ ° ကနေ ၄၀°လောက်ဆိုရပြီ"
"ရေဇလုံ နှစ်ခုစလုံးကို ရေဖြည့်ထားရမယ် ခေါင်းလျှော်ရည်နဲ့ ရေချိုးဆပ်ပြာရည်ကို ရောလို့မရဘူး။ ခေါင်းကို အရင်လျှော်ပေးလိုက်။ မျက်လုံးထဲ နားတွေထဲ ခေါင်းလျှော်ရည်တွေ မဝင်စေနဲ့။ ရေထဲလဲ မနှစ်မိစေနဲ့။ ကလေးရဲ့ ဖင်တွေကိုလည်း သေချာ ပွတ်တိုက်ဆေးပေးရမယ်။"
ကျိုးကျီယွဲ့ကတော့ အင်္ကျီလက်တို တီရှပ် ဝတ်ကာ ဝမ်ယွီထုံ ညွှန်ကြားချက်အတိုင်း ရှောင်ယွီလေးကို ရေချိုးပေးနေရှာသည်။ သူ့လုပ်ကိုင်ပုံတွေက သိပ်တော့ အဆင်မပြေသေးပေ။
ကံကောင်းသည်က ကျိုးရှောင်ယွီသည် ကောင်းကောင်းထိုင်နိုင်ပြီဖြစ်၍ ရေထဲ နှစ်သွားမှာ တော့ စိုးရိမ်စရာ မလိုခဲ့ပေ။
ဖြူဖွေးသည့် ပေါက်စီလုံး လေး ရှောင်ယွီကတော့ ရေချိုးကန်ထဲမှာ ဘဲရုပ်ကလေးနှင့် ဆော့နေ၏။ သူ့ပုံစံက ပုံမှန် ထက်ပိုကဲနေသည့်ပုံပင်။
"ဂူးးးးးဂူးးးး"
ကျိုးကျီယွဲ့ ရေချိုးဆပ်ပြာဂျယ်ကို ရှောင်ယွီကိုယ်လုံးလေး ပေါ်လိမ်းလိုက်ကာ ပေါက်စီလုံးလေး၏ ဆပ်ပြာကြောင့် ချောမွတ်နေသည့် ကိုယ်လေးကို ပွတ်တိုက်ပေးနေသည်။
ကျိုးကျီယွဲ့၏ မျက်လုံးအကြည့်တွေက အနည်းငယ် မြူဆိုင်းလာသည်။ သူ့အရင်အိပ်မက်ဘဝ မှာရော ယခုဘဝမှာရော ကျိုးရှောင်ယွီလေးကို ပထမဆုံး အကြိမ် ရေချိုးပေးရတာဖြစ်သည်။ ဘဝနှစ်ခုစလုံးမှာ ပထမဆုံး ရှောင်ယွီလေးနှင့် နီးနီးကပ်ကပ် နေခဲ့ရတာဖြစ်၏။
သူ့ရဲ့ အရင်ဘဝမှာ တုန်းက ကျိုးကျီယွဲ့တစ်ယောက် ကျိုးလုပ်ငန်းစုပြသနာတွေနဲ့သာ အသက်ပင် မရှုနိုင်အောင် အလုပ်များနေခဲ့ရာ အိမ်ကိစ္စတွေကို ဂရုမစိုက်နိုင်ခဲ့ပေ။ ဆယ်ရက် လဝက်နေမှ တစ်ခါ အိမ်ပြန်လာနိုင်ပြီး နောက်တစ်နေ့ မနက်မိုလင်းတာနဲ့ အိမ်က အလျင်အမြန်ပြန် ထွက်သွားရပြန်သည်။
ကျိုးကျီယွဲ့ အချိန်နှင့်ခွန်အားပေးနိုင်သည့်အချိန်ရောက်တော့ သူတို့သားအဖ နှစ်ယောက်၏ ဆက်ဆံရေးက ဝေးကွာသွားပြီဖြစ်သည်။
ကျိုးရှောင်ယွီ မွေးပြီး ပထမ သုံးနှစ်လောက်ထိ ကျိုးကျီယွဲ့တစ်ယောက် ဂရုမစိုက်ခဲ့ချေ။ နောက်ငါးနှစ် အထိလဲ အပြင်လူကဲ့သို့သာ ဖြစ်နေသေးသည်။
နောက် ဆယ်နှစ်အရွယ် ရောက်တော့ ကျိုးရှောင်ယွီကိစ္စတွေမှာ ပါဝင်ခဲ့သော်လည်း ရံဖန်ရံခါမျှသာဖြစ်သည်။
ကျိုးရှောင်ယွီ ဆယ်ကျော်သက်အရွယ်ရောက်မှသာ ကျိုးကျီယွဲ့က ဆယ်ကျော်သက်လေး၏ ကိစ္စပြဿနာတွေကို ဖြေရှင်းပေးရင်း သိလိုက်ရတာက သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက ဝေးကွာနေပြီဖြစ်သည်။
ထိုသို့တွေးလိုက်မိရင်း ကျိုးကျီယွဲ့ လည်ချောင်းတွေ ခြောက်လာသည်။ သူ့အနေနဲ့ ကျိုးရှောင်ယွီရဲ့ အုပ်ထိန်းသူ လုပ်ဖို့ အရည်အချင်း မပြည့်မှီသေးဘူးပဲ။
သူ့အစ်ကိုက ဘာလို့ သူ့ကလေးကို ပြုစုစောင့်ရှောက်ဖို့ သူ့ကို ထားခဲ့ရတာလဲ ဆိုတာ သူသိချင်ခဲ့မိသည်။ ဒီနေ့တော့ အဖြေကို သိခဲ့ရပြီထင်တယ်။
"ဖူးးး!"
ကျိုးကျီယွဲ့ တစ်ယောက် မျက်မှောင်ကြုံ့ရင်း အတွေးလွန်နေစဉ် သူ့မျက်နှာကို ရေအပက်ခံလိုက်ရသည်။