မျှော်လင့်ချက် ကင်းမဲ့သည့် အနေအထားမှ ပြန်လည် တိုက်ခိုက်ခြင်း
Vol. 9 Ch. 111
အင်မော်တယ် တစ်ပိုင်း လက်နက်ကို ကိုင်ဆောင် ထားသည်ကြောင့် အန်လင်းသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦး အဆင့်တွင် ရှိနေသည့် စိတ်ဝိညာဉ်သားရဲ တစ်ကောင်နှင့် ရင်ဆိုင် တိုက်ခိုက်ရန် အတော်လေး ယုံကြည်ချက် ရှိသည်ဟု ဆိုရပေမည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့်ရှိ စိတ်ဝိညာဉ်သားရဲ သုံးကောင် ထွက်ပေါ်လာလေသည်။ သူသည် တာအိုခန္ဓာ အဆင့် ၁၀ မျှသာလျှင် ရှိနေသေးသည့် သေးငယ်သော ကျင့်ကြံသူလေးသာ။ အဆိုပါ သားရဲများအား မည်သို့ ရင်ဆိုင်နိုင်အံ့နည်း။
“အစ်ကိုကြီးတို့ရေ ... ဘာလို့များ ငြိမ်းငြိမ်းချမ်းချမ်း ရင်မဆိုင် ရတာလဲဗျာ ... ကျွန်တော်က ဆိုးဝါးတဲ့ အပြုအမူတွေ မလုပ်ထားမိပါဘူး ... အစ်ကိုကြီးတို့က ဘာလို့များ ကျွန်တော့်ကို ပစ်မှတ်ထားကြ ရတာလဲဗျာ ...” အန်လင်းသည် ရွေးချယ်စရာ မရှိတော့သဖြင့် စိတ်ဝိညာဉ် သားရဲများအား အာရုံလွှဲနိုင်ရန် ကြိုးစားတော့သည်။
သို့သော်လည်း သူ၏ စကားလုံးများသည် ယင်းတို့အပေါ်တွင် မည်သို့မျှ သက်ရောက်မှု မရှိပေ။
စိတ်ဝိညာဉ်သားရဲ လေးကောင်သည် တိတ်ဆိတ်စွာဖြင့် အန်လင်းထံ ချဉ်းကပ် လာကြသည်။ သူတို့၏ အမူအရာများသည့် ရက်စက် ကြမ်းကြုတ်မှု အပြည့်နှင့် ဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိသည့် ကျင့်ကြံသူများမှ လက်ဆောင် ပေးလိုက်သည့် အဆောင် လက်ဖွဲ့များအား အသုံးပြုရန်မှာ သူ၏ တစ်ခုတည်းသော ရွေးချယ် နိုင်မှုများလား။
ထိုအဆောင် လက်ဖွဲ့များအား အသုံးပြုရန် အတွက် နာကျင် လှပေသည်။ သူ့အနေဖြင့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် အဆောင်လက်ဖွဲ့ အားလုံးအား အသုံးပြုခဲ့ပြီး ဖြစ်သည်။
သူ့ထံတွင် ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ရှိ အဆောင်လက်ဖွဲ့ ၁၃ ခုသာလျှင် ရှိသည်။ ထိုအဆောင် လက်ဖွဲ့များ အားလုံးတို့သည် အသက်ကယ် ပစ္စည်းများ ဖြစ်ကြသည်။
ယခုတွင်မူ ထိုအသက်ကယ် အဆောင် လက်ဖွဲ့များအား အသုံးပြုဖို့ရန် တွန်းအားပေးခြင်း ခံနေရပေပြီ။ သူ့အနေဖြင့် ဤမျှလောက်အထိ ကံဆိုးလိမ့်မည်ဟု မည်သူကမျှ သိကြလိမ့်မည် မဟုတ်ပေ။
သူ၏ သိုလှောင်လက်စွပ် လက်ခနဲ ဖြစ်သွားပြီးနောက် လက်ချောင်းများ အကြားတွင် အဝါရောင် အဆောင်လက်ဖွဲ့ တစ်ခု ပေါ်လာသည်။
အန်လင်း ထုတ်ယူလိုက်သည့် အဆောင် လက်ဖွဲ့သည် ခွန်းလွန်တောင် အင်မော်တယ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ ဝိညာဉ်ငယ်ရှီ ပြုလုပ်ဖန်တီး ထားသည့် အဆောင်လက်ဖွဲ့ ဖြစ်သည်။ ဤအဆောင်လက်ဖွဲ့ ပိုင်ဆိုင်ထားသည့် စွမ်းအားသည် ဝိညာဉ် ဖွဲ့စည်းခြင်း ကနဦးအဆင့် ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားပြည့် တိုက်ခိုက်မှုနှင့် ညီမျှသည်။
“ဝေါင်း ...”
ခြင်္သေ့ နှစ်ကောင်သည် အနက်ရောင် အော်ရာများ ထုတ်လွှင့်ကာဖြင့် အန်လင်းအား ခုန်အုပ်လိုက်သည်။
ဓားသွားကဲ့သို့ ချွန်မြိနေသည့် လက်သည်းများသည် အန်လင်း၏ ခန္ဓာကိုယ်အား ကုတ်ခြစ်ရန် ဦးတည် လာကြသည်။ လျင်မြန် လွန်းသည်ကြောင့် လေကို ခွင်းလာသည့် အသံကိုပင် ကြားလိုက်ရသည်။
“ရေခဲ ခိုင်မာဓား ...”
အန်လင်း အဆောင်လက်ဖွဲ့အား အသက်သွင်း လိုက်သည်နှင့် ကြောက်မက် ထိတ်လန့်ဖွယ် ဓားပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
လေထု မငြိမ်မသက် ဖြစ်လာပြီးနောက် အပူချိန်သည်လည်း ရုတ်ခြည်း လျော့ကျသွားသည်။ ပတ်ဝန်းကျင်တွင် ဆောင်းကဲ့သို့ နှင်းများ ကျဆင်းလာသည်။
ကောင်းကင်နှင့် မြေပြင်အား ပိုင်းခြားထား သကဲ့သို့ အပြာရောင် ဓားအကာအကွယ်သည် တောက်ပ နေလေသည်။
ခြင်္သေ့ နှစ်ကောင်သည် ခုန်အုပ်နေဆဲ အနေအထားတွင် ရပ်တန့်နေပြီး အကာအကွယ် မဲ့စွာဖြင့် နှစ်ပိုင်းပိုင်းခြင်း ခံလိုက်ရသည်။ ရေခဲတုံးများ အဖြစ်သို့ ပြောင်းလဲသွားပြီး နောက်တွင် မြေပြင်ပေါ်သို့ လဲကျကာ သေဆုံး သွားတော့သည်။
အဆောင်လက်ဖွဲ့ အသက် သွင်းထားသည့် အခိုက်အတန့်မှာပင် ချက်ချင်းဆိုသလို စိတ်ဝိညာဉ် သားရဲနှစ်ကောင် အသတ်ခံလိုက် ရလေပြီ။
အန်လင်းသည် အဆောင်လက်ဖွဲ့ တစ်ခုအား ထပ်မံ ထုတ်ယူ လိုက်ပြီးနောက် ဝက်ဝံကြီးနှင့် ဆင်ကြီးအား အေးစက်စွာဖြင့် ကြည့်လိုက်သည်။ “မင်းတို့နှစ်ကောင်က သေရမှာ မကြောက်ရင် ရှေ့တိုးလာခဲ့လေ ... အဟက်”
သားရဲများသည် စိတ်ဝိညာဉ်သားရဲ အဖြစ်သို့ ချိုးဖျက်ဝင်ရောက် သွားပါက လူသားများ ပြောသည်ကို နားလည်နိုင်စွမ်း ရှိလာကြသည်။ သို့သော်လည်း ကိုယ်တိုင် မပြောနိုင်ချေ။
အန်လင်းသည် အဆောင် လက်ဖွဲ့များအား အသုံးမပြုလိုပေ။ အဆောင် လက်ဖွဲ့များ အားလုံးသည် အသက်ကယ် ရတနာလေးများ ဖြစ်ကြသည်။ များပြားစွာ အသုံးပြုလိုက်မည် ဆိုပါက သူ့ထံတွင် အနည်းငယ်သာလျှင် ကျန်ရှိမည် ဖြစ်သည်။
အမှန်တကယ် အားဖြင့် အန်လင်းသည် ယင်းအဆောင် လက်ဖွဲ့ဖြင့် ကျန်ရှိနေသည့် စိတ်ဝိညာဉ်သားရဲ နှစ်ကောင်အား ခြောက်လှန့် လိုခြင်းသာ ဖြစ်သည်။ ထိုစိတ်ဝိညာဉ် သားရဲ နှစ်ကောင်သည် ခြင်္သေ့နှစ်ကောင်၏ အဆုံးသတ်အား ကိုယ်တိုင်မြင်တွေ့ လိုက်ရသည် မဟုတ်ပါလား။
မမျှော်လင့် ထားသည်မှာ ဝက်ဝံကြီးနှင့် ဧရာမ ဆင်ကြီးတို့သည် အဆောင်လက်ဖွဲ့အား ကြောက်လန့်ခြင်း မရှိကြပေ။ နောက်ဆုတ် ပြေးမည့်အစား သူတို့သည် အန်လင်းထံသို့ အေးစက်သည့် အမူအရာများဖြင့် ချဉ်းကပ် လာကြလေသည်။
ဒီဖေ ... ဒီကောင်တွေက သေရမှာကို အတည်ကြီး မကြောက်ကြ ဘူးလားဟ ...
အန်လင်းသည် ရှုံ့မဲ့လာပြီးနောက် အဆောင်လက်ဖွဲ့အား သိုလှောင်လက်စွပ် အတွင်းသို့ ပြန်ထည့်လိုက်သည်။
ထို့နောက်တွင် နောက်သို့ လှည့်ကာဖြင့် ထွက်ပြေးတော့သည်။
“စုရှောင်လန်ရေ ... ကယ်ပါဦး ...”
အန်လင်းသည် အော်ဟစ် နေရင်းဖြင့် စုရှောင်လန်ရှိရာသို့ လျင်မြန်စွာ ပြေးလေသည်။
ခြင်္သေ့ နှစ်ကောင်သည် သူထွက်ပြေးမည့် လမ်းကြောင်းတွင် ပိတ်ဆို့နေသည့် အတွက်ကြောင့်သာ အဆောင် လက်ဖွဲ့အား အသုံးပြု လိုက်ရခြင်း ဖြစ်သည်။
ယခုအခါတွင် စိတ်ဝိညာဉ်သားရဲ နှစ်ကောင်သာလျှင် ကျန်ရှိတော့သည့် အတွက် အနိုင်မရနိုင်သည့် နောက်တွင် ထွက်ပြေးခြင်း သာလျှင် အသင့်တော်ဆုံး ဖြစ်သည် မဟုတ်ပါလား။
အသက်ကယ် ရတနာလေးအား ဆုံးရှုံးရခြင်း ထက်စာလျှင် သူငယ်ချင်း အချင်းချင်း မျက်နှာ ပျက်ရခြင်းက ပိုကောင်းပေသည်။
ထို့အပြင် ...
အသက်ရှင်လျက် ရှိနေရန်မှာ အရေးအကြီးဆုံး ဖြစ်သည်။
ဝက်ဝံကြီးနှင့် ဆင်ကြီးတို့သည် ထိုအခြင်းအရာအား မြင်ရသည့် အခါတွင် ကြက်သေ သေနေမိသည်။ ထို့နောက်တွင် သူ့တို့သည် ဒေါသတကြီးဖြင့် အန်လင်းနောက်သို့ ပြေးလိုက် ကြတော့သည်။
ထွက်ပြေးနေစဉ်တွင် အန်လင်းသည် ခြင်္သေ့နှစ်ကောင်၏ အလောင်းများအား ကောက်ယူကာ သိုလှောင် လက်စွပ်အတွင်း ထည့်ရန် မမေ့ပေ။
ထိုခြင်္သေ့ နှစ်ကောင်သည် မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိပဲ သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ရိုးရှင်းစွာဖြင့် နှစ်ပိုင်း ပိုင်းခံရပြီး ရေခဲတုံးများအသွင် ပြောင်းလဲ သွားခြင်းပင်။
သူတို့၏ သားရဲ အမြုတေများသည် အကောင်းအတိုင်း ရှိနေနိုင်သေးသည်။ ထို့အတွက်ကြောင့် အန်လင်း အနေဖြင့် ထိုရုပ်အလောင်းများအား ကောက်ယူ လိုက်ခြင်းသည် ကျိုးကြောင်း သင့်လှပေသည်။
အဝေး တစ်နေရာတွင် များပြား လှစွာသော သန္ဓေပြောင်း သားရဲများသည် ပြင်းပြင်းထန်ထန် တောက်လောင်နေသည့် မီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံနေရပြီး ပြာအဖြစ်သို့ ပြောင်းလဲ သွားကြသည်။
အမျိုးသမီး တစ်ဦးသည် ခမ်းနား လှပသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး မီးလျှံများ အကြား ရပ်နေသည်မှာ သူတော်စင် တစ်ဦးနှင့်ပင် တူနေသေးသည်။
သူမကိုင်ဆောင် ထားသည့် ဓားသည် တောက်ပလျက်ရှိပြီး အချက်တိုင်းမှာ ခမ်းနားကြီးကျယ် လှသည်။
သူမအနီးသို့ ရောက်ရှိလာသည့် သန္ဓေပြောင်း သားရဲတိုင်းသည် သူမပတ်လည်တွင် ဝန်းရံလျက်ရှိသည့် ကြောက်မက်ဖွယ်ရာ မီးလျှံများနှင့် တွေ့ဆုံကာ သေဆုံးသည်အထိ လောင်ကျွမ်း သွားကြသည် ချည်းသာ။
“စုရှောင်လန်ရေ ... ကယ်ပါဦး ...”
အန်လင်း၏ အော်ဟစ်သံသည် အဝေးမှ ပျံ့လွင့်လာသည်။
အော်သံ၏ လားရာကို ကြည့်လိုက်သည့် အခံတွင် အမျိုးသမီးလေးသည် ဖရိုဖရဲဖြစ်နေသည့် အန်လင်းအား တွေ့လိုက်ရသည်။ ဧရာမ ဆင်ကြီးနှင့် ဝက်ဝံဖြူကြီး တစ်ကောင်သည် အညှာအတာ ကင်းမဲ့စွာဖြင့် သူ့အား လိုက်လံဖမ်းဆီး နေလေသည်။
“အိုး ... နင်က ဘာလို့များ အရမ်းတွေ ထင်ရှားလွန်း ရတာလဲ အန်လင်းရယ် ...” စုရှောင်လန်သည် အသာရယ်မော လိုက်သည်။
သူမသည် ပေါ့ပါးစွာဖြင့် ခြေလှမ်း လိုက်ပြီးနောက် ချက်ချင်းဆိုသလို အန်လင်းနံဘေးသို့ ရောက်ရှိသွားသည်။
အန်လင်းသည် အမောတကောဖြင့် “ငါလည်းပဲ အရမ်းကြီး ထင်ရှားမနေချင် ပါဘူးနော် ... နင်ယုံမှာတောင် မဟုတ်ဘူးရယ် ... အခုနက ငါ့ကို စိတ်ဝိညာဉ်သားရဲ လေးကောင်က လိုက်ဖမ်းနေတာ ...”
“ငါ့ရဲ့အသက်ကယ် အဆောင်လက်ဖွဲ့ လေးတွေကြောင့်သာ မဟုတ်ရင်တော့ အစောကတည်းက စိတ်ဝိညာဉ် သားရဲတွေရဲ့ အစာအိမ်ထဲမှာ အမှုန့်ခြေ ခံနေရတဲ့ ပရိုတင်းလေး ဖြစ်နေလောက်ပြီ ...”
အန်လင်း ထိုကဲ့သို့ ဖမ်းချုပ်ခံရခြင်းအား ကြားလိုက်ရသည့် အခါတွင် စုရှောင်လန်သည် မျက်မှောင်ကြုတ်ကာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “လာခဲ့ ... ငါနင့်အတွက် လက်စား ချေပေးမယ် ...”
ထိုသို့ပြောပြီးနောက် ရုတ်ခြည်း ဆိုသလိုပင် သူမ၏ ကျောဘက်၌ မီးတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။
အတောင်ပံများအား တဖျပ်ဖျပ် ခတ်လိုက်ချိန်တွင် သူမပတ်လည်၌ မီးလျှံများ အလျှံငြီးငြီး ထွက်ပေါ်လာသည်။
လေပြင်းတိုက် သကဲ့သို့ပင် သူမသည် ဧရာမဆင်ကြီးထံသို့ ရွေ့လျားသွားသည်။ လက်ကောက်ဝတ်အား လှုပ်လိုက်သည့် အခါတွင် သူမ၏ဓားသည် မီးလျှံများ ဖြာထွက်ကာဖြင့် ထွက်ပေါ်လာသည်။
မြန်လိုက်တာ ...
အန်လင်းသည် ရုတ်တရက် မြင်လိုက်ရသည့် စုရှောင်လန်၏ အမြန်နှုန်းအား ကြောင်အကာဖြင့် ကြည့်နေမိသည်။ ထိုအမြန်နှုန်းသည် သူမ၏ ဓားပျံအား စီးနင်းသည့် အမြန်နှုန်းထက်ပင် ပို၍မြန်ဆန် နေသေးသည်။
ဧရာမဆင်ကြီးသည် စုရှောင်လန်အား လွန်ခဲ့သည့် အချိန်ကတည်းက သတိပြုမိခြင်း ဖြစ်သည်ကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဆူးချွန်များ ပိုမို များပြားလာသည်။
ရှည်လျားသည့် နှာမောင်းမှနေ ရုတ်တရက် ဆိုသလို ရေများပန်းထွက် လာပြီး ဖြာထွက်နေသည့် မီးလျှံများဆီသို့ ဖျန်းပက်လိုက်သည်။
ဝုန်း ...
မီးလျှံနှင့် ရေများ တွေ့ဆုံရာမှ ရေများသည် လျင်မြန်စွာဖြင့် အငွေ့ပြန် သွားပြီးနောက် အဖြူရောင် မြူခိုးများဖြစ်ပေါ်ကာ လေထုအား လွှမ်းခြုံ ဖုံးသွားသည်။
မြူခိုးများ အလယ်တွင် ရေနှင့် မီးလျှံများသည် ရံဖန်ရံခါ ထိပ်တိုက် တွေ့ဆုံကြသည်။
ဧရာမ ဆင်ကြီးသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့်ရှိ စိတ်ဝိညာဉ် သားရဲတစ်ကောင် ဖြစ်သည်။ စုရှောင်လန်သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦး အဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးသော်လည်း သူမသည် အထွတ်အထိပ် ပါရမီရှင်တစ်ဦး ဖြစ်သည့်အပြင် ကောင်းကင်ဇာမနီ သွေးမျိုးဆက်အား ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ ထို့အတွက်ကြောင့် ဧရာမဆင်ကြီးနှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် သူမသည် အသာစီးမှ ရယူထားသူ ဖြစ်သည်။
ဧရာမ ဆင်ကြီးသည် စုရှောင်လန်အား တားဆီးထားသည့် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်၍ ဝက်ဝံဖြူကြီးသည် အန်လင်းအား နောက်တစ်ဖန် တိုက်ခိုက် လာပြန်သည်။
အန်လင်းသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦး အဆင့်မျှသာ ရှိနေသေးသည့် စိတ်ဝိညာဉ် သားရဲကို ကြောက်ရွံ့ခြင်း မရှိပေ။ သူ၏ မိစ္ဆာရှင်းဓားအား မြဲမြံစွာ ဆုပ်ကိုင်၍ ရင်ဆိုင်လိုက်သည်။
ဝက်ဝံဖြူကြီးသည် အန်လင်းနှင့် ပေ ၃၀ အကွာသို့ ရောက်ရှိသည့် အခါတွင် ရုတ်တရက် ရပ်တန့် လိုက်ပြီးနောက် မြေပြင်သို့ လက်ဖြင့် ပုတ်လိုက်လေသည်။
မြေပြင်မှ အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်လာသဖြင့် အန်လင်းသည် အလိုအလျောက်ပင် နောက်သို့ခုန်ဆုတ် လိုက်သည်။
ချက်ချင်း ဆိုသလိုပင် ၁၀ ပေ ရှည်လျားသည့် ရေခဲချွန်သည် မြေပြင်မှ ထိုးထွက်လာသည်။
အန်လင်းသည် ညင်သာစွာ အသက်ရှူထုတ် လိုက်ပြီးနောက်တွင် ထိုမန္တန်အား ရှောင်ရှား လိုက်နိုင်ခြင်းကို စဉ်းစားမိသည်။
ထို့နောက်တွင် ရေခဲချွန်သည် စတင်တုန်ခါ လာသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင် မြေပြင်မှ လွတ်မြောက် သွားပြီးနောက် သူ့အား ပစ်ခတ်လာသည်။
အန်လင်းသည် အလွန် ထိတ်လန့်သွားမိသည်။ တုံ့ဆိုင်းခြင်း မရှိဘဲ တောင်ခွင်း လက်သီးအား အသုံးပြုကာဖြင့် သူ့ထံသို့ ပျံသန်း လာနေသော ရေခဲချွန်အား အပိုင်းပိုင်း ခွဲလိုက်သည်။
တစ်ချိန်တည်းမှာပင် အန်လင်း၏ရှေ့တွင် ကြီးမားသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားများနှင့် ဝက်ဝံလက်သည် သူ၏ရင်ဘတ်အား ပုတ်လိုက်လေသည်။
ဘန်း ...
အန်လင်းသည် ဝက်ဝံလက်ဖြင့် ရိုက်ပုတ် ခံရသည်ကြောင့် ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လွင့်စဉ် သွားပြီးနောက် နက်ရှိုင်းသည့် ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်လာသည်။
သူ၏ပါးစပ်အတွင်း ချိုမြသည့် အရသာတစ်မျိုး ဝင်ရောက် လာပြီးနောက်တွင် ပါးစပ်နှင့် အပြည့် သွေးတစ်လုတ် အန်လိုက်ရသည်။
စိတ်ဝိညာဉ် သားရဲအား လျှော့တွက် မိလေပြီ။ သူ့ခန္ဓာကိုယ်၏ မာကျော ကြံ့ခိုင်မှုကြောင့်သာ မဟုတ်ခဲ့လျှင် အဆိုပါ တိုက်ခိုက်မှုသည် သူ့အား သေဆုံးလုနီးနီး ဖြစ်သွားစေနိုင်သည်။
ဝက်ဝံဖြူကြီးသည် လက်တစ်ဖက် ပြတ်နေသည်ကို ဂရုမစိုက်သည့် အပြင် ယင်း၏ အမြန်နှုန်း သည်လည်း အနည်းငယ်မျှပင် လျော့ကျသွားခြင်း မရှိချေ။
“ဂီး ...”
ဝက်ဝံဖြူကြီးသည် အန်လင်းအား နောက်တစ်ဖန် ခုန်အုပ်လာပြန်သည်။ များပြားလှသည့် ရေခဲချွန်များသည် လေထဲတွင် တွဲလောင်း ကျနေပြီးနောက် အန်လင်းထံသို့ ထိုးဖောက်လာသည်။
“လာပြန်ပလားဟ ...”
ဓားနှင့်တူသည့် ရေခဲချွန်များ ပြေးဝင်လာသည်ကို ကြည့်ကာဖြင့် အန်လင်း၏ မျက်လုံးများသည် နှင်းကဲ့သို့ ဝေလာသည်။ နတ်ဘုရား စစ်ဆေးမှု _ အသက်ဝင် လာလေပြီ။
ပြစ်ချက် စစ်ဆေးခြင်း ...
ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ်သည်လည်း စတင်ရွေ့လျား နေသည်။
ခန္ဓာကိုယ်အား ပြောင်းကာ ရွေ့ကာဖြင့် အရှေ့သို့ တိုးလိုက်ပြီး နောက်တွင် သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည့် အခါတွင် ရေခဲချွန်များသည် တစ်ခါမျှပင် မရှိခဲ့ဖူးသလို ပျောက်ကွယ် သွားတော့သည်။
ဝက်ဝံဖြူကြီးသည် အန်လင်းအား ခုန်အုပ် လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို မကောင်းသည့် ခံစားချက်များ ဖြစ်ပေါ်လာသည်ကြောင့် တိုက်ခိုက်မှုအား ရုပ်သိမ်းကာဖြင့် နောက်ဆုတ်လိုက်သည်။
အန်လင်းသည် သူ၏လက်ချောင်းအား ကွေးလိုက်သည့် အခါတွင် မိုးကြိုးပစ်သံများ ရုတ်ခြည်း ပေါ်ထွက်လာသည်။ လျှပ်စီးကြောင်း တစ်ခု ဆင်းသက်လာပြီး ဝက်ဝံဖြူကြီး၏ ခန္ဓာကိုယ်အား ပစ်ခတ် လိုက်သည်ကြောင့် ခေတ္တမျှ တုံ့ဆိုင်း သွားစေသည်။
ထိုအချိန်မှာပင် အန်လင်းသည် ဝက်ဝံဖြူကြီး၏ အရှေ့သို့ ပြေးသွားကာ သေစေနိုင်သည့် အနက်ရောင် အော်ရာများ ထွက်ပေါ်နေသော မိစ္ဆာရှင်းဓားဖြင့် ခုတ်ပိုင်း လိုက်လေသည်။
ရွှပ် …
ဝက်ဝံဖြူကြီး၏ ဦးခေါင်းသည် မိုးပေါ်သို့ မြောက်သွားပြီးနောက် လည်ပင်းမှနေ သွေးများ ပန်းထွက်လာသည်။
အန်လင်းသည် သူ၏ မဟူရာ ဓားရှည်ပေါ်တွင် တင်ကျန်နေသည့် သွေးများကို သုတ်လိုက်ပြီးနော် နှုတ်ခမ်းထောင့်များ ကွေးတက်ကာဖြင့် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။
ယခုအချိန်တွင် သူသည် လွန်စွာ အံ့ဩဖွယ် ကောင်းနေပေလိမ့်မည်။
ဓားအင်မော်တယ် အန်လင်းသည် စိတ်ဝိညာဉ် သားရဲအား အောင်မြင်စွာဖြင့် သတ်ဖြတ် နိုင်ခဲ့လေပြီ။
***