ခမ်းနားသောစားသောက်ပွဲ
Vol. 35 Ch. 483
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားမှာ ကျင်းပပြီးစီးခ့ဲပြီဖြစ်ပါသော်လည်း ကန်ရွှမ်းကလန်တစ်ခုလုံးမှာ ထိုအခမ်းအနားအကြောင်း ပြောဆိုဆေွးနွေးနေကြဆဲ ဖြစ်သည်။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွင်း လူတိုင်းအား အ့ံအားသင့်စေခ့ဲသူမှာ ဇူယွမ်ပင် ဖြစ်၏။ ဇူယွမ်မှာ တစ်နှစ်မျှသော အချိန်အတွင်းမှာပင် သာမန်တပည့်တစ်ဦးအဖြစ်မှ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်အဖြစ်ထိ တက်လှမ်းနိုင်ခ့ဲသည်။
ဤတပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား ပြီးဆုံးသွားပြီးသည့်နောက်တွင် ဇူယွမ်မှာ ကန်ရွှမ်းကလန်တစ်ခုလုံးရှိ တပည့်များ၏ ေလးစားအားကျရသူတစ်ဦး ဖြစ်လာ၏။
.........
ဇူယွမ်အား ဂုဏ်ပြုချီးမြှောက်ရန်အတွက် စိန်းထိုက်ယွမ်မှာ သင်းန့ံတစ်ရာအိမ်တော်တစ်ခုလုံးကိုပင် ငှားရမ်းထားလေသည်။ ရှန်ဝမ့်ကျင်းမှာလည်း စိန်းထိုက်ယွမ်အားကူညီ၍ လုစုန့်၏အုပ်စုမှ တပည့်များအား ကောင်းမွန်စွာ သွားရောက်ဖိတ်ကြားခ့ဲ၏။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားတွင် စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏အုပ်စုမှာ အသင်းအဖွဲ့တစ်ခုတည်းအနေဖြင့် အတူတကွ လုပ်ဆောင်ခ့ဲကြခြင်း ဖြစ်သည်။ ထို့ကြောင့် စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ အုပ်စုနှစ်ခုမှာ ယခင်ကထက်ပို၍ ရင်းနှီးကျွမ်းဝင်လာ၏။
စိန်းထိုက်ယွမ်၏ ဖိတ်ကြားချက်အား လုစုန့်၏ တပည့်များမှာ လက်ခံရန် တွေဝေနေရပါသော်လည်း အကြီးအကဲလုစုန့်မှ ချက်ချင်းဆိုသလိုပင် လက်ခံပေးခ့ဲသည်။ အကြီးအကဲလုစုန့်မှာ စိန်းထိုက်ယွမ်တို့၏အုပ်စု တိုးတက်ကောင်းမွန်လာခြင်းကို အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေ၏။ ထို့ကြောင့် ဇူယွမ်အား ဂုဏ်ပြုချီးမြှင့်သော စားသောက်ပွဲကြီးမှာ လုစုန့်၏ တပည့်များကြောင့် ပိုမိုစည်ကားသွားရသည်။
.........
သင်းန့ံတစ်ရာအိမ်တော်၌
စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များမှာ စည်ကားသိုက်ဝန်းစွာဖြင့် အတူတကွ စုဝေးနေကြ၏။
ကြီးမားလှသော ကျောက်စားပဲွဲကြီး၏အလယ်တွင် ရှိနေသည့် ဇူယွမ်၏ပုံရိပ်မှာ ကြယ်ပွင့်များကြား လင်းလက်တောက်ပနေသော လမင်းကြီးတစ်စင်းနှင့် ဆင်တူလှသည်။ ဇူယွမ်၏ဘေးတွင် ယောင်ယောင်မှာ တင့်တယ်လှပစွာဖြင့်ရှိနေပြီး ထန်ထန်မှာမူ အစားအသောက်များအား အငမ်းမရ စားသုံးနေ၏။
တပည့်များမှာ ထန်ထန်၏ အစားလောဘကြီးမှုအား လက်လျှော့ထားလိုက်ကြပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထန်ထန်၏အနီးမှ ဟင်းခွက်တစ်ခုအား လက်လှမ်းလိုက်ရုံဖြင့် ချွန်မြသောလက်သည်းများဖြင့် အကုတ်ခံရသောကြောင့်ပင် ဖြစ်၏။ ထန်ထန်မှာ မာန်ဖီကာ တကဲကဲဖြင့် အစားအသောက်များအား အငမ်းမရ စားသုံးနေပေသည်။
စားသောက်ပွဲ၏ အဓိကအကြောင်းအရင်းဖြစ်သော ဇူယွမ်မှာမူ လွန်စွာအလုပ်ရှုပ်နေ၏။ ဇူယွမ်မှာ တပည့်များ၏ စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်ဝမ်းမြောက်မှုများအား နားလည်နေသောကြောင့် စကားစမြည် လာရောက်ပြောဆိုသူများအားလုံးကို ငြင်းပယ်ခြင်းမပြုပဲ ကောင်းမွန်စွာ ပြောဆိုဆက်ဆံပေးလျက် ရှိသည်။
ဇူယွမ်၏ဘေးတွင်ရှိနေသော ယောင်ယောင်မှာမူ အရာအားလုံးကို လျစ်လျူရှုထားလျက် ဝိုင်ကိုသာ အဆက်မပြတ် သောက်နေ၏။ ယောင်ယောင်၏ အေးစက်စက် အမူအရာကြောင့် မည်သူကမှ သူမအား နှောင့်ယှက်ရန် မဝ့ံရဲကြချေ။
ထို့အပြင် မူလသူတော်စင်တောင်ထွတ်တွင် ယောင်ယောင်မှာ မသိသူမရှိရလောက်အောင် ကျော်ကြားသူတစ်ဦး ဖြစ်သည်။ ယောင်ယောင်မှာ ရွှေခါးစည်းတပည့်တစ်ဦးမျှသာ ဖြစ်နေပါသော်လည်း ရွေးချယ်ခံဆယ်ဦးထဲတွင် ပါဝင်နိုင်သော အရည်အချင်း ရှိ၏။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားကိုသာ ဝင်ရောက်ယှဥ်ပြိုင်ခ့ဲပါက မည်သူကမှ ယောင်ယောင်အား အနိုင်ရလိမ့်မည် မဟုတ်ပေ။
အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက်
လုယန်းမှာ ဝိုင်များကြောင့် မူးဝေနေဟန်ဖြင့် မတ်တပ်ထရပ်ကာ စကားဆိုလိုက်သည်။ "ဇူယွမ် ငါနင့်ကို တော်တော်ကြည့်မရခ့ဲဘူးသိလား။ ဒါပေမယ့်အခုတော့ ဒီလုယန်းဆိုတဲ့ငါကပဲ အမြင်မှားနေခ့ဲတယ်ဆိုတာ သိသွားပြီ။ ငါတို့မူလသူတော်စင်တောင်ထွတ်ရဲ့ ဂုဏ်သိက္ခာတွေကို ထိန်းသိမ်းပေးတဲ့အတွက် နင့်ကိုကျေးဇူးအများကြီးတင်ပါတယ်။ အဲ့ဒါကြောင့် ဒီအရက်တစ်ခွက်နဲ့ ငါတောင်းပန်တာကို လက်ခံပေးပါ။"
ထို့နောက် လုယန်းမှာ ကြီးမားလှသော ဝိုင်ခွက်ကြီးတစ်ခွက်လုံးအား တစ်ငုံတည်းဖြင့် သောက်ချလိုက်၏။ ဝိုင်များမှာ အနည်းငယ် ဖိတ်စင်ကုန်သောကြောင့် လုယန်း၏ အဝတ်အစားများ အနည်းငယ် စိုရွှဲသွားရလေသည်။ မည်သို့ပင်ဆိုစေကာမူ လုယန်း၏ ပွင့်လင်းစွာပြောဆိုတောင်းပန်မှုကြောင့် စားသောက်ပွဲကြီး ပို၍အသက်ဝင်လာရ၏။
ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ဝိုင်ခွက်အားမြှောက်ကာ မော့ချလိုက်သည်။ လုယန်းမှာ အမြဲတစေ ဇူယွမ်အား ဝေဖန်ခ့ဲသူ ဖြစ်၏။ တစ်ခါတစ်ရံတွင် ဇူယွမ်မှာ လုယန်းအား စိတ်အနှောင့်အယှက် ဖြစ်နေပါသော်လည်း လေးစားစွာ ပြောဆိုဆက်ဆံရန်သာ ရွေးချယ်ခ့ဲသည်။ သို့သော် ထိုအကြောင်းအရာများမှာ အရေးပါလှသည် မဟုတ်သောကြောင့် ဇူယွမ်မှာ သင်ပုန်းချေလိုက်ရန်သာ ဆုံးဖြတ်လိုက်၏။
ဇူယွမ်မှာ အခြားသောတပည့်များကိုကြည့်၍ လေးနက်စွာ စကားဆိုလိုက်သည်။ "ငါတို့အားလုံးက မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်တွေပဲ။ တစ်ခါတစ်လေ ငါတို့အချင်းချင်း ယှဥ်ပြိုင်တာမျိုး ရှိကြပေမယ့် တကယ်တော့ ငါတို့တွေက စည်းလုံးညီညွတ်ကြပါတယ်။ အနာဂတ်မှာလည်း ငါတို့မူလသူတော်စင်တောင်ထွတ်ရဲ့ဂုဏ်သိက္ခာတွေ ဆက်လက်ထွန်းလင်းတောက်ပနေဖို့ ကြိုးစားသွားကြမယ်။"
တပည့်များမှ ခွက်များအားကိုင်မြှောက်ကာ အော်ဟစ်အားပေးလိုက်ကြ၏။ ဇူယွမ်အား ကြည့်ရှုနေကြသော တပည့်များ၏ မျက်ဝန်းများမှာ လေးစားအားကျမှု အငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။
"ဟားဟား.....သောက်ကြီးသောက်ကျယ် စကားလုံးတွေ ပြောနေတာပဲ။ ဇူယွမ် မင်းကတကယ်ကို ဘဝင်မြင့်နေတဲ့ အရူးကောင်ပဲကွ။" အေးစက်ခက်ထန်နေသော ရယ်သံတစ်ခု ထွက်ပေါ်လာ၏။
စားသောက်ခန်းအတွင်းရှိနေသော တပည့်များ၏ အမူအရာမှာ ခက်ထန်သွားရပြီး ဒေါသထွက်နေသော အမူအရာများဖြင့် အော်ဟစ်လိုက်ကြသည်။ "ဘယ်ကောင်လဲကွ။"
ဝုန်း....
သို့သော် ထိုအချိန်၌ပင် ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာ၏။ စွမ်းအင်ဖိအားများမှာ အလွန်ပင် ပြင်းထန်လှသောကြောင့် တပည့်များမှာ ထိုင်ခုံပေါ်မှ မထရဲပဲ ငြိမ်သက်စွာသာ ထိုင်နေလိုက်ကြရသည်။
ထို့နောက် စားသောက်ခန်းအတွင်းသို့ ကျောင်းဇူဦးဆောင်ထားသော ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ ဝင်ရောက်လာကြ၏။ မူလသူတော်စင်တောင်ထွတ်မှ တပည့်များ၏ အမူအရာမှာ ခက်ထန်သွားရပြီး ကျောင်းဇူအား စိတ်အလိုမကျဟန်ဖြင့် ကြည့်ရှုလိုက်ကြသည်။
ဇူယွမ်မှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီးနောက် ကျောင်းဇူအားကြည့်ကာ ပြောလိုက်၏။ "ဒီညအတွက် သင်းနံ့တစ်ရာအိမ်တော်ကို ငါတို့ငှားထားတာ မဟုတ်ဘူးလား။"
ကျောင်းဇူ၏ နှုတ်ခမ်းအစုံမှာ တွန့်ကွေးသွားကာ လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။ "တပည့်ခေါင်းဆောင်ဇူယွမ် သင်းန့ံတစ်ရာအိမ်တော်ရဲ့ အမြင့်ဆုံးအထပ်ကို ရွေးချယ်ခံတွေပဲ ငှားလို့ရတယ်ဆိုတာ မင်းမသိဘူးလား။ သင်းန့ံတစ်ရာအိမ်တော်ရဲ့ ကြိုက်တဲ့အထပ်ကို မင်းငှားလို့ရတယ်။ ဒါပေမယ့် အမြင့်ဆုံးအထပ်ကိုတော့ ရမှာမဟုတ်ဘူး။"
ဓားကပ်ဘေးတောင်ထွတ်၏ တပည့်တစ်ဦးမှ ဝင်ရောက်ပြောဆိုလိုက်၏။ "မူလသူတော်စင်တောင်ထွတ်ကနေ ရွေးချယ်ခံတပည့် မထွက်ခ့ဲတာ အရမ်းကြာနေပြီလေ။ အဲ့ဒါကြောင့် ဒါတွေကို သူတို့ဘယ်သိပါ့မလဲ ဟားဟားဟား။"
ဇူယွမ်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။ "စီနီယာအကိုတော်ကျောင်းဇူ အကြီးအကဲလုဟုန်းရဲ့အုပ်စုက မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာကို မယူနိုင်ခ့ဲလို့ ဓားကပ်ဘေးတောင်ထွတ်က ကျင့်ကြံရေးအရင်းအမြစ်တွေ ငါးပုံတစ်ပုံတောင် ဆုံးရှုံးရတော့မယ်ဆို။ အဲ့ဒါအမှန်ပဲလား။"
ကျောင်းဇူ၏ အမူအရာမှာ အေးစက်ခက်ထန်သွားရ၏။ ကျောင်းဇူမှာ ဓားကပ်ဘေးတောင်ထွတ်၏ ဆုံးရှုံးမှုများအား သိရှိခ့ဲရသောကြောင့် ဒေါသများအား ဖြေဖျောက်နိုင်ရန် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ကျောင်းဇူမှ အေးစက်စွာ စကားဆိုလိုက်၏။ "ဂျူနီယာညီတော်ဇူယွမ်က တော်တော်မောက်မာနေတာပဲ။ ဒီကိစ္စကို သိနေတာတောင်မှ ငါ့ကိုမေးရဲတယ်ပေါ့လေ။"
ဇူယွမ်မှာ စပ်ဖြဲဖြဲအမူအရာဖြင့် ပြုံးကာပြောလိုက်သည်။ "စီနီယာအကိုတော်ကျောင်းဇူကလည်း ကျွန်တော်က အကိုတော်ကို ဆရာသခင်လင်ကျွမ်းဆီသွားပြီး မူလသူတော်စင်တောင်ထွတ်ကိုလည်း အရင်းအမြစ်တွေ မျှပေးဖို့ ပြောခိုင်းမလို့ပါ။"
"တော်တော် လျှာစောင်းထက်တဲ့ အကောင်ပဲ။" ကျောင်းဇူ၏ မျက်ဝန်များမှာ အေးစက်ခက်ထန်နေ၏။
ကျောင်းဇူမှာ ခန်းမတစ်ခုလုံးအား ကြည့်ရှုလိုက်ပြီးနောက် လှောင်ပြောင်သရော်ဟန်ဖြင့်ပင် စကားဆိုလိုက်သည်။ "မင်းလိုမျိုး ခွေးသာသာအကောင်က မူလသူတော်စင်တောင်ထွတ်ရဲ့ ဂုဏ်သိက္ခာကိုတောင် ထိန်းသိမ်းဦးမယ်ပေါ့လေ။ အရမ်းရယ်ရတာပဲ ဟဟ။"
"တပည့်ခေါင်းဆောင်လေး ဖြစ်သွားရုံနဲ့ ဒီလိုစားသောက်ပွဲကြီးကျင်းပတာ ငါယုံတောင်မယုံနိုင်ဘူး။ တကယ်ဆို မင်းတို့တောင်ထွတ်ကနေ ရွေးချယ်ခံတစ်ယောက်ထွက်လာဖို့ အရင်ကြိုးစားသင့်တယ်။"
ကျောင်းဇူမှာ ထိုစကားများအား ပြောကြားလိုက်ပြီးသည်နှင့်တကွ ကျယ်လောင်စွာ လှောင်ပြောင်ရယ်မောရင်းဖြင့် စားသောက်ခန်းထဲမှ ထွက်လာခဲ့၏။ ကျောင်းဇူမှာ စိတ်နှလုံးထဲမှ အခဲမကျေမှုများ အနည်းငယ် ပြေလျော့သွားသလို ခံစားလိုက်ရသည်။
ဇူယွမ်မှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ ကျောင်းဇူအား စကားဆိုတော့မည့်အချိန်မှာပင် သိမ်မွေ့ခက်ထန်ကာ ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာ၏။
"ရွေးချယ်ခံတစ်ယောက်ဖြစ်ရတာ အဲ့လောက်တောင်ကောင်းလား။"
ကျောင်းဇူ၏ ခြေလှမ်းများမှာ ရပ်တန့်သွားရသည်။ ကျောင်းဇူမှာ အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါတွင် ဇူယွမ်၏ဘေးတွင်ရှိနေသော လှပတင့်တယ်လှသည့် မိန်းမငယ်လေးတစ်ဦးအား တွေ့ရှိလိုက်ရလေတော့သည်။