အခန်း (၂၁)
Vol. 2 Ch. 21
သူ့မျက်နှာပေါ်မှာ စိုနေသည့်ရေတွေကို လက်ဖြင့် သုတ်လိုက်သည်။ ကျိုးရှောင်ယွီလေးက ရေပြွတ်ကဲ့သို့ ပက်နိုင်သည့် သူ့ ဘဲရုပ်ကလေးကို ကျိုးကျီယွဲ့ ထံ ချိန် ထားလိုက်ပြန်သည်။
"ဖူးးးးဖူးးးးး"
ဘဲရုပ်ကလေးနဲ့ ရေထက်အပက်ခံလိုက်ရ၍ ကျိုးကျီယွဲ့၏ မျက်နှာနှင့် တီရှပ် လည်ပင်း နေရာတွေက ရေထပ်စိုသွားပြန်သည်။ ထို့အပြင် ဆပ်ပြာအမြှပ်အချို့ပါ နားရွက်နားမှာ ကပ်နေသေး၏။
ကျိုးကျီယွဲ့ ၏ ရယ်စရာ အဖြစ်ကို မြင်လိုက်ရ၍ ဝမ်ယွီထုံ မအောင့်ထားနိုင်တော့ပဲ ဗိုက်ကြောနာလုမတတ် ရယ်လိုက်မိသည်။
"ဟားးးဟားးးးဟားးးဟားးး..."
ကျိုးကျီယွဲ့ကတော့ အပြစ်ကင်းသည့်ပုံဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။
'ဖေဖေ့ပုံက ဘယ်လိုကြီး ဖြစ်နေတာလဲ?
မေမေကရော ဘာလို့ အရမ်းရီနေရတာလဲ?
သူ့ရဲ့ ဘဲရုပ်ရေပြွတ်က စွမ်းလွန်းလို့လားး?'
ကျိုးရှောင်ယွီတစ်ယောက် ပျော်ရွှင်စွာ လက်ကို ဝေ့ရမ်းလိုက်သည်။ 'သူ့အဖေနဲ့ အမေ သဘောကျတယ် ဆိုရင် ဘဲရုပ်ကလေးနဲ့ ရေထပ်ဖြန်းလိုက်ဦးမယ်...'
ဒီလိုနဲ့ ကျိုးရှောင်ယွီလေးကို ရေချိုးပေးတာ အတော်လေးကြာသွား၏။ ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို လိုးရှင်း လိမ်းကူလိုက်သည်။ ရှောင်ယွီလေးက နှာပင် ချီလာ၏။
ကလေး နှာ ချီလာတော့မှ ဝမ်ယွီထုံလည်း ကြောင်သွားပြီး ကလေးကို ချက်ချင်း တဘက်နှင့် ထုပ်လိုက် ပြီး ဆောင်းဦးအိပ်ရာဝင်ဝတ်စုံအထူကို လဲပေးကာ အပေါ်ကနေ ကုတ်တစ်ထည် ထပ်ဝတ်ပေးလိုက်သည်။
လမိုက်ညဖြစ်၍ ကောင်းကင်ကြီးက အမှောင်ထူကြီးစိုးနေ၏။ မြောက်လေအေးကလည်း တဝီဝီ တိုက်ခတ်နေကာ ပြတင်းပေါက် အပြင်ဘက်ကနေ လေတိုက်၍ အပင်လှုပ်ခတ်သံများကို ပင် ကြားနေရသည်။
ကျိုးရှောင်ယွီလေးကတော့ ကိုးနာရီထိုးတာနဲ့ ဝမ်ယွီထုံ၏ ရင်ခွင်ထဲ ခေါင်းလေး စောင်းကာ အိပ်ပျော်သွားသည်။
ဘာကြောင့်မှန်းမသိ ဝမ်ယွီထုံ တစ်ယောက် သူမစိတ်ထဲ စိုးရိမ်ပူပန်နေသလို ခံစားနေရသည်။ ထို့ကြောင့် ကျိုးရှောင်ယွီ အိပ်သွားသည်နှင့် သူမ အခန်း အပြင် မထွက်သွားပဲ ထိုင်ခုံ ပေါ်ထိုင်ရင်း ဗီဒီယိုကို တည်းဖြတ်နေလိုက်သည်။
ဆယ့်တစ်နာရီ သူမ အိပ်ရာ မဝင်ခင် ကျိုးရှောင်ယွီလေးကို စစ်ဆေးကြည့်လိုက်သေးသည်။ ကလေးက ငြိမ်သက်စွာ အိပ်စက်နေကာ မျက်နှာ က ပုံမှန်ထက် အနည်းငယ် နီနေ၏။ ဝမ်ယွီထုံလည်း တစ်ခြားတွေးမနေတော့ပဲ ကျိုးရှောင်ယွီလေး ဘေးမှာပဲ လှဲ အိပ်လိုက်သည်။
မနက် နှစ်နာရီလောက်မှသာ ကိစ္စကြီး ပေါ်လာတော့သည်။ တစ်ခါမှ အစောကြီး မနိုးဖူးသည့် ကျိုးရှောင်ယွီသည် ရုတ်တရက် နိုးလာကာ တစ်ချက်တစ်ချက် ညဉ်းသံပြုလာသည်။
ဝမ်ယွီထုံ ချက်ချင်းထပြီး ကလေးအခြေအနေကို စမ်းကြည့်လိုက်ရာ သူမ ခေါင်းနပမ်းကြီးသွားသည်။
ကျိုးရှောင်ယွီ မျက်နှာက နီရဲနေပြီး မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ကလည်း နာကျင်မှုကြောင့် လူးလိမ့်ကာ ဝမ်းနည်းစွာ ငိုကြွေးနေ၏။
ဝမ်ယွီထုံ ကလေးကို ကောက်ချီလိုက်ရာ တစ်ကိုယ်လုံး ပူခြစ်နေပြီး ကိုယ်လုံးကလည်း ပျော့နေကာ နာကျင်မှုကို မခံနိုင်တော့၍ မျက်လုံးအရောင်က တောက်ပ မနေသည့်ပုံ ပေါက်နေသည်။
"ဝူးးးး ဝူးးးးး "
ကျိုးရှောင်ယွီ သူ့အမေကို မရှိ ရှ်ိသည့်အားဖြင့် ဖက်ကာ ငို လိုက်သည်။ နေထိုင်မကောင်းဖြစ်ကာ ခန္ဓာကိုယ် တစ်ခုလုံးလည်း ပူကျစ်နေပြီး ခေါင်းလည်း ကိုက်နေရှာသည်။
ဝမ်ယွီထုံ အရမ်းစိုးရိမ်သွားသည်။ "ဘယ်လို လုပ် ရုတ်တရက်ကြီး ဖျားလာရတာလဲ"
သာမိုမီတာ အမြန်ယူကာ တိုင်းကြည့်လိုက်ရာ ကလေး၏ ကိုယ်အပူချိန်က ၃၉.၉°C ပင်ရှိနေ၏။
ဝမ်ယွီထုံ အပေါ်ဝတ်အမြန်ထပ်ကာ ကျိုးရှောင်ယွီကို ချီပြီး လေးလွှာမှာရှ်ိသည့် ကျိုးကျီယွဲ့ ဆီ ပြေးသွားလိုက်သည်။ ကျိုးကျီယွဲ့၏ အိပ်ခန်း နှင့် စာကြည့်ခန်းက လေးထပ်မြောက်မှာ ရှိ၏။
ကျိုးကျီယွဲ့ အခန်းရှေ့ရောက်တော့ တံခါးကို အကျယ်ကြီး ခေါက်ကာ အော်လိုက်သည်။ “ကျိုးကျီယွဲ့ ကျိုးကျီယွဲ့ တံခါး အမြန်ဖွင့်ပါဦး "
"ဘာဖြစ်တာလဲ !" သူမ နောက်မှ ခြေသံကြား၍ လှည့်ကြည့်လိုက်ရာ ကျိုးကျီယွဲ့ကို စာဖတ်ခန်းမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ့မျက်ခုံးတွေ က တစ်ခုခုကို သံသယဝင်နေသည့်ပုံစံပင်။
ဝမ်ယွီထုံ တစ်ယောက် စိုးရိမ်လွန်ကာ အိုးပူပေါ်ပြေးနေရသည့်ပုရွက်ဆိတ်ပမာ လိုရင်း ကိုတိုတိုပြောလိုက်သည်။
"ရှောင်ယွီ ဖျားနေတယ်။ အပူချိန်က ၃၉.၉တောင်ရှိတယ်။ မြန်မြန် ဆရာဝန်ခေါ်ပေးပါ"
ဝမ်ယွီထုံ ပုခုံးပေါ် မေးတင်နေသည့် ရှောင်ယွီလေးက အသက်ကို ပြင်းပြင်းရှုကာ မျက်နှာ ညိုးနေပြီး မျက်လုံးကလည်း နီရဲနေ၏။
ကျိုးကျီယွဲ့ သူ့လက်က နာရီကို ကြည့်လိုက်ကာ မိသားစုဆရာဝန်ခေါ်နေလျှင် အချိန် ပုတ်ကုန်မည်စိုး၍ ချက်ချင်း ကားသော့ကို ကောက်ယူလိုက်သည်။
"ဆေးရုံကိုပဲ တစ်ခါတည်း သွားကြစို့ " ဆယ့်ငါးမိနစ်ကြာတော့ လူကြီးနှစ်ယောက်နှင့် ကလေးငယ်တို့ ကလေးဆေးရုံ၏ အရေးပေါ်ဌာနသို့ ရောက်လာကြသည်။
ညလယ်ကြီးဖြစ်သော်လည်း ကလေးဆေးရုံက ၂၄နာရီဖွင့်ထား၍ အရေးပေါ်ဌာနမှာ ငိုယိုနေသော ကလေးများနှင့် မောပန်းနေသော လူကြီးများကို တွေ့ရသည်။ ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့ တို့လည်း ရှောင်ယွီလေးကို သူနာပြုကောင်တာဆီ ခေါ်သွားကာ ကိုယ်အပူချိန်တိုင်းကြည့်လိုက်ရာ အပူချိန်က ပိုတိုးလာပြီး ၄၀.၁°ထိပင် ရှိလာသည်။
ကျိုးရှောင်ယွီကတော့ ကိုယ်အပူချိန် တိုးလာ၍ အားအင်ချိနဲ့ လာကာ ညဉ်းသံပင် မပြုနိုင်တော့ချေ။
သူနာပြု - "ကလေး ကိုယ်အလေးချိန်က ၉.၂ကီလို ရှ်ိတယ်။ အဖျေားကျဆေး အရင် သောက်ထားလိုက်ပါ။"
သူနာပြုသည် ကလေးကိုယ်အလေးချိန်နှင့် အသက်ကို ချိန်ဆကာ ခွက်ကလေးထဲတွင် လိမ္မော်ရောင် အဖျားကျဆေးရည်ကို လောင်းထည့်ပေးလိုက်သည်။
ကျိုးကျီယွဲ့က ကျိုးရှောင်ယွီကို ချီလိုက်ပြီး ဝမ်ယွီထုံက အဖျားကျဆေးရည်ခွက်ကို ကိုင်ကာ ထောင့် တစ်နေရာကို အတူသွားလိုက်ကြသည်။ ကျိုးကျီယွဲ့ ရှောင်ယွီလေး၏ ကိုယ်လုံးလေးကို တင်းတင်း ဖက်ထားကာ ကလေး၏ ခြေလက်တွေ ကို ချုပ်ထားလိုက်သည်။
ရှောင်ယွီက အပြင်းဖျားနေသော်လည်း သူ့ကို ချုပ်ကိုင်ခံလိုက်ရ၍ တစ်ခုခုလုပ်ခံရတော့မည်ကို ခံစားသိကာ အတင်းရုန်းပြီး ငိုလေတော့သည်။
"ဝါးးဝါးးးး"
ဝမ်ယွီထုံလည်း ကလေးငိုသည်ကို အခွင့်ကောင်းယူကာ ပွင့်နေသည့်ပါးစပ်ထဲ ဆေးရည် လောင်းထည့်ပေးလိုက်သည်။
အေးစက်ကာ ထူးဆန်းသည့်အရည်တွေ ပါးစပ် ထဲ လောင်းထည့်ခံလိုက်ရ၍ ကျိုးရှောင်ယွီလန့်သွားကာ မျက်လုံးသူငယ်အိမ် ကျဉ်းသွားသည်။ နောက် ဗိုက်ထဲ နေထိုင်မကောင်းဖြစ်လာကာ ခုလေးတင် သောက်လိုက်သည့်ဆေးများ ပြန်အန်ထွက်လာလေသည်။
ရှောင်ယွီလေး၏ အင်္ကျီတွေ ညစ်ပတ်ကုန်ကာ ကျိုးကျီယွဲ့၏ အင်္ကျီပင် လိမ္မော်ရောင် ဆေးရည် တွေ စွန်းထင်းကုန်၏။
ကျိုးရှောင်ယွီ နေရထိုင်ရ အဆင်မပြေဖြစ်ကာ သူ့ခြေလက်တွေ ရုန်းလေတော့သည်။ 'သူ့ကိုယ် တွေ ပူပြီး နာကျင်နေတာကို ဘာလို့ သူ့မိဘတွေက သူ့ကို ဒီလို နှိပ်စက်နေရတာလဲ?'
"ရှောင်ယွီက လိမ္မာတယ်နော်။ စမငိုနဲ့ မငိုနဲ့ " ဝမ်ယွီထုံ တစ်ရှုးဖြင့် ကျိုးရှောင်ယွီ အန်ထားသည့်ဆေးများကို သုတ်ပေးလိုက်ပြီး သူမ ပေမှာကိုပင် ဂရုမစိုက်ပဲ ကလေးကို ဖက်ကာ ချော့လိုက်သည်။
ကျိုးရှောင်ယွီ တစ်ကိုယ်လုံး ပူကျစ်နေပြီး ရှိုက်ကြီး တစ်ငင် ငိုရင်း မျက်ရည်တွေ စိုရွဲနေကာ ခန္ဓာကိုယ်ကလည်း မလှုပ်နိုင်ဖြစ်နေရှာသည်။ ဝမ်ယွီထုံလည်း စိတ်ပူလာပြီး သူမနှဖူးပေါ် ချွေးစေးများပင် ပြန်လာသည်။
"မစိုးရိမ်ပါနဲ့ " ဝမ်ယွီထုံ၏ ပုခုံးကို ပုတ်ကာ ကျိုးကျီယွဲ့ အားပေးလိုက်သည်။။"ကိုယ် ဆေး နောက် ထပ်သွားယူလိုက်ဦးမယ်"
ကျိုး ကျီယွဲ့ သူနာပြုကောင်တာ ဆီသွားလိုက်ပြီး နောက်ထပ် အဖျားကျဆေး သွားယူလိုက်သည်။ ဒီတစ်ခေါက်တော့ သူတို့ နှစ်ယောက် ကလေးကို အတင်း မတိုက်တော့ပဲ စ်ိတ်ဆိုးနေသည့် ကလေးကို အရင် ချော့လိုက်သည်။
ဝမ်ယွီထုံ သူမအိတ်ထဲမှာ ဝယ်သိမ်းထားသည့် အစက်ချပြွန်ကို သတိရလိုက်သည်။ ကလေးဖျားလျင် အရေးပေါ်သုံးနိုင်ရန် ဆေးအစက်ချပြွန်ကို ဝယ်ခဲ့ သော်လည်း ရှောင်ယွီလေး တစ်ခါမှ မဖျားသေး၍ မသုံးရသေးပေ။
ထိုဆေးအစက်ချ ပြွန် ထဲ အဖျားကျဆေးရည် ထည့်ကာ ရှောင်ယွီလေးရှေ့ရမ်းပြရင်း ချိုချိုသာသာ ပြောလိုက်သည်။
"ရှောင်ယွီရေ.. ဒါက အဖျားကျဆေးနော်။ သားအခု နေလို့ မကောင်းဖြစ်နေတယ် မလား။ သား နေကောင်းလာအောင်လို့ ဒီအဖျားကျဆေးကို သောက်ရမယ်နော်"
ကျိုးကျီယွဲ့ လက်မောင်းပေါ် ထိုင်နေသည့် ကျိုးရှောင်ယွီသည် တစ်ဖြည်းဖြည်း ငြိမ်သက်လာပြီး ငိုယို ညဉ်းငြူသံမပြုတော့ပဲ မျက်လုံးကလည်း အနည်းငယ် ကြည်လာသည်။
ဝမ်ယွီထုံ ကလေး ပါးစပ်ထဲ ဆေးအစက်ချပြွန်ကို ထည့်လိုက်တော့ ရှောင်ယွီမျက်မှောင်ကြုံ့ကာ ချက်ချင်း မကြိုက်သည့်ပုံ ပြလာသည်။ ဝမ်ယွီထုံလည်း ဆေးစက်တစ်ဝက်လောက်ကို ချက်ချင်း ချပေးလိုက်သည်။
ကျိုးရှောင်ယွီ ငြင်းဆန်နေ၍ ဝမ်ယွီထုံလည်း ဆေးစက်ချပြွန်ကို ပြန်ထုတ်ကာ ကလေးကို အာရုံ ပြောင်းရပြန်သည်။
ဒီလိုနဲ့ ငါးမိနစ်လောက်ကြာတော့ ဆေးရည်အားလုံးကို ကျိုးရှောင်ယွီသောက်လိုက်နိုင်သည်။ ပထမတစ်ခေါက်လို ပြန်အန် တာမျိုးလည်း မဖြစ်တော့၍ လူကြီး နှစ်ယောက် စိတ်သက်သာရာ ရသွားကြသည်။
ဝမ်ယွီထုံ ကလေးကို သန့်ရှင်းတဲ့ အဝတ်တွေ လဲ ပေးလိုက်ကာ ချွေးစိုခံ တဘတ်ကို ကျောမှာ ကပ်ထားပေးလိုက်သည်။
ခန္ဓာကိုယ် ပြန်လန်းလာတော့ ကျိုးရှောင်ယွီ ခြေလက်တွေ ပြန်ပျော့ပြောင်းလာပြီး ဝမ်ယွီထုံကိုယ်ပေါ်မှီထားလေသည်။
ဝမ်ယွီထုံ၏ စိုးရိမ်ကာ ပင်ပန်းနေသည့် သွင်ပြင်ကို မြင်တော့ ကျိုးကျီယွဲ့ မျက်မှောင်ကြုံ့ပြီး ဝမ်ယွီထုံဆီမှ ကလေးကို ချီလိုက်သည်။
"ကိုယ် ချီထားလိုက်မယ်"
ကျိုးရှောင်ယွီလည်း ငြင်းဆန်ဖို့ အင်အား မရှိတော့၍ ကျိုးကျီယွဲ့ ဆီ ပါသွား၏။
"မစိုးရိမ်ပါနဲ့... ကလေးတွေ ဖျားတတ်တာ ပုံမှန်ပါပဲ "
ကျိုးကျီယွဲ့ ဝမ်ယွီထုံ မျက်လုံးကို စိုက်ကြည့်ကာ အားပေးလိုက်သည်။
"အင်းးးး "
ဝမ်ယွီထုံ ကတော့ နှုတ်ခမ်း တင်းတင်းစေ့ရင်း အကြည့်ပြန်လွဲ လိုက်ကာ စိတ်ထဲမှာ မိမိကိုယ်ကို အပြစ်တင်နေမိသည်။
ဒီလို ဖြစ်ရတာ သူမရဲ့ ပျော်ပွဲစားထွက်ချင်တဲ့ စိတ်ကူးကြောင့်ပဲ။
လွန်ခဲ့ တဲ့ နှစ်ရက်အတွင်း အပူချိန်ကျဆင်းလာတာကို သတိမထားမိပဲ ရှောင်ယွီလေးကိုတောင် တစ်နေကုန် အပြင် ခေါ်ဆော့လိုက်သေးသည်။ ပြီးတော့ ရွက်ဖျင်တဲ ထဲ တစ်ရေးတေယင် သိပ်လိုက်သေးသည်။
'သူမရဲ့ ပျော်ချင် စိတ်ကြောင့် အခုတော့ ကလေးက အအေးမိပြီး ဖျားရပြီလေ။ တစ်ကယ်ကို အသုံးမကျတဲ့ အမေပဲ။'
"ကိုယ့်ကိုယ် ကို အပြစ်မတင်ပါနဲ့။ဘယ်သူ့အပြစ်ကြောင့်မှ မဟုတ်ပါဘူး။" ကျိုးကျီယွဲ့က သူမစိတ်ကို ဖတ်မိသည့်အလား အားပေး နှစ်သိမ့်ပြန်သည်။ "မင်း အကောင်းဆုံး လုပ်ခဲ့တာပဲ"
ဝမ်ယွီထုံ ကျိုးကျီယွဲ့ အားပေးစကားကြောင့် အံ့အားသင့်သွားကာ တစ်အောင့်ကြာမှာ "အင်းး"ဟု ပြန် တုံ့ပြန် နိုင်လေသည်။
ကျိုးကျီယွဲ့လည်း သူမကို ခေါင်းပြန်ငြိမ့်ပြလိုက်ကာ ရှောင်ယွီလေးကို ချီရင်း အရေးပေါ်ဌာနထဲ လမ်းလျှောက်ရင်း ဆရာဝန်က တုံကင် အလှည့်ကျ ခေါ်သည်ကို စောင့်နေလိုက်သည်။
စနစ်ကလည်း ဝမ်ယွီထုံကို အားပေးလာသည်။ "၆လသားအရွယ် နောက်ပိုင်းဆို ကလေးတွေရဲ့ မွေးရာပါ ခံနိုင်ရည်စွမ်းအားတွေ ကျဆင်းလာပြီး အလွယ်တကူ ဖျားလာတတ်ကြပါတယ်"
ဝမ်ယွီထုံ စိတ်ဓါတ်ကျစွာ သက်ပြင်းချရင်း ထိုင်ချလိုက်သည်။ အဖျားကျဆေး သောက်ပြီး နောက် ကျိုးရှောင်ယွီတစ်ယောက်ချွေးထွက်လာကာ ဆေးရုံ ရောက်စကလောက် မပူတော့ပေ။ ဝမ်ယွီထုံလည်း ချွေးစိုတဘက်ပြန်လဲ ပေးပြီးနောက် ရှောင်ယွီလေး နာမည် ဆေးရုံနာမည်ခေါ် တီဗွီစခရင်မ်ပေါ် ပေါ်လာသည်။
ကလေး တော်တော်များများ အအေးမိဖျားနာကြသည့်ရာသီဖြစ်၍ အရေးပေါ်ဌာနက ဆရာဝန်ကလည်း အတော်လေး အလုပ်များနေသည်။ ထို့ကြောင့် ရှောင်ယွီလေးကို နားကြပ်နဲ့ စမ်းသပ်ပြီး နောက် အလာဘသလာဘတွေ ပြောမနေတော့ပဲ ကလေးကို သွေးစစ်ရန် သွေးဖောက် အပ်ကို ထုတ်လိုက်သည်။ ဝမ်ယွီထုံတို့လည်း ကလေးက အပ်နှင့် ထပ်အထိုးခံရတော့မည်ကို သိလိုက်၍ မငိုစေရန် ချော့မော့လိုက်သည်။ သို့သော် ရှောင်ယွီလေးက အပ်ဖောက်လိုက်စဉ် နာကျင်သည့်ဟန်ပင် မပြပဲ အပ်ဖောက်သွေးယူဖြစ်စဉ် တစ်ခု လုံးကို လိုက်ကြည့်နေ၏။ လုံးဝ မငိုပဲ ပြီးခါနီးမှသာ အနည်းငယ် အော်လာသည်။
သွေး ဖောက်ယူပြီးနောက် ကျိုးရှောင်ယွီ အဖျားကျသွားခဲ့သည်။ တစ်ညလုံး ညဉ်းငြူထား၍ သူ့မျက်လုံးတွေလည်းလေးလံလာကာ ကျိုးကျီယွဲ့ ပုခုံး ပေါ် အိပ်ပျော်သွားတော့သည်။
ကလေး၏ ပန်းရောင် မျက်နှာလေးက ကျိုးကျီယွဲ့ပုခုံးပေါ် မှီအိပ်ပျော်နေကာ ပါးစပ်ကနေ သလင်းရောင် သွားရည်တွေ စီးကျနေ၏။
စီးကျနေသည့် ကလေး၏ သွားရည်တွေကို သုတ်ပေးလိုက်ပြီး ကျောမှီ ထိုင်ခုံပေါ်ထိုင်ရင်း မျက်လုံး ခဏ ပိတ်ထားလိုက်သည်။
နာရီဝက်လောက်ကြာတော့ သွေးစစ်ရလဒ် အမြန် ထွက်လာသည်။ ကျိုးကျီယွဲ့ တို့လည်း သွေးစစ်ချက်ရလဒ်ကို ဆရာဝန်ဆီ အမြန်သတင်းပို့လိုက်ကြသည်။
ဆရာဝန်က ကွန်ပျူတာပေါ် အေးဆေး စာရိုက်နေသည်။
"ပြသနာ ကြီးကြီး မားမား တော့မရှိပါဘူး။ သွေးစစ်ရလဒ် အဖြေက ကောင်းပါတယ်။ အိမ်ပြန်ပြီး ဆေးကိုပုံ မှန်သောက်ရင် ရပြီ။ ပုံမှန် ဆိုရင်တော့ တစ်ပတ်လောက်ကြာရင် အအေးမိဖျားတာ သက်သာပါပြီ"
"အိမ်ရောက်ရင် ဘာတွေ ဂရုစိုက်ဖို့လိုသေးလဲ ဆရာ" ဝမ်ယွီထုံက မေးလိုက်သည်။
ဆရာဝန် - "အရမ်း လုံလုံခြုံခြုံ ဝတ်စားထားဖို့မလိုဘူး။ရေဓါတ်အမြဲ ဖြည့်ပြီး သေချာ အနားယူပေးရင်ရပါပြီ။အဖျားက ၃၈.၅°ပြန်ရောက်လာရင် အဖျားကျဆေးတိုက်ပေးလိုက်ပါ။ အဖျားကျဆေးကို လေးနာရီနဲ့ ခြောက်နာရီတွေမှာ တိုက်ပေးလို့ရတယ်။ သုံးရက်ကြာလို့မှ အဖျား မပျောက်ရင် ဆေးရုံ နောက်တစ်ခေါက် လာပြပေးပါ"
ဆရာဝန်ကို ကျေးဇူးတင်စကားပြောပြီးနောက် သူတို့မိသားစု ဆွေးနွေးခန်းမှ ထွက်လာကြသည်။ အချိန်က မနက် လေးနာရီခွဲ ရှိပြီဖြစ်သော်လည်း မှောင်မဲ နေသည့် ကောင်းကင်ပေါ်တွင် ကြယ်များ ရှိသေး၏။ အပူချိန်ကလည်း နေ့ခင်းဘက်ထပ် ပိုအေးနေကာ မြောက်လေကလည်း အေးစက်စက် တိုက်ခတ်နေကာ ဆောင်းတွင်းကို တစ်ဖြည်းဖြည်းပြောင်းလာသည့်ဟန် ပေါ်သည်။
နောက်ဆုံး တော့ သူတို့မိသားစုလေး ဆေးရုံ ဆေးခန်း ပြသည့် ခရီးစဉ် ပြီးဆုံးကာ အိမ်ပြန်ဖို့ပြင်ဆင်ရင်း ကျိုးရှောင်ယွီလေးလည်း အိပ်ပျော်သွားတော့သည်။
ကျိုးကျီယွဲ့ က ကားဒရိုင်ဘာခေါ် မောင်းခိုင်းလိုက်ကာ သူကိုယ်တိုင်ကတော့ ကျိုးရှောင်ယွီကို ချီပြီး အနောက်ခုံမှာ ထိုင်လိုက်သည်။
ကျိုးရှောင်ယွီ တစ်ညလုံး မအိပ်ရတာတောင် လုံးဝ မပင်ပန်းပဲ မျက်လုံးက ကြည်လင်နေကာ ဝမ်ယွီထုံကိုပင် နားခိုင်းလိုက်သေးသည်။ "မင်း ကားထဲ ခဏ နားလိုက်ဦး အိမ်ရောက်ရင် ကိုယ် နိုးလိုက်မယ်"
ဝမ်ယွီထုံ စိတ်ထဲ နွေးထွေးသွားကာ ကျိုးကျီယွဲ့ကို ကျေးဇူးတင်သည့် အပြုံးလေး ပြုံးပြလိုက်သည်။နောက် ဇိမ်ခံ ကားထိုင်ခုံကို နောက်မှီရင်း မိနစ် ပိုင်းအတွင်း အိပ်ပျော်သွားတော့သည်။
အိပ်ချင်မူးတူး နှင့် အသိ မရှိတရှိ ဖြစ်နေစဉ် သူမ ခေါင်းသည် ကျယ်ဝန်းပြီး ခိုင်မာသည့် နူးညံ့သော ခေါင်းအုံး ကြီးပေါ် ရောက်နေသလို ခံစားလိုက်ရသည်။
ခေါင်းအုံး ကြီးက သက်သောင့်သက်သာရှိလွန်း၍ မနေနိုင်ပဲ ပွတ်သပ်ကိုင်တွယ်လိုက်သည်။
သူမ နှာခေါင်းကနေ ရင်းနှီးသည့် သစ်မွှေးရနံ့ရလာ၍ ရုတ်တရက် နိုးလာမိသည်။ ဝမ်ယွီထုံ တည့်တည့်မတ်မတ် ထိုင်ကာ သူမ အုံးခဲ့သည့် ခေါင်းအုံးက ဘယ်လိုမျိုးလဲ ဆိုတာ ကြည့်လိုက်တော့ ကျိုးကျီယွဲ့၏ ပုခုံး ဖြစ်နေ၏။
သူမ သေလုမတတ် လန့်သွားသည်။ သူမပါး နှစ်ဖက်ကလည်း ချက်ချင်း နီရဲသွားသည်။ သို့သော် ကံကောင်းသည်က ကျိုးကျီယွဲ့ကလည်း ကျိုးရှောင်ယွီကို ဖက်ကာ အိပ်ပျော်နေပြီး သူမ လုပ်ခဲ့သည့်အရာကို သိလိုက်ပုံ မပေါ်ချေ။
ဝမ်ယွီထုံ ကားတံခါး အပြင်ဘက်ကို ကြည့်လိုက်ရာ ကောင်ကင်ကြီးက မှောင်နေသေး၏။ သူတို့ကားလေးကတော့ အိမ်ရာ ဝန်းထဲ ဝင်လာခဲ့ပြီဖြစ်သည်။
သူမ ကားအပြင်ဘက် ငေးနေရာကနေ ကားထဲက အမျိုးသားကို ကြည့်လိုက်သည်။ ကျိုးကျီယွဲ့၏ မှိတ်ထားသည့် မျက်လုံးမှ မျက်တောင်ရှည်ကြီး တွေက ညွှတ်ဆင်းနေပြီး တုန်လှုပ်နေကာ တစ်ချိန်ထဲမှာပင် သူ့လက်ကလည်း လက်သီးကို တင်းတင်း ဆုပ်ထားလေ၏။