အခန်း (၂၃)
Vol. 2 Ch. 23
ကျိုးရှောင်ယွီ၏ မျက်လုံးများက တောက်ပနေကာ ယုံကြည်မှုအပြည့်ဖြစ်နေပြီး သူ၏ ဆံပင်ကွေးကွေးလေးများက လေထဲမှာ လှုပ်နေ၏။
"အာ မာမားး !" ဟု ပြောအပြီးတွင် စိတ်ကြည်နေသည့်ပုံဖြင့် သူ၏ လက်ကလေးများကို ဝေ့ရမ်းနေ၏။
ဝမ်ယွီထုံ နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ သူမစိတ်နှလုံးထဲဝယ် ဖော်မပြတတ်အောင် ရှုပ်ထွေးနေ၏။
ကျိုးရှောင်ယွီရှေ့မှာ သူမကိုယ်သူမ အမြဲတမ်း 'မာမား' ဟု နာမ်စားသုံး ခေါ်လာသော်လည်း ကျိုးရှောင်ယွီကိုယ်တိုင်က သူမကို 'မာမား' ခေါ်လာလိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမယဉ်ဘူးပေ။
ဤကမ္ဘာကို သူမ စရောက်ကတည်းက ကျိုးရှောင်ယွီနှင့် သူမ စနစ်က ပေးသည့်တာဝန်တွေကို နေ့နေ့ညည အတူလုပ်ခဲ့ပြီး စနစ်ထဲက သူမ၏ ကံကောင်းခြင်းတန်ဖိုးတွေ တင်လာအောင် လုပ်ခဲ့သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်း နှစ်လကျော်သွားချိန်မှာတော့ ရိုးရှင်းသည့်တာဝန်လေးတွေ လုပ်ရင်းတစ်ဖက်မှာ တစ်ခုခု တစ်ဖြည်းဖြည်း ပြောင်းလဲ လာတာကို ခံစားလိုက်ရသည်။
ထိုခံစားချက်ကို မည်ကဲ့သို့ ဖော်ပြရမှန်းမသိသော်လည်း ဘယ်သူမှ အလည်မလာဖူးသည့် နှလုံးသားလေးထဲတွင် တစ်နေ့ မွှေးကြိုင်သော ပန်းများ ရုတ်တရက် ပွင့်လာသည့်ခံစားချက်မျိုးဖြစ်သည်။
ထို့နောက် သူမ ကမ္ဘာကြီး ပြန်လည်ရှင်သန်လာသလိုမျိုး နှလုံးသားက နူးညံ့လာကာ နွေးထွေးမှုတွေနှင့် ပြည့်ဝလာသည်။
ဘယ်အချိန်ကတည်းက စတာလဲ?
ကျိုးရှောင်ယွီ သူမလက်ကို စ ကိုင်တုန်းကလားး?
သူမလက်ပေါ် ယုံယုံကြည်ကြည်နှင့် အိပ်တုန်းကလားးး?
ဒါမှ မဟုတ် ကျိုးရှောင်ယွီ ဘာပဲ ဖြစ်ဖြစ် သူမကို အရင် စဉ်းစားမိလို့လားး?
ဝမ်ယွီထုံ လွန်ခဲ့သည့်အချိန်များက အမှတ်တရများကို ပြန်စဉ်းစားလိုက်သည်။ ကျိုးရှောင်ယွီ ပြောင်းလဲ လာရုံသာမက သူမ ကိုယ်တိုင်လည်း ပြောင်းလဲ လာခဲ့သည်ကို တွေးမိရင်း ရင်ထဲမှာ နွေးထွေးမှုကို ခံစားလာရသည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီ၏ ခေါင်းကလေးကို ပုတ်လိုက်ပြီး သူ၏ ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို အသာအယာ ဆွဲလိုက်သည်။ နောက် မျက်လုံးထဲ မှာ မျက်ရည်တွေ ဝဲလျက် အနည်းငယ် တုန်လှုပ်နေသည့်အသံဖြင့် "ကလေးလေးက အရမ်းလိမ္မာတာပဲ။ မေမေ အရမ်းချစ်တယ်နော်" ဟု ပြောလိုက်သည်။
ထိုစဉ်စနစ်က ရုတ်တရက် ပြောလာသည်။ "အဟမ်းးး အရမ်းကြီးတွေ သိပ်မတွေးဖို့ပြောချင်တယ်နော်"
ဝမ်ယွီထုံ နှာ ခေါင်းရှုံ့လိုက်သည်။ "ဘာကို ဆိုလိုတာလဲ "
စနစ် - "ရှောင်ယွီလေးက စကားမပြောတတ်သေးဘူး။ အခုအသက်အရွယ်မှာ မာမား ဆိုပြီးပြောတာက သူ့ဘေးနားက လူကြီးတွေရဲ့ ပါးစပ်လှုပ်ပုံကို အတုယူပြီး မာမား လို့ အသံထွက်ကျင့်နေတာ။ မာမား ဆိုတာ ဘာအဓိပ္ပာယ် လဲ သူ မသိသေးဘူး။ မာမား ဆိုတာ ဘယ်လိုမျိုး ဆိုတာလဲ သူ မသိသေးဘူး။ ဆိုတော့ အသက်တစ်နှစ် လောက်မှ ကလေးက သူ့ပါးစပ်က ထွက် တဲ့ မာမား၊ ပါပါး ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို နည်းနည်းသိလာမှာ"
ဝမ်ယွီထုံ စနစ်ကပြောသည်ကို လက်မခံပဲ ခေါင်းခါလိုက်ကာ ယုံကြည်မှု ရှိရှိဖြင့် ရီလိုက်သည်။ "မယုံပါဘူးး ကျွန်မတို့ ရှောင်ယွီလေးကိုက ဉာဏ်ကောင်းတယ်လေ"
စနစ် ဆွံ့အသွားသည်။ " Host စိတ်ချမ်းသာရင် ပြီးတာပဲလေ"
ကျိုးရှောင်ယွီတစ်ယောက် တစ်ရေးအိပ်ပြီး ထလာတာဖြစ်၍ စိတ်ကြည်လင်လန်းဆန်းနေကာ ကုတင်ခေါင်းရင်းကို တက်ကြွစွာ တွားသွား တက်သွားပြီး ခေါင်းရင်းက ငါးမန်းအရုပ်ကို သူ့လက်သေးသေးလေးဖြင့် ဆွဲယူကာ ကျယ်လောင်စွာ အော်လိုက်သည်။ "မားးးမားးး"
ဝမ်ယွီထုံ မျက်နှာရှုံ့မဲ့သွားကာ ရှက်လွန်းလို့ လဲကျလုမတတ်ဖြစ်သွားသည်။ 'အေးပါကွယ် အကောက်လေးရယ် နင့်အမေကို ဒီလိုအရှက်ခွဲရတယ်လို့!'
စနစ်ကတော့ သူမကို ဘာမှ မပြောတော့ပဲ ကလေးမိဘတွေ သိရမည့်အချက်တစ်ချို့ကို ပြသည့်ရုပ်ပုံများ ပြလာသည်။
[တီတီတာတာပြောသည့် ကလေးလေး]
[မွေးကင်းစမှ ၆လအရွယ် - ဒီအရွယ်ကလေးလေးကတော့ ဖေဖေနဲ့မေမေရဲ့ အသံတွေကို ခွဲခြားသိနေပါပြီ။ ဈေးကြီးတဲ့ အရုပ်တွေ မလိုချင်ဘူးး ဖေဖေနဲ့ မေမေ ကလေးလေး နဲ့အတူတူ စကားပြောပြီး သီချင်း ဆိုပြတာကိုပဲ လိုချင်တယ်]
[၆လမှ ၁၁လ အရွယ် - ဒီအရွယ်ကလေးကတော့ လူကြီး တွေ ရဲ့ အသံတွေကို လိုက်တုပပြောနိုင်ပါပြီ။ ရိုးရှင်း တဲ့ တစ်လုံးတည်း မား ပါး စတဲ့ အသံထွက်တွေကို လိုက်ပြောနိုင်ပါပြီ။ ကလေးလေးက တော်တယ်မလား? ဖေဖေနဲ့ မေမေ ကလေးလေး နဲ့အတူ ကစားပြီး အမြဲ ထိတွေ့ ဆက်ဆံပေးပါ]
[ ၁၂နှစ်မှ ၁၈နှစ် - ဒီအရွယ်ကလေးတွေက လူကြီးတွေ ပြေစကားကို နားလည်ရုံမက အဓိပ္ပာယ်ရှ်ိသည့်စကားလုံး တစ်ချို့ကို တောင် ပြောတတ်နေပါပြီ။ ဖေဖေနဲ့ မေမေ ကျေးဇူးပြုပြီး ကလေးလေးကို ရိုးရှင်းတဲ့ စကားလုံးလေးတွေ သင်ပေးပါ။ ကလေးလေးကလည်း မြန်မြန် သင်ယူပါ့မယ်]
စနစ်ကပြသည့် စာများကို ဖတ်ပြီးနောက် ကျိုးရှောင်ယွီကို ပန်းခြံထဲ လမ်းလျှောက် ခေါ်သွားလိုက်သည်။
ကောင်ကလေး အအေးမိဖျားကတည်းက အိမ်အပြင် မထွက်တာ ငါးရက်လောက်ရှိပြီဖြစ်သည်။ ဒီတစ်ပတ်အတွင်း အဝေးဆုံးသွားဖြစ်တာ ဆိုလို့ အိမ်အောက်က ပန်းခြံသာရှိ၏။ ကျိုးရှောင်ယွီလိုမျိုး တက်ကြွသည့်ကလေး အတွက်တော့ စိတ်ညစ်စရာဖြစ်သည်။
ဖျားပြီး နောက်အပြင် ထွက်လည်သည့်အခါမှာတော့ ဝမ်ယွီထုံ ပေါ့ပေါ့ မလုပ်ရဲတော့ပေ။ သိပ္ပံနည်းကျ ကလေးအဝတ်ဆင်နည်းကို လေ့လာကာ ကောင်ကလေးကို သေချာကြပ်နေအောင် ဝတ်ပေးလိုက်သည်။
သိပ္ပံနည်းကျ ကလေးအဝတ်ဆင်နည်းကို လွန်ခဲ့သည့်နှစ်ရက်က ဆရာဝန်က ညွှန်းခဲ့တာဖြစ်သည်။ ရာသီအကူးအပြောင်းကာလမှာ ကလေးငယ်တွေကို ဘယ်လို မှန်ကန်စွာ ဝတ်ဆင်ပေးရမလဲ ဆိုသည့် နည်းလမ်းဖြစ်သည်။
ဝမ်ယွီထုံလည်း ကလေး မပျိုးထောင်ခင်ကတော့ ကလေးကို အဝတ်ဆင်ပေးရာတွင်လည်း သိပ္ပံနည်းလမ်းကျရှိမှန်း မသိခဲ့ပေ။ ကြိုသာသိခဲ့ရင် ကလေးလည်း ဖျားမှာ မဟုတ်သလို မိသားစု တစ်ခုလုံးလည်း ရာသီအကူးအပြောင်းကာလမှာ အလုပ်ရှုပ်ကြမည်မဟုတ်ချေ။
ဒီနေ့အပူချိန်က ၁၀ဒီဂရီထက်ပိုကာ နေသာနေ၍ ရာသီဥတု သိပ်မအေးပေ။
သိပ္ပံနည်းကျ အဝတ်ဆင်နည်းအရ အတွင်းတွင် ချွေးခံအလွှာ၊ အလယ်တွင် အနွေးအလွှာ နှင့် အပြင်ဘက်တွင် လေကာအလွှာ ဟု၍ ဝတ်ဆင်ပေးရမည်ဖြစ်သည်။ ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို အတွင်းပိုင်းတွင် ချွေးစုပ်နိုင်သည့် အင်္ကျီ ဝတ်ပေးပြီး နောက် အပေါ်ကနေ သိုးမွှေးစွပ်ကျယ်ဝေ့စကုပ် ထပ်ပေးလိုက်ကာ အပေါ်ဆုံးတွင် လေကာအင်္ကျီ ပေါ့ပေါ့ပါးပါး ဂျာကင် တစ်ထည်ကို ဝတ်ပေးလိုက်သည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီအတွက်ဝယ်လာသည့် အင်္ကျီအသစ်များကို အလွန်သဘောကျနေမိသည်။အဝတ်အစားအားလုံးက ဘရန်းအထည်တွေ ဖြစ်ပြီး စတိုင်ကျ လှပကာ ဈေးကြီးမှာလဲ မလွဲမသွေပင်။
ကောင်ကလေးကတော့ အပြင်းဖျားရာမှ နေပြန်ကောင်းလာတာဖြစ်၍ အသားအရည်က အလွန်ဖြူဖျော့နေသေးကာ မေးလည်း ချွန်ထွက်နေသည်။ အဝတ်အစားများအထပ်ထပ် ဆင်ထားသောကြောင့် ပြည့်ပြည့်လေးဖြစ်နေကာ လူခန့်ချောကလေး ဖြစ်နေသည်။
ရှီးရှီးတို့သားအမိနှင့် ဝမ်ယွီထုံတို့လေးယောက် အိမ်ရာအနီးက ဂေဟဗေဒဥယျာဉ်ကို အလည်သွားကြသည်။
ဆောင်းဦးနှင့် ဆောင်းရာသီကြားမှာ ပန်းခြံရှုခင်းက အလွန်သာယာလှသည်။
ကောင်းကင်ကြီးက ကြည်လင်နေကာ နေမင်းကြီးကလည်း တောက်ပနေသည်။အရှိန်ကလည်း မပြင်းသောကြောင့် သိပ်မပူပေ။ ကြွေကျနေသည့်သစ်ရွက်ခြောက်များက လေအဝေ့မှာ လူးလွန့်နေကာ မြေပြင်ပေါ်ဝယ် သစ်ရွက်ခြောက်ကော်ဇောကြီး ဖြစ်လာစေသည်။
အနီရောင်နှုတ်ခမ်းနီ၊ သွားဖြူဖြူလေးများနှင့် ပိုနီတေးဆံပင်စည်းထားကာ နို့နှစ်စိမ်းရောင် ဂျာကင် နှင့် အနက်ရောင် အသားကပ်ဘောင်းဘီ၊ အားကစားဖိနပ် စီးထားသည့် ဖန်းရော့ရှီးသည် ယနေ့တွင် ကိုးရီးယားဆန်ဆန် လှပနေသည်။
"ဟယ်လို အန်တီ! မောင်လေး ရှောင်ယွီက လိမ္မာလိုက်တာ!" ဖန်းရော့ရှီးသည် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ဝမ်ယွီထုံ တိရိစ္ဆာန်ရုပ်ပုံနှင့် တုတ်ထိုးချိုချဉ် လိုလီပေါ့ တစ်ခုထုတ်ကာ ဖန်းရော့ရှီးကို ပေးလိုက်သည်။ "ဟယ်လို ရှီးရှီး သမီး လိုလီပေါ့ ချိုချဉ် စားမလား"
ကျိုးရှောင်ယွီကတော့ သူ့အမေ ရှီးရှီးကို ပေးလိုက်သည့်အရာကို သေချာလိုက်ကြည့်နေသည်။ 'အာ့တာ လိုလီပေါ့တဲ့လားး သူ့ပုံစံနဲ့ အရောင်လေးက အရမ်း ထူးဆန်းလိုက်တာ အာ့တာ ဘာပါလိမ့်!!!'
ဖန်းရော့ရှီးက လိုလီပေါ့ချိုချဉ်ကို ပျော်ပျော်ကြီးလက်ခံလိုက်ကာ "ကျေးဇူးတင်ပါတယ် အန်တီ" ဟု ပြောလိုက်သည်။
"ရပါတယ်" ဝမ်ယွီထုံကလည်း ပြုံးကာ ပြန်ပြောလိုက်သည်။
ချိုချဉ်ရထားသည့် ဖန်းရော့ရှီးက ချိုချဉ်အိတ်ခွံကို အမြန်ခွာလိုက်ကာ ပါးစပ်ထဲ အမြန်ထည့်ပြီး အရသာခံလေတော့သည်။
ရှီးရှီး အမေကလည်း ရှောင်ယွီလေးအတွက် လက်ဆောင်လေး ယူလာပေးသည်။ အနီရောင်လက်ညှစ် ရာဘာ ဘောလုံးလေးဖြစ်ပြီး ညှစ်လိုက်လျှင် အသံမြည်လာသည့်အမျိုးအစားဖြစ်သည်။
ကျိုးရှောင်ယွီလည်း ဘောလုံးလေးကို ပျော်ရွှင်စွာ ဝမ်းသာအားရ ယူလိုက်ကာ ရှီးရှီး အမေကို မော့ကြည့်ပြီး အော်လိုက်သည်။ "မားးမားး"
ဝမ်ယွီထုံ - "......" လူလိမ္မာလေး မင်းအနာဂတ် ယောက္ခမလောင်းကို ခုကတည်းက အမေ ခေါ်နေပြီလား?
ရှီးရှီး အမေကလည်း ချစ်စရာကောင်းလှသည့် ကျိုးရှောင်ယွီ၏ ခေါင်းကို ပွတ်ကာ ပြုံးပြလိုက်သည်။ "သားသားက အရမ်း လိမ္မာတာပဲ။ တို့အိမ်ကို အလည်လာပြီးလာကစားပါလား?"
ကျိုးရှောင်ယွီ အနီရောင်ဘောလုံးကို လက်ဖြင့်ကိုင်ဆော့ရင်း ပျော်ရွှင်စွာ ဝေ့ရမ်းပြလိုက်သည်။ "အာမားးး"
ဝမ်ယွီထုံ - "......"
ဝမ်ယွီထုံ ကလေးတွန်းလှည်းထဲမှာ ထိုင်နေသည့် ကျိုးရှောင်ယွီကို မျက်လုံးလှိမ့်ကာကြည့်လိုက်သည်။
သူတို့လေးယောက် ပန်းခြံထဲက ကလေးကစားကွင်းကို လမ်းလျှောက်သွားကြသည်။
ကလေးတွန်းလှည်းပေါ်တွင် ကျိုးရှောင်ယွီ ဆော့နေသည့်မြင်ကွင်းက အတော်လေး မျက်စိပသာဒဖြစ်လှသည်။ သို့သော် ကျိုးရှောင်ယွီ၏ ကြည်လင်နေသည့်စိတ်က ခဏလေးပဲ ကြာလိုက်သည်။ အနီရောင် လက်ညှစ်ဘောလုံးနှင့် ဆော့သည်ကို သူပျင်းလာသည်။
ရှောင်ယွီလေး ဘေးဘီလိုက်ကြည့်ရာ ဖန်းရော့ရှီးတစ်ယောက် ဝမ်ယွီထုံပေးထားသည့် လိုလီပေါ့ချိုချဉ်ကို စုပ်နေသည်ကို မြင်လိုက်လေသည်။
အာ့တာက ဘာလို့ စားလို့ရတာလဲ??
ကြည့်ရတာ စားကောင်းမယ့်ပုံပဲ..
ကျိုးရှောင်ယွီ မျက်မှောင်ကြုံ့ကာ ဖန်းရော့ရှီးကို မကျေမနပ် အော်လိုက်သည်။
"မားးးး..."
မားး ဆိုသည့်စကားလုံးကို သူစပြောတတ် ကတည်းက ထပ်ခါထပ်ခါ ပြောနေသည်။
ဖန်းရော့ရှီးကတော့ ကောင်ကလေးကို ဂရုမစိုက်ပဲ နှာရှုံ့လိုက်ကာ သူ့ချိုချဉ်ကိုသာ ဆက်စားနေ၏။
ဝမ်ယွီထုံကတော့ ကလေးတွေ အနောက်ကနေ လမ်းလျှောက်ရင်း ရှီးရှီးအမေနှင့် ကလေးပညာရေး အကြောင်းတွေ၊ နာမည်ကြီး တီဗီစီးရီး အကြောင်းတွေနဲ့ နှုတ်ခမ်းနီ ဘရန်းအသစ်ရဲ့ အရောင်အကြောင်းတွေ ပြောနေကာ ကလေးနှစ်ယောက်ရဲ့ လက်ရှိဖြစ်ပျက်နေမှုကို အာရုံမစိုက်မိချေ။
"ဝူးးးး" ကျိုးရှောင်ယွီက လက်ကိုဆန့်တန်းကာ ဖန်းရော့ရှီးကို အော်နေ၏။ သူ့လက်သီးဆုပ်လေးကလည်း လိုလီပေါ့ချိုချဉ်ကို ဦးတည်ကာ ဝေ့ရမ်းနေရှာ၏။
ဖန်းရော့ရှီး အသေစိတ်ရှုပ်လာသည်။ လိုလီပေါ့တစ်ခါမှ မမြင်ဖူး၍ အရူးလို ရုပ်ဆိုးစွာ သွားရည်ကျနေသော ကလေးကို ခုမှတွေ့ဖူးတော့သည်။
စိတ်ရှုပ်လာသော ဖန်းရော့ရှီးက ကျိုးရှောင်ယွီကို အော်ဆူလိုက်သည်။ "ဟေး နင့်ကို တစ်ခါပေးမြည်းလိုက်မယ် ထပ်အော်မလာနဲ့တော့"
ဖန်းရော့ရှီး လိုလီပေါ့ကို ကျိုးရှောင်ယွီ ပါးစပ်နား တေ့ပေးလိုက်သည်။ ပန်းရောင်လိုလီပေါ့လေး၏ မူလရုပ်က ယုန်ပုံလေးဖြစ်သည်။ ဖန်းရော့ရှီးက နားရွက်နှစ်ဖက်ကို ဝါးစားလိုက်ပြီ ဖြစ်၍ ယုန် ခေါင်းသာ ကျန်တော့၏။
ယုန်ခေါင်းသာ ကျန်တော့သည့် လိုလီပေါ့ကို ကျိုးရှောင်ယွီ တောက်ပစွာကြည့်လိုက်ပြီး သူ့လျှာလေးဖြင့် စူးစမ်းစွာ ထိကြည့်လိုက်သည်။ နောက် လျှာလေးဖြင့် ထပ်ခါထပ်ခါ လျှက်ကြည့်တော့သည်။
ကျိုးရှောင်ယွီ တစ်ယောက် လက်ရှိ သူ၏ စိတ်ခံစားချက်ကို မဖော်ပြတတ်ပေ။ ဒီ လိုလီပေါ့ဆိုတဲ့ ချိုချဉ်က သိပ်ထူးဆန်းတာပဲ။ သူတစ်ခါမှ မစားဖူးတဲ့ အရသာပဲ..
ကျိုးရှောင်ယွီ နှစ်ခါလောက် လျှာဖြင့် လျှက်ပြီးတာနဲ့ ဖန်းရော့ရှီးက လိုလီပေါ့ကို ပြန်ယူလိုက်ပြီး ရှောင်ယွီလေး၏ သွားရည်ကိုပင် ရွံရှာ မနေပဲ သူ့ပါးစပ်ထဲ ပြန်ထည့်လိုက်သည်။
"တော်ပြီ နင့်ကို ထပ်မကျွေးတော့ဘူးး ငါ့ဆီမှာလဲ မရှိတော့ဘူး!"
ကျိုးရှောင်ယွီလည်း ဆက်မအော်တော့ပဲ တွန်းလှည်းပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေကာ လိုလီပေါ့ ဆိုသည့်အရာ၏ အရသာကိုခံနေ၏။
လိုလီပေါ့အရသာက တစ်ကယ်ပဲ ချိုပြီး စိတ်ကို တက်ကြွစေသည်။ ရှောင်ယွီ အတော်လေးကြာအောင် အရသာခံမိသည်။ သူ့အမေ သူ့ကို လိုလီပေါ့ဘယ်တုန်းကမှ မကျွေးတာ မထူးဆန်းပါဘူးလေ။
သူတို့အုပ်စု ပန်းခြံကစားကွင်းထဲ တစ်နာရီခွဲလောက်ကြာအောင် ကစားကြပြီး နောက် အိမ်ပြန်လာကြသည်။အိမ်ပြန်ရောက်တော့ ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို ပုံမှန်အတိုင်း ခြေလက်မျက်နှာ ဆေးပေးလိုက်သည်။
ကျိုးရှောင်ယွီ၏ ပါးစပ်ကို သုတ်ပေးနေစဉ် ကလေးပါးစပ်တစ်ဝိုက်က သကြားရည်တွေ ကပ်နေသလို ထူးဆန်းနေသည်ဟု ဝမ်ယွီထုံ ခံစားမိသည်။
ရှောင်ယွီလေး၏ အစားအသောက်ပုံစံကို ဝမ်ယွီထုံ အထူးဂရုစိုက်ပေးခဲ့သည်။ သူ့အရွယ်မှာ မစားရမည့် အစားအသောက်များကို လုံးဝ မကျွေးခဲ့ပေ။
တစ်နှစ် မပြည့်ခင်အထိ ဆား၊ သကြား၊ နှင့် ပျားရည်တို့ကို မကျွေးသေးပါ။ ကျိုးရှောင်ယွီကို ကျွေးမည့် မုန့်များကိုလည်း မဝယ် ပါဝင်ပစ္စည်း တွေကို အမြဲစစ်ဆေးသည်။
ထို့ကြောင့် ဘယ်လောက်စဉ်းစားစဉ်းစား ကျိုးရှောင်ယွီ ပါးစပ်တစ်ဝိုက်မှာ ဘာတွေ ကပ်နေလဲ အဖြေမပေါ်ခဲ့ပေ။ ဝမ်ယွီထုံ မျက်မှောင်ကြုံ့လိုက်ကာ ကစားနေတုန်း တစ်ခုခု ပေသွားတာ ဖြစ်နိုင်သည်ဟုတွေးလိုက်သည်။
အဖျားပျောက်ပြီးနှစ်ရက်အကြာမှာတော့ ကျိုးရှောင်ယွီ တစ်ယောက် သူ့ဘဝရဲ့ ပထမဆုံး ဖျားနာခြင်းကို ကျော်လွှားနိုင်ပြီဟု ပြောနိုင်သည်။
ကျန်းမာရေး ကောင်းလာပြီးနောက် ကောင်လေးက အရင်က တက်ကြွသည့်သွင်ပြင် ပြန်ဖြစ်လာသည်။မျက်လုံးအရောင်တွေ ပြန်တောက်လာကာ သူ့အသံကလည်း ခေါင်းလောင်းလို ပြန်ကျယ်လာသည်။သူ့ခြေလက်တွေကလည် မဖျားခင်ကထက်ပင် ပို အားရှိလာသည်။
ကျိုးရှောင်ယွီ နေပြန်ကောင်းသွားပြီးနောက် အပြန်အလှန်အနေဖြင့် ဝမ်ယွီထုံက ပြန်ဖျားလာတော့သည်။
ကလေး နေမကောင်းဖြစ်တုန်းက ပြုစုရတာ ပင်ပန်း၍လား သူမကိုယ်၌က အားနည်း၍ ရုတ်တရက် ရာသီ အပြောင်းအလဲကို ခံနိုင်ရည်မရှိတာလားမသိပေ။
တနင်္ဂနွေနေ့မနက်အစောပိုင်းတွင် အိပ်ရာမှ ထလာစဉ် သူမကိုယ်သူမ သိပ်မဟန် ဟု ခံစားလိုက်ရသည်။ နဖူးကပူနေပြီး လည်ချောင်းကလည်း နာနေကာ ခေါင်းလည်း မူးနောက်နောက် ဖြစ်နေသည်။ မျက်လုံးတွေကလည်း ရေဝနေသည့် ဖော့တုံးတွေလို မို့နေသည်။ တစ်ကိုယ်လုံးလည်း ကိုက်ခဲကာ အိပ်ရာပေါ်လှဲနေလိုက်သည်။
ကျိုးရှောင်ယွီကတော့ သူ့ကလေးအိပ်ရာကနေ အခုထိ မထသေးသော်လည်း မကြာမီ ထလာတော့မည်ဖြစ်သည်။သူမ၏ လက်ရှိအခြေအနေကြောင့် ကလေးကို မထိတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် ကျိုးရှောင်ယွီ ဒုတိယတစ်ခေါက် အဖျားပြန်ကူးလိမ့်မည်။
ဝမ်ယွီထုံ အိပ်ရာဘေးက စားပွဲပေါ်ရှိ ဖုန်းနား တွားသွားကာ သူမ ယောကျာ်းထဲ မက်ဆေ့ပို့လိုက်သည်။သူမ ခေါင်းကိုက်ကာ နေထိုင်မကောင်းဖြစ်နေသော်လည်း သတိတော့ရှိသေး၏။
[ဝမ်ယွီထုံ - ကျွန်မ ကလေးထိန်းရင်း အဖျား ၃၈°ရှိသွားလို့။ အလုပ်ကြောင့် ဖြစ်သွားတာ ဆိုတော့ ဆေးကုသစရိတ်လေး ဖြစ်နိုင်ရင် ပေးပါလားး]
[ပိုးသားအနက်ရောင်အင်္ကျီနှင့် ဆွဲဆောင်နေသည့် ကြောင်လေး အီမိုဂျီ]
မက်ဆေ့ပို့ပြီးနောက် ဖုန်းကို ဘေးပစ်ချလိုက်ကာ သူမလည်ချောင်းထဲမှာ နာနေသည်ကို အာရုံလွဲရန် မျက်နှာကျက်ကို မော့ကြည့်နေလိုက်သည်။
ငါးမိနစ်အကြာမှာပဲ သူမ ဖုန်းထဲ မက်ဆေ့ဝင်လာသည်။ဝမ်ယွီထုံ ဖုန်းကောက်ကိုင်ကာ မက်ဆေ့ကို ကြည့်လိုက်သည်။
သူမ မျက်လုံးကိုပင် မယုံနိုင်ပဲ ရုတ်တရက် ထထိုက်လိုက်ကာ မျက်လုံးပွတ်လိုက်သည်။ ချက်ချင်းပင် ခွန်အားတွေ တိုးလာသလို ခံစားလိုက်ရသည်။
[သင့် ဘဏ်အကောင့်ထဲသို့ RMB 5,000,000 ကို ၇:၃၈ မိနစ်တွင် လက်ခံရရှိပါသည်။]
တစ်ချိန် ထဲမှာပဲ သူမအခန်းတံခါးကို အသာအယာ လာခေါက်သည့်အသံကို ကြားလိုက်ရသည်။