← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

ဒိုင်ပါဖွင့်လိုက်သည်နှင့် ဖော်မပြတတ်သည့် ချဉ်စုတ်စုတ်နံစော်သည့်အနံ့က ထွက်လာခဲ့သည်။

ကလေးတွေက နို့ပဲ သောက်တာဆိုရင် သူတို့အင်းအင်းတွေက သည်လောက် မနံသင့်ဘူးလေ။

သို့သော် ကျိုးရှောင်ယွီက နို့ပဲသောက်သည့် အိန်ဂျယ်လေး မဟုတ်တော့ပေ။ ဖြည့်စွက်စာတွေ စစားနေပြီဖြစ်ကာ သူ့အကြိုက်ဆုံးက အသားပင် ဖြစ်သည်။ အမဲသားအနှစ်၊ ငါးအနှစ်၊ ဝက်သားအနှစ်၊ ပုစွန်မုန့်အနှစ် စသည့်အသားမျိုးစုံကို နေ့တိုင်း တစ်လှည့်စီစား၏။

လွန်ခဲ့သည့်ရက်ကမှစ၍ အသားချေ ထားသည့် အနှစ်အပြင် အသားလုံးများ စစားခဲ့၍ ယနေ့ စွန့်ထားသည့်အင်းအင်းကို ကြည့်လျှင် အစာပင် မကြေသေးချေ။

ထို့ကြောင့် ကျိုးရှောင်ယွီ၏ အင်းအင်းသည် အတော်လေး နံစော်နေ၏။

အင်းအင်း နံသည်က ကိစ္စမရှိပေ။ သို့သော် ပြသနာက ကျိုးရှောင်ယွီ စောနက လင်းပိုင်ရုပ်ဒန်းပေါ် အကြာကြီး ထိုင်စီးထား၍ သူပါထားသည့် အင်းအင်းတွေ သူ့ ဖင်တစ်ခုလုံး ပေပွကုန်၏။ ဒိုင်ပါမှ အဝါရောင် အရည်တစ်ချို့ စိမ့်ထွက်လာကာ ဘောင်းဘီပင် စွန်းသွားသည်။

ကျိုးကျီယွဲ့ အနေဖြင့် သူ့ဘဝ နှစ်ခုလုံးမှာ ကလေးဖင် ပထမဆုံး ဆေးဖူးခြင်းဖြစ်၍ ဘယ်လို စဆေးပေးရမှန်း မသိချေ။ သူ စလုပ်လိုက်သည့်အရာတိုင်းက မှားနေသလိုပင်။

ကျိုးရှောင်ယွီလေး စိတ်မကျေမနပ်ဖြစ်နေသည်။

'ဘာလို့ သူ့အဖေက သန့်ရှင်းရေး မြန်မြန် မလုပ်ပေးသေးတာလဲ?'

ကျိုးရှောင်ယွီလေး တစ်အင်းအင်း ညဉ်းငြူကာ သူ၏ ညစ်ပတ်နေသော ဖင်ကို တွန့်လိမ်လိုက်သည်။ထိုစဉ် ကျိုးကျီယွဲ့၏ ရှည်လျားသွယ်လျကာ ဖြူဖွေးသည့် လက်ချောင်းလေးများကို အဝါရောင် ကလေး အင်းအင်းများ ပေကုန်၏။

ကျိုးကျီယွဲ့ - “.......…”

ကျိုးရှောင်ယွီ သူ့အဖေ အင်္ကျီလက်ကို ဆွဲကာ အမြန်လုပ်ရန်အချက်ပြသည့်ပုံဖြင့် အော်လေသည်။ "အားးး"

ကျိုးကျီယွဲ့ သူ့ကံကြမ္မာကို လက်ခံလိုက်သည်။ချည်ထည်အဝတ်စတစ်ခုကို ထုတ်ကာ ဘေစင် ရေပိုက်ခေါင်းမှ ရေဖွင့်ကာ ရေစွတ်လိုက်ပြီး ကျိုးရှောင်ယွီ၏ ဖင်ကို အားမာန်အပြည့်နှင့် သုတ်ပေးလိုက်သည်။ အေးလှသည့်အထိအတွေ့ကြောင့် ကျိုးရှောင်ယွီ လန့်သွားသည်။

'ဘယ်လိုတောင်များ ဖေဖေက ငါ့ကို ရေအေးနဲ့ ဖင်ဆေးပေးရဲရတာလဲ??'

'မေမေ ဆို အမြဲ ရေနွေးပဲ သုံးပေးတာ...၄၅°ရေနွေးလေးဆို အရမ်း အဆင်ပြေတာ!'

ကျိုးရှောင်ယွီရေအေးဖြင့် အဆေးခံလိုက်ရ၍ စိတ်ဆိုးကာ တွန့်လိမ်ရုန်းကန်သော်လည်း တင်းကြပ်စွာ အချုပ်ခံလိုက်ရပြန်သည်။

ကျိုးကျီယွဲ့လည်း သူ့ရှေ့က ရုန်းကန်နေသည့်ကောင်လေးကို ချုပ်လိုက်ကာ နောက်ထပ် ရေစိုအဝတ်စများဖြင့် မြန်မြန်သန့်ရှင်းရေး ထပ်လုပ်လိုက်သည်။

မျက်မှောင်ကိုကြုံ့ကာ သေချာ အာရုံစူးစိုက်ပြီး သူ့လက်တွေကို မြန်မြန်လှုပ်ရှားလိုက်ကာ ပေကြံနေသည့် အဝါရောင် အစွန်းအားလုံးကို သုတ်လိုက်သည်။

ကျိုးရှောင်ယွီကတော့ မကျေမနပ် အော်ဟစ်နေ၏။

'ဒီဖေဖေဆိုးက ရေအေးနဲ့ ဆေးပေးရုံတင်မကဘူး ကိုင်တွယ်တာလည်း အရမ်းကြမ်းတာပဲ!!!

မေမေနဲ့ကို မတူဘူးး မေမေဆို နူးနူးညံ့ညံ့ကိုင်တွယ် ပြီးသန့်ရှင်းရေးလုပ်ပေးတာ အရမ်း နေလို့ကောင်းတာပဲ...'

'ဒီဖေဖေကို မလိုချင်တော့ဘူး တစ်ခြားသူကို ပေးလိုက်လို့ရမလားးး?'

ကျိုးရှောင်ယွီ တစ်ယောက် လက်သီးဆုပ်ကာ မကျေမနပ် ညဉ်းငြူနေ၏။

ကျိုးကျီယွဲ့ကတော့ ကျိုးရှောင်ယွီ၏ ခံစားချက်ကို အာရုံမစိုက်အားသေးပါ။ ကလေးကို ဒိုင်ပါဝတ်ပေးရန် ပြင်ဆင်နေပုံကလည်း ကြောင်တောင်တောင် နိုင်လှသည်။ ဒိုင်ပါ ဝတ်ပေးပြီး နောက် အိတ်ထဲမှ အဝတ်ပို တစ်စုံ ကျိုးရှောင်ယွီကို လဲပေးရန် ပြင်လိုက်သည်။

ကျိုးရှောင်ယွီကို အဝတ်လဲ ပေးရတာ ဒီလောက် ခက်မယ် မှန်း မထင်ခဲ့ပါ။ ကလေးကို ဝတ်ပေးရသည့်အဝတ်က အပေါ်အောက် တစ်ဆက်ထဲ ကြယ်သီးများ နှင့် တွဲ ဝတ်ရသည့် အဝတ်မျိုးဖြစ်သည်။

ကျိုးကျီယွဲ့ ပထမတပ်လိုက်သည့် ကြယ်သီးက လွဲသွား၍ ပြန်ဖြုတ်ကာ ပြန်တပ်ပေးရပြန်သည်။ သို့သော် ဒုတိယ တစ်ခေါက်မှာလဲ ထပ်မှ တပ်မိပြန်သေးသည်။

ကြယ်သီး တွေ အကုန် တပ်ပြီး နောက် ကျိုးရှောင်ယွီက စိတ်မရှည်သည့်ပြံဖြင့် သူ့ခြေထောက်ကို ကန်ကြောက်လာ၍ သူခက်ခက်ခဲခဲ တပ်ထားသည့်ကြယ်သီးတွေက ပြုတ်သွားပြန်သည်။

သန့်စင်ခန်းထဲမှာ မိနစ်၄၀ခန့် ရုန်းကန်ပြီး နောက် ကျိုးကျီယွဲ့ တစ်ယောက် သူ၏ တစ်နေ့တာ ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။

ကျိုးရှောင်ယွီအတွက်ကတော့ အတော် ရှည်လျားသည့် တစ်နေ့တာ ကဲ့သို့ခံစားလိုက်ရသည်။ သူ့ဖေဖေက သူ့ကို ဖင်သေချာ မဆေးပေးတတ်သလို အင်္ကျီလည်း သေချာ မဝတ်ပေးတတ်မည်မှန်း သူ မထင်ခဲ့ပါ။

ဖေဖေ့မျက်နှာက ကြောက်စရာကောင်းနေတုန်းဖြစ်သည်။ သူ့ကို ပြုံးလည်း မပြုံးပြ။ ချော့မြူတာမျိုးလည်းမလုပ်ပဲ စကားလည်း တစ်လုံးမျှ မပြောပေ။

ကျိုးရှောင်ယွီ နှုတ်ခမ်းလေး ဆူကာ ကျိုးကျီယွဲ့၏ ရင်ဘတ်ကို သူ့ပြည့်ဖောင်းနေသည့်လက်သီး လေးဖြင့် ထုရိုက်လိုက်သည်။ ဒီဖေဖေကို သူတော်တော်လေး ကြည့်မရဖြစ်လာသည်။ သူ့အတွက် တစ်ခြား ဖေဖေ ပြောင်းပေးလို့ရလား ဆိုတာ သူ့အမေကို မေးရမည်။

ကလေးကစားကွင်းကနေ ပြန်လာပြီးနောက် ကျိုးရှောင်ယွီသည် သူ့အမေ ဝမ်ယွီထုံကို ရှာပြန်သည်။

ရှောင်ယွီလေးသည် အလျှင်အမြန် တွားသွား တတ်နေပြီဖြစ်သည်။ အိမ်အောက် ထပ် ဧည့်ခန်းက သူသွားလို့ ရနိုင်မည့် နေရာတိုင်းကို တွားသွားကာ သူ သိပ်သတိရနေသည့် သူ့အမေကို ရှာသော်လည်း မတွေ့ခဲ့ပါ။

"အာ့..." ကျိုးရှောင်ယွီ တိရိစ္ဆာန်ငယ်လေးများကဲ့သို့ သူ့လည်ပင်းကို ဆန့်ကာ သနားစဖွယ် အော်လိုက်သည်။

"အမားး...မားးးး"

"သခင်လေး နေ့လည်စာစား ချိန်ရောက်ပါပြီ"

အပေါ်ထပ်လှေကားပေါ် တက်ဖို့ပြင်နေသည့် ကျိုးရှောင်ယွီကို ဖမ်းချီလိုက်ကာ ကလေး ထမင်းစားထိုင်ခုံ ပေါ် ထည့်ပေး လိုက်သည်။

ထမင်းစား စားပွဲမှာလည်း သူ့အဖေ ထိုင်နေတာကိုပဲ တွေ့ရ၍ ကျိုးရှောင်ယွီ စိတ်ဓါတ်ကျစွာ ခေါင်းငုံ့လိုက်သည်။သူ့ကို ကျွေးသည့် စားစရာကိုလည်း စက်ရုပ်လိုပဲ ပါးစပ်ဟကာ မြိုချစားနေလိုက်သည်။

ဖရုံသီးနှင့် အမဲသား ကြိတ်ချေထားသည့် အနှစ်က မွှေးကြိုင်ကာ အရသာ ရှိသော်လည်း ဘာလို့မှန်းမသိ ဒီနေ့ သူ့အတွက် အရသာ မရှိသလိုပင်။

ကျိုးကျီယွဲ့လည်း စားနေရာ မှ အိမ်တော်ထိန်းစန်ကို လှမ်းမေးလိုက်သည်။ "သူ့အတွက် နေ့လည်စာ ပို့ပေးပြီး ပြီလား?"

"မဒမ်ရဲ့ အခန်းထဲ ကို လွန်ခဲ့တဲ့ နာရီဝက်ကတည်းက နေ့လည်စာ ပို့ထားလိုက်ပါပြီ။ စားစရာကိုလည်း မှာထားတဲ့အတိုင်း ပြင်ဆင်ပေးထားပါတယ်။ သီးစုံ ဆန်ပြုတ်နဲ့ အပူကျလည်ချောင်း ရှင်းစေပြီး ကိုယ်ခံအားတိုးစေတဲ့ စတူးဟင်းရည် ပို့ထားပါတယ်"

ကျိုးကျီယွဲ့ - “ကောင်းပြီ.”

နေ့လည်စာ စားပြီးနောက် ကျိုးရှောင်ယွီတစ်ယောက် ကျိုးကျီယွဲ့ အိပ်ရာပေါ် အားပြတ်စွာ ထိုင်နေ၏။ သူ့မေမေ အကြောင်း တွေးမိလိုက်သည်နှင့် လမ်းဘေးကြောင်လေးလို ရှိုက်ရှိုက်ပြီး အသံပြုလေသည်။

ကျိုးကျီယွဲ့က ကလေးကို မချော့ပေ။ ကုတင်နှင့် မလှမ်းမကမ်းက စားပွဲနားမှာ ထိုင်ပြီး သူ့အလုပ်ကိစ္စကို လုပ်နေ၏။ တစ်ခါတစ်ရံမှသာ ကျိုးရှောင်ယွီကို ကြောက်စရာအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

စာရွက်စာတမ်းတွေ လက်မှတ်ထိုးရင်း ကျိုးရှောင်ယွီကို အသံပြင်းပြင်းဖြင့် လှမ်းပြောလိုက်သည်။ "ကျိုးရှောင်ယွီ ..သားမေမေက ခုတလော နေမကောင်းဘူးး သားက အလိုက်တသိနဲ့ နေ! မေမေကို လိုက်မရှာနဲ့ နားလည်လား"

ကျိုးကျီယွဲ့ ထိုသို့ပြောလိုက်ပြီး ထူးမခြားနား ပုံစံဖြင့် ခေါင်းငုံ့ကာ သူ့အလုပ်သူ ဆက်လုပ်နေသည်။

ကလေးငယ်တွေကို အန္တရာယ်မရှိဟုဆိုကာ ‌တစ်ယောက်တည်း ဂရုမစိုက်ပဲ ပစ်ထားလို့မရပေ။ ကလေးရဲ့ စိတ်ထားနူးနူးညံ့ညံ့လေးက သိမ်ငယ်ကာ ဝမ်းနည်းပြီး ငိုကြွေးလာတတ်သည်။ကျိုးရှောင်ယွီဘဝမှာ ပထမဆုံး ငိုရင်း ပင်ပန်းလာ၍ အိပ်ချင်သွားသည်။

ကျိုးကျီယွဲ့ အိပ်ရာခင်းပေါ်မှာ မျက်ရည်တွေ နှင့် သူ့ မျက်နှာလေးကို အပ်လိုက်သည်။ ကျိုးကျီယွဲ့၏ ကုတင်အိပ်ရာက ကြီးပြီး မီးခိုးရောင်အထီးကျန်ဖွယ်ဖြစ်နေ၏။ သူ့မေမေရဲ့ အနံ့ကိုလည်း မရဘူး။ ကြောက်စရာ ရုပ်ဆိုး ငါးမန်းရုပ်လည်း မရှိဘူးး။

ကျိုးရှောင်ယွီတစ်ယောက် သူ့ကိုယ်သူ ဘယ်လို အိပ်ပျော်သွားမှန်း မသိချေ။ အချိန်အကြာကြီး ငိုကြွေးပြီးနောက် သူ့ခန္ဓာကိုယ်လေးက မခံနိုင်တော့၍ တစ်ခါတည်း အိပ်ပျော်သွားတော့၏။

ရှောင်ယွီလေး တစ်ရေး နိုးလာတော့ ကျိုးကျီယွဲ့က ရှောင်ယွီလေးကို ကုမ္ပဏီဆီ ခေါ်သွားလိုက်သည်။

အဖွဲ့မှူးတင်းဟဲ နှင့် မြို့ပြတည်ဆောက်ရေးပရောဂျက်မန်နေဂျာ ဖန်းချင်းရှုံ တို့သည် ကျိုးကျီယွဲ့ နှင့် အလုပ်ကိစ္စ ဆွေးနွေးလိုကြသည်။ ကျိုးရှောင်ယွီ အိမ်မှာ ပြသနာရှာနေမည်ကို စိုးရိမ်၍ အိမ်တော်ထိန်းစန်နှင့် ကလေးထိန်းတစ်ဦးကိုပါ ကျိုးလုပ်ငန်းစု ကုမ္ပဏီရှိရာဆီ ကျိုးကျီယွဲ့ တစ်ပါတည်း ခေါ်ခဲ့လိုက်သည်။

ကျိုးရှောင်ယွီတစ်ယောက် ပထမဆုံး ကျိုးလုပ်ငန်းစုကို ရောက်ဖူးတာဖြစ်သည်။ထို့ကြောင့် မနက်တုန်းက စိတ်မကြည်လင်မှုတွေကို ယာယီမေ့သွားကာ စိတ်ဝင်စားသည့်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်ကာ လက်ကလေး ဝေ့ရမ်းရင်း တက်ကြွစွာ အော်ဟစ်နေ၏။

"အိုင်းးးး"

သူတို့အဖွဲ့လေးသည် ဥက္ကဌသာစီးသည့် အထူးဓါတ်လှေကားကိုစီးကာ ၆၈ထပ်တွင်ရှိသည့် ကျိုးကျီယွဲ့၏ ဥက္ကဌ ရုံးခန်းဆီသို့သွားကြသည်။

ကျိုးလုပ်ငန်းစု၏ အဆောက်အအုံသည် မြို့တော်A ၏ ဗဟိုစီးပွားရေးခရိုင်တွင် တည်ရှိရာ မြေနေရာ၏ တစ်လက်မတိုင်းက တန်ဖိုးရှိပြီး ခတ်မှီသည့်သွင်ပြင်လည်းရှိ၍ မြို့တော်A ၏ အထင်ကရ အဆောက်အဦ တစ်ခုဖြစ်သည်။

ကျိုးကျီယွဲ့၏ ရုံးခန်းသည် ၂၇၀°ပတ်လည် ကြမ်းခင်းမှ အပေါ်မျက်နှာကျက်ထိ မှန်တပ်ထားရာ မြို့တော်A၏ အဖိုးတန်လှသော မြစ်ကမ်းနားရှုခင်းကိုလည်း မြင်နေရသည်။

ဤကဲ့သို့ရှုခင်းမျိုး တစ်ခါမျှ မမြင်ဖူးသည့် ကျိုးရှောင်ယွီတစ်ယောက် အသက်ရှုမှားသွားသည်။ ကောင်ကလေးသည် သူ၏ လက်သေးသေးလေး နှစ်ဖက်ကို ပြင်သစ် မှန်ပြတင်းပေါ်တင်ပြီး အပေါ်စီးက မြင်ရသည့် ကားသေးသေးလေးတွေ သွားလာနေသည်ကို ငေးမောနေသည်။

'ဒီကားတွေက အရမ်းသေးတာပဲ!

ဒါတွေက မေမေ ငါ့အတွက် ဝယ်ပေးထားတာများလား?'

ကျိုးရှောင်ယွီသည် တောက်ပသောမျက်လုံးများဖြင့် တက်ကြွစွာ တီတီတာတာစကားတွေ ပြောနေ၏။

ဆိုဖာပေါ်ထိုင်စကားပြောနေသည့် တင်းဟဲနှင့် ဖန်းချင်းရှုံ တို့လည်း ကလေးကို လှမ်းမကြည့်ပဲ မနေနိုင်ဖြစ်ကာ နှစ်ဦးစလုံး အံ့ဩစိတ်ချမ်းသာဖြစ်နေကြသည်။

သူတို့ရဲ့ အေးစက်စက်ဥက္ကဌကြီးမှာ ဒီလို ဘက်ခြမ်းရှ်ိလိမ့်မယ်လို့လည်း မထင်ခဲ့ကြပါ။

ရုတ်တရက် ယခုနှစ် အစောပိုင်းကို မစဉ်းစားပဲ ပြန်တွေးမိသွားကြသည်။ ယခင်ဥက္ကဌဟောင်း ကျိုးကျီခိုင်း၏ ကံမကောင်းအကြောင်းမလှ သေဆုံးသွားပြီးနောက် ကျိုးလုပ်ငန်းစု၏ အကြီးဆုံးရာထူးသည် ညီဖြစ်သူ ၂၂နှစ်အရွယ် ကျိုးကျီယွဲ့ လက်သို့ရောက်လာခဲ့သည်။

ကုမ္ပဏီ ဒါရိုက်တာတွေနဲ့ အမှုဆောင်အဖွဲ့ဝင်တွေက ၂၂နှစ်အရွယ်လူငယ်လေး ဥက္ကဌဖြစ်လာတာကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ဒီလူငယ်လေး နှစ်လတောင်မခံနိုင်ပဲ အရှက်တကွဲ ထွက်သွားရလိမ့်မည်ဟုလူတိုင်းထင်ကြသည်။

မမျှော်လင့်ပဲ ထိုလူငယ်လေးက အထင်ကြီးရလောက်အောင် ကျိုးလုပ်ငန်းစုကို အခက်အခဲကြားမှ လအနည်းငယ်အတွင်း ကျော်လွှားနိုင်အောင်လုပ်ဆောင်ပြခဲ့သည်။ ကုမ္ပဏီအတွင်း သူ့ကို ဆန့်ကျင်သူများကို ထုတ်ပယ်ကာ အသစ်ပြန်လည်ဖွဲ့စည်းပြီး ကျိုးလုပ်ငန်းစုတစ်ခုလုံး သူ့ခြေသူ့လက်ဖြစ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။

သူ့နည်းလမ်းတွေက လိမ္မာပါးနပ်ကာ အကြင်နာတရားကင်းမဲ့သည်။ ဘယ်သူမှလည်း သူ့ကို မဆန့်ကျင်ရဲပေ။

ထိုကဲ့သို့ အေးစက်သည့်လူမျိုးက သူ့ဘဝကို ရှုပ်ယှက်ခက်စေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ‌အဖေတိုင်းလိုလို လုပ်ကြသလို သူတို့ရဲ့ ကလေးဆိုးလေးကို အလုပ်ဆီ ခေါ်လာရလေသည်။

ဥက္ကဌရုံးခန်းသည် အရည်အသွေးမြင့် သစ်သား ကြမ်းခင်း ခင်းထားကာ တစ်နေ့ နှစ်ကြိမ်ခန့်သန့်ရှင်းရေး လုပ်ပေး၍ ကြမ်းခင်းက အမြဲ သစ်လွင်နေ၏။

ထို့ကြောင့် ကျိုးကျီယွဲ့သည် ကျိုးရှောင်ယွီကို ကြမ်းခင်းပေါ်တွင် တွားသွားခိုင်းထားလိုက်သည်။ ဒီအရွယ် ကလေးတွေကို လွတ်ထားကာ တွားသွားခိုင်းလျှင် ကလေး၏ အကြောအခြင်တွေ သန်မာလာမယ်လို့ ဝမ်ယွီထုံက တစ်ခါပြောပြဖူးထားသည်။

ကြမ်းခင်းပေါ်ချလိုက်တာ နဲ့ ကျိုးရှောင်ယွီသည် ပျော်ရွှင်စွာ ခေါင်းကလေးခါကာ သူသွားချင်သည့်နေရာတိုင်းကို တွားသွားကာ သွားလေတော့သည်။

ကျိုးရှောင်ယွီ တွားသွားကာ ကျိုးကျီယွဲ့၏အလုပ်စားပွဲနားသို့သွားလိုက်ပြီး လယ်သာထိုင်ခုံကို သူ့လက်ဖောင်းဖောင်းကလေးဖြင့် ပုတ်ကြည့်နေသည်။ အိမ်တော်ထိန်းစန်က ရှောင်ယွီလေး လယ်သာ ထိုင်ခုံကို ကိုင်နေစဉ် လဲမကျစေရန် လိုက်ထိန်းပေးနေသည်။ ကောင်ကလေးကတော့ ပျော်ရွှင်စွာ ပြုံးရီနေ၏။

ကျိုးရှောင်ယွီ စာအုပ်စင်ရှိရာဆီ ထပ်သွားလိုက်ပြန်သည်။ စာအုပ်စင်က မြင့်လွန်း၍ အပေါ်က စာအုပ်တွေကို မမှီပါ။ ထို့ကြောင့် သူ့ကို စာအုပ်ယူပေးရန် တစ်ယောက်ယောက်ကို အချက်ပြ သည့်အနေဖြင့် နှစ်ကြိမ်အော်ပြလေသည်။ ကျိုးကျီယွဲ့က ခွင့်ပြုပေးလိုက်တော့ အိမ်တော်ထိန်းစန်သည် ဆုတ်ဖြဲရန် မလွယ်သည့် စာအုပ်တစ်အုပ်ကို ရှောင်ယွီအတွက် ယူပေးလိုက်သည်။

ကျိုးရှောင်ယွီသည် စာအုပ်ကို သူ့လက်ကလေးဖြင့် လှန်လှောကြည့်လိုက်ပြီး မကျေမနပ်ဖြစ်သွားကာ မျက်မှောင်ကြုံ့လိုက်သည်။

'ဒီစာအုပ်မှာ ဘာလို့ ရုပ်ပုံ လှလှလေးတွေ မရှိရတာလဲ?

အိပ်ရာမဝင်ခင် မေမေ သူ့ကို ဖတ်ပြတဲ့ စာအုပ်တွေနဲ့ ဘာလို့ လုံးဝ ကွဲလွဲ နေရတာလဲ ?'

'မေမေဖတ်ပြတဲ့ စာအုပ်တွေထဲမှာ ချစ်စရာ တိရိစ္ဆာန်လေးတွေ ပါတယ် သူ့လက်ချောင်းတွေ ထည့် နိုက်ကြည့်လို့ ရမယ့် အပေါက်တွေလည်း ပါတယ်။ သုံးဖက်မြင် အရုပ်ကလေးတွေ နဲ့ အသံ‌မြည်တဲ့ စာအုပ်တွေ တောင် ရှိသေးတယ်။ မေမေရဲ့ စာအုပ်တွေ ထဲမှာ အားလုံးပါတယ်။'

'အခု ဒီစာအုပ်က ပျင်းဖို့ကောင်းလိုက်တာ။ ဖေဖေဆီမှာ ရှိတဲ့ အရာအားလုံးက ပျင်းစရာကြီးးးး!'

ကျိုးရှောင်ယွီ တစ်ယောက် စာအုပ်ကို စိတ်မရှည်သည့်ပုံဖြင့် သူစိတ်ဝင်စားစရာလေးများ တွေ့မလား ဆိုပြီး လှန်လှောနေ၏။

ကျိုးကျီယွဲ့ ၊ တင်းဟဲနှင့် ဖန်းချင်းရှုံတို့ ဆိုဖာပေါ်ဆွေးနွေး နေရာမှ အသေးစိတ် ဆွေးနွေးရန် ကျိုးကျီယွဲ့၏ အလုပ်စားပွဲပေါ်ပြောင်းသွားကြသည်။

သူတို့သုံးယောက် ထိုင်ခဲ့သည့် ဆိုဖာဘေးက စားပွဲမှာ သောက်လက်စ ကော်ဖီခွက်တွေ ရှိနေသေး၏။

ကလေးထိန်းက ရှောင်ယွီလေးအတွက် နို့ဖျော်ရန် ရေနွေးရှိသည့် ဘေးအခန်းကို သွားနေစဉ် အိမ်တော်ထိန်းစန်က ကလေးကို ကြည့်ထိန်းနေရသည်။

ရုံးခန်းတစ်ခုလုံး ပတ်ကြည့်ပြီးနောက် ကျိုးရှောင်ယွီသည် သူ့အကြိုက်ဆိုဖာပေါ်ထိုင်ရန် ဆိုဖာနားသွားလိုက်သည်။

ကောင်ကလေးက သူ့ရဲ့ ကစားစရာ အသစ်ဖြစ်သည့် အသံမြည်သည့် စာလုံးကတ်တွေကို ကြည့်ရင်း ကစားနေ၏။ သူ့ဖာသာသူ တိတ်တိတ်လေးဆော့ကစားကာ လိမ္မာနေ၏။

ကျိုးရှောင်ယွီလေး ငြိမ်နေတော့ အိမ်တော်ထိန်းစန်လည်း စိတ်သက်သာရာရသွားပြီး ခဏ အားလပ်ချိန်ယူလိုက်သည်။ အိမ်တော်ထိန်းစန် ‌ခြေလက်တွေ အကြောဆန့်လိုက်ကာ သူ၏ အပူခံ ခွက်ထဲမှ လက်ဖက်ရည်ကို နှစ်ငုံခန့် သောက်လိုက်သည်။

ငါးမိနစ်လောက်ကြာတော့ ကျိုးကျီယွဲ့တို့သုံးဦး မူလထိုင်ခဲ့သည့် ဆိုဖာပေါ်ပြန်ပြောင်းလာကြသည်။ တင်းဟဲသည် စားပွဲပေါ်ရှိ သူ၏ကော်ဖီခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။ ရုတ်တရက် သူ့မျက်နှာ အမူအရာ ထူးဆန်းသွားသည်။

သူ့ကော်ဖီက ချိုရဲ လွန်းနေ၍ ထွေးထုတ်လုမတတ်ဖြစ်သွားသည်။ သို့သော် ဘော့စ်ရှေ့မှာ ဖြစ်နေ၍ သည်းခံကာ မြိုချလိုက်ရသည်။

တင်းဟဲ ချိုရဲ နေသည့် ကော်ဖီကို မြိုချရင်း စားပွဲပေါ်က သကြားခဲထည့်ထားသည့် ပန်းကန်ထဲမှ သကြားခဲများ တစ်ဝက်လောက် ပျောက်နေသည်ကို မြင်လိုက်ရ၍ စဉ်းစားခန်း ဝင်လိုက်သည်။

ဖန်းချင်းရှုံ ကတော့ သူ့ကော်ဖီခွက်ထဲကနေ အယ်ထရာမင်းရုပ် စတစ်ကာ နှစ်ခု ထွက်လာသည်ကို မြင်လိုက်ရသည်။

သူ ကျိုးရှောင်ယွီကို စူးစမ်းသည့်အနေဖြင့် လှမ်းကြည့်လိုက်တော့ ကောင်ကလေးက တက်ကြွစွာ လက်ဝေ့ရမ်းပြပြီး ပြုံးနေ၏။ ကလေးက အတော်လေး ချစ်စရာကောင်းနေသည်။

ဖန်းချင်းရှုံလည်း အယ်ထရာမင်း စတစ်ကာ နှစ်ခုကို သုတ်လိုက်ကာ ရှောင်ယွီဆီ ရမ်းပြလိုက်သည်။ကောင်ကလေးက ပျော်ရွှင်စွာ သူ့သွားနှစ်ချောင်းပေါ်အောင် ပြန်ပြုံးပြလေသည်။

ကျိုးကျီယွဲ့ကတော့ သူ့ရှေ့က ပုဂ္ဂိုလ်နှစ်ဉီး၏ အဖြစ်ကို သတိမထားမိချေ။ မျက်မှောင်ကြုံ့ကာ သူ့အလုပ်အချက်အလက်တွေကို သေချာဂရုစိုက်ကြည့်နေရင်း သကြားမပါသည့် အမေရိကာနိုကော်ဖီခွက်ကို သောက်လိုက်သည်။

သူ့နှုတ်ခမ်းက အေးပြီး မာသည့် ထူးဆန်းသည့်အရာကို ထိမိသွားသည်။

ကျိုးကျီယွဲ့ ရုတ်တရက် တစ်ခဏလောက် ကြောင်သွားသည်။ သူ့ခွက်ထဲ သေချာ ကြည့်လိုက်တော့ သူ့မျက်နှာ ရုတ်တရက် အရောင်ပြောင်းသွား၏။

သူ့ကော်ဖီ ခွက်ထဲကနေ AA ဘတ္တရီနှစ်လုံး ထွက်လာလေသည်။

All Chapters