← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

ကျိုးရှောင်ယွီတစ်ယောက် ကျိုးကျီယွဲ့ ရိုက်သည်ကို ခံလိုက်ရ၍ ရုံးခန်း ပွင့်ထွက်မတတ် အော်ငိုလေတော့သည်။ သူ့ရဲ့ မျက်နှာ ဖြူလျော့လျော့လေးက မျက်ရည်တွေ စီးကျနေ၏။ မျက်တောင်တွေလည်းစိုစွတ်နေကာ နှာခေါင်းလည်း နီရဲနေပြီး ရင်ခေါင်းသံဖြင့် အော်ငိုနေရှာ၏။

"အမားးးး မားးး.."

အိမ်တော်ထိန်းစန်လည်း ကလေး အရိုက်ခံရသည်ကို ကြည့်ကာ ရင်နာနာနှင့် ကြေကွဲစွာ ဝင်ပြောသည်။

"ဒုတိယ သခင်လေး...ကလေးကို မရိုက်ပါနဲ့တော့။ ကျွန်တော့်အမှားပါ။ ကျွန်တော် ကလေးကို သေချာ မကြည့်မိလိုက်လို့ပါ။ သခင်ငယ်လေးက ဘာမှ မသိသေးပါဘူးး"

"မစ္စတာကျိုး ကလေးက ငယ်သေးလို့ ဘာမှ နားမလည်သေးပါဘူး" တင်းဟဲကပင် မနေနိုင်ပဲ ဝင်ပြောရ၏။

ဖန်းချင်းရှုံလည်း ခေါင်းငြိမ့်ကာ ဝင်ပြောလိုက်သည်။

"ဟုတ်ပါတယ်။ သူက လက်ဆောင်ပေးချင်တာပါ။ ရည်ရွယ်ချက်ကောင်းလေးနဲ့ပါ။"

ကလေးထိန်း - " ကမ္ဘာပေါ်မှာ ရှိတဲ့ ကလေးတွေ အားလုံးက အမှားလုပ်တတ်ကြပါတယ်"

ကျိုးကျီယွဲ့ မခံမရပ်နိုင် ပြောနေကြသော သူ့ရှေ့က လူလေးဦးကိုကြည့်လိုက်သည်။ သူတို့ရဲ့သူ့ကိုကြည့်တဲ့ အကြည့်တွေက လုံးဝ ခွင့်မလွတ်နိုင်စရာ ဗီလိန်ကြီးကို ကြည့် နေကြသည့်နှယ်။

ကျိုးကျီယွဲ့ နှာခေါင်းရှုံ့လိုက်ကာ သူ့လက်မောင်းထဲမှ ကောင်လေး၏ မျက်ရည်တွေဝဲနေသည့် မျက်လုံးကို တိုက်ရိုက် ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။

"နောက်တစ်ခါ သူများရဲ့ ခွက်ထဲ ဘာမှ လျှောက်မထည့်ရဘူး နားလည်လား?"

ကျိုးရှောင်ယွီ သူ့လက်သီးကို ဆုပ်ထားကာမျက်ရည်တွေ စီးကျနေ‌လေ၏။ ခေါင်းမာစွာ နှုတ်ခမ်းလေးစူထားပုံက သူက လိမ္မာရဲ့သားနဲ့ သူမမှားပဲနဲ့ ဆိုးရွားသည့်ဝံပုလွေဖေဖေက သူ့ကို အကြောင်းမရှိပဲ ရိုက်နှက်ခံရသည့်ပုံဖြစ်နေ၏။

ကျိုးရှောင်ယွီ အာခေါင်ခြစ်ကာ အော်ငိုပြီးနောက် အသံတိုးတိုးသာ ထွက်နိုင်တော့၏။ "အာမားး မားး မားးး.."

အိမ်တော်ထိန်းစန်က အမြန်အဆန် ငြိမ်းချမ်းရေး ဝင်ခင်းလိုက်သည်။ "ကြည့်ရတာ သခင်လေးက သူ့အမေကို သတိရနေတယ် ထင်တယ်။ မဒမ်ဆီကို ဗီဒီယိုကော မခေါ်သင့်ဘူးလား"

ကျိုးကျီယွဲ့လည်း မငြင်းတော့ပဲ သူ့ဖုန်းကိုကောက်ကိုင်လိုက်ကာ ဝမ်ယွီထုံဆီ ဆက်လိုက်သည်။

ဗီဒီယိုကောက ချိတ်ဆက်သွားသည်။ ဝမ်ယွီထုံသည် အဖြုရောင် ဇာထိုးဦးထုပ်ဆောင်းထားပြီး သူမမျက်နှာကလည်း မနက်တုန်းကထက် ပန်းဆီရောင်သန်းကာ လန်းနေ၏။ နေရောင်ရသည့်ဘက်ကို မျက်နှာမူရင်း ဖုန်းကင်မရာကို ပြုံးပြလိုက်သည်။

သူ့အမေကို မြင်လိုက်ရသည့် ကျိုးရှောင်ယွီတစ်ယောက် စိတ်ဓါတ်ကျနေသည့် အခြေအနေမှ ချက်ချင်း လန်းသွားသည်။

"ဂူးဂူးး! ဂူးးဂူးး.." ကျိုးရှောင်ယွီ သူ့လက် ဖောင်းဖောင်းကစ်ကစ်လေးဖြင့် ဖုန်းကို လုယူလိုက်ကာ သူ့ရှေ့ကို ဆွဲယူလိုက်သည်။ သူ့ပုံစံက ဖုန်းထဲက သူ့အမေ ပျောက်သွားမှာ စိုးနေသည့်နှယ်။

"ရှောင်ယွီ ဒီနေ့ ဖေဖေ့ ရုံးခန်းကို သွားဆော့တာလား?"

ဝမ်ယွီထုံသည် ချိုသာသည့်အသံဖြင့် ပြုံးကာ မေးလိုက်သည်။

ရှောင်ယွီ၏ မျက်တောင်များသည် မျက်လုံးထဲ ရှိ မျက်ရည်များကို တုန်ရီစွာ ပုတ်ထုတ်လိုက်သည်။ သူ့နှုတ်ခမ်းတွေ ဖုန်းကို ထိလုမတတ် ရှေ့ကို တိုးလိုက်သည်။

"အမားး မားး...!"

သူ့အမေကို မတွေ့ရတာ ဒီနေ့ တစ်နေကုန်ပင် ရှိတော့မည်။ သူ့မေမေ၏ အနံ့ နှင့် သူ့မေမေ၏ နွေးထွေးသည့် ပွေ့ဖက်မှုကို လွမ်းနေမိ၏။

'မေမေ ဒီ သူ့ လက်ထဲကဟာနေ ထွက်လာပြီး သူ့ကို ဖက်လို့ရမလား?'

"ရှောင်ယွီ လိမ်လိမ်မာမာ နေနော် ဖေဖေ့စကားနားထောင်၊ လေးလေးစန်နဲ့ အန်တီတို့ စကားနားထောင်နော်"

ဝမ်ယွီထုံ ကောင်ကလေး၏ ဝမ်းနည်း နေသည့်မျက်နှာကိုမြင်လိုက်ရ၍ ခေါင်းလေး စောင်းကာ အသံချိုချိုဖြင့် ချော့မော့လိုက်သည်။

"မေမေက ဒီနှစ်ရက်အတွင်း နေမကောင်းဖြစ်နေတာ၊ မေမေ့လည်ချောင်းတွေလည်း နာနေလို့ သားနဲ့ အတူ မဆော့နိုင်သေးဘူးနော်။ မေမေ ဗိုင်းရပ်စ် မွန်းစတားတွေကို အယ်ထရာမင်းလို အနိုင်တိုက်ပြီးမှ သားကို အဖော်လာလုပ်ပေးမယ်နော် ဟုတ်ပြီလား?"

ကျိုးရှောင်ယွီ သူ့မေမေ ပြောသည်ကို နားမလည်ပါ။ သို့သော် သူ့မေမေ ပြောတာ အကုန်မှန်တယ်။ ပြီးတော့ သူက လိမ္မာပြီး စကားနားထောင်တဲ့ ကလေးတစ်ယောက်ပဲ။

ကျိုးရှောင်ယွီမျက်ရည်အပြည့်နှင့် လိမ္မာစွာ ခေါင်းငြိမ့်လိုက်သည်။

"အင်းးး"

စောနလေးကမှ အကဲဆတ်နေသည့် ကလေးငယ်သည် ချက်ချင်း လိမ္မာကျိုးနွံသည့် ကလေးဖြစ်သွားသည်ကို ကျိုးကျီယွဲ့ စောင်းငဲ့ကြည့်လိုက်သည်။

နောက်ကင်မရာဘက် သူ့ မျက်နှာ တစ်ခြမ်းပေါ်အောင် စောင်းကြည့်လိုက်ကာ မေးလိုက်သည်။ "ဘယ်လိုလဲ နေလို့ကောင်းရဲ့လား"

"အတော်လေး သက်သာလာပါပြီ" ဝမ်ယွီထုံ ကျိုးကျီယွဲ့ကို တက်ကြွစွာ ကြည့်ရင်း မျက်လုံး မှိတ်ပြလိုက်သည်။

ကျိုးကျီယွဲ့ မျက်ဝန်းထဲဝယ် အပြုံးရေးရေး လေး ဖြတ်ပြေးသွားသည်။ "ဟုတ်ပြီ"

" ဒီနေ့ရှောင်ယွီလေး လိမ္မာရဲ့လား" ဝမ်ယွီထုံ မေးလိုက်သည်။

ကျိုးကျီယွဲ့ ခေါင်းငြိမ့်ပြလိုက်သည်။ "လိမ္မာပါတယ် မစိုးရိမ်ပါနဲ့ မင်းသာ ကောင်းကောင်းအနားယူလိုက်ပါ"

ဗီဒီယိုကော ပြီးနောက် ကျိုးရှောင်ယွီ အတော်လေး ပျော်သွား၏။ သူ့အဖေ ဖုန်းကို လည်း ပြန်မပေးပဲ လက်နဲ့ ကျစ်ကျစ်ပါအောင် ဖက်ကိုင်ထားလေသည်။

'သူ့ချစ်လှစွာသော မေမေက ခုလောလောဆယ် ဒီ လက်ကြက်(shou Ji=ဖုန်း)ဆိုတဲ့အထဲမှာ နေနေတာ!'

ဘေးက ကြည့်နေသည့်အိမ်တော်ထိန်းစန်သည်လည်း သူ့မျက်နှာ ပေါ်ဝယ် ကြည်နူးနေသည့် အန်ကယ်ကြီး အပြုံး ပြုံးနေလေ၏။

သို့သော် တင်းဟဲနှင့် ဖန်းချင်းရှုံကတော့ သရဲတွေလိုက်ရသလို လန့်နေ၏။

'ခုလေးတင် နူးညံ့တဲ့အပြုံးပြုံးလိုက်တဲ့သူက သူတို့ရဲ့ ဥက္ကဌကြီးလား?'

'ပြီးတော့ သူများကို ကောင်းကောင်းလည်း အနားယူခွင့်လည်း ပေးသေးတယ်လား?'

လွန်ခဲ့သည့်ခြောက်လလုံးလုံး ကျိုးကျီယွဲ့ ကုမ္ပဏီစံမံခန့်ခွဲပုံကို သိလျင် ရူးသွားလိမ့်မည်။ သူများကို အနားမပေးရုံသာမက သူကိုယ်တိုင်လည်း လုံးဝ အနားမယူခဲ့‌ပေ။ သူ့ကိုယ်သူ အရင်းရှင် ပုံစံဖမ်းထားခဲ့၍ လူတိုင်းကလည်း ကြည့်မရဖြစ်ခဲ့ကြသည်။

သို့သော် သူ့မိန်းမနဲ့ကျတော့ သိက္ခာရှိသည့် လုံးဝ တစ်ခြားလူလို ဖြစ်သွားသည်။

'ဥက္ကဌကြီး မိန်းမက အရမ်းကံကောင်းတာပဲ!'

တင်းဟဲတစ်ယောက် မနေ့ညက သူ့မိန်းမ မျက်ရည်တွေကျရင်း ဖတ်နေသည့် စာအုပ်ပါ အကြောင်းအရာကို ကို တွေးမိသွားသည်။

" ရက်စက်တတ်သည့် စီအီးအိုက သူရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေချိုးဖျက်လိုက်ပြီး သူမကို ချော့မော့ကာ နမ်းခဲ့သည်။ သူမအလိုကိုလည်း နေ့တိုင်းလိုက်လျောခဲ့သည်"

'မိန်းမတွေ အာ့လို စာအုပ် ဖတ်ရတာ ကြိုက်တာလည်း မထူးဆန်းတော့ပါဘူး။'

  ...... ..... ..... ...... ......

ဝမ်ယွီထုံ ဖုန်းချလိုက်ပြီးနောက် ဝမ်ယွီထုံ နည်းနည်း ထူးဆန်းသလို ခံစားလိုက်ရသည်။ ကျိုးရှောင်ယွီ သူမ နှင့်အတူ နေ့ရော ညပါ အတူရှိခဲ့တာတောင် တစ်နေကုန်လုံး လိမ္မာသည်ဟူ၍ မရှိခဲ့ပေ။

ကျိုးရှောင်ယွီ၏ မျက်လုံးလေးက မို့နေရုံမက မျက်ကွင်းလည်း ညိုနေသယောင်ရှိ၏။ သူ့မျက်လုံးထဲ မှာလည်း အပြုံး သိပ်မတွေ့ရကာ ကလေးပုံစံက တစ်နာရီကျော်လောက် ငိုထားသည့်ပုံပေါက်နေသည်။

ကျိုးကျီယွဲ့ကို မယုံတာတော့ မဟုတ်ပါ။ သူက တစ်ခြားနယ်ပယ်တွေမှာ သူများထက် ထူးချွန်ပေမယ့် ကလေးတွေနဲ့ ဆိုရင်တော့ သူ့သဘာဝကိုက မရင်းနှီးသည့်ပုံပေါက်နေ၏။

ကျိုးကျီယွဲ့ ကလေးထိန်းနည်းတွေနဲ့ ပတ်သတ်တဲ့ အသိ ဘာလို့ နည်းပါးရသလဲဟု ဝမ်ယွီထုံ တွေးကြည့်လိုက်သည်။ အရေးကြီးဆုံးအချက်က ကလေးတွေ ဘာတွေးနေလလဲ မသိကာ ဆက်သွယ်နိုင်ခြင်း မရှိ၍ ဖြစ်သည်။

ကျိုးကျီယွဲ့ကဲ့သို့ အရာရာပြည့်စုံသူကြီး၏ ဘေးမှာ ရှိသူတွေကလည်း အဆင့်အတန်း တစ်ခုရှိသူတွေ ကြီး ဖြစ်၏။ စိတ်ဓါတ်လည်းခိုင်မာကာ အထက်စီးကနေ ဖိနှိပ်ချုပ်ချယ်တတ်သူလည်း ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ ငယ်ရွယ်သေးသည့် ကျိုးရှောင်ယွီကလည်း အလျော့မပေးလိုသည့် ခေါင်းမာမာ ကလေး ဖြစ်နေသေးပြန်သည်။

ကျိုးကျီယွဲ့ နှင့် ကျိုးရှောင်ယွီ နှစ်ဦးတို့၏ ပင်ကိုယ်စရိုက်ကလည်း မတူညီ မလိုက်ဖက်ကြပြန်ပါ။ ဤ အတိုင်းသာ ဆက်သွား၍ ကျိုးရှောင်ယွီလေး ကြီးလာခဲ့လျှင် သူတို့နှစ်ဦးကြား ဆက်ဆံရေးက တစ်ဖြည်းဖြည်း ဝေးကွာ သွားနိုင်၏။

စနစ် - "မစိုးရိမ်ပါနဲ့ ပြည့်စုံတဲ့ ကလေးနဲ့ မိဘ ဆက်ဆံရေးက အလိုလိုဖြစ်လာတာ မဟုတ်ပါဘူး။ လေ့လာပြီး ပြုစုပျိုးထောင်ရတာပဲလေ။ ခုလောလောဆယ် ရှောင်ယွီမေမေ Host လည်း လေ့လာရင်း ကလေးကိစ္စတွေ တာဝန်ယူနေရတာပဲလေ။ ကလေး ပျိုးထောင်တဲ့ နေရာမှာ အဖေကိုလည်း ပါဝင်ခိုင်းလိုက်ပါ။ သူတို့ကို ပါဝင်လုပ်ဆောင်ခိုင်းမှ သူတို့လည်း ဖခင်ကောင်းတွေ ဖြစ်လာကြမှာပေါ့"

ဝမ်ယွီထုံ စနစ်ကပြောသည်ကို စဉ်းစားရင်း ခေါင်းငြိမ့်လိုက်သည်။

စနစ် - "ပြီးတော့ အရေးကြီးတာက ကလေး ပြုစု ပျိုးထောင်မှုမှာ ဖခင်ရဲ့ပါဝင်မှုက ကလေးအတွက် အစားထိုးလို့ မရတဲ့အရာပဲ"

ရုပ်ပုံနှင့် စာတွေကို စနစ်က ပြလာသည်။

[ဖခင်ကောင်းတစ်ယောက် ဖြစ်အောင် ဘယ်လို လုပ်ကြမလဲ]

[ကလေးပြုစုပျိုးထောင်ရာမှာ ဖခင်၏ ပါဝင်မှုက ဘယ်လို အရေးပါသလဲ]

[ပျော်ရွှင်သည့်မိသားစုတစ်ခုသည် ကလေးနှင့် မိဘနှစ်ဦး ပါဝင်သည့် နှစ်နားညီ တြိဂံဖြစ်သည်။ ကလေးတွေမှာ ပြသနာ ပေါ်ပေါက်လာလျှင် မိသားစုဆက်ဆံရေး မညီမျှမှုကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖခင်၏ ပါဝင်မှုသည် ကလေး၏ ပင်ကိုယ်အရည်အသွေးကို တိုးတက်စေနိုင်သည်။]

[ကလေးပြုစုပျိုးထောင်ရာတွင် ဖခင်၏ ပူပေါင်း ပါဝင်မှုသည် ကလေးအတွက် လိင်ကွဲပြားမှုကို သိသာစေပြီး စံပြပုဂ္ဂိုလ် ဖြစ်စေနိုင်သည်။]

[ကလေးပြုစုပျိုးထောင်ရာတွင် ဖခင်၏ ပါဝင်မှုသည် ကလေး၏ အနာဂတ် ပင်ကိုယ်စရိုက် သဟဇာတဖြစ်စေရန် ကူညီထောက်ပံ့ပေးသည်။]

[အရည်အချင်းပြည့်ဝသည့်ဖေဖေသည် သူ့ကလေးအပေါ် ခွန်အား၊ ရဲစွမ်းသတ္တိနှင့် တာဝန်ယူ တာဝန်ခံမှု အပြည့်အဝရှိသည်။]

  ….. ..... ..... ..... ..... ..... .....

စနစ် - "ဒါကြောင့် သူတို့နှစ်ယောက်ကိုအတူရှိချိန် အများကြီးပေးလိုက်ပါ။ ဝင်ပါစရာလည်း မလိုပါဘူး"

ဝမ်ယွီထုံလည်းစိတ်လေးလံစွာ သက်ပြင်းချလိုက်သည်။

"ဟုတ်ပါပြီ"

ဆက်ပြီး သူမလုပ်စရာရှိသည်များကို ဆက်လုပ်ရန်ပြင်လိုက်သည်။ သူမရဲ့ ကလေးမိဘများ အကောင့် [ဆံပင်ကောက်လေး ရှောင်ယွီ] ကို ဖွင့်ကြည့်လိုက်သည်။ မနေ့က သူမ တင်ထားသည့် ကလေးဒိုင်ပါ ရီဗျူးပို့စ်သည် ကြည့်ရှုသူများကာ ဖော်လိုဝါများပင် တိုးလာ၏။ သူမအကောင့်ထဲမှာ ဖော်လိုဝါ ၆၀၀၀၀ပင်ရှိနေပြီဖြစ်သည်။

[ဒုတိယကလေး ဘယ်တော့မှ မယူ - ရှောင်ယွီလေး မေမေ ရေ ...ကျွန်မရဲ့ ကိုးကွယ်မှုကို လက်ခံပေးပါ။အရမ်းချစ်တယ်နော်။ ကျွန်မ ကလေးရဲ့ အရေပြားက အရမ်း နူးညံ့လို့ ဒိုင်ပါ ပြောင်းသုံးဖို့ကို ချီတုံချတုံ ဖြစ်နေတာ အခုတော့ ကလေးနဲ့ တည့်မယ့် အနူးညံ့ဆုံး ဒိုင်ပါကို ရွေးလိုက်နိုင်ပြီ]

[အမှန်အကန်အာလူးထောင်း - ကျွန်မကတော့ ဒိုင်ပါတွေ အများကြီး သုံးဖူးတယ်။ Y ဒိုင်ပါက လေဝင်လေထွက်ကောင်းတယ်။ ဘလော့ဂါက ဒီလိုစမ်းသပ်မှုမျိုးကိုပါ လုပ်လိမ့်မယ် လို့ မထင်ခဲ့ဘူး။ သူ့စိတ်ကူးတွေ က ကောင်းတယ်]

[မူကြိုကျောင်းက အနိုင်ကျင့်သူ - ရှောင်ယွီမေမေက အမှန်အကန် နတ်ဘုရားပဲ။ နောက်ပိုင်း ပစ္စည်းဝယ်မယ်ဆိုရင် ရှောင်ယွီ မေမေ ထောက်ခံပေးတာပဲ ဝယ်သုံးတော့မယ်]

[ ဒိုင်နိုစော ဖေဖေ - ကျွန်တော့အတွေ့ အကြုံအရ ပြောပြမယ်။ ကျွန်တော့သားလေး ၆လတုန်း ရှောင်ယွီမေမေ စမ်းသပ်ပြခဲ့တဲ့ လေဝင်လေထွက်နည်းပြီး ထူတဲ့ H တံဆိပ် ဒိုင်ပါကိုသုံးခဲ့တာ။ အာ့အချိန်တုန်းက ကျွန်တော့ကလေးဖင်တွေက နီရဲနေတာပဲ။ တစ်ခြားတံဆိပ်ပြောင်းသုံးလိုက်မှ ချက်ချင်းကို သက်သာသွားတာ]

[အစာကျွေးရခက်သူလေး - နောက်တစ်ခေါက်ကျရင် ဖြည့်စွက်စာတွေ အကြောင်း ရီဗျူးလေးသေချာပေါက် လုပ်ပေးပါဦးနော်! နော် ! ပလိစ်...]

ဝမ်ယွီထုံတစ်ယောက် ပြုံးပျော်ရင်း တစ်ချို့မိဘတွေ ရဲ့ မှတ်ချက်တွေကို စာပြန်နေလိုက်သည်။

မိဘတိုင်းက သူတို့သားသမီးတွေ အတွက် စိုးရိမ်ပူပန်ကြတာဖြစ်ပြီး အကောင်းဆုံးကိုသာ ပေးချင်ကြသည်။သူမရဲ့ စမ်းသပ်မှုကြောင်း တစ်ခြားကလေးမိဘတွေ အမှားလုပ်မိနိုင်ခြေ နည်းပါးသွားလျင် သူမကျေနပ်ပါသည်။

 ….... ...... ...... ....... ...... ......

သူမ အဖျား တစ်ခြားသူတွေကို ကူးမည်စိုး၍ တစ်နေကုန်လုံး သူမ အခန်းထဲကနေ မထွက်ခဲ့ပါ။

အိပ်ရာထဲ လှဲနေရင်း တီဗီဇာတ်လမ်းတွဲတွေသာ ကြည့်နေလိုက်သည်။ သူမ မျက်နှာ အတွက် အလှအပရေးရာကျွမ်းကျင်သူကိုလည်း အိမ်ကိုသာ ခေါ်ကာ မျက်နှာ ပေါင်းတင်ခဲ့သည်။

ညနေပိုင်းရောက်တော့ အိမ်အလုပ်သမား တစ်ဦးက ပေါ့ပေါ့ပါးပါး ညနေစာကို သူမ အခန်းထဲ ယူလာပေးသည်။မျက်နှာကျက်ကနေ ကြမ်းခင်းအထိ တပ်ထားသည့် မှန်အကာကနေ အပြင်ဘက် နေဝင်ချိန်ညနေဆည်းဆာကို ကြည့်ရှုခံစားကာ သူ့အစ်မ ဝမ်ချူးယွဲ့နှင့် အပြန်အလှန် မက်ဆေ့ပို့ရင်း ညနေစာ ကို အေးဆေး စားနေလိုက်သည်။ လည်ချောင်း နာနေတာကလွဲလို့ အားလုံး သာသာယာယာပင်။

ထိုစဉ် ကျိုးလုပ်ငန်းစု အဆောက်အဦတွင် ကျိုးကျီယွဲ့သည် အမှုဆောင် ဒါရိုက်တာ နှစ်ဦးနှင့် အစည်းအဝေး ပြီးသွားခဲ့၍ အိမ်မပြန်သေးခင် ရုံးခန်းထဲ ညနေစာ စားရန် ပြင်ခိုင်းလိုက်သည်။

ရှောင်ယွီအတွက် ကလေးထိုင်ခုံကို ဝယ်ခိုင်းထားပြီး သူ့စားပွဲ မျက်နှာချင်းဆိုင်တွင် ထားခိုင်းထားသည်။

အိမ်တော်ထိန်းစန်က ရှောင်ယွီလေး ပျော်စေရန် အရုပ်ကိုကိုင်ကာ ချော့မြူရင်း တစ်ဖက်တွင် ကလေးထိန်းအဒေါ်ကြီးက စားစရာ ခွံ့နေ၏။

ဘရိုကိုလီ၊ ဝက်သားနှင့် ဆန်ကို ရောကာကြိတ်ခြေထားသည့်အနှစ်ကို ပန်းကန်တစ်ဝက်လောက်စားပြီးနောက် ကျိုးရှောင်ယွီသည် ပျင်းရိသည့်ပုံဖြင့် တစ်ဖက်လည့်ကာ ဆက်မစားတော့ချေ။

အိမ်တော်ထိန်းစန်လည်း ခြ‌င်္သေ့အရုပ်ကလေးကို ကိုင်ကာ ချော့မြူလိုက်သည်။ "ဟေးးး ကမ္ဘာပေါ်က ချစ်စရာအကောင်းဆုံး၊ အချောဆုံး ကလေးလေးရေ မြန်မြန်လေး ပါးစပ်ဟပြီး စားပါဦး!"

ကျိုးရှောင်ယွီ၏ အစာအိမ် ၇၀ရာခိုင်နှုန်းကတော့ ဗိုက်ပြည့်နေပြီဖြစ်သည်။ ထို့ကြောင့် ပါးစပ်ထဲ ထည့်ပေးသည့် ဟင်းအနှစ်တွေကို ဘူးးး ဆို ထွေးထုတ်ပြီး ဆော့နေကာ အိမ်တော်ထိန်းစန်နှင့် ကလေးထိန်းအဒေါ်ကြီးတို့ကို ‌မျက်နှာ ပြောင်နေ၏။

အိမ်တော်ထိန်းစန်လည်း ရှောင်ယွီလေး ပါးစပ်ထောင့်မှာ ပေနေသည့်အရာများကို ရေစိုအဝတ်ဖြင့် သုတ်ပေးလိုက်ပြီးသည်နှင့် ရှောင်ယွီက နောက်ပြောင်ရင်း ပြန်ထွေးထုတ်လိုက်၍ အိမ်တော်ထိန်းစန်၏ လက်နှင့် အင်္ကျီတွေကို ပေကုန်၏။

ထိုစဉ် ယောက်ျားတစ်ဦး၏ အေးစက်စက် ‌မာကျောသည့်အသံက စားပွဲ အနောက်ဖက်မှ ပေါ်လာသည်။ "သူ မစားချင်ဘူး ဆိုရင် မကျွေးနဲ့တော့"

ကလေးထိန်းအန်တီကြီး - "ဒါပေမယ့် ... သခင်လေးမှ စားလို့ မပြီးသေးတာ "

အိမ်တော်ထိန်းစန် - "ဟုတ်တယ် နည်းနည်းပဲ ကျန်တော့တာပါ"

အိမ်တော်ထိန်းစန်တို့ ပြန်ရှင်းပြသော်လည်းကျိုးကျီယွဲ့ကတော့ သူ့အလုပ်လုပ်နေရင်း မပြောင်းလဲသည့်လေသံဖြင့် "သိမ်းလိုက်တော့ ထပ် မကျွေးနဲ့တော့" ဟု ပြန်ပြောလေသည်။

အိမ်တော်ထိန်းစန်နှင့် ကလေးထိန်းအဒေါ်ကြီးတို့ တစ်ဦးနှင့် တစ်ဦး အကြည့်ချင်းဆုံလိုက်ကြသည်။ သူတို့နှစ်ယောက် စိတ်ညစ်သွားပေမယ့် ငြိမ်နေရုံသာ တတ်နိုင်ကြသည်။

ကျိုးရှောင်ယွီတစ်ယောက် သူ စနောက်နေတာကို တစ်ကယ်ကြီး သူစားလို့မပြီးသေးဘဲ စားစရာကိုသိမ်းပစ်တယ်။

'ဒီဖေဖေဆိုးက တစ်ကယ်ကို ဝံပုလွေဆိုးကြီးပဲ!

သူ့ကို စားစရာတောင် ဝအောင်မကျွေးဘူး!'

ညနေစာစားပြီးနောက် ၈နာရီခွဲ လောက်တွင် သူတို့အဖွဲ့လေး အိမ်ပြန်လာခဲ့သည်။

ကျိုးရှောင်ယွီကတော့ အိမ်ရောက်သည်နှင့် ဝမ်ယွီထုံကို ထပ်ရှာပြန်သည်။ နှာတရှုံ့ရှုံ့နှင့် တစ်အိမ်လုံး ပတ်ကာ တွားသွားနေပုံက အမှန်ပင် သနားစရာကောင်းလှသည်။

ကျိုးကျီယွဲ့က ရှောင်ယွီကို သူ့အခန်းထဲ ခေါ်သွားပြီး တံခါးပိတ်လိုက်သည်။

ကျိုးရှောင်ယွီကို တစ်ခေါက် ရေချိုးပေးဖူး၍ ဤတစ်ခေါက် ရေထပ်ချိုးရာတွင် အခက်အခဲမရှိ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သွားသည်။ သို့သော် ရေအပူချိန်ကိုတော့ သေချာ မထိန်းချုပ်နိုင်ခဲ့၍ ရေက နည်းနည်းလေးပူသွားသည်။

ရေပူကြောင့် ကောင်ကလေး၏ နူးညံ့သည့်အရေပြားတွေ အရေခွံခြစ်ခံလိုက်ရသည့် ဝက်ကလေးလိုဖြစ်သွားသည်။

ရေချိုးပေးပြီးနောက် ကျိုးကျီယွဲ့သည် ဝမ်ယွီထုံ လုပ်သလို ကလေးကို ဆီလိမ်း နှိပ်နယ်ပေးတာမျိုးလဲ မလုပ်ပေ။ ကလေးကို ညအိပ်ဝတ်စုံ ဝတ်ပေးကာ ဒီနေ့မှ ဆင်ထားသည့် ကလေးဆော့သည့် ခြံလေးထဲ ထည့်ထားလိုက်ကာ ရေချိုးရန် ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။

သူ့အဖေရဲ့ နောက်ကျောကိုကြည့်ရင်း ကျိုးရှောင်ယွီ ခြံစည်းရိုးလက်ရန်းကို လက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ကြေကွဲစွာ နှုတ်ခမ်းစေ့ရင်း ခေါင်းငုံ့လိုက်သည်။

သူ့အဖေနဲ့ တစ်နေကုန် နေခဲ့ပြီးနောက် သူမကြုံဖူးတာတွေ ကြုံလိုက်ရသည်။ သူ့ဖင်ကို ရေအေးအေးနဲ့ အဆေးခံခဲ့ရသည်။ တစ်ယောက်တည်း ငိုပြီးတော့ အိပ်သွားရသည်။ အစားလည်း ဝအောင်မစားရ။ ရေပူပူနဲ့ ရေချိုးပေးတာပင် ခံလိုက်ရသည်။

ခြံစည်းရိုးကလည်း မြင့်လွန်း၍ ကျိုးရှောင်ယွီ လုံးဝ တွယ်မတက်နိုင်ကာ ခြံ အလယ်မှာ ထိုင်ပြီး ခြင်္သေ့အရုပ်လေးကို ဖက်ရင်း အဖော်ပြုနေရသည်။

သူ့မေမေရဲ့ အနံ့အသက်ရနေသည့် ခြင်္သေ့ရုပ်လေးကိုရင်ထဲ ပွေ့ပိုက်ရင်း သူ့ပါးစပ်လေးဖြင့် ကိုက်လိုက်သည်။ သူ့မျက်လုံးတွေကတော့ ညို့မှိုင်းနေကာ လန်းဆန်းတက်ကြွမှု မရှိတော့ပေ။

မိနစ် ၂၀ ကြာပြီးနောက် ကျိုးကျီယွဲ့ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

ထိုစဉ် ရုတ်တရက် တံခါးခေါက်သံမြည်လာခဲ့သည်။ ခြံထဲမှာ ပိတ်မိနေသည့် ကျိုးရှောင်ယွီ မျက်လုံး အရောင်တောက်လာကာ တံခါးဘက်ကြည့်ရင်း အော်လိုက်သည်။

"အားးးး!" 'အာ့တာ မေမေပဲ သူ့ကို လာခေါ်တာ ဖြစ်ရမယ်!'

ကျိုးကျီယွဲ့ သူ့ခေါင်းကို သုတ်ရင်း တံခါးဖွင့်ပေးလိုက်သည်။ မထင်မှတ်ပဲ တံခါးခေါက်သည့်သူက အိမ်တော်ထိန်းစန်ဖြစ်နေသည်။

အိမ်တော်ထိန်းစန်က ကျိုးကျီယွဲ့ကို ရောင်စုံ ပုံပြင်စာအုပ် အထပ်လိုက် ပေးလိုက်သည်။

"မဒမ်က ဒါတွေ ပေးခိုင်းလိုက်လို့ပါ။ သခင်လေး အိပ်ရာ မဝင်ခင် ဖတ်ပြပေးပါတဲ့။ သေချာပေါက် ပြီးတဲ့ အထိ ဖတ်ပြပေးပါတဲ့"

All Chapters